မာတိကာဆီ ကျော်သွား

မိတ်ကပ်လိမ်းတာ၊ လက်ဝတ်ရတနာဆင်မြန်းတာနဲ့ ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ

မိတ်ကပ်လိမ်းတာ၊ လက်ဝတ်ရတနာဆင်မြန်းတာနဲ့ ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ

သမ္မာကျမ်းစာ ဖြေဆိုရာ

 ကျမ်းစာမှာ အဲဒီအကြောင်းကို အသေးစိတ် မပြောထားဘူး။ မိတ်ကပ်လိမ်းတာ၊ လက်ဝတ်ရတနာဆင်မြန်းတာ မှားတယ်လို့လည်း မပြောဘူး။ အပြင်ပန်းရုပ်သွင်ကို အသားပေးမယ့်အစား ‘မပျက်စီးတတ်တဲ့အလှဖြစ်တဲ့ အေးချမ်းပြီး နူးညံ့တဲ့စိတ်နဲ့ ကိုယ်ကိုအလှဆင်’ ဖို့ အားပေးတယ်။​—၁ ပေတရု ၃:​၃၊ ၄

အလှမပြင်ရဘူးလို့ မပြောထားဘူး

  •   ကျမ်းစာမှာပါတဲ့ သစ္စာရှိ အမျိုးသမီးတွေလည်း အလှပြင်ကြတယ်။ အာဗြဟံရဲ့ချွေးမလောင်း ရေဗက္ကာဟာ အာဗြဟံဆီက လက်ဆောင်ရတဲ့ ရွှေနှာကွင်း၊ ရွှေလက်ကောက်နဲ့ အဖိုးတန် လက်ဝတ်ရတနာ ဆင်မြန်းခဲ့တယ်။ (ကမ္ဘာဦး ၂၄:​၂၂၊ ၃၀၊ ၅၃) ဧသတာလည်း ပါးရှားအင်ပါယာရဲ့ မိဖုရားဖြစ်ဖို့ “အလှပြုပြင်” ခဲ့တယ်။ (ဧသတာ ၂:​၇၊ ၉၊ ၁၂) “အလှပြင်ပစ္စည်း” ဒါမှမဟုတ် “မိတ်ကပ်အမျိုးမျိုး” သုံးပြီး အလှပြုပြင်ခဲ့တာ ဖြစ်နိုင်တယ်။—New International Version; Easy-to-Read Version.

  •   ကျမ်းစာထဲက နှိုင်းယှဉ်ချက်တွေမှာ လက်ဝတ်ရတနာတွေကို အကောင်းဘက်ကနေ သုံးနှုန်းထားတယ်။ ဥပမာ၊ အကြံဉာဏ်ကောင်းပေးသူဟာ ‘လက်ခံနာယူသူအတွက် ရွှေနားဆွဲနဲ့ တူတယ်’ လို့ နှိုင်းယှဉ်ထားတယ်။ (ပညာအလိမ္မာ ၂၅:၁၂) ဘုရားသခင်က အစ္စရေးလူမျိုးနဲ့ မိမိရဲ့ဆက်ဆံရေးအကြောင်း ဖော်ပြရာမှာ ဇနီးလောင်းကို လက်ကောက်၊ ဆွဲကြိုး၊ နားဆွဲ ဆင်မြန်းပေးတဲ့ လင်ယောက်ျားအဖြစ် မိမိကိုယ်ကိုယ် နှိုင်းယှဉ်ထားတယ်။ အဲဒီလိုဆင်မြန်းပေးတဲ့အတွက် အစ္စရေးလူမျိုးဟာ “လှသွေးကြွယ်” လာတယ်။​—ယေဇကျေလ ၁၆:​၁၁-၁၃

မိတ်ကပ်လိမ်းတာ၊ လက်ဝတ်ရတနာဆင်မြန်းတာနဲ့ ပတ်သက်တဲ့ ယူဆချက် အမှားများ

 အမှား– ၁ ပေတရု ၃:၃ အရ ‘ဆံပင်ကို အမျိုးမျိုး ထုံးဖွဲ့တာ၊ ရွှေတွေ ဆင်ယင်တာ’ မှားတယ်လို့ ကျမ်းစာ ပြောတယ်။

 အမှန်– အပြင်ပန်းအလှဆင်တာထက် စိတ်ထားအလှက ပိုအဖိုးတန်တယ်လို့ ကျမ်းစာဖော်ပြနေခြင်းဖြစ်တယ်။ (၁ ပေတရု ၃:​၃-၆) တခြားကျမ်းချက်တွေမှာလည်း အဲဒီလိုနှိုင်းယှဉ်ချက်တွေ ပါတယ်။​—၁ ရှမွေလ ၁၆:၇။ ပညာအလိမ္မာ ၁၁:၂၂။ ၃၁:၃၀။ ၁ တိမောသေ ၂:​၉၊ ၁၀

 အမှား– မိဖုရားဆိုး ယေဇဗေလ မျက်လုံးခြယ်တာက မိတ်ကပ်လိမ်းတာ မှားတယ်လို့ ဖော်ပြတယ်။​—၂ ဘုရင်များ ၉:၃၀

 အမှန်– ယေဇဗေလဟာ သူ့ရဲ့ရုပ်သွင်ကြောင့် မဟုတ်ဘဲ ပယောဂအတတ် လိုက်စားတာ၊ လူသတ်တာ စတဲ့ အကျင့်ဆိုးတွေကြောင့် ကွပ်မျက်ခံခဲ့ရတယ်။​—၂ ဘုရင်များ ၉:​၇၊ ၂၂၊ ၃၆၊ ၃၇