မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

က၃

သမ္မာကျမ်းစာရရှိလာပုံ

ကျမ်းစာရဲ့ အာဘော်ရှင်၊ ဖန်တီးရှင်ဟာ ကျမ်းစာကို တည်တံ့စေတဲ့အရှင်လည်း ဖြစ်တယ်။

“ဘုရားသခင်ရဲ့ နှုတ်ထွက်စကားကတော့ ထာဝစဉ်တည်မြဲတယ်” ဆိုပြီး မှတ်တမ်းတင်စေခဲ့တဲ့အရှင် ဖြစ်တယ်။ဟေရှာယ ၄၀:၈

အဲဒီကျမ်းစကား မှန်ကန်ပါတယ်၊ ဒီနေ့ခေတ်မှာ ဟီဘရူးနဲ့ အာရမိတ် ကျမ်းစောင်တွေ၊ a ခရစ်ယာန်ဂရိကျမ်းစောင်ရဲ့ မူရင်းလက်ရေးစာမူတွေ မရှိတော့ဘူး။ ဒါဆိုရင် အခုခေတ် ကျမ်းစာဟာ စွမ်းအားတော်လမ်းညွှန်မှုနဲ့ ရေးခဲ့တဲ့ မူရင်းကျမ်းစောင်တွေအတိုင်း အမှန်တကယ် ပြန်ဆိုထားမထား ဘယ်လိုသိနိုင်မလဲ။

ဘုရားသခင့်စကားတော်ကို ကျမ်းကူးသူတွေ ထိန်းသိမ်း

ဟီဘရူးကျမ်းစောင်တွေနဲ့ပတ်သက်လို့ ပြောရရင်တော့ ကျမ်းစာကို ကူးရေးရမယ်ဆိုတဲ့ ဘုရားသခင်ပြဋ္ဌာန်းခဲ့တဲ့ ရှေးအစဉ်အလာ ရှိခဲ့လို့ပဲ။ b ဥပမာ၊ ပညတ်ကျမ်းကို ကိုယ်တိုင်ကူးရေးရမယ်ဆိုပြီး အစ္စရေးဘုရင်တွေကို ယေဟောဝါ ညွှန်ကြားခဲ့တယ်။ (တရားဟောရာ ၁၇:၁၈) အဲဒီအပြင် ပညတ်ကျမ်းကို ထိန်းသိမ်းဖို့၊ လူတွေကို သွန်သင်ပေးဖို့ လေဝိအမျိုးသားတွေကို ဘုရားသခင် တာဝန်ပေးခဲ့တယ်။ (တရားဟောရာ ၃၁:၂၆။ နေဟမိ ၈:၇) ဗာဗုလုန်ကို ဂျူးတွေ ပြည်နှင်ခံရပြီးနောက်မှာ ကျမ်းတတ်တွေ (ဆော့ဖရင်) ပါဝင်တဲ့ ကျမ်းကူးသူအဖွဲ့ ပေါ်လာတယ်။ (ဧဇရ ၇:၆) အချိန်ကြာလာတာနဲ့အမျှ အဲဒီကျမ်းတတ်တွေဟာ ဟီဘရူးကျမ်းစောင် ၃၉ စောင်ကို အမြောက်အမြား မိတ္တူပွားနိုင်ခဲ့တယ်။

ရာစုနှစ်တစ်လျှောက် ကျမ်းတတ်တွေက ကျမ်းစောင်တွေကို ဂရုတစိုက် ကူးရေးခဲ့ကြတယ်။ အလယ်ခေတ်မှာဆိုရင် မက်စရိလို့ခေါ်တဲ့ ဂျူးကျမ်းတတ်တစ်စုက ကျမ်းကူးရေးတဲ့ အစဉ်အလာကို ထိန်းသိမ်းခဲ့ကြတယ်။ ရှေးအကျဆုံး မက်ဆိုရက်တစ်ကျမ်း အပြည့်အစုံကတော့ အေဒီ ၁၀၀၈/၁၀၀၉ မှာ ကူးရေးခဲ့တဲ့ လီနင်ဂရက် ကိုဒက်ပါပဲ။ ဒါပေမဲ့ ၂၀ ရာစုအလယ်ပိုင်း ရောက်တဲ့အခါ ကျမ်းစာလက်ရေးစာမူ အပိုင်းအစ ၂၂၀ လောက်ကို ပင်လယ်သေကျမ်းလိပ်တွေနဲ့အတူ တွေ့ရှိခဲ့တယ်။ ပင်လယ်သေကျမ်းလိပ်တွေဟာ လီနင်ဂရက် ကိုဒက်ထက် နှစ်ပေါင်း ၁,၀၀၀ ကျော် ရှေးကျတယ်။ အဲဒီကျမ်းလိပ်တွေကို လီနင်ဂရက်ကိုဒက်နဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ အင်မတန် အရေးပါတဲ့အချက်တစ်ချက် သိရတယ်။ အဲဒါကတော့ ပင်လယ်သေကျမ်းလိပ်တွေမှာ စကားလုံးအထားအသို အနည်းငယ် ကွဲပြားရုံကလွဲလို့ ကျမ်းစာသတင်းစကားကို မထိခိုက်ဘူးဆိုတဲ့ အချက်ပါပဲ။

ခရစ်ယာန်ဂရိကျမ်းစောင် ၂၇ စောင်ကကော။ ဒီကျမ်းစောင်တွေကို ယေရှုခရစ်ရဲ့ တပည့်တချို့နဲ့ တမန်တော်တချို့ ရေးသားခဲ့တယ်။ အစောပိုင်းခရစ်ယာန်တွေက ဂျူးကျမ်းတတ်တွေရဲ့ အစဉ်အလာအတိုင်း အဲဒီကျမ်းစောင်တွေကို ကူးရေးခဲ့ကြတယ်။ (ကောလောသဲ ၄:၁၆) ရောမဧကရာဇ် ဒိုင်အိုကလီရှန်နဲ့ လူတချို့က အစောပိုင်း ခရစ်ယာန်စာပေအားလုံးကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ပေမဲ့ ရှေးဟောင်းကျမ်းအပိုင်းအစနဲ့ လက်ရေးစာမူ ထောင်ပေါင်းများစွာဟာ ယနေ့အထိ တည်တံ့နေဆဲပါပဲ။

ခရစ်ယာန်ကျမ်းစောင်တွေကို တခြားဘာသာစကားတွေနဲ့လည်း ဘာသာပြန်ခဲ့ကြတယ်။ အာမေးနီးယား၊ ကော့ပ်တစ်၊ အီသီယိုးပီးယား၊ ဂျော်ဂျီယာ၊ လက်တင်၊ ဆီးရီးယားစတဲ့ ရှေးခေတ်ဘာသာစကားတွေနဲ့ ပြန်ဆိုခဲ့ကြတယ်။

ဘာသာပြန်ဖို့ ဟီဘရူးနဲ့ ဂရိစာသားကို ရွေးချယ်သတ်မှတ်ခြင်း

ရှေးကျတဲ့ ကျမ်းစာလက်ရေးစာမူတွေထဲမှာ တထေရာတည်းတူတဲ့ စာမူတွေ မရှိသလောက်ပါပဲ။ ဒါဆိုရင် မူရင်းမှာ ဘာတွေပါမှန်း ဘယ်လိုသိနိုင်မလဲ။

ဥပမာပေးရရင် ဆရာတစ်ယောက်က ကျောင်းသားအယောက် ၁၀၀ ကို ဖတ်စာအုပ်ထဲက သင်ခန်းစာတစ်ခု ကူးရေးခိုင်းတာနဲ့ တူတယ်။ နောက်ပိုင်းမှာ မူရင်းသင်ခန်းစာ ပျောက်ဆုံးသွားရင်တောင် ကျောင်းသား ၁၀၀ ကူးရေးထားတာတွေကို နှိုင်းယှဉ်ကြည့်ရင် မူရင်းမှာ ဘာရေးထားမှန်း သိနိုင်တယ်။ ကျောင်းသားတွေ ကူးရေးတဲ့အခါ အမှားပါနိုင်တယ်။ ဒါပေမဲ့ ကျောင်းသားအားလုံး တထေရာတည်း မှားရေးမိတာမျိုးတော့ မရှိပါဘူး။ အလားတူပဲ။ ကျမ်းပညာရှင်တွေက လက်ဝယ်ရှိထားတဲ့ ထောင်နဲ့ချီတဲ့ ကျမ်းအပိုင်းအစတွေ၊ ရှေးကျတဲ့ ကျမ်းစာမိတ္တူတွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ ကျမ်းကူးသူတွေရဲ့ အမှားကို ရှာတွေ့ပြီး မူရင်းစာသားကို သိနိုင်ခဲ့ကြတယ်။

“ရှေးဟောင်းစာပေတွေ ထဲမှာ ကျမ်းစာလောက် တိတိကျကျ ကူးရေးထား တာမျိုး မရှိဘူးလို့ ပြောရဲတယ်”

မူရင်းအယူအဆတွေကို တိကျမှန်ကန်စွာ အဆင့်ဆင့်ကူးရေးခဲ့မှန်း ဘယ်လို စိတ်ချနိုင်သလဲ။ ဟီဘရူးကျမ်းစောင်တွေနဲ့ပတ်သက်ပြီး ကျမ်းပညာရှင် ဝီလျံအိပ်ဂရင်းက “ရှေးဟောင်းစာပေတွေထဲမှာ ကျမ်းစာလောက် တိတိကျကျ ကူးရေးထားတာမျိုး မရှိဘူးလို့ ပြောရဲတယ်” လို့ဆိုတယ်။ ဓမ္မသစ်ကျမ်းလို့ခေါ်တဲ့ ခရစ်ယာန်ဂရိကျမ်းစောင်နဲ့ပတ်သက်ပြီး ကျမ်းစာပညာရှင် အက်ဖ်အက်ဖ် ဘရူးစ်က “ဓမ္မသစ်ကျမ်းရဲ့ အထောက်အထားတွေဟာ ဂန္ထဝင်စာပေတွေရဲ့ အထောက်အထားတွေထက် အပြတ်သာတယ်။ ဂန္ထဝင်စာပေတွေရဲ့ တိကျမှန်ကန်မှုကိုတော့ လူတွေ သိပ်အရေးမလုပ်ကြဘူး။ ဓမ္မသစ်ကျမ်းသာ လောကီစာပေဖြစ်နေရင် ကျမ်းရဲ့တိကျမှန်ကန်မှုကို အကြွင်းမဲ့ ယုံကြည်လက်ခံကြမှာပါ” လို့ပြောခဲ့တယ်။

(ဘီစီ ၁၂၅ မှ ၁၀၀ အတွင်း ရက်စွဲပါရှိတဲ့) ပင်လယ်သေ ကျမ်းလိပ်မှာပါတဲ့ ဟေရှာယအခန်းကြီး ၄၀

နှစ်ပေါင်းတစ်ထောင်အကြာ ဟီဘရူးစာမူတွေနဲ့ နှိုင်းယှဉ်တဲ့အခါ သတ်ပုံမတူတာကလွဲလို့ မဆိုစလောက် ကွာခြားမှုသာ တွေ့ရှိ

အေဒီ ၉၃၀ ခန့်က အရေးပါတဲ့ ဟီဘရူးမက်စိုရက်တစ်ကျမ်း၊ အလီပိုကိုဒက်မှာပါတဲ့ ဟေရှာယ အခန်းကြီး ၄၀

ဟီဘရူးစာသား– ဟီဘရူးကျမ်းစောင်များရဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း (၁၉၅၃-၁၉၆၀) ကို ပြန်ဆိုတုန်းက ရူဒေါ့ဖ် ကစ်တဲလ်ရဲ့ ဘီဘလီယာ ဟေဘရိုင်ခါကျမ်းကို အခြေပြုခဲ့တယ်။ မကြာသေးခင်တုန်းက ပင်လယ်သေကျမ်းလိပ်တွေနဲ့ ရှေးလက်ရေးစာမူတွေကို အခြေခံပြီး သုတေသနလုပ်တဲ့အခါ ဘီဘလီယာ စတူဂါတဲန်ဆယာနဲ့ ဘီဘလီယာ ဟေဘရိုင်ခါ ကွင်တာလို့ခေါ်တဲ့ ဟီဘရူးကျမ်းစာသားတွေကို ပြန်လည်မွမ်းမံထားတဲ့ကျမ်းတွေကို အသုံးပြုခဲ့တယ်။ ကျမ်းပညာရှင်တွေက မူရင်းစာကိုယ်မှာ လီနင်ဂရက် ကိုဒက်ကျမ်းကို ပြန်လည်တည်းဖြတ်ထားတယ်။ အောက်ခြေမှတ်ချက်မှာတော့ ဆမာရီတန် ပင်တာကျွတ်ကျမ်း၊ ပင်လယ်သေကျမ်းလိပ်၊ ဂရိစက်ပ်တွားဂျင့်ကျမ်း၊ အာရမိတ်တာဂွမ်ကျမ်း၊ လက်တင်ဗားဂိတ်ကျမ်း၊ ဆီးရီးယက်ခ် ပက်ရှီတာကျမ်းတွေအပါအဝင် တခြားကျမ်းတွေထဲက အသုံးအနှုန်းတွေကို သုံးထားတယ်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ပြန်လည်တည်းဖြတ်တဲ့အခါ ဘီဘလီယာ ဟေဘရိုင်ခါ စတူဂါတဲန်ဆယာကျမ်းနဲ့ ဘီဘလီယာ ဟေဘရိုင်ခါ ကွင်တာကျမ်း နှစ်မျိုးစလုံးကို မှီငြမ်းထားတယ်။

ဂရိစာသား– ၁၉ ရာစုနှောင်းပိုင်းမှာ ကျမ်းပညာရှင်တွေဖြစ်တဲ့ ဘီအက်ဖ် ဝက်စကော့နဲ့ အက်ဖ်ဂျေအေ ဟော့ထ်က မူရင်းဂရိကျမ်းစာသားကို ပြင်ဆင်တဲ့အခါ မူရင်းနဲ့အနီးစပ်ဆုံးလို့ ယူဆရတဲ့ လက်ရှိစာမူတွေ၊ ကျမ်းအပိုင်းအစတွေကို နှိုင်းယှဉ်ခဲ့ကြတယ်။ ၂၀ ရာစုအလယ်ပိုင်းမှာ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကော်မတီက အဲဒီမူရင်းစာမူကို အခြေခံပြီး ဘာသာပြန်ခဲ့ကြတယ်။ အေဒီပထမနဲ့ တတိယရာစုက ရှေးခေတ်ကျူစာတွေကိုလည်း အသုံးပြုတယ်။ အဲဒီအချိန်ကစပြီး နောက်ထပ်ကျူစာတွေ ရလာတယ်။ အဲဒီအပြင် နက်စတာနဲ့ အေလန်၊ ယူနိုက်တက်ကျမ်းစာအသင်းကရတဲ့ မူရင်းစာသားတွေကလည်း ကျမ်းပညာရှင်တွေရဲ့ လတ်တလော တွေ့ရှိချက်တွေနဲ့ ကိုက်ညီနေတယ်။ အဲဒီတွေ့ရှိချက်တွေနဲ့အညီ ပြန်လည်တည်းဖြတ်ခဲ့တယ်။

မူရင်းစာသားတွေနဲ့ တိုက်ကြည့်တဲ့အခါ ဂျိမ်းဘုရင်ဘာသာပြန်ကျမ်းလိုမျိုး ရှေးကျတဲ့ ခရစ်ယာန်ဂရိကျမ်းစောင်ထဲက အခန်းငယ်တချို့ဟာ ကျမ်းကူးသူတွေ အပိုထည့်ထားတာဖြစ်ပြီး မူရင်းကျမ်းမှာ မပါဝင်မှန်း သိရတယ်။ ၁၆ ရာစုရောက်တဲ့အခါ ဘာသာပြန်ကျမ်းတွေမှာ အခန်းငယ်တွေကို ခွဲလိုက်တဲ့အတွက် ကျမ်းစာအများစုရဲ့ အခန်းငယ်တွေကြားမှာ လစ်လပ်နေတယ်။ အဲဒီအခန်းငယ်တွေက မဿဲ ၁၇:၂၁၊ ၁၈:၁၁၊ ၂၃:၁၄၊ မာကု ၇:၁၆၊ ၉:၄၄၊ ၄၆၊ ၁၁:၂၆၊ ၁၅:၂၈၊ လုကာ ၁၇:၃၆၊ ၂၃:၁၇၊ ယောဟန် ၅:၄၊ တမန်တော် ၈:၃၇၊ ၁၅:၃၄၊ ၂၄:၇၊ ၂၈:၂၉၊ ရောမ ၁၆:၂၄ တို့ဖြစ်တယ်။ ဒီကျမ်းမှာတော့ မူရင်းမှာမပါတဲ့ အဲဒီအခန်းငယ်တွေကို ချန်လှပ်ထားမှန်း အောက်ခြေမှတ်ချက်နဲ့ ဖော်ပြထားတယ်။

မာကု ၁၆ (အခန်းငယ် ၉-၂၀) နိဂုံးရှည်၊ မာကု ၁၆ နိဂုံးတို၊ ယောဟန် ၇:၅၃–၈:၁၁ တွေဟာ မူရင်းစာမူတွေမှာ မပါဝင်မှန်း ထင်ရှားတယ်။ ဒါကြောင့် ဒီကျမ်းမှာ အဲဒီကျမ်းပိုတွေ မပါဝင်ဘူး။ c

မူရင်းနဲ့အနီးစပ်ဆုံးလို့ ကျမ်းပညာရှင်တွေ လက်ခံထားချက်နဲ့အညီ တချို့စာသားတွေကို ပြုပြင်ထားတယ်။ ဥပမာ– တချို့စာမူတွေမှာ မဿဲ ၇:၁၃ မှာ “ကျဉ်းတဲ့တံခါးကနေ ဝင်ကြပါ။ ပျက်စီးခြင်းကို ပို့ဆောင်တဲ့ တံခါးက ကျယ်ဝန်းပြီး လမ်းကလည်း ပြန့်ပြူးတယ်” လို့ပါရှိတယ်။ အရင် အင်္ဂလိပ်ကမ္ဘာသစ်ဘာသာပြန်ကျမ်းမှာ “တံခါး” ဆိုတဲ့စာသား မပါဘူး။ စာမူတွေကို ထပ်လေ့လာတဲ့အခါ မူရင်းမှာ “တံခါး” ဆိုတဲ့စာသား ပါဝင်တယ်လို့ ကောက်ချက်ချရတယ်။ ဒါကြောင့် ဒီကျမ်းထဲမှာ ပြန်ထည့်သွင်းထားတယ်။ အဲဒီလိုပြုပြင်မှုတွေ အတော်များများ ရှိတယ်။ ဒါပေမဲ့ ဒါတွေဟာ အသေးအဖွဲ ပြုပြင်မှုတွေသာဖြစ်ပြီး ဘုရားသခင့်တရားစကားမှာပါတဲ့ အခြေခံသတင်းစကား ပြောင်းလဲမသွားပါဘူး။

အေဒီ ၂၀၀ ခန့်က ၂ ကောရိန္သု ၄:၁၃-၅:၄ ရဲ့ ကျူစာမူ

a ဟီဘရူးကျမ်းစောင်တွေလို့ပဲ သုံးနှုန်းပါတော့မယ်။

b ပြန်ကူးရေးဖို့ လိုအပ်ရတဲ့အကြောင်းရင်းတစ်ခုက မူရင်းစာမူတွေကို ပျက်စီးလွယ်တဲ့ ပစ္စည်းတွေပေါ်မှာ ရေးသားခဲ့လို့ပါပဲ။

c အဲဒီအခန်းငယ်တွေကို ကျမ်းပိုအဖြစ် သတ်မှတ်ရတဲ့ အကြောင်းရင်းကို ၁၉၈၄ ခုနှစ်ထုတ် ကမ္ဘာသစ်ဘာသာပြန် ရည်ညွှန်းကျမ်း အောက်ခြေမှတ်ချက်ကိုကြည့်။