မာတိကာဆီ ကျော်သွား

လူငယ်များအမေး

နှစ်ခြင်းခံပြီးနောက် ဘာလုပ်ရမလဲ​—⁠အပိုင်း ၂- သစ္စာသမာဓိကို ဆက်ထိန်းပါ

နှစ်ခြင်းခံပြီးနောက် ဘာလုပ်ရမလဲ​—⁠အပိုင်း ၂- သစ္စာသမာဓိကို ဆက်ထိန်းပါ

 “ယေဟောဝါက သမာဓိရှိတဲ့ လမ်းစဉ်မှာ လျှောက်လှမ်းသူတွေကို ကောင်းမွန်ရာတွေ မပေးဘဲ မနေဘူး” လို့ ကျမ်းစာ ဆိုတယ်။ (ဆာလံ ၈၄:၁၁) “သမာဓိရှိတဲ့ လမ်းစဉ်မှာ လျှောက်လှမ်းတယ်” ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ဆက်ကပ်အပ်နှံချိန်မှာ ယေဟောဝါဘုရားကို သစ္စာကတိပြုခဲ့တဲ့အတိုင်း ဆက်အသက်ရှင်နေထိုင်တာကို ဆိုလိုတယ်။ (ဒေသနာ ၅:​၄၊ ၅) နှစ်ခြင်းခံပြီးနောက် သမာဓိရှိတဲ့ လမ်းစဉ်အတိုင်း ဘယ်လို လျှောက်လှမ်းနိုင်မလဲ။

ဒီဆောင်းပါးမှာ

 အခက်အခဲများကြား ခံရပ်နေပါ

 အဓိကကျမ်းချက်။ “ကျွန်တော်တို့က ဒုက္ခအများကြီး ခံပြီးမှ ဘုရားသခင့် နိုင်ငံတော် ဝင်ရမယ်။”​—⁠တမန်တော် ၁၄:⁠၂၂

 အဓိပ္ပာယ်။ ခရစ်ယာန်အားလုံး ဘဝမှာ ပြဿနာ တစ်ခုမဟုတ်တစ်ခု ရင်ဆိုင်ရမှာပါ။ ခရစ်ယာန် ဖြစ်နေလို့ လှောင်ပြောင်သရော်မှု၊ ဆန့်ကျင်မှု ကြုံရနိုင်တယ်။ ငွေကြေးအခက်အခဲနဲ့ ဖျားနာမှုကိုတော့ လူတိုင်း ကြုံရကြတယ်။

 မျှော်လင့်ထားရမယ့်အရာ။ ဘဝမှာ ကိုယ်မကြုံချင်တဲ့ အပြောင်းအလဲတွေ ကြုံရတတ်တယ်။ ခရစ်ယာန်ဖြစ်စေ၊ တခြားဘာသာဝင်ဖြစ်စေ လူအားလုံးဟာ မျှော်လင့်မထားတဲ့ အဖြစ်ဆိုးတွေ ကြုံရတတ်တယ်လို့ ကျမ်းစာ ဆိုတယ်။​—⁠ဒေသနာ ၉:⁠၁၁

 လုပ်ဆောင်နိုင်ရာ။ အခက်အခဲတွေ ကြုံရမယ်ဆိုတာ သိထားတဲ့အတွက် ခံရပ်နိုင်ဖို့ ကြိုတင် ပြင်ဆင်ထားနိုင်တယ်။ အခက်အခဲကြုံတိုင်း ယုံကြည်ခြင်း ခိုင်ခံ့စေဖို့၊ ယေဟောဝါကို ပိုအားကိုးဖို့ အခွင့်ကောင်းပဲလို့ ယူမှတ်ပါ။ (ယာကုပ် ၁:​၂၊ ၃) တစ်နေ့ကျရင် တမန်တော် ပေါလုလို “ကျွန်တော့်ကို အစွမ်းခွန်အား ပေးတဲ့ ဘုရားသခင်ကြောင့် အရာရာကို စွမ်းဆောင်နိုင်” တယ်လို့ ကိုယ်တွေ့ ကြုံခဲ့ရတာကနေ ပြောနိုင်ပါလိမ့်မယ်။​—⁠ဖိလိပ္ပိ ၄:⁠၁၃

 ဖြစ်ရပ်မှန်။ “ကျွန်မ နှစ်ခြင်းခံပြီးနောက် သိပ်မကြာခင်မှာပဲ အစ်ကိုတွေက အမှန်တရားကို စွန့်သွားကြတယ်။ မိဘတွေကော ကျွန်မပါ ဖျားသွားတယ်။ ဆက်ကပ်အပ်နှံချိန်တုန်းက ဝတ်ပြုရေးကို အဓိကထားမယ်လို့ ကတိပေးခဲ့တာကို မေ့ထားပြီး လက်လျှော့လိုက်ဖို့ အလွယ်လေးပဲ။ ဒါပေမဲ့ ဆက်ကပ်အပ်နှံထားတဲ့အတွက်ပဲ ဒီအခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့တာပါ။”​—⁠ကာရင်။

 အကြံပြုချက်။ ယောသပ်အကြောင်း လေ့လာပါ။ ကမ္ဘာဦး အခန်းကြီး ၃၇၊ ၃၉ ကနေ ၄၁ အထိ ဖတ်တဲ့အခါ ဒီအချက်တွေကို သုံးသပ်ပါ။ ယောသပ် မမျှော်လင့်ဘဲ ဘာတွေ ကြုံရသလဲ။ သူ ဘယ်လို ဖြေရှင်းသလဲ။ သူ့ကို ယေဟောဝါ ဘယ်လို ကူညီခဲ့သလဲ။

 ထပ်ဆင့် အကူအညီ

 သွေးဆောင်မှုကို ဆက်တွန်းလှန်နေပါ

 အဓိကကျမ်းချက်။ “ကိုယ့်အလိုဆန္ဒရဲ့ ဆွဲငင်ဖြားယောင်းမှုကို ခံရတာကသာ လူတိုင်းအတွက် စမ်းသပ်မှုပါ။”​—⁠ယာကုပ် ၁:⁠၁၄

 အဓိပ္ပာယ်။ တစ်ခါတလေ ကျွန်တော်တို့အားလုံး ကိုယ့်အလိုဆန္ဒရဲ့ ဆွဲငင်ဖြားယောင်းမှုကို ခံရတတ်တယ်။ အဲဒါကို မငြင်းဆန်ရင် အမှားလုပ်မိနိုင်တယ်။

 မျှော်လင့်ထားရမယ့်အရာ။ နှစ်ခြင်းခံပြီးနောက်လည်း “အပြစ်ရှိတဲ့ ဆန္ဒတွေ” ကျန်နေနိုင်ပါတယ်။ (၂ ပေတရု ၂:၁၈) လက်မထပ်ခင် လိင်ဆက်ဆံဖို့ သွေးဆောင်ခံရတယ်လို့ ခံစားမိနိုင်တယ်။

 လုပ်ဆောင်နိုင်ရာ။ အမှားလုပ်ဖို့ သွေးဆောင်မခံရခင် အခုပဲ စိတ်ဆုံးဖြတ်ထားပါ။ “ဘယ်သူမှ သခင်နှစ်ဦးဆီမှာ အစေခံလို့ မရဘူး” လို့ ယေရှု ပြောခဲ့တာကို သတိရပါ။ (မဿဲ ၆:၂၄) ဘယ်သူ့အတွက် အစေခံမယ်ဆိုတာ ကိုယ်တိုင် ရွေးချယ်နိုင်တယ်။ ယေဟောဝါအတွက် အစေခံကြစို့။ မှားယွင်းတဲ့ဆန္ဒက ဘယ်လောက်ပဲ ဆွဲအားကောင်းနေပါစေ ဖြားယောင်းမခံဘဲနေဖို့ ရွေးချယ်နိုင်ပါတယ်။​—⁠ဂလာတိ ၅:⁠၁၆

 အကြံပြုချက်။ ကိုယ့်အားသာချက်၊ အားနည်းချက်တွေကို သိထားဖို့ ကြိုးစားပါ။ ကိုယ့်မှာရှိတဲ့ အရည်အသွေးကောင်းတွေကို မြှင့်တင်ပေးတဲ့ သူငယ်ချင်းတွေနဲ့ ရွေးပေါင်းပါ။ ကောင်းတာလုပ်ဖို့ အားမပေးတဲ့ လူတွေ၊ နေရာတွေ၊ အခြေအနေတွေကို ရှောင်ပါ။​—⁠ဆာလံ ၂၆:​၄၊ ၅

 ထပ်ဆင့် အကူအညီ

 စိတ်ထက်သန်မှု ဆက်ရှိစေပါ

 အဓိကကျမ်းချက်။ “အဆုံးအထိ . . . အရင်ကရှိခဲ့တဲ့ လုံ့လဝီရိယမျိုး အားလုံးမှာ ဆက်ရှိစေချင်တယ်။ . . . မပျင်းရိပါနဲ့။”​—⁠ဟီဘရူး ၆:​၁၁၊ ၁၂

 အဓိပ္ပာယ်။ ကိုယ့်အလုပ်ကို အာရုံစိုက် မလုပ်ရင် ပေါ့လျော့ပြီး ပျင်းရိလာမယ်။

 မျှော်လင့်ထားရမယ့်အရာ။ နှစ်ခြင်းခံပြီးနောက် စိတ်လှုပ်ရှားတက်ကြွနေမယ်။ ယေဟောဝါကို နှစ်နှစ်ကာကာ ချစ်နေမယ်။ ဒါပေမဲ့ ကြာလာတာနဲ့အမျှ ယေဟောဝါရဲ့စကားကို နာခံရတာ ခါတိုင်းထက် ပိုပင်ပန်းသလို၊ ပိုခက်ခဲသလို ဖြစ်လာပြီး စိတ်ဓာတ်တောင် ကျလာနိုင်တယ်။ ထက်သန်မှု လျော့နည်းလာနိုင်တယ်။​—⁠ဂလာတိ ၅:⁠၇

 လုပ်ဆောင်နိုင်ရာ။ စိတ်မပါရင်တောင်မှ မှန်ကန်တာကို ဆက်လုပ်ဖို့ ကြိုးစားပါ။ (၁ ကောရိန္သု ၉:၂၇) ပြီးတော့ ကောင်းကင်ဖခင်နဲ့ ရင်းနှီးခင်မင်ဖို့၊ အကျွမ်းတဝင် ရှိဖို့ ကြိုးစားပါ။ များများ ဆုတောင်းပါ။ ဒါ့အပြင် ယေဟောဝါအမှုတော်မှာ ပျော်ပျော်ရွှင်ရွှင် ပါဝင်သူတွေနဲ့ တရင်းတနှီး ပေါင်းသင်းပါ။

 အကြံပြုချက်။ သင့်ကို ယေဟောဝါ သိပ်ချစ်တယ်၊ ကူညီပေးဖို့ အသင့်ရှိတယ်ဆိုတာ မမေ့ပါနဲ့။ တစ်ခဏလောက် စိတ်ထက်သန်မှု နည်းသွားလို့ သင့်ကို ဘုရား စိတ်မပျက်ပါဘူး။ အဲဒီအစား “မောပန်းသူကို ငါခွန်အားပေးမယ်။ အားအင်မရှိသူကို အားပြည့်စေမယ်” လို့ ကျမ်းစာက ပြောတယ်။ (ဟေရှာယ ၄၀:၂၉) စိတ်ထက်သန်မှု ပြန်ရှိလာအောင် ကြိုးစားတာကို ဘုရား မြင်ပြီး ကောင်းချီးပေးပါလိမ့်မယ်။

 ထပ်ဆင့် အကူအညီ

 အဓိကအချက်။ ယေဟောဝါကို စိတ်ရွှင်လန်းစေချင်တယ်ဆိုရင် သစ္စာရှိရှိ ဆက်အမှုဆောင်ပါ။ (ပညာအလိမ္မာ ၂၇:၁၁) ဘုရားဘက် ရပ်တည်ဖို့ ရွေးချယ်တာကို မြင်ပြီး ဘုရား ပျော်ရွှင်လိမ့်မယ်။ စာတန် ထိုးနှက်တိုက်ခိုက်တာကို ခုခံနိုင်ဖို့ လိုအပ်သလို ကူညီပေးပါလိမ့်မယ်။