မာတိကာဆီ ကျော်သွား

လူငယ်များအမေး

ကျောင်းထွက်လိုက်ရင် ကောင်းမလား

ကျောင်းထွက်လိုက်ရင် ကောင်းမလား

 “ကျောင်းနေရတာ လုံးဝ မပျော်ဘူး” လို့ ခံစားနေရသလား။ ဒါဆိုရင် ကျောင်းထွက်ချင်မှာပဲ။ ဒီဆောင်းပါးမှာ ပိုကောင်းတဲ့ နည်းလမ်းတချို့ တွေ့ရပါလိမ့်မယ်။

 ကျောင်းထွက်ရတဲ့ အကြောင်းရင်း

 ဆရာ/မတွေ သတိထားမိတဲ့ အကြောင်းရင်းတချို့-

  •   သင်ယူနိုင်စွမ်း အားနည်းခြင်း။ ‘ငါ့ရဲ့ အဆင့်တွေ ကျသည်ထက် ကျလာတယ်။’

  •   စိတ်မပါခြင်း။ ‘ကျောင်းနေလို့ကော ဘာထူးမှာလဲ။’

  •   စီးပွားရေး ကျပ်တည်းခြင်း။ ‘မိသားစုကို ထောက်ပံ့ဖို့ အလုပ်လုပ်ရမယ်။’

 အကျိုးဆက်ကို ထည့်စဉ်းစားပါ

 “အမြော်အမြင်ရှိသူကတော့ ခြေလှမ်းတိုင်းကို စဉ်းစားဆင်ခြင်တတ်တယ်” လို့ ကျမ်းစာက ဆိုတယ်။ (ပညာအလိမ္မာ ၁၄:၁၅) သင်ခန်းစာက ဘာလဲ။ ကျောင်းထွက်ဖို့ စိတ်ကူးနေရင် အကျိုးဆက်ကို ထည့်စဉ်းစားပါ။

 ကိုယ့်ကိုယ်ကိုယ် မေးပါ-

  •   ‘ကျောင်းထွက်လိုက်ရင် နောက်နောင် အလုပ်ကောင်း ရဖို့ လွယ်ပါ့မလား။’

     “တစ်နေ့ကျရင် အလုပ်တစ်ခု ရှာပြီး မိသားစုကို ထောက်ပံ့ရမယ် ဆိုပါစို့။ ဒါပေမဲ့ အလုပ်ရှင်အများစုက အထက်တန်းကျောင်းအောင်သူတွေကိုပဲ အလုပ်ခန့်မယ်ဆိုရင် ဘယ်လို လုပ်မလဲ။”—ဂျူလီယာ။

  •   ‘ကျောင်းထွက်လိုက်ရင် ရှေ့မှာရင်ဆိုင်ရမယ့် အခက်အခဲတွေကို ဖြေရှင်းနိုင်စွမ်း ရှိပါ့မလား။’

     “ကျောင်းက ဘဝအတွက် ပြင်ဆင်ပေးနေတာ။ အနာဂတ်မှာ တွေ့ရမယ့် လူတွေ၊ ကြုံရမယ် သွေးဆောင်မှုတွေ၊ လုပ်ရမယ့် အလုပ်တွေက ကျောင်းနေချိန်မှာ ကြုံရတာတွေနဲ့ အတူတူပဲ။”—ဒန်နီယယ်။

  •   ‘ကျောင်းထွက်လိုက်ရင် ဘဝအတွက် လိုအပ်တဲ့ အစွမ်းအစတွေ ရှိပါ့မလား။’

     “ကျောင်းတက်ရတာ မဟန်ပါဘူးလို့ လောလောဆယ် ထင်မိနိုင်ပေမဲ့ ၂၃ နှစ်အရွယ်ရောက်လို့ ငွေအဝင်အထွက်ကို တွက်ချက်တဲ့အခါ ‘ငါ သင်္ချာကို စိတ်ဝင်စားခဲ့ရင် အကောင်းသား’ လို့ တွေးမိလိမ့်မယ်။”—အန်နာ။

  ပိုကောင်းတဲ့နည်းလမ်း

  •   အကူအညီ ယူပါ။ “အကြံပေးသူ များရင်တော့ အောင်မြင်တတ်တယ်” လို့ ကျမ်းစာက ဆိုတယ်။ (ပညာအလိမ္မာ ၁၁:၁၄) အဆင့်တွေ ကျနေရင် မိဘ၊ ဆရာ၊ နည်းပြ၊ ယုံလို့ရတဲ့သူ တစ်ယောက်ယောက်ဆီမှာ အကြံဉာဏ် တောင်းကြည့်ပါ။

     “ဆရာကို ပြောပြလိုက်ပါ။ ဆရာ အသင်အပြ မကောင်းလို့ ထင်မိနိုင်ပေမဲ့ အကူအညီတောင်းလိုက်ရုံနဲ့တင် အခြေအနေ တိုးတက်နိုင်ပါတယ်။”—အက်ဝဒ်။

  •   ရေရှည်ကို ကြည့်ပါ။ “ကိစ္စတစ်ခုရဲ့ အဆုံးဟာ အစထက် ပိုကောင်းတယ်” လို့ ကျမ်းစာက ဆိုတယ်။ (ဒေသနာ ၇:၈) ကျောင်းပြီးသွားတဲ့တစ်နေ့ ကျောင်းပညာရေးကိုသာမက ဘဝအရည်အသွေး၊ အစွမ်းအစတွေကိုပါ တတ်သိလာပါလိမ့်မယ်။

     “လူကြီးတစ်ယောက်ဖြစ်လာရင် စာစီစာကုံးတွေ ရေးတာ၊ စာမေးပွဲအတွက် လေ့လာရတာမျိုး မရှိပေမဲ့ ကျောင်းမှာ ဖိစီးမှုတွေကို ဖြေရှင်းပုံက ကျောင်းပြီးတဲ့နောက် ကြုံရမယ့် ဘဝဖိစီးသောကတွေကို ဖြေရှင်းနိုင်အောင် ပြင်ဆင်ပေးတယ်။”—ဗီရာ။

    ကျောင်းထွက်တာက ကမ်းမကပ်ခင် လှေပေါ်က ခုန်ဆင်းလိုက်တာနဲ့ တူတယ်။ လှေပေါ်မှာ ဆက်နေရင် အကောင်းသားလို့ နောက်မှ နောင်တရလာမယ်။

  •   ကိုယ့်ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ပါ။ “အလျင်စလို လုပ်တဲ့သူကတော့ ကျိန်းသေ ဆင်းရဲလိမ့်မယ်” လို့ ကျမ်းစာက ဆိုတယ်။ (ပညာအလိမ္မာ ၂၁:၅) ကျောင်းထွက်လိုက်တာကလွဲရင် တခြားနည်း မရှိဘူးလို့ အလျင်စလို မဆုံးဖြတ်လိုက်ပါနဲ့။

     “ကျောင်းက အလုပ်ကြိုးစားဖို့၊ ပြဿနာတွေ ဖြေရှင်းဖို့၊ ပူးပေါင်းလုပ်ဆောင်တတ်ဖို့ သင်ပေးတယ်။ ရေရှည်အတွက် အကျိုးရှိတယ်။ ကျောင်းပြီးတဲ့အထိ တက်ရကျိုးနပ်တယ်။”—ဘင်ဂျမင်။

 အဓိကအချက်။ ကျောင်းပြီးထားရင် ဘဝတာဝန်တွေအတွက် ပိုအသင့်ဖြစ်လာမယ်။