မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်များအမေး

အိမ်ထောင်ပြုမယ်ဆိုရင် ဘာတွေကို ငါ မျှော်လင့်ထားသင့်သလဲ အပိုင်း—၁

အိမ်ထောင်ပြုမယ်ဆိုရင် ဘာတွေကို ငါ မျှော်လင့်ထားသင့်သလဲ အပိုင်း—၁

“သူနဲ့အတူ ရှိနေချိန်တွေဟာ တိမ်တွေပေါ်မှာ လမ်းလျှောက်နေရသလိုပဲ။ သူနဲ့အတူနေချင်ပြီ။”

“သဘောထားချင်း တိုက်ဆိုင်တယ်လို့ကို မရှိဘူး။ လင်မယားဆိုတာထက် အခန်းဖော်နဲ့ပိုတူနေတယ်။ အထီးကျန်လိုက်တာ။”

အပေါ်က ပထမစာကြောင်းကို တစ်ကိုယ်ရေ မိန်းကလေးတစ်ယောက် ပြောတာဖြစ်ပြီး ဒုတိယစာကြောင်းကိုတော့ အိမ်ထောင်သည်တစ်ယောက်က ပြောတယ်ဆိုတာ သင် မှန်းဆမိပါလိမ့်မယ်။ ဒါပေမဲ့ ဒီစာကြောင်း နှစ်ကြောင်းစလုံးကို ပြောတဲ့သူက တစ်ယောက်တည်း ဆိုတာကိုကော သင် သိပါသလား။

ဘာများ မှားသွားလို့လဲ။ တစ်နေ့နေ့မှာ သင် အိမ်ထောင်ပြုမယ်ဆိုရင် အချစ်အိပ်မက်ကနေ ပြဿနာတွေနဲ့ ပြည့်နေတဲ့ အိမ်ထောင်ဖြစ်မသွားရလေအောင် ဘယ်လို လုပ်ဆောင်နိုင်ပါသလဲ။

သိထားသင့်ရာ– အိမ်ထောင်ပြုခြင်းကနေ ရရှိမယ့် သင့်ရဲ့ပျော်ရွှင်မှုက သင် ဘာတွေ မျှော်လင့်ထားသလဲဆိုတာအပေါ် အများကြီး မူတည်ပါတယ်။

ဒီဆောင်းပါးနဲ့ နောက်လ နိုးလော့! ရဲ့ “လူငယ်များအမေး” ဆောင်းပါးက အိမ်ထောင်ပြုခြင်းကနေ လက်တွေ့ကျကျ မျှော်လင့်နိုင်ဖို့ သင့်ကို ကူညီပါလိမ့်မယ်။

အိမ်ထောင်ပြုမယ်ဆိုရင် သင် ဘာတွေကို လက်တွေ့ကျကျ မျှော်လင့်ထားသင့်သလဲ။ အတိုချုပ်ပြောရမယ်ဆိုရင်–

  1. (၁) အကျိုးကျေးဇူးတွေကို မျှော်လင့်ထားပါ

  2. (၂) အခက်အခဲတွေကို မျှော်လင့်ထားပါ

  3. (၃) မျှော်လင့်မထားရာတွေ ဖြစ်လာမယ်လို့ မျှော်လင့်ထားပါ

တစ်ခုချင်းစီကို အသေးစိတ် သုံးသပ်ကြည့်ကြစို့။

အကျိုးကျေးဇူးတွေကို မျှော်လင့်ထားပါ

သမ္မာကျမ်းစာက အိမ်ထောင်ပြုခြင်းနဲ့ပတ်သက်ပြီး သင့်တော်တဲ့ အမြင်ကို ဖော်ပြထားပါတယ်။ (သု. ၁၈:၂၂) အိမ်ထောင်ပြုခြင်းကနေ သင်မျှော်လင့်ထားနိုင်တဲ့ အကျိုးကျေးဇူးတချို့ကို အောက်မှာ ဖော်ပြထားပါတယ်-

အဖော်အဖက်။ ပထမဆုံးလူယောက်ျား အာဒံကို ဖန်ဆင်းပြီးတဲ့နောက် အချိန်အတန်ကြာလောက်မှာ ဘုရားသခင်က “ယောက်ျားသည် တစ်ယောက်တည်းမနေကောင်း” လို့ပြောပြီး အာဒံရဲ့ အဖော်အဖက်အဖြစ် ဧဝကို ဖန်ဆင်းပေးခဲ့တယ်။ (ကမ္ဘာဦး ၂:၁၈) ဘုရားသခင်က သူတို့တစ်ဦးစီကို တစ်မူထူးခြားတဲ့ အရည်အသွေးတွေနဲ့ ပြုလုပ်ထားတဲ့အတွက် သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြပေမဲ့ လိုက်ဖက်တဲ့သူတွေ ဖြစ်လာတယ်။ ဒါကြောင့် လင်ယောက်ျားနဲ့ ဇနီးသည်ဟာ တစ်ယောက်နဲ့တစ်ယောက်အတွက် အကောင်းဆုံး အဖော်အဖက်ဖြစ်တယ်။—သု. ၅:၁၈

တွဲဖက်။ “လူသည် တစ်ယောက်တည်းထက် နှစ်ယောက်သာ၍ ကောင်း၏။ ကြိုးစားအားထုတ်လျှင် ကောင်းသောအကျိုးကို ရတတ်၏” ဆိုပြီး သမ္မာကျမ်းစာက ဖော်ပြတယ်။ (ဒေ. ၄:၉) ဒီအချက်က အထူးသဖြင့် အိမ်ထောင်မှာ မှန်ကန်တယ်။ “အတူတူ ပူးပေါင်းလုပ်ဆောင်ဖို့ အရေးကြီးတယ်။ အဲဒီအတွက် နှိမ့်ချဖို့နဲ့ တစ်ခါတလေ လိုလိုလားလား အလျှော့ပေး လိုက်လျောဖို့ လိုအပ်တယ်” ဆိုပြီး မကြာသေးခင်က အိမ်ထောင်ပြုခဲ့တဲ့ ဘရမ်ဒါ * ဆိုတဲ့ မိန်းမငယ်တစ်ယောက် ပြောတယ်။

ကြင်ဖော်ကြင်ဖက်။ သမ္မာကျမ်းစာက ခုလိုပြောတယ်– “ခင်ပွန်းသည် ဆက်ဆံခြင်းဝတ်ကို မိမိဇနီးအား ပြုစေလော့။ ဇနီးသည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိခင်ပွန်းအား ပြုစေလော့။” (၁ ကောရိန္သု ၇:၃) အိမ်ထောင်ပြုတဲ့အခါ ဒီအခွင့်ကို သင်ရနိုင်တယ်။ ဒါပေမဲ့ အိမ်ထောင်မပြုဘဲ လိင်ဆက်ဆံမယ်ဆိုရင်တော့ ဝမ်းနည်းဖွယ် အကျိုးဆက်တွေဖြစ်တဲ့ စိုးရိမ်ပူပန်မှုနဲ့ နောင်တရမှုတွေကို ခံစားရလိမ့်မယ်။—သု. ၇:၂၂၊ ၂၃; ၁ ကောရိန္သု ၇:၈၊ ၉

အဓိကအချက်– အိမ်ထောင်အစီအစဉ်ဟာ ဘုရားသခင့်ဆီက ဆုကျေးဇူး ဖြစ်ပါတယ်။ (ယာကုပ် ၁:၁၇) ကိုယ်တော်ချမှတ်ထားတဲ့ စည်းမျဉ်းမူတွေကို လိုက်နာမယ်ဆိုရင် အိမ်ထောင်သည်ဘဝဟာ ပျော်ရွှင်ကျေနပ်စရာ အသက်တာ ဖြစ်လာပါလိမ့်မယ်။

စဉ်းစားစရာအချက်က– သင့်မိသားစုဝင်ထဲက ဖြစ်ကောင်းဖြစ်နိုင်တဲ့ တခြားသူ တစ်ယောက်ယောက်ရဲ့ အိမ်ထောင်ရေးအဆင်မပြေမှုကို တွေ့မြင်နေရတဲ့အတွက် အိမ်ထောင်ပြုခြင်းနဲ့ပတ်သက်ပြီး သင့်အမြင် လွဲမှားနေပါသလား။ ဒီလိုဆိုရင် သင် တုပသင့်တဲ့ စံပြအိမ်ထောင်သည်တွေ ဘယ်သူတွေ ရှိပါသလဲ။

အခက်အခဲတွေကို မျှော်လင့်ထားပါ

သမ္မာကျမ်းစာက အိမ်ထောင်သည်ဘဝနဲ့ပတ်သက်ပြီး လက်တွေ့ကျတဲ့ ရှုမြင်ပုံကို ဖော်ပြတယ်။ (၁ ကောရိန္သု ၇:၂၈) အိမ်ထောင်ပြုခြင်းကနေ သင်မျှော်လင့်ထားသင့်တဲ့ အခက်အခဲတချို့ကို အောက်မှာ ဖော်ပြထားပါတယ်–

သဘောထားကွဲလွဲခြင်း။ မစုံလင်တာတစ်ခုက လွဲရင် ချွတ်စွပ်တူတဲ့ လူနှစ်ဦးဆိုတာ မရှိဘူး။ (ရောမ ၃:၂၃) ဒါကြောင့် စုံတွဲတစ်တွဲဟာ ဘယ်လောက်ပဲ လိုက်ဖက်တယ်လို့ ထင်ရပါစေ တစ်ခါတစ်ရံမှာတော့ သဘောထားကွဲလွဲမှာ ဖြစ်တယ်။ မပြောသင့်တဲ့ စကားတွေကိုပြောမိပြီး နောက်ပိုင်း နောင်တရနေနိုင်တယ်။ “စကားအားဖြင့် မှားခြင်းမရှိလျှင် ထိုသူသည် စုံလင်သောသူ” ဖြစ်တယ်လို့ သမ္မာကျမ်းစာမှာ ရေးထားတယ်။ (ယာကုပ် ၃:၂) အမြဲတမ်း စိတ်သဘောထား တိုက်ဆိုင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဖြစ်လာတဲ့ပြဿနာတွေကို ပြောဆိုဆွေးနွေးပြီး ဖြေရှင်းတတ်ဖို့ သင်ယူရမှာဖြစ်တယ်။ ဒါကသာ သာယာပျော်ရွှင်တဲ့အိမ်ထောင် ဖြစ်စေတယ်။

စိတ်ပျက်ခြင်း။ “ကောင်မလေးက သူနဲ့ အသင့်တော်ဆုံးသူကို ရှာတွေ့သွားပြီး အသက်ထက်ဆုံး ပျော်ရွှင်စွာ နေသွားကြတယ်လို့ တင်ဆက်ထားတဲ့ ရုပ်ရှင်တွေ၊ တီဗွီဇာတ်လမ်းတွေကို တစ်ချိန်လုံး တွေ့နေရတယ်” ဆိုပြီး ခါရင် လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်က ပြောတယ်။ အိမ်ထောင်သည်ဘဝက အဲဒီလို စိတ်ကူးယဉ်ဆန်ဆန် ဖြစ်မလာတဲ့အခါ နှစ်ဦးစလုံး စိတ်ပျက်လာနိုင်တယ်။ မှန်ပါတယ်၊ အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာ နှစ်ယောက်စလုံးက အချင်းချင်းရဲ့ နောက်ထပ်အားနည်းချက်တွေ၊ တစ်မူထူးနေတဲ့ စရိုက်တွေကို တွေ့မြင်လာမှာ ဖြစ်တယ်။ အဓိကအချက်က စစ်မှန်တဲ့မေတ္တာဟာ “အရာရာကို သည်းခံတတ်” တယ်ဆိုတာ မှတ်ထားဖို့ဖြစ်တယ်။—၁ ကောရိန္သု ၁၃:၄၊ ၇

စိုးရိမ်ပူပန်ခြင်း။ အိမ်ထောင်သည်တွေဟာ “လောကအမှုအရာများအတွက် စိုးရိမ်ပူပန်တတ်” တယ်လို့ ကျမ်းစာက ပြောတယ်။ (၁ ကောရိန္သု ၇:၃၃၊ ၃၄) ဒီလိုစိုးရိမ်ပူပန်မှုက သာမန်ဖြစ်တဲ့အပြင် သင့်တော်တဲ့အခါတွေတောင် ရှိတယ်။ ဥပမာ၊ လိုအပ်တဲ့အကုန်အကျတွေအတွက် ရုန်းကန်ရနိုင်တယ်။ စားဝတ်နေရေးအတွက်တောင် နှစ်ယောက်စလုံး အလုပ်လုပ်ဖို့ လိုအပ်နိုင်တယ်။ ဒါပေမဲ့ ကိုယ့်အိမ်ထောင်ကို ထောက်ပံ့ဖို့ အတူပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် သင်တို့ အောင်မြင်နိုင်ပါတယ်။—၁ တိမောသေ ၅:၈

အဓိကအချက်– သမီးရည်းစားဘဝဟာ စွန်,လွှတ်တာနဲ့တူမယ်ဆိုရင် အိမ်ထောင်သည်ဘဝက လေယာဉ်မောင်းတာနဲ့ တူပါလိမ့်မယ်။ သဘောထား မတိုက်ဆိုင်မှုတွေကို ဖြေရှင်းရာမှာ ပိုကျွမ်းကျင်ဖို့နဲ့ ပိုအားထုတ်ဖို့ လိုပါလိမ့်မယ်။ ဒါပေမဲ့ သင် အောင်မြင်နိုင်ပါတယ်။

စဉ်းစားစရာအချက်က– အခုလောလောဆယ် မိဘတွေ၊ ညီအစ်ကို မောင်နှမတွေနဲ့ သဘောထားကွဲလွဲတဲ့အခါ သင် ဘယ်လိုဖြေရှင်းပါသလဲ။ သင်စိတ်ပျက်နေတဲ့အခါ အခြေအနေကို ဆက်ပြီး လက်တွေ့ကျကျ ရှုမြင်နိုင်သလား။ စိုးရိမ်ပူပန်မှုကို သင် ဘယ်လိုဖြေရှင်းပါသလဲ။

နောက်လထုတ် “လူငယ်များအမေး” မှာ မျှော်လင့်မထားရာတွေ ဖြစ်လာမယ်လို့ မျှော်လင့်ထားနိုင်ဖို့ သမ္မာကျမ်းစာမူတွေက သင့်ကို ဘယ်လိုထောက်ကူနိုင်မလဲ ဆိုတဲ့အကြောင်း သိရပါလိမ့်မယ်။

 

^ အပိုဒ်၊ 17 ဒီဆောင်းမှာပါတဲ့ နာမည်တချို့ကို ပြောင်းထားပါတယ်။