မာတိကာဆီ ကျော်သွား

လူငယ်များအမေး

နှစ်ဘဝစံတာကို ဘယ်လိုအဆုံးသတ်နိုင်မလဲ

နှစ်ဘဝစံတာကို ဘယ်လိုအဆုံးသတ်နိုင်မလဲ

 ကျမ်းစာစံနှုန်းအတိုင်း နေထိုင်ဖို့ အချိန်နဲ့ ခွန်အား စိုက်ထုတ်ရကျိုးနပ်ရဲ့လားဆိုပြီး ဘုရားကို ဝတ်ပြုသူတချို့ တစ်ခါတလေ တွေးမိနိုင်တယ်။ (ဆာလံ ၇၃:၂၊ ၃) ယေဟောဝါရဲ့ပညတ်နဲ့ ဆန့်ကျင်တာတွေကို စမ်းလုပ်လာပြီး ဝတ်ပြုသူချင်းတွေ မသိအောင် ဖုံးကွယ်မိတဲ့အထိတောင် ဖြစ်လာနိုင်တယ်။

 ဒီဆောင်းပါးရဲ့ ရည်ရွယ်ချက်က အဲဒီလိုဘဝလမ်းကြောင်းကို ဦးတည်နေပေမဲ့ ရုန်းထွက်ဖို့ ကြိုးစားချင်သူတွေကို ကူညီပေးဖို့ပါ။

ဒီဆောင်းပါးမှာ

 နှစ်ဘဝစံတယ်ဆိုတာ ဘာလဲ

 နှစ်ဘဝစံတယ်ဆိုတာ ယေဟောဝါကို မနာခံတဲ့ ရွယ်တူတွေနဲ့ဆိုရင် အမှားတွေ သိသိကြီး လုပ်ပြီး အသင်းတော်က သစ္စာရှိသူတွေရှေ့ ရောက်ရင်တော့ ယေဟောဝါ အမှုတော်ကို ဆောင်ချင်တဲ့ပုံ ဖမ်းတာကို ဆိုလိုတယ်။ မျက်နှာဖုံးစွပ်ပြီး ဘဝပုံစံ နှစ်မျိုးနဲ့ နေနေတာ ဖြစ်တယ်။

 “နှစ်ဘဝစံတဲ့အခါ ကိုယ့်ပုံစံ အစစ်အမှန်ကို ဘယ်သူမှ မသိကြဘူး။ နှစ်ဘက်စလုံးကို ဖုံးဖိထားတာဆိုတော့ ကုန်ကုန်ပြောရရင် နှစ်ဖက်စလုံးကို သစ္စာဖောက်နေတာပဲ။”—အီရင်း။

 သင်သိပါသလား။ နှစ်ဘဝစံတယ်ဆိုတာ တစ်ယောက်တည်း ရှိနေချိန်မှာ ယေဟောဝါ မကြိုက်မှန်းသိတဲ့ အရာတွေ လုပ်တာကိုလည်း ဆိုလိုတယ်။

 “ကျွန်တော် ၁၄ နှစ်အရွယ်မှာ အင်တာနက်ပေါ်က ညစ်ညမ်းရုပ်ပုံတွေကို စပြီး ကြည့်ခဲ့တယ်။ လူတွေရှေ့ရောက်ရင် ညစ်ညမ်းရုပ်ပုံတွေကို မုန်းချင်ယောင်ဆောင်တယ်။ တကယ် မမုန်းဘူးဆိုတာကိုတော့ စိတ်ထဲမှာ သိနေတယ်။”—နိုလန်။

 ကျမ်းစာအခြေခံမူ။ “ဘယ်သူမှ သခင်နှစ်ဦးဆီမှာ အစေခံလို့ မရဘူး။ သခင်တစ်ဦးကို မုန်းပြီး နောက်တစ်ဦးကို ချစ်မှာပဲ။ တစ်ဦးကို သစ္စာရှိပြီး တစ်ဦးကို မထီလေးစား လုပ်မှာပဲ။”—မဿဲ ၆:၂၄

 နှစ်ဘဝစံလို့ လူဆိုးဖြစ်သွားသလား

 ဖြစ်သွားတယ်ဆိုပြီး တထစ်ချ ပြောလို့ မရပါဘူး။ ကျမ်းစာစံနှုန်းတွေအတိုင်း မနေချင်လို့ မနေတဲ့သူတွေရှိပါတယ်။ ဒါပေမဲ့ သင်က သူတို့နဲ့ တူလို့လား။ တခြားအကြောင်းရင်းတစ်ခုခုကြောင့် များလား။ ဥပမာ၊

  •   ရွယ်တူတွေအလယ်မှာ ကွဲပြားခြားနားနေမှာကို ကြောက်လို့

  •   အသင်းတော်ကသူတွေထက် ကျောင်းနေဘက်တွေနဲ့ အကြိုက်ချင်း ပိုတူနေလို့

  •   ဘုရားရဲ့ပညတ်အားလုံးကို လိုက်လျှောက်ဖို့ အစွမ်းခွန်အား မရှိဘူးဆိုပြီး ခံစားရလို့

 “ခရစ်ယာန်စံနှုန်း မလိုက်တဲ့သူတွေနဲ့နေရင် စိတ်ပိုလွတ်လပ်တယ်ဆိုပြီး နှစ်ဘဝစံတဲ့ လူငယ်တချို့ ခံစားရတာက လူပေါင်းဆန့်ချင်တဲ့ စိတ်ကြောင့် ဖြစ်မယ်ထင်တယ်။”—ဒေးဗစ်။

 ဒါတွေက နှစ်ဘဝစံလို့ရတဲ့ အကြောင်းကောင်းတွေတော့ မဟုတ်ဘူး။ ဒါပေမဲ့ လူကောင်းတွေ ဘာကြောင့် အမှားတွေ လုပ်မိသလဲဆိုတာကိုတော့ နားလည်စေတယ်။ သင်လည်း အဲဒီလိုဖြစ်နေတယ်ဆိုရင် ဘာလုပ်နိုင်သလဲ။

 နှစ်ဘဝစံတာကို ဘယ်လိုအဆုံးသတ်နိုင်မလဲ

  1.  ၁။ ကိုယ့်ဘဝပုံစံကို အခုပဲ ဆန်းစစ်လိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် မေးပါ– ‘ငါ ဖြစ်ချင်တဲ့ လူစားမျိုးက တကယ်ပဲ ဒီပုံစံလား။ ဒီအတိုင်းသာ ဆက်သွားရင် ဘာတွေ ဖြစ်လာမလဲ။’

     ကျမ်းစာအခြေခံမူ။ “အမြော်အမြင်ရှိသူက အန္တရာယ်ကို ကြိုမြင်ပြီး ပုန်းနေတတ်တယ်။ အတွေ့အကြုံမရှိသူကတော့ သွားမြဲသွားနေလို့ ဆိုးကျိုးတွေပဲ ခံရတတ်တယ်။”—ပညာအလိမ္မာ ၂၇:၁၂

  2.  ၂။ ရိုးရိုးသားသား ဝန်ခံပါ။ မိဘ ဒါမှမဟုတ် ယေဟောဝါရဲ့ပညတ်တွေကို လေးစားတဲ့ ရင့်ကျက်သူ မိတ်ဆွေတစ်ယောက်ကို ကိုယ့်အခြေအနေ ပြောပြပြီး အကူအညီတောင်းပါ။ သင် မှန်တာကို လုပ်ချင်တယ်ဆိုတာ တွေ့ရလို့ သူတို့ ဝမ်းသာဂုဏ်ယူကြပါလိမ့်မယ်။

    နှစ်ဘဝစံတဲ့ဘဝပုံစံ တွင်းနက်ထဲ ကျသွားရင် အကူအညီ တောင်းပါ

     “ကျွန်တော် လုပ်ဖူးသမျှထဲမှာ အခက်ဆုံးတစ်ခုက တခြားသူတွေကို ကိုယ့်အမှားတွေ ဝန်ခံတာပါပဲ။ ဒါပေမဲ့ ဝန်ခံလိုက်တော့ စိတ်ထဲမှာ တော်တော်လေး ပေါ့သွားတယ်။”—နိုလန်။

     ကျမ်းစာအခြေခံမူ။ “ကိုယ့်အမှားကို ဖုံးကွယ်ထားတဲ့သူက အောင်မြင်မှာ မဟုတ်ဘူး။ အမှားကိုဝန်ခံပြီး စွန့်လွှတ်သူကတော့ ကရုဏာ ခံစားရလိမ့်မယ်။”—ပညာအလိမ္မာ ၂၈:၁၃

  3.  ၃။ အကျိုးဆက်တွေကို လက်ခံပါ။ မိဘတွေ၊ အသင်းတော် အကြီးအကဲတွေကို မပြောဘဲ ဖုံးကွယ်ထားတာရှိရင် ကိုယ့်ကို သူတို့ယုံကြည်ဖို့ ခက်သွားနိုင်တယ်။ ဒါကြောင့် မိဘ ဒါမှမဟုတ် အသင်းတော် အကြီးအကဲတွေက သင့်ကို အချိန်အတိုင်းတာတစ်ခုအထိ တချို့အရာတွေ လုပ်ခွင့်မပေးတာ ဖြစ်နိုင်တယ်။ ဒါဆိုရင် အကျိုးဆက်တွေကို လက်ခံပါ။ အခုကစပြီး “အရာရာမှာ ရိုးရိုးသားသား” ပြုမူသွားဖို့ အခိုင်အမာ ဆုံးဖြတ်ပါ။ —ဟီဘရူး ၁၃:၁၈

     ကျမ်းစာအခြေခံမူ။ “အကြံပေးတာကို နားထောင်ပါ။ ဆုံးမတာကို လက်ခံပါ။ ဒါမှ နောက်ပိုင်းမှာ ဉာဏ်ပညာရှိလာမယ်။”—ပညာအလိမ္မာ ၁၉:၂၀

  4.  ၄။ သင့်ကို ဘုရားသခင် ချစ်တယ်ဆိုတာ အခိုင်အမာ ယုံကြည်ပါ။ ယေဟောဝါက ကျွန်တော်တို့ကို ချစ်လို့ ကျွန်တော်တို့ လုပ်သမျှကို အကုန်သိတယ်။ သင် နှစ်ဘဝစံနေတာကို မြင်တဲ့အခါ ဘုရားသခင် ဝမ်းနည်းတယ်။ ဒါပေမဲ့ ‘ဘုရားသခင်က သင့်ကို ဂရုစိုက်’ လို့ လမ်းမှန် ပြန်ရောက်အောင် ကူညီပေးချင်တယ်။—၁ ပေတရု ၅:၇

     ကျမ်းစာအခြေခံမူ။ “ယေဟောဝါဘုရားက စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုသူတွေရဲ့ အကျိုးအတွက် အစွမ်းတန်ခိုးပြဖို့ မြေတစ်ပြင်လုံးကို ဂရုတစိုက် ကြည့်နေတယ်။”—၂ ရာဇဝင်ချုပ် ၁၆:၉