မာတိကာဆီ ကျော်သွား

လူငယ်များအမေး

ကျမ်းစာက ဘယ်လို ကူညီပေးနိုင်သလဲ—အပိုင်း ၂– ကျမ်းစာဖတ်ရှုခြင်းကို ပျော်မွေ့အောင် လုပ်ခြင်း

ကျမ်းစာက ဘယ်လို ကူညီပေးနိုင်သလဲ—အပိုင်း ၂– ကျမ်းစာဖတ်ရှုခြင်းကို ပျော်မွေ့အောင် လုပ်ခြင်း

 “ကျမ်းစာဖတ်တဲ့ နည်းလမ်းကောင်းကို မသိထားရင် ကျမ်းစာဖတ်ချင်မှာ မဟုတ်ဘူး” လို့ ဆယ်ကျော်သက် ဝီလ် ပြောတယ်။

 ကျမ်းစာဖတ်ရှုခြင်းကို ပျော်မွေ့စေတဲ့ လျှို့ဝှက်ချက်ကို သိချင်ပါသလား။ ဒီဆောင်းပါးက ကူညီပေးပါလိမ့်မယ်။

 ကျမ်းချက်တွေကို အသက်ဝင်စေပါ

 ဖတ်နေတဲ့ အကြောင်းအရာထဲ ကိုယ်တိုင် ဝင်ကြည့်ပါ။ ဒီနည်းကို သုံးနိုင်တယ်–

  1.  ၁။ ကျမ်းစာ မှတ်တမ်းတစ်ခု ရွေးပါ။ သင်လေ့လာချင်တဲ့ မှတ်တမ်းရွေးပါ။ ခရစ်ဝင်ကျမ်းထဲက အဖြစ်အပျက်တစ်ခု ဒါမှမဟုတ် jw.org မှာပါတဲ့ နားဆင်စရာ ကျမ်းစာဇာတ်လမ်းတစ်ခု ရွေးနိုင်တယ်။

  2.  ၂။ ကျမ်းစာမှတ်တမ်းကို ဖတ်ပါ။ တစ်ယောက်တည်း ဖတ်နိုင်တယ်။ ဒါမှမဟုတ် သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့အတူ ဖတ်နိုင်တယ်။ တစ်ယောက်က ဇာတ်ကြောင်းပြောသူနေရာက ဖတ်ပြီး တခြားသူတွေက ကျမ်းစာဇာတ်ကောင် နေရာကနေ ဖတ်နိုင်တယ်။

  3.  ၃။ အောက်ပါအကြံပြုချက် တစ်ခု ဒါမှမဟုတ် တစ်ခုထက်မက သုံးကြည့်ပါ–

    •   မှတ်တမ်းကို သရုပ်ဖော်ပုံတွေ ဆွဲပါ။ ဒါမှမဟုတ် ဇာတ်ဝင်အဖြစ်အပျက်တွေကို ဇာတ်ကွက်အလိုက် ပုံဆွဲပါ။ ဇာတ်ကွက်တစ်ကွက်စီမှာ ပုံစာတွေရေးပါ။

    •   ပုံစံကားချပ်ဆွဲပါ။ ဥပမာ၊ သစ္စာရှိ ကျမ်းစာဇာတ်ကောင်အကြောင်း ဖတ်နေတယ်ဆိုရင် သူ့ရဲ့ အရည်အသွေးတွေနဲ့ သူကောင်းချီးရခဲ့တဲ့ လုပ်ရပ်ကို ချိတ်ဆက်ပေးပါ။

    •   မှတ်တမ်းတစ်ခုကို သတင်းတစ်ပုဒ်အဖြစ် ပြောင်းလဲပါ။ အဖြစ်အပျက်ကို ရှုထောင့်အမျိုးမျိုးနဲ့ တင်ဆက်ပါ။ အဓိကဇာတ်ကောင်တွေ၊ မျက်မြင်သက်သေတွေနဲ့ “မေးမြန်းခန်း” လုပ်နိုင်တယ်။

    •   ကျမ်းစာဇာတ်ကောင်တစ်ယောက် ဆုံးဖြတ်ချက် မှားခဲ့ရင် သူရဲ့ ဇာတ်လမ်းအဆုံးသတ် ဘာဖြစ်မလဲဆိုတာ မြင်ယောင်ကြည့်ပါ။ ဥပမာ၊ ယေရှုကို မသိပါဘူးလို့ ပေတရု ငြင်းခဲ့တာကို သုံးသပ်ကြည့်ပါ။ (မာကု ၁၄:၆၆-၇၂) ဖိအားပေးမှုကို ပေတရု ဘယ်လို တုံ့ပြန်နိုင်ခဲ့သလဲ။

    •   သင်ဟာ ဖန်တီးတီတွင်တတ်သူ ဖြစ်မယ်ဆိုရင် ကျမ်းစာမှတ်တမ်းတစ်ခုပေါ် အခြေခံပြီး ကိုယ်ပိုင်ဇာတ်လမ်းတစ်ပုဒ် ဖန်တီးကြည့်ပါ။ မှတ်တမ်းကနေ ရရှိတဲ့ သင်ခန်းစာတွေ ပါဝင်စေပါ။—ရောမ ၁၅:၄

      ကျမ်းစာကို အသက်ဝင်လာအောင် လုပ်နိုင်တယ်

 လေ့လာဆန်းစစ်ပါ

 မှတ်တမ်းတစ်ခုကို အသေးစိတ်ကအစ သေချာ လေ့လာတဲ့အခါ အရင်က မသိတဲ့ ဖုံးကွယ်နေတဲ့ အဖိုးတန်အချက်တွေ တွေ့လာနိုင်တယ်။ ကျမ်းစာမှတ်တမ်းတစ်ခုကနေ စကားလုံး တစ်လုံး၊ နှစ်လုံး ရလိုက်ရင်တောင် တန်ဖိုးရှိတယ်။

 ဥပမာ၊ မဿဲ ၂၈:၇ နဲ့ မာကု ၁၆:၇ ကို နှိုင်းယှဉ်ကြည့်ပါ။

  •    ယေရှုဟာ တပည့်တွေ “နဲ့ ပေတရုဆီ” ကိုယ်ယောင်ထင်ရှားပြမယ် ဆိုတဲ့ အသေးစိတ်အချက်ကို မာကု ဘာကြောင့် ဖော်ပြခဲ့သလဲ။

  •  သဲလွန်စ– မာကုက ဒီအဖြစ်အပျက်တွေကို ကိုယ်တိုင်မြင်ခဲ့သူ မဟုတ်ဘူး။ ဒီအချက်အလက်တွေကို ပေတရုဆီက သိခဲ့ပုံရတယ်။

  •  ဖုံးကွယ်နေတဲ့ အဖိုးတန်အချက်– ပေတရုကို ယေရှု တွေ့ချင်သေးတယ်ဆိုတာ ကြားလိုက်ရတဲ့အခါ ပေတရု ဘာကြောင့် အားရှိသွားတာ ဖြစ်မလဲ။ (မာကု ၁၄:၆၆-၇၂) ယေရှုဟာ ပေတရုရဲ့ မိတ်ဆွေစစ် ဖြစ်ကြောင်း ဘယ်လို တင်ပြခဲ့သလဲ။ တခြားသူတွေအတွက် မိတ်ဆွေစစ် ဖြစ်ဖို့ ယေရှုကို ဘယ်လို အတုယူနိုင်မလဲ။

 ကျမ်းချက်တွေကို အသက်ဝင်စေပြီး အသေးစိတ်အချက်တွေကို လေ့လာဆန်းစစ်တဲ့အခါ ကျမ်းစာဖတ်ခြင်းမှာ ပိုပျော်မွေ့လာပါလိမ့်မယ်။