မာတိကာဆီ ကျော်သွား

လူငယ်များအမေး

လမ်းခွဲပြီးနောက် ဘယ်လို ရှေ့ဆက်နိုင်မလဲ

လမ်းခွဲပြီးနောက် ဘယ်လို ရှေ့ဆက်နိုင်မလဲ

 “ရည်းစားနဲ့ လမ်းခွဲပြီးနောက် ကျွန်တော် တော်တော်လေး ခံစားလိုက်ရတယ်။ ကျွန်တော့်ဘဝမှာ အနာကျင်ဆုံး ခံစားချက်ပါပဲ” ဆိုပြီး စတီဗင် ပြောတယ်။

 အဲဒီလိုခံစားဖူးသလား။ ခံစားဖူးတယ်ဆိုရင် ဒီဆောင်းပါးက ကူညီပေးနိုင်ပါတယ်။

 ခံစားရပုံ

 လမ်းခွဲလိုက်တဲ့အခါ နှစ်ယောက်စလုံး စိတ်ကြေကွဲမှာပါ။

  •   ကိုယ်က စပြီးလမ်းခွဲသူ ဖြစ်မယ်ဆိုရင် ဂျက်စမင် ပြောသလို ဖြစ်နိုင်တယ်– “ကိုယ်ချစ်ခဲ့ဖူးသူကို စိတ်ထိခိုက်အောင် လုပ်မိတဲ့ ခံစားချက်မျိုး နောက်ဘယ်တော့မှ မခံစားချင်ဘူး။”

  •   ကိုယ်က စပြီးလမ်းခွဲတာ မဟုတ်ဘူးဆိုရင် မင်းမရှိရင် အသက်မရှင်ချင်ဘူး ဆိုပြီး တချို့ ပြောတာကို သဘောပေါက်လာနိုင်ပါတယ်။ “တစ်ချိန်လုံး ဝမ်းနည်းပူဆွေးနေတဲ့အပြင် ဖြစ်ခဲ့တာကို လက်မခံနိုင်၊ ဒေါသပေါက်ကွဲ၊ ပြန်သင့်မြတ်ဖို့ ကြိုးစားချင်ပြီး စိတ်ဓာတ်ကျနေတယ်။ လမ်းခွဲခဲ့ပြီဆိုတာကို တစ်နှစ်လောက်ကြာမှပဲ လက်ခံနိုင်တယ်။”

 အဓိကအချက်– လမ်းခွဲလိုက်တဲ့အခါ အသည်းတွေကွဲပြီး မျှော်လင့်ချက်တွေ ပျောက်ဆုံးနေနိုင်တယ်။ “ကြေကွဲတဲ့စိတ်ကတော့ ခွန်အားဆုတ်ယုတ်စေတယ်” ဆိုပြီး ကျမ်းရေးသူတစ်ယောက် ရေးခဲ့တယ်။​—သုတ္တံ ၁၇:၂၂

 လုပ်ဆောင်နိုင်ရာ

  •  ရင့်ကျက်သူတစ်ယောက်ကို ရင်ဖွင့်ပါ။ “မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ” လို့ ကျမ်းစာက ဆိုတယ်။ (သုတ္တံ ၁၇:၁၇) မိဘ ဒါမှမဟုတ် ရင့်ကျက်တဲ့ မိတ်ဆွေတစ်ယောက်ကို ရင်ဖွင့်တာက ပြန်နာလန်ထူနိုင်စေတယ်။

     “လနဲ့ချီ ကျွန်မ လူတွေနဲ့ မပေါင်းချင်ဘူး၊ ဘယ်သူ့ကိုမှ ကျွန်မရဲ့ ခံစားချက်တွေကို မပြောဘူး၊ တကယ်တော့ သူငယ်ချင်းတွေဟာ ကူညီပေးနိုင်သူတွေ ဆိုတာ သူတို့ကို ရင်ဖွင့်ပြီးနောက်မှ သိလိုက်ရတယ်။”​—ဂျဲနက်။

  •  ဖြစ်ပျက်ခဲ့ရာကနေ သင်ယူပါ။ “ဉာဏ်ပညာကို ဆည်းပူးပါ။ သိနားလည်နိုင်စွမ်းကို ဆည်းပူးပါ” ဆိုပြီး နောက်ကျမ်းတစ်ချက်က ဆိုတယ်။ (သုတ္တံ ၄:၅) ဒီလိုရင်နာစရာ အတွေ့အကြုံတွေကနေ ကိုယ့်အကြောင်း ကိုယ်သိလာတာ အများကြီးရှိသလို စိတ်ပျက်စရာကိစ္စတွေကို ပိုကိုင်တွယ်ဖြေရှင်း တတ်လာတယ်။

     “လမ်းခွဲပြီးနောက်ပိုင်းမှာ သူငယ်ချင်းတစ်ယောက်က ‘မင်းရဲ့ အဖြစ်ကနေ ဘာသင်ခန်းစာ ရသလဲ၊ နောက်ပိုင်း တစ်ယောက်ယောက်နဲ့ တွဲဖြစ်ခဲ့ရင် အဲဒီသင်ခန်းစာကို ဘယ်လိုအသုံးချမလဲ’ လို့ မေးတယ်။”​—စတီဗင်။

  •  ဆုတောင်းပါ။ “ထမ်းထားရတဲ့ဝန်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ။ ကိုယ်တော် ဖေးမလိမ့်မယ်” လို့ ကျမ်းစာက ဆိုတယ်။ (ဆာလံ ၅၅:၂၂) ဆုတောင်းခြင်းက ဝမ်းနည်းစိတ်ကို သက်သာစေနိုင်ပြီး လမ်းခွဲတာကို အမှန်အတိုင်း ရှုမြင်နိုင်အောင် ကူညီပေးနိုင်တယ်။

     “မပြတ် ဆုတောင်းပါ။ ယေဟောဝါက သင့်ရဲ့ နာကျင်မှုကို နားလည်ပြီး အခြေအနေကို သင်သိတာထက် ပိုသိတယ်။”​—မာရှယ်။

  •  တခြားသူတွေကို ကူညီပါ။ “ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြပါ” လို့ ကျမ်းစာက ဆိုတယ်။ (ဖိလိပ္ပိ ၂:၄) တခြားသူတွေကို များများ ကူညီပေးလေ လမ်းခွဲခဲ့ရတာကို အမှန်အတိုင်း ရှုမြင်တတ်လာလေပဲ။

     “လမ်းခွဲချိန်မှာ ငါ့ဘဝတော့ ဆုံးပြီလို့ ခံစားရပြီး အသားနာတာထက် ပိုနာကျင်ခဲ့တယ်။ ဒါပေမဲ့ အချိန်ကြာလာတော့လည်း နာကျင်မှု သက်သာလာတယ်။”​—အယ်ဗလင်။