မာတိကာဆီ ကျော်သွား

မိတ်ဆွေဖွဲ့ခြင်းအကြောင်း ကျမ်းစာ ဘာပြောသလဲ

မိတ်ဆွေဖွဲ့ခြင်းအကြောင်း ကျမ်းစာ ဘာပြောသလဲ

ကျမ်းစာအဖြေ

 မိတ်ဆွေသူငယ်ချင်းတွေ ရှိတာက ပျော်ရွှင်အောင်မြင်တဲ့ ဘဝမျိုး ရစေတယ်။ မိတ်ဆွေကောင်းတွေက အချင်းချင်းအပေါ် ကောင်းတဲ့ ဩဇာ လွှမ်းတဲ့အပြင် ပိုကောင်းတဲ့သူတွေ ဖြစ်စေတယ်။—ပညာအလိမ္မာ ၂၇:၁၇

 ကျမ်းစာမှာတော့ မိတ်ဆွေတွေကို ဂရုတစိုက် ရွေးချယ်ဖို့ အားပေးတယ်။ မကောင်းတဲ့သူနဲ့ မိတ်ဆွေ ဖွဲ့မိရင် ရလာမယ့် အကျိုးဆက်တွေကိုလည်း သတိပေးထားတယ်။ (ပညာအလိမ္မာ ၁၃:၂၀။ ၁ ကောရိန္သု ၁၅:၃၃) မကောင်းတဲ့ အပေါင်းအသင်းကြောင့် ဆုံးဖြတ်ချက်တွေ မှားနိုင်တယ်၊ ကိုယ့်ရဲ့ အရည်အသွေးကောင်းတွေ ပျက်စီးနိုင်တယ်။

ဒီဆောင်းပါးမှာ

 မိတ်ဆွေကောင်း ဘယ်လို ဖြစ်နိုင်မလဲ

 မိတ်ဆွေကောင်းဆိုတာ စိတ်ဝင်စားရာ၊ ဝါသနာပါရာတွေ တူရုံထက်မက ပိုလေးနက်တယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။ ဥပမာ၊ ဆာလံ ၁၁၉:၆၃ မှာ “ကျွန်တော်ဟာ ကိုယ်တော့်ကို a ကြောက်ရွံ့ရိုသေသူတွေ၊ အမိန့်တော် စောင့်ထိန်းသူတွေရဲ့ မိတ်ဆွေပါပဲ” လို့ ဆိုထားတယ်။ ကျမ်းရေးသူက ဘုရားကို ကြောက်ရွံ့ရိုသေပြီး ဘုရားစံနှုန်းအတိုင်း နေထိုင်တဲ့သူတွေကို မိတ်ဆွေအဖြစ် ရွေးပေါင်းတဲ့အကြောင်း ဖော်ပြတယ်။

 မိတ်ဆွေကောင်း ပီသသူမှာ ရှိတတ်တဲ့ အရည်အသွေးတွေကိုလည်း ကျမ်းစာမှာ အခုလို ဖော်ပြထားတယ်။

  •   “မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ။”—ပညာအလိမ္မာ ၁၇:၁၇

  •   “အချင်းချင်းကို နင်းခြေဖို့ အသင့်ဖြစ်နေတဲ့ အပေါင်းအသင်းတွေ ရှိတယ်။ ညီအစ်ကိုထက် တွယ်တာတဲ့ မိတ်ဆွေလည်း ရှိတယ်။”—ပညာအလိမ္မာ ၁၈:၂၄

 ဒီကျမ်းပိုဒ်တွေအရ မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းဆိုတာ သစ္စာရှိတယ်၊ ချစ်ခင်ကြင်နာပြီး ရက်ရောတယ်။ ဘဝအတက်အကျ ကြုံရတဲ့အခါ ကိုယ့်ကို စွန့်ခွာမသွားဘဲ ကူညီဖြေရှင်းပေးတတ်တယ်။ ကိုယ်မှားနေရင်၊ ဆုံးဖြတ်ချက် မှားတော့မယ်ဆိုရင် အားမနာတမ်း ပြောတတ်တယ်။—ပညာအလိမ္မာ ၂၇:၆၊

 မိတ်ဆွေကောင်း ပီသခဲ့ကြတဲ့ ဘယ်သူတွေအကြောင်း ကျမ်းစာမှာ ပါသလဲ

 အသက်အရွယ်၊ ဘဝနောက်ခံ၊ ယဉ်ကျေးမှု၊ အာဏာရှိ အနေအထား မတူကြပေမဲ့ မိတ်ဆွေကောင်း ပီသခဲ့ကြသူတွေအကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ မိတ်ဆွေနှောင်ကြိုး ခိုင်မြဲခဲ့ကြတဲ့သူတွေကတော့

  •   ရုသနဲ့ နောမိ။ ရုသဟာ နောမိရဲ့ ချွေးမ ဖြစ်တဲ့အတွက် နှစ်ယောက်သား အသက် တော်တော် ကွာမှာ သေချာတယ်။ ယဉ်ကျေးမှု နောက်ခံလည်း မတူကြဘူး။ ဒီလို မတူညီမှုတွေ ရှိပေမဲ့ တစ်ယောက်ကို တစ်ယောက် တော်တော်လေး ချစ်ခင်ရင်းနှီးခဲ့ကြတယ်။—ရုသ ၁:၁၆

  •   ဒါဝိဒ်နဲ့ ယောနသန်။ ယောနသန်ဟာ ဒါဝိဒ်ထက် အသက် ၃၀ ပိုကြီးပေမဲ့ သူတို့နှစ်ယောက် “သိပ်ရင်းနှီးသွားကြတယ်” လို့ ကျမ်းစာက ဆိုတယ်။—၁ ရှမွေလ ၁၈:၁

  •   ယေရှုနဲ့ တမန်တော်တွေ။ ယေရှုဟာ ဆရာ၊ သခင် ဖြစ်တဲ့အတွက် တမန်တော်တွေအပေါ် ဩဇာအာဏာရှိသူ ဖြစ်တယ်။ (ယောဟန် ၁၃:၁၃) ဒါပေမဲ့ ဆရာသမား ဖြစ်တဲ့အတွက် တပည့်တွေနဲ့ မိတ်ဆွေ မဖြစ်ထိုက်ဘူးလို့ ယေရှု သဘောမထားဘူး။ မိမိရဲ့ သွန်သင်ချက် လိုက်နာသူတွေအပေါ် သံယောဇဉ်ကြီးတယ်။ ဒါကြောင့် “ကျွန်တော်ကတော့ အဖဘုရားဆီက ကြားနာခဲ့သမျှ ပြန်ပြောပြတဲ့အတွက် ခင်ဗျားတို့ကို မိတ်ဆွေလို့ ခေါ်မယ်” လို့ ပြောခဲ့တယ်။—ယောဟန် ၁၅:၁၄၊ ၁၅

 လူတွေဟာ ဘုရားရဲ့ မိတ်ဆွေ ဖြစ်နိုင်သလား

 လူတွေဟာ ဘုရားရဲ့ မိတ်ဆွေ ဖြစ်နိုင်ပါတယ်။ ဘုရားသခင်ဟာ “ရိုးဖြောင့်သူကိုတော့ ခင်မင်ရင်းနှီးတယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ပညာအလိမ္မာ ၃:၃၂) ဘုရားသခင်က လူကောင်းတွေ၊ ရိုးသားဖြောင့်မတ်သူတွေ၊ အမှားအမှန်နဲ့ပတ်သက်တဲ့ မိမိရဲ့ စံနှုန်းအတိုင်း ကြိုးစားနေထိုင်သူတွေကို မိတ်ဆွေအဖြစ် ရွေးချယ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ သစ္စာရှိသူ အာဗြဟံကို ဘုရားရဲ့ မိတ်ဆွေလို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—၂ ရာဇဝင်ချုပ် ၂၀:၇။ ဟေရှာယ ၄၁:၈။ ယာကုပ် ၂:၂၃

a ဒီဆာလံကျမ်းပိုဒ် ရှေ့နောက်စကားအရ “ကိုယ်တော့်ကို” ဆိုတာ ဘုရားသခင်ကို ဆိုလိုတယ်။