မာတိကာဆီ ကျော်သွား

ဆေးမင်ကြောင် (တက်တူး) နဲ့ပတ်သက်ပြီး သမ္မာကျမ်းစာမှာ ဘာပြောထားသလဲ

ဆေးမင်ကြောင် (တက်တူး) နဲ့ပတ်သက်ပြီး သမ္မာကျမ်းစာမှာ ဘာပြောထားသလဲ

သမ္မာကျမ်းစာအဆို

 ဆေးမင်ကြောင်နဲ့ပတ်သက်ပြီး သမ္မာကျမ်းစာမှာ ခုလို တစ်ကြိမ်ပဲ ဖော်ပြထားတယ်– “ဆေးမင်ထိုး၍ အမှတ်အသားမလုပ်ရ။” (ဝတ်ပြုရာ  ၁၉:၂၈၊ သမ္မာ) အဲဒီပညတ်ကို ဘုရားသခင်က အစ္စရေးလူမျိုးကို ပေးခဲ့တာဖြစ်တယ်။ အကြောင်းက နတ်ဘုရားတွေရဲ့ နာမည်တွေ၊ အမှတ်အသားတွေကို အရေပြားပေါ်မှာ ရေးထိုးတဲ့ ပတ်ဝန်းကျင်နိုင်ငံက လူတွေနဲ့ သီးခြားဖြစ်အောင် ပေးခဲ့ခြင်းဖြစ်တယ်။ (တရားဟောရာ ၁၄:၂) ခရစ်ယာန်တွေဟာ အစ္စရေးလူမျိုးကိုပေးတဲ့ အဲဒီပညတ်ကို လိုက်နာဖို့ တာဝန်မရှိပေမဲ့ အဲဒီပညတ်နောက်ကွယ်က မူကိုတော့ အလေးအနက် ထည့်စဉ်းစားဖို့ လိုအပ်ပါတယ်။

ခရစ်ယာန်တွေက ဆေးမင်ကြောင် ထိုးလို့ရသလား

 အောက်ပါကျမ်းချက်တွေက ဆေးမင်ကြောင်ထိုးတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျိုးကြောင်းဆင်ခြင်ဖို့ အထောက်အကူရနိုင်တယ်–

  •   ‘အမျိုးသမီးတို့သည်လည်း ဣန္ဒြေရှိခြင်းဖြင့် ကိုယ်ကို ဆင်ယင်စေလို၏။’ (၁  တိမောသေ ၂:၉) အဲဒီမူက အမျိုးသမီးတွေကော၊ အမျိုးသားတွေနဲ့ပါ သက်ဆိုင်တယ်။ ကျွန်ုပ်တို့ဟာ သူတစ်ပါးရဲ့ အမြင်ကို လေးစားသင့်တယ်။ ကိုယ့်ကိုယ်ကိုယ် လူအများ အလွန်အမင်းအာရုံစိုက်အောင် မလုပ်သင့်ဘူး။

  •   တချို့က ကိုယ်ဟာ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း ဒါမှမဟုတ် လွတ်လပ်မှု အပြည့်ရှိသူဖြစ်ကြောင်း ပြချင်တဲ့အတွက်၊ တချို့ကျတော့ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ကိုယ့်စိတ်ကြိုက်လုပ်ပိုင်ခွင့်ရှိကြောင်း ပြချင်တဲ့အတွက် ဆေးမင်ကြောင် ထိုးကြတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာက ခရစ်ယာန်တွေကို ဒီလိုတိုက်တွန်းထားတယ်– “အသက်ရှင်သော၊ သန့်ရှင်းသော၊ ဘုရားသခင် လက်ခံဖွယ်သော ယဇ်ဖြစ်သည့် မိမိတို့၏ကိုယ်ခန္ဓာကို ဆက်သကြလော့။ သို့ပြုလျှင် သင်တို့၏စဉ်းစားဆင်ခြင်နိုင်စွမ်းဖြင့် ဘုရားဝတ်ကိုပြုခြင်းဖြစ်မည်။” (ရောမ ၁၂:၁) သင့်ရဲ့ “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကို အသုံးပြုပြီး ဆေးမင်ကြောင် ထိုးချင်ရတဲ့အကြောင်းရင်းကို ဆန်းစစ်ပါ။ ခေတ်ရေစီးကြောင်းနဲ့အညီလိုက်ဖို့ ဒါမှမဟုတ် အဖွဲ့တစ်ဖွဲ့ဝင်ဖြစ်ကြောင်း ဖော်ပြဖို့ဆိုရင် နောက်ပိုင်း သင့်စိတ် ပြောင်းလဲသွားတဲ့အခါ ဒီဆေးမင်ကြောင်ကို ဖျက်လို့မရတော့ဘူးဆိုတာ သတိရပါ။ ဆေးမင်ကြောင်ထိုးရတဲ့ ရည်ရွယ်ချက်ကို ဆန်းစစ်ခြင်းက ပညာရှိဆုံးဖြတ်ချက်ချဖို့ အထောက်အကူ ပေးနိုင်တယ်။—သုတ္တံ ၄:၇

  •   “အလျင်စလို ပြုလုပ်တတ်သူမူကား အစဉ်ချို့တဲ့၍ နေလိမ့်မည်။” (သုတ္တံ ၂၁:၅ခမ) လူတွေဟာ ဆေးမင်ကြောင်ထိုးဖို့ အလျင်စလို ဆုံးဖြတ်ချက် ချတတ်ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ လူမှုဆက်ဆံရေးနယ်ပယ်နဲ့ အလုပ်ခွင်မှာ ရေရှည်ဆိုးကျိုး သက်ရောက်နိုင်တယ်။ ဒါ့အပြင် ဆေးမင်ကြောင်ကို ပြန်ဖျက်ချင်တယ်ဆိုရင် ဈေးကြီးတဲ့အပြင် နာကျင်နိုင်တယ်။ သုတေသနပြုချက်တွေအပြင် ဆေးမင်ကြောင်ဖျက်ပေးတဲ့ စီးပွားရေးလုပ်ငန်းတွေ တဟုန်ထိုး တိုးများလာတာကိုကြည့်ရင် ဆေးမင်ကြောင်ထိုးထားတဲ့သူ အတော်များများက နောက်ဆုံးမှာ ပြန်ဖျက်ချင်ကြတယ်ဆိုတာ ဖော်ပြနေတယ်။