မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

က၄

ဟီဘရူးကျမ်းစောင်တွေမှာပါတဲ့ ဘုရားသခင့်နာမည်

ဗာဗုလုန်ကို ပြည်နှင်မခံရခင် သုံးတဲ့ ရှေးဟီဘရူးအက္ခရာနဲ့ ဘုရားသခင့်နာမည်

ဗာဗုလုန်ကို ပြည်နှင်ခံရပြီးနောက်သုံးတဲ့ ဟီဘရူးအက္ခရာနဲ့ ဘုရားသခင့်နာမည်

ဟီဘရူးဗျည်းလေးလုံး יהוה နဲ့ဖော်ပြတဲ့ ဘုရားသခင့်နာမည်ကို ဟီဘရူးကျမ်းစောင်တွေမှာ အကြိမ် ၇,၀၀၀ နီးပါး တွေ့ရတယ်။ တက်တြာဂရမ်မီတန်လို့ခေါ်တဲ့ အဲဒီဗျည်းလေးလုံးကို ဒီကျမ်းစာမှာ “ယေဟောဝါ” ဆိုပြီး ပြန်ဆိုထားတယ်။ ကျမ်းစာမှာ အများဆုံးတွေ့ရတဲ့ နာမည်ပဲ။ စွမ်းအားတော် လမ်းညွှန်မှုခံရတဲ့ ကျမ်းရေးသူတွေဟာ ဘုရားသခင်ကို “အနန္တတန်ခိုးရှင်၊” “အမြင့်ဆုံးအရှင်၊” “သခင်” စတဲ့ ဘွဲ့ထူးတွေနဲ့ ခေါ်ဆိုပေမဲ့ ဘုရားသခင် ဘယ်သူဘယ်ဝါဆိုတာ ဖော်ပြတဲ့အခါမှာတော့ တက်တြာဂရမ်မီတန်ဆိုတဲ့ နာမည်ကိုပဲ အသုံးပြုခဲ့ကြတယ်။

ယေဟောဝါဘုရားကိုယ်တိုင်က သူ့နာမည်ကို အသုံးပြုဖို့ ကျမ်းရေးသူတွေကို ညွှန်ကြားခဲ့တယ်။ ဥပမာ၊ ‘ယေဟောဝါရဲ့နာမည်ကို ခေါ်ပြီး ဆုတောင်းသူတိုင်း ကယ်တင်ခံရမယ်’ ဆိုပြီး ရေးသားဖို့ ပရောဖက်ယောလကို စွမ်းအားတော်နဲ့ ညွှန်ကြားခဲ့တယ်။ (ယောလ ၂:၃၂) “ယေဟောဝါလို့ နာမည်ရှိတဲ့ ကိုယ်တော် တစ်ပါးတည်းသာ မြေတစ်ပြင်လုံးမှာ အမြင့်မြတ်ဆုံး အရှင်ဖြစ်မှန်း လူတွေသိကြပါစေ” လို့ ဆာလံဆရာကို ရေးသားစေခဲ့တယ်။ (ဆာလံ ၈၃:၁၈) တကယ်တော့ ဘုရားသခင့်နာမည်ဟာ ဆာလံကျမ်းတစ်ကျမ်းတည်းမှာပဲ အကြိမ်ပေါင်း ၇၀၀ လောက် ပါဝင်တယ်။ ဒီကဗျာလင်္ကာကျမ်းကို ဘုရားသခင့်လူမျိုးတွေ ဖတ်ရွတ်သီဆိုခဲ့ကြတယ်။ ဒါဆိုရင် ဘာသာပြန်ကျမ်းများစွာမှာ ဘုရားသခင့်နာမည် ဘာလို့မပါတာလဲ။ ဒီကျမ်းမှာ “ယေဟောဝါ” ဆိုတဲ့ နာမည်ကို ဘာလို့အသုံးပြုတာလဲ။ ယေဟောဝါဆိုတဲ့ နာမည်ရဲ့အဓိပ္ပာယ်ဟာ ဘာလဲ။

ပင်လယ်သေကျမ်းလိပ်မှာပါတဲ့ ဒီဆာလံကျမ်းအပိုင်းအစဟာ အေဒီ ၁ ကနေ ၅၀ ခုနှစ်အတွင်းကဖြစ်။ ဗာဗုလုန်ကို ပြည်နှင်ခံရပြီးနောက်သုံးတဲ့ ဟီဘရူးအက္ခရာနဲ့ ရေးထား။ တက်တြာဂရမ်မီတန်ကိုတော့ ဗာဗုလုန်ကို ပြည်နှင်မခံရခင်သုံးတဲ့ ရှေးဟီဘရူးအက္ခရာနဲ့ အကြိမ်ကြိမ် အထင်အရှားတွေ့ရ

ဘာသာပြန်ကျမ်းများစွာမှာ  ဘုရားသခင့်နာမည်  ဘာလို့ မပါတာလဲ။ အကြောင်းရင်း အမျိုးမျိုးရှိတယ်။ တချို့က အနန္တတန်ခိုးရှင်ဘုရားသခင်ကို ခွဲခြားဖော်ပြဖို့ နာမည်တစ်ခု မလိုအပ်ဘူးလို့ ယူဆကြတယ်။ နာမတော်ကို မလေးစားရာရောက်မှာစိုးလို့ အသုံးမပြုတဲ့ ဂျူးထုံးစံရဲ့လွှမ်းမိုးမှုကြောင့်လည်း ဖြစ်နိုင်တယ်။ နာမတော် အသံထွက် အတိအကျကို ဘယ်သူမှ သေချာမသိတဲ့အတွက် “သခင်၊” “ဘုရားသခင်” စတဲ့ ဘွဲ့ထူးတွေကိုသုံးတာ ပိုကောင်းတယ်လို့ ယူဆသူတွေလည်း ရှိတယ်။ ဒါပေမဲ့ အဲဒါတွေက ခိုင်လုံတဲ့အကြောင်းရင်းတွေ မဟုတ်ပါဘူး။ အောက်ပါအချက်တွေကို သုံးသပ်ကြည့်ပါ–

  • အနန္တတန်ခိုးရှင်ဘုရားသခင်မှာ နာမည်တစ်ခုရှိဖို့ မလိုအပ်ဘူးလို့ ယူဆသူတွေဟာ ခရစ်တော်လက်ထက် မတိုင်ခင်ကတည်းကရှိခဲ့တဲ့ ကျမ်းစောင်တွေအပါအဝင် အစောပိုင်းစာမူတွေမှာ ဘုရားသခင့်နာမည်ပါတယ်ဆိုတဲ့ အချက်ကို လျစ်လျူရှုကြတယ်။ အထက်မှာဖော်ပြခဲ့သလို ဘုရားသခင်က သူ့နာမည်ကို ကျမ်းစာထဲမှာ အကြိမ် ၇,၀၀၀ နီးပါး ထည့်သွင်းဖို့ ညွှန်ကြားခဲ့တယ်။ ဒါကြောင့် ဘုရားက သူ့နာမည်ကို သိစေချင်မှန်း၊ အသုံးပြုစေချင်မှန်း သိသာတယ်။

  • ဂျူးထုံးစံလိုက်ပြီး နာမတော်ကို ကျမ်းစာထဲက ထုတ်ပစ်တဲ့ ဘာသာပြန်သူတွေဟာ အဓိကအချက်တစ်ချက်ကို အသိအမှတ်မပြုကြဘူး။ ဂျူးကျမ်းကူးသူတချို့ဟာ နာမတော်ကို အသံထွက် မခေါ်ကြပေမဲ့ ကျမ်းစာထဲကနေတော့ မထုတ်ပစ်ခဲ့ဘူး။ ပင်လယ်သေအနီး၊ ကွာရန်မြို့ဟောင်းမှာ တွေ့ရှိတဲ့ ရှေးဟောင်းကျမ်းလိပ်တွေထဲမှာ နာမတော် အတော်များများပါတယ်။ ကျမ်းစာဘာသာပြန်တချို့က ဘုရားနာမည်အစား “သခင်” (LORD) ဆိုတဲ့ ဘွဲ့ကို အစားထိုးလိုက်တယ်၊ ဒါဟာ မူရင်းကျမ်းမှာ ဘုရားနာမည်ပါတယ်ဆိုတဲ့ အရိပ်အမြွက်ပဲ။ မေးစရာက အဲဒီဘာသာပြန်သူတွေဟာ ကျမ်းစာမှာ ဘုရားနာမည် ထောင်နဲ့ချီပါဝင်မှန်း အသိအမှတ်ပြုပေမဲ့ နာမတော်ကို ထုတ်ပစ်ဖို့၊ အစားထိုးဖို့ ဝန်မလေးခဲ့တာ ဘာကြောင့်လဲ။ ဘယ်သူ့ အခွင့်အာဏာနဲ့ အဲဒီလိုလုပ်နိုင်တယ်လို့ သူတို့ ယူဆခဲ့တာလဲ။ သူတို့ပဲ ဖြေနိုင်ပါလိမ့်မယ်။

  • ဘုရားသခင့်နာမည်ရဲ့ အသံထွက်အတိအကျကို မသိတဲ့အတွက် မသုံးသင့်ဘူးလို့ ယူဆသူတွေက ယေရှုရဲ့နာမည်ကိုတော့ တွင်တွင်ကျယ်ကျယ် အသုံးပြုကြတယ်။ တကယ်တော့ ယေရှုရဲ့နာမည်ကို မူရင်းဟီဘရူးမှာ ဘယ်လိုအသံထွက်မှန်း အတိအကျမသိရဘူး။ ဂျူးခရစ်ယာန်တွေက ယေရှုရဲ့နာမည်ကို ယက်ရွှာလို့ အသံထွက်ခဲ့ကြပုံပဲ။ “ခရစ်တော်” ဆိုတဲ့ဘွဲ့ကို မာရှီအာခ် ဒါမှမဟုတ် “မေရှိယ” လို့ခေါ်ခဲ့ကြတယ်။ ဂရိစကားပြောခရစ်ယာန်တွေက ယီစူ ခရစ္စတောစ်လို့ခေါ်ပြီး လက်တင်စကားပြော ခရစ်ယာန်တွေက ယေစူ ခရစ္စတူးစ်လို့ခေါ်ကြတယ်။ စွမ်းအားတော် လမ်းညွှန်မှုနဲ့ရေးတဲ့ ကျမ်းစာမှာတော့ ယေရှုရဲ့နာမည်ကို ဂရိအသံထွက်အတိုင်း ရေးသားခဲ့တယ်။ ပထမရာစုတပည့်တွေက မူရင်းဟီဘရူးအသံထွက်ကို ဆက်သုံးဖို့ မကြိုးစားခဲ့ကြဘူး။ အများသုံးဂရိစကားပုံစံကိုပဲ လိုက်ခဲ့ကြတယ်။ အလားတူပဲ၊ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ကော်မတီကလည်း “ယေဟောဝါ” ဆိုတဲ့ စကားလုံးကို ရှေးဟီဘရူး အသံထွက်အတိုင်း အတိအကျမဟုတ်ပေမဲ့ အသုံးပြုသင့်တယ်လို့ ယူဆတယ်။

ဒီကျမ်းမှာ “ယေဟောဝါ” ဆိုတဲ့ စကားလုံးကို ဘာလို့အသုံးပြုတာလဲ။ ဘုရားသခင့်နာမည်ကို ဟီဘရူးဗျည်းလေးလုံး יהוה (ယဟဝဟ) နဲ့ရေးသားပြီး အဲဒါကို တက်တြာဂရမ်မီတန်လို့ ခေါ်တယ်။ တက်တြာဂရမ်မီတန်အပါအဝင် ရှေးဟီဘရူးစကားမှာ သရအက္ခရာကို မသုံးဘဲ ရေးခဲ့ကြတယ်။ ဒါပေမဲ့ ဟီဘရူးစကားက နေ့စဉ်သုံးစကားဖြစ်လို့ အဲဒီစကားလုံးကို ဘယ်လိုအသံထွက်ရမှန်း လူတွေသိကြတယ်။

ဟီဘရူးကျမ်းစောင်တွေ ရေးသားပြီးနောက် နှစ်ပေါင်း ၁,၀၀၀ နီးပါးအကြာမှာတော့ ဂျူးကျမ်းပညာရှင်တွေအလယ်မှာ ဘုရားသခင့်နာမည်ကို အသံထွက်ခေါ်တာ မှားတယ်ဆိုတဲ့ အယူသီးမှု ပေါ်လာတယ်။ ဒီတော့ ဘုရားသခင့်နာမည်ကို ဖတ်တဲ့အခါ “သခင်” လိုမျိုး ဘွဲ့နာမည်ကို အစားထိုးပြီး အသံထွက်ကြတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ ရှေးခေတ်ကျေးကျွန်တွေ နာမတော်ကို ဘယ်လိုအသံထွက်မှန်း အခုချိန်မှာ မသိရတော့ဘူး။ (ကမ္ဘာဦး ၁၃:၄။ ထွက်မြောက်ရာ ၃:၁၅) ကျမ်းပညာရှင်တချို့က “ယာဝေး” ဆိုပြီး အသံထွက်တယ်လို့ ယူဆကြတယ်။ တချို့ကျတော့ ယာအဲ၊ ယာဘီ၊ ယာအူး ဖြစ်နိုင်တယ်လို့ ယူဆကြတယ်။ ရှေးဟီဘရူးစကားမှာ နာမတော်ကို ဘယ်လိုအသံထွက်မှန်း မသိရပေမဲ့ ဘုရားသခင်နဲ့ လူတွေ အပြန်အလှန် စကားပြောတဲ့အခါ၊ လူအချင်းချင်း စကားပြောတဲ့အခါ နာမတော်ကို သုံးခဲ့တယ်ဆိုတာကိုတော့ သိရတယ်။—ထွက်မြောက်ရာ ၆:၂။ ၁ ဘုရင်များ ၈:၂၃။ ဆာလံ ၉၉:၉

ဒါဆိုရင် ဒီကျမ်းစာက “ယေဟောဝါ” ဆိုတဲ့ စကားလုံးကို ဘာလို့အသုံးပြုတာလဲ။ အကြောင်းကတော့ ဘာသာစကားများစွာမှာ အဲဒီစကားလုံးကို ဟိုးအရင်ကတည်းက အသုံးပြုခဲ့ကြလို့ပဲ။

၁၅၃၀ ခုနှစ်၊ ဝီလျံတင်ဒေးရဲ့ ပင်တကျွတ်ကျမ်း၊ ကမ္ဘာဦး ၁၅:၂ မှာတွေ့ရတဲ့ ဘုရားသခင့်နာမည်

ဥပမာ၊ အင်္ဂလိပ်ဘာသာစကားကို သုံးသပ်ကြည့်ပါ။ ၁၅၃၀ ခုနှစ်မှာ ဝီလျံတင်ဒေးပြန်ဆိုတဲ့ ပင်တကျွတ်ကျမ်းမှာ ဘုရားသခင့်နာမည်ကို ဦးဆုံးတွေ့ရတယ်။ အဲဒီမှာ “ယီဟိုအာ” ဆိုပြီး သူအသုံးပြုထားတယ်။ နှစ်တွေတစ်လျှောက် အင်္ဂလိပ်စကား ပြောင်းလဲလာတာနဲ့အမျှ ဘုရားသခင့်နာမည် စာလုံးပေါင်းကို ခေတ်နဲ့အညီ ပြုပြင်ခဲ့တယ်။ ဥပမာ၊ ၁၆၁၂ ခုနှစ်၊ ဟင်နရီ အိန့်စ်ဝေါ့သ်ပြန်ဆိုတဲ့ ဆာလံကျမ်းတစ်ကျမ်းလုံးမှာ “ယီဟိုဗာ” ဆိုပြီး သုံးထားတယ်။ ၁၆၃၉ ခုနှစ်မှာ အဲဒီဆာလံကျမ်းကို ပြန်လည်တည်းဖြတ်ပြီး ပင်တကျွတ်ကျမ်းနဲ့အတူ ပုံနှိပ်ထုတ်ဝေတဲ့အခါ “ဂျီဟိုးဗား” ဆိုပြီး သုံးခဲ့တယ်။ ၁၉၀၁ ခုနှစ်မှာ အမေရိကန်စံတင်ဘာသာပြန်ကျမ်းကို ဘာသာပြန်သူတွေက ဟီဘရူးစာသားမှာ ဘုရားသခင့်နာမည်ပါတဲ့ နေရာတိုင်း “ဂျီဟိုးဗား” ဆိုပြီး ပြန်ဆိုခဲ့ကြတယ်။

လေးစားထိုက်တဲ့ ကျမ်းပညာရှင် ဂျိုးဇက်ဖ် ဘရိုင်ယန် ရော့သာဟမ်က ၁၉၁၁ ခုနှစ်ထုတ် ဆာလံကျမ်းလေ့လာမှုများစာအုပ်မှာ “ယာဝေး” အစား “ဂျီဟိုးဗား” ကို ဘာလို့အသုံးပြုရသလဲဆိုတာ ရှင်းပြထားတယ်။ “ကျမ်းစာဖတ်သူအများစု ပိုရင်းနှီးတဲ့ (ကောင်းကောင်းလက်ခံနိုင်တဲ့) နာမည်” ကို သူအသုံးပြုချင်လို့ပဲ ဆိုပြီး ရှင်းပြထားတယ်။ ၁၉၃၀ ခုနှစ်မှာ ကျမ်းပညာရှင် အေအက်ဖ် ကာ့ခ်ပက်ထရစ်ကလည်း “ဂျီဟိုးဗား” ဆိုတဲ့ စကားလုံး သုံးတာနဲ့ပတ်သက်ပြီး အလားတူအချက်ကိုပဲ ထောက်ပြခဲ့တယ်။ “ခေတ်သစ်သဒ္ဒါပညာရှင်တွေက ယာဗာ ဒါမှမဟုတ် ယဟဗာဆိုပြီး ဖတ်သင့်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ဂျီဟိုးဗားဆိုတာက အင်္ဂလိပ်ဘာသာစကားမှာ အသုံးတွင်နေပြီ။ တကယ်အရေးကြီးတာက တိကျတဲ့အသံထွက် မဟုတ်ဘူး။ ‘သခင်’ လိုမျိုး ဘွဲ့မဟုတ်ဘဲ သတ်သတ်မှတ်မှတ် နာမည်ဖြစ်မှန်း အသိအမှတ်ပြုခြင်းကသာ အရေးကြီးတာပါ” လို့သူပြောခဲ့တယ်။

မြန်မာဘာသာစကားမှာလည်း “ယေဟောဝါ” ဆိုတဲ့ စကားလုံးကို ဟိုးအရင်ကတည်းက အသုံးပြုခဲ့ကြတယ်။ ၁၈၃၅ ခုနှစ်မှာ အဒိုနိုင်ရမ်ဂျပ်စင် ပြန်ဆိုပြီးစီးတဲ့ ယုဒသန်ကျမ်းမှာ ဘုရားသခင့်နာမည်ကို မြန်မာလို “ယေဟောဝါ” ဆိုပြီး ပါတယ်။

တက်တြာဂရမ်မီတန်၊ YHWH– “ကိုယ်တော် ဖြစ်လာ စေတယ်”

ကြိယာ HWH– “ဖြစ်လာတယ်”

ယေဟောဝါဆိုတဲ့ နာမည်ရဲ့ အဓိပ္ပာယ်ဟာ ဘာလဲ။ ဟီဘရူးဘာသာစကားမှာ ယေဟောဝါဆိုတဲ့နာမည်က “ဖြစ်လာတယ်” လို့အဓိပ္ပာယ်ရတဲ့ ဟီဘရူးကြိယာကနေ ဆင်းသက်တယ်။ ဒါကြောင့် ဘုရားသခင့်နာမည်ဟာ “ကိုယ်တော် ဖြစ်လာစေတယ်” လို့အဓိပ္ပာယ်ရတယ်ဆိုပြီး ကမ္ဘာသစ်ဘာသာပြန်ကျမ်းကော်မတီက နားလည်ထားတယ်။ ဒီအဓိပ္ပာယ်နဲ့ပတ်သက်ပြီး ကျမ်းပညာရှင်တွေ အမျိုးမျိုးယူဆတဲ့အတွက် ကျွန်တော်တို့အနေနဲ့ တရားသေယူဆလို့ မရဘူး။ ဒါပေမဲ့ ယေဟောဝါဟာ အရာခပ်သိမ်းဖန်ဆင်းရှင်၊ ရည်ရွယ်တော်မူချက်တွေကို ပြည့်စုံစေတဲ့အရှင်ဖြစ်လို့ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ကိုက်ညီတယ်။ ကိုယ်တော်ဟာ စကြဝဠာကြီးနဲ့ အသိဉာဏ်ရှိသတ္တဝါတွေကို ဖြစ်ပေါ်လာစေရုံသာမက အလိုတော်နဲ့ ရည်ရွယ်ချက်ကိုလည်း အမြဲပြည့်စုံလာစေတယ်။

ဒါကြောင့် “ငါဖြစ်ချင်တာမှန်သမျှ ငါဖြစ်လာမယ်” ဆိုပြီး ထွက်မြောက်ရာ ၃:၁၄ မှာပါတဲ့ စကားတစ်ခုတည်းနဲ့ ယေဟောဝါဆိုတဲ့ နာမည်ရဲ့ အဓိပ္ပာယ်ကို ကန့်သတ်ထားလို့မရသလို အပြည့်အဝ ဖော်ပြလို့လည်း မရဘူး။ အဲဒီစကားက ဘုရားသခင့် ဂုဏ်ရည်တော်တစ်မျိုးကိုပဲ ဖော်ပြပေးတယ်။ ကိုယ်တော်ဟာ မိမိရည်ရွယ်ချက်ပြည့်စုံစေဖို့ အခြေအနေတစ်ခုစီမှာ လိုအပ်သလို ဘာမဆိုဖြစ်လာတယ်။ ယေဟောဝါဟာ သူဖြစ်ချင်တာမှန်သမျှ ဖြစ်လာတယ်။ ဒါပေမဲ့ ယေဟောဝါဆိုတဲ့ နာမည်မှာ အဲဒါထက်မက ပါဝင်တယ်။ ဖန်ဆင်းရာတွေကိုရော ရည်ရွယ်ချက်ပြည့်စုံစေရာမှာပါ ဘာမဆို ဖြစ်စေနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ပါဝင်တယ်။