ယောဟန် ၁:၁-၅၁

  • နှုတ်​က​ပတ်​တော် သွေး​သား​ခန္ဓာ​နဲ့ မွေး​ဖွား​လာ (၁-၁၈)

  • နှစ်ခြင်း​ပေး​သူ​ယောဟန် သက်သေခံ (၁၉-၂၈)

  • ဘု​ရား​သခင်​ရဲ့​သိုး​သငယ်​ ယေရှု (၂၉-၃၄)

  • ယေရှု​ရဲ့ ဦး​ဆုံး​တ​ပည့်​များ (၃၅-၄၂)

  • ဖိ​လိပ္ပု​နဲ့ နာ​သနေ​လ (၄၃-၅၁)

 အစ​အဦး​မှာ နှုတ်​က​ပတ်​တော်*+ ရှိ​တယ်။  နှုတ်​က​ပတ်​တော်​ဟာ ဘုရား​သခင်​နဲ့​အတူ ရှိ​တယ်။+ နှုတ်​က​ပတ်​တော်​က​လည်း  ဘု​ရား​တစ်ပါး​ပါပဲ။+ ၂  သူ​ဟာ  အစ​အဦး​က​တည်း​က  ဘုရား​သခင်​နဲ့​အတူ  ရှိ​ခဲ့​တယ်။ ၃  ဘုရား​သခင်​က သူ့​ကို​သုံး​ပြီး အရာ​ခပ်​သိမ်း​ကို ဖန်​ဆင်း​ခဲ့​တယ်။+ သူ​မပါ​ဘဲ ဖန်​ဆင်း​ထား​တာ ဘာ​တစ်​ခု​မှ မရှိ​ဘူး။ ၄  သူ့​ကို​သုံး​ပြီး ဘု​ရား​သခင် ဖန်​ဆင်း​ခဲ့​တဲ့​အရာ​ဟာ အသက်​ပဲ။ အဲဒီ​အသက်​ဟာ လူ​တွေ​အတွက် အလင်း​ပဲ။+ ၅  အဲဒီ​အလင်း​ဟာ အမှောင်​မှာ ထွန်း​လင်း​နေ​တယ်။+  အမှောင်​က အဲဒီ​အလင်း​ကို မလွှမ်း​နိုင်​ဘူး။ ၆  ဘု​ရား​သခင်​က ယောဟန်​လို့​ခေါ်​တဲ့ လူ​တစ်​ယောက်​ကို မိမိ​ရဲ့​ကိုယ်​စား​လှယ်​အဖြစ်  စေ​လွှတ်​လိုက်​တယ်။+ ၇  သူ​က အဲဒီ​အလင်း​အကြောင်း လူ​တွေ​ကို သက်သေခံ​ဖို့ ရောက်​လာ​တာ။+ သူ့​စကား​ကို​ကြား​ပြီး လူ​အမျိုး​မျိုး ယုံ​ကြည်​လာ​စေ​ဖို့​ပဲ။ ၈  သူ​ဟာ အဲဒီ​အလင်း မဟုတ်​ဘူး။+ အလင်း​အကြောင်း​သက်​သေ​ခံ​ဖို့ ရောက်​လာ​တာ။ ၉  လူ​အမျိုး​မျိုး​ကို အလင်း​ပေး​မယ့် စစ်​မှန်​တဲ့​အလင်း​ဟာ လူ့​လော​က​ကို ရောက်​လာ​တော့​မယ်။+ ၁၀  သူ​က ဒီ​လော​က​ထဲ​မှာ ရှိ​တယ်။+ ဘု​ရား​သခင်​က သူ့​ကို​သုံး​ပြီး ဒီ​လော​က​ကို ဖန်​ဆင်း​ခဲ့​တယ်။+ ဒါ​ပေမဲ့ ဒီ​လော​က​က သူ့​ကို မသိ​ဘူး။ ၁၁  နေ​ရင်း​ပြည်​ကို လာ​တော့​လည်း သူ့​လူမျိုး​က လက်မခံ​​ဘူး။ ၁၂  သူ​က​တော့ မိမိ​ကို​လက်ခံ​သူ၊ မိမိ​နာမည်​ကို  ယုံ​ကြည်​သူ​အားလုံး​ကို+ ဘုရား​သခင်​ရဲ့ သား​သမီး​ဖြစ်​ခွင့် ပေး​တယ်။+ ၁၃  သူတို့​ဟာ လူ့​သဘာ​ဝ​အလျောက် မွေး​ဖွား​လာ​တာ မဟုတ်​ဘူး။ မိ​ဘ​ရဲ့​အလို​အရ၊ ဖခင်​ရဲ့​အလို​အရ မွေး​ဖွား​လာ​တာ မဟုတ်​ဘူး။ ဘု​ရား​သခင်​ရဲ့ အလို​အရ မွေး​ဖွား​လာ​သူ​တွေ​ဖြစ်​တယ်။+ ၁၄  နှုတ်​က​ပတ်​တော်​ဟာ  သွေး​သား​ခန္ဓာ​နဲ့ မွေး​ဖွား​လာ​ပြီး+ ကျွန်​တော်​တို့​နဲ့​အတူ နေ​ထိုင်​တယ်။ သူ့​ဘုန်း​အသရေ​ကို ကျွန်​တော်​တို့ မြင်​ခဲ့​တယ်။ ဖခင်​က တစ်​ဦး​တည်း​သော​သား​ကို ပေး​အပ်​တဲ့ ဘုန်း​အသရေ​မျိုး​ပဲ။+ သူ​ဟာ ဘုရား​သခင်​ရဲ့ မျက်​နှာ​သာ​နဲ့ ပြည့်​ဝ​တဲ့​သူ၊ အမှန်​တ​ရား​နဲ့ ပြည့်​ဝ​တဲ့​သူ ဖြစ်​တယ်။ ၁၅  (ယောဟန်​က “‘ကျွန်​တော့်​နောက်​မှာ လာ​နေ​သူ​ဟာ ကျွန်​တော် မရှိ​ခင်​က​တည်း​က တည်​ရှိ​ခဲ့​သူ​ဖြစ်​လို့ ရှေ့​ကို​ရောက်​နှင့်​နေ​ပြီ’ လို့ ကျွန်​တော်​ပြော​တာ ဒီ​လူ​ပဲ” ဆို​ပြီး သူ့​အကြောင်း သက်သေခံ​ခဲ့​တယ်။)+ ၁၆  သူ အဲဒီ​လို​ပြည့်​ဝ​နေ​တဲ့​အတွက် ကျွန်​တော်​တို့​မှာ မဟာ​ကရု​ဏာ​ကို ခံစား​ပြီး​ရင်း ခံစား​နေ​ရ​တယ်။ ၁၇  ပညတ်​ကျမ်း​ကို မော​ရှေ​က​တစ်ဆင့် ရခဲ့​တယ်။+ မဟာ​ကရု​ဏာ​နဲ့+ အမှန်​တ​ရား​ကို​တော့ ယေရှု​ခ​ရစ်​က​တစ်ဆင့်  ရခဲ့​တယ်။+ ၁၈  ဘု​ရား​သခင်​ကို ဘယ်​သူ​မှ မမြင်​ဖူး​ဘူး။+ ဒါ​ပေမဲ့ အဖဘု​ရားရဲ့​ဘေး​မှာ*+ ရှိ​နေ​တဲ့​အပြင် ဘု​ရား​တစ်ပါး​လည်း​ဖြစ်​တဲ့+ တစ်​ဦး​တည်း​သော​သား​က  အဖဘု​ရား​အ​ကြောင်း ရှင်း​ပြတယ်။+ ၁၉  ဂျူး​တွေ​က ဂျေရု​ဆ​လင်​မြို့​က​နေ ပု​ရော​ဟိတ်​တွေ​နဲ့ လေ​ဝိအမျိုး​သား​တွေ​ကို ယောဟန်​ဆီ​လွှတ်​ပြီး “ခင်ဗျား​ ဘယ်​သူ​လဲ”  လို့ ​မေး​ခိုင်း​တဲ့​အ​ခါ၊+ ၂၀  ယောဟန်​က  သွယ်​ဝိုက်​မနေ​ဘဲ “ကျွန်​တော် ခ​ရစ်​တော် မဟုတ်​ဘူး” ဆို​ပြီး  ပွင့်​ပွင့်​လင်း​လင်း  ဝန်​ခံ​တယ်။ ၂၁  “ဒါ​ဆို ခင်​ဗျား​က ဧလိယ​လား”+ လို့​မေး​တော့  “မဟုတ်​ဘူး”   လို့ ​ဖြေ​တယ်။ “ပေါ်​ထွန်း​လာ​မယ့် ပရော​ဖက်​လား”+ ဆို​ပြီး မေး​တော့​လည်း “မဟုတ်​ဘူး” လို့​ဖြေတယ်။ ၂၂  ဒါ​နဲ့ သူတို့​က “ခင်​ဗျား ဘယ်​သူ​လဲ​ဆို​တာ ပြော​ပါ။ ဒါ​မှ ကျွန်​တော်​တို့​ကို လွှတ်​လိုက်​တဲ့ သူ​တွေ​ဆီ ပြန်​ပြော​ပြနိုင်​မှာ။ ခင်​ဗျား ဘယ်​သူ​လဲ” လို့​မေး​ကြ​တယ်။ ၂၃  ယောဟန်​က “‘ယေဟောဝါ* ဘု​ရားရဲ့ လမ်း​ကို ဖြောင့်​ဖြူး​အောင် လုပ်​ကြ’+ ဆို​ပြီး တော​ထဲ​မှာ လူ​တစ်​ယောက် ကြွေး​ကြော်​နေ​တယ်​လို့ ပရော​ဖက်​ဟေရှာယ ဟော​ခဲ့​တဲ့​သူ​ဟာ ကျွန်​တော်​ပဲ”+ ဆို​ပြီး​ဖြေတယ်။ ၂၄  ဖာ​ရိ​ရှဲ​တွေ* လွှတ်​လိုက်​လို့ ရောက်​လာ​တဲ့ အဲဒီ​လူ​တွေ​က၊ ၂၅  “ခင်​ဗျား​ဟာ ခ​ရစ်​တော်​လည်း မဟုတ်၊ ဧလိယ​လည်း မဟုတ်၊ ပေါ်​ထွန်း​လာ​မယ့် ပရော​ဖက်​လည်း မဟုတ်​ဘူး​ဆို​ရင် ဘာ​လို့ နှစ်ခြင်း​ပေး​တာ​လဲ” ဆို​ပြီး မေး​တဲ့​အခါ၊ ၂၆  ယောဟန်​က “ကျွန်​တော်​က ရေ​နဲ့​နှစ်ခြင်း​ပေး​တယ်။ ခင်​ဗျား​တို့​မသိ​တဲ့ လူ​တစ်​ယောက် ခင်​ဗျား​တို့​ဆီ​မှာ ရှိ​နေ​တယ်။ ၂၇  သူ​က ကျွန်​တော့်​နောက်​မှာ လာ​နေ​တယ်။ သူ့​ဖိ​နပ်​ကြိုး​ကို ဖြေပေး​ဖို့​တောင် ကျွန်​တော် မထိုက်​တန်​ဘူး”+ လို့​ ဖြေတယ်။ ၂၈  ဒါ​တွေ​က ယောဟန်​နှစ်ခြင်း​ပေး​တဲ့ ဂျော်​ဒန်​မြစ်​ရဲ့ တစ်​ဖက်​ကမ်း၊ ဗေ​သနိ​ရွာ​မှာ ဖြစ်​ပျက်​နေတာ။+ ၂၉  နောက်​တစ်​နေ့၊ ယေရှု​လာ​နေ​တာ​ကို မြင်​တဲ့​အခါ ယောဟန်​က “ကြည့်​ပါ၊ ဒီ​လော​က​ရဲ့+ အပြစ်​ကို ဖယ်​ရှား​ပေး​မယ့်+ ဘု​ရား​သခင်​ရဲ့​သိုး​သငယ်​ဟာ သူ​ပဲ။+ ၃၀  ‘ကျွန်​တော့်​နောက်​မှာ လာ​တဲ့​သူ​ဟာ ကျွန်​တော် မရှိ​ခင်​က​တည်း​က တည်​ရှိ​ခဲ့​သူ​ဖြစ်​လို့ ရှေ့​ကို​ရောက်​နှင့်​နေပြီ’​ လို့ ကျွန်​တော်​ပြော​တာ သူ​ပဲ​ပေါ့။+ ၃၁  ကျွန်​တော်​တောင် သူ့​ကို မသိ​ခဲ့​ဘူး။ ဒါ​ပေမဲ့ ကျွန်​တော် ရေ​နဲ့​နှစ်ခြင်း​ပေး​ရ​တဲ့ အကြောင်း​ရင်း​က သူ့​ကို အစ္စရေးတွေ သိ​လာ​စေ​ဖို့​ပဲ” လို့​ပြော​တယ်။+ ၃၂  အဲဒီ​အပြင် ယောဟန်​က “စွမ်းအား​တော်​က ကောင်း​ကင်​က​နေ ချိုး​ငှက်​သဏ္ဌာန်​နဲ့ ဆင်း​လာ​ပြီး သူ့​အပေါ် နား​နေ​တာ​ကို ကျွန်​တော်​မြင်​တယ်။+ ၃၃  သူ့​ကို ကျွန်​တော် မသိ​ပေမဲ့ ရေ​နဲ့​နှစ်ခြင်း​ပေး​ဖို့ ကျွန်​တော့်​ကို  စေ​လွှတ်​တဲ့​အရှင်​က  ‘လူ​တစ်​ယောက်​အ​ပေါ်​ စွမ်းအား​တော်​ဆင်း​လာ​ပြီး နား​နေ​တာ​ကို မြင်​ရင်+ အဲဒီ​လူ​ဟာ သန့်​ရှင်း​သော စွမ်းအား​တော်​နဲ့ နှစ်ခြင်း​ပေး​မယ့်​သူ​ပဲ’ လို့ ကျွန်​တော့်​ကို မှာ​ထား​တယ်။+ ၃၄  အဲဒီ​အတိုင်း ဖြစ်​လာ​တာ​ကို  ကျွန်​တော်​ မြင်​ရ​တယ်။ ဒါ​ကြောင့် သူ​ဟာ ဘု​ရား​သခင်​ရဲ့​သား​ပဲ​ဆို​တာ ကျွန်​တော် သက်သေခံ​တယ်”+ လို့​ပြော​တယ်။ ၃၅  နောက်​တစ်​နေ့​မှာ ယောဟန်​က တ​ပည့်​နှစ်​ယောက်​နဲ့​အတူ  ရပ်​နေ​တုန်း၊ ၃၆  ယေရှု လာ​နေ​တာ​ကို မြင်​တဲ့​အခါ “ကြည့်​ပါ၊ သူ​ဟာ ဘု​ရား​သ​ခင်​ရဲ့​သိုး​သငယ်​ပဲ”+  လို့​ပြော​တယ်။ ၃၇  ဒါ​ကို​ကြား​တဲ့ သူ့​တ​ပည့်​နှစ်​ယောက်​က ယေရှု​နောက်​ကို လိုက်​သွား​တယ်။ ၃၈  ယေရှု လှည့်​ကြည့်​ပြီး နောက်​က​နေ​ပါ​လာ​တဲ့ သူတို့​ကို မြင်​တဲ့​အခါ “ဘာ​အလို​ရှိ​သလဲ” လို့​မေး​တော့ သူတို့​က “ရဗ္ဗိ၊ ဘယ်​မှာ​နေ​သလဲ” လို့​မေး​တယ်။ (ရဗ္ဗိရဲ့​အဓိပ္ပာယ်​က “ဆ​ရာ။”) ၃၉  ယေရှု​က “လိုက်​ပြီး ကြည့်​လေ” လို့​ပြော​တော့ လိုက်​သွား​ကြ​တယ်။ ယေရှု​နေ​တဲ့​နေ​ရာ​ကို သူတို့​သိ​သွား​ပြီး အဲဒီ​နေ့ ယေရှု​ဆီ​မှာ​ပဲ နေ​လိုက်​ကြ​တယ်။ အချိန်​က​တော့ ည​နေ ၄ နာ​ရီ* လောက် ရှိ​နေ​ပြီ။ ၄၀  ယောဟန်​ရဲ့​စကား​ကို ကြား​ပြီး ယေရှု​နောက်​လိုက်​လာ​တဲ့ တ​ပည့်​နှစ်​ယောက်​ထဲ​မှာ တစ်​ယောက်​က  ရှိ​မုန်​ပေတရုရဲ့​ညီ အန္ဒြေ+ လို့​ခေါ်​တယ်။ ၄၁  သူ​က အစ်​ကို​ရှိ​မုန်​ကို အရင်​ဆုံး​ရှာ​ပြီး “ငါ​တို့ မေရှိ​ယ​ကို* တွေ့​ပြီ”+ လို့​ပြော​တယ်။ (မေရှိ​ယ​ဆို​တာ “ခ​ရစ်​တော်” ကို​ဆိုလို​တယ်။) ၄၂  အဲဒီ​နောက် ရှိ​မုန်​ကို ယေရှု​ဆီ ခေါ်​သွား​တယ်။ ယေရှု​က ရှိ​မုန်​ကို ကြည့်​ပြီး “ခင်​ဗျား​ဟာ ယောဟန်​ရဲ့​သား ရှိ​မုန်​ပဲ။+ ခင်​ဗျား​ကို ကေ​ဖလို့ ခေါ်​ကြ​လိမ့်​မယ်” ဆို​ပြီး​ပြော​တယ်။ (ကေ​ဖကို ဂရိ​လို​ “ပေတ​ရု”* လို့​ခေါ်​တယ်။)+ ၄၃  နောက်​တစ်​နေ့၊ ယေရှု​က ဂါ​လိ​လဲ​နယ်​ကို  သွား​ချင်​နေ​တယ်။  ဒါ​နဲ့ ဖိလိပ္ပု​ကို တွေ့​တဲ့​အခါ+ “ကျွန်​တော့်​နောက်​လိုက်​လုပ်​ပါ”​လို့​ခေါ်​တယ်။ ၄၄  ဖိလိ​ပ္ပု​လည်း အန္ဒြေနဲ့​ပေတရု​လို ဗက်ဇဲ​ဒ​မြို့​သား​ပဲ။ ၄၅  ဖိ​လိပ္ပု​က နာသ​နေ​လ​ကို  တွေ့​တော့+ “မော​ရှေ​ပညတ်​ကျမ်း​နဲ့ ပရော​ဖက်​ကျမ်း​တွေ​မှာ* ရေး​ထား​တဲ့​သူ​ကို ကျွန်​တော်​တို့ တွေ့​ပြီ။ သူ​ဟာ ယော​သပ်​ရဲ့​သား၊+ နာ​ဇ​ရက်​မြို့​သား  ယေရှု​ပဲ”  လို့​ပြော​တယ်။ ၄၆  အဲဒီ​အခါ နာသ​နေ​လ​က “နာ​ဇ​ရက်​မြို့​က​နေ ကောင်း​တာ​တစ်​ခု​ခု ထွက်​နိုင်​လို့​လား” လို့​ပြော​တဲ့​အခါ ဖိ​လိပ္ပု​က “ကိုယ်​တိုင် လိုက်​ကြည့်​လေ” လို့​ခေါ်​တယ်။ ၄၇  နာ​သနေ​လ လာ​နေ​တာ​ကို မြင်​တော့ ယေရှု​က “ကြည့်​ပါ။ သူ​ဟာ လှည့်​စား​ခြင်း​ကင်း​တဲ့​သူ၊ အစ္စရေး​ပီသ​တဲ့​သူ​ပဲ”+ လို့​ပြော​တယ်။ ၄၈  နာသ​နေ​လ​က “ကျွန်​တော့်​ကို ဘယ်​လို​လုပ် သိ​တာ​လဲ” လို့​မေး​တဲ့​အခါ ယေရှု​က “ဖိ​လိပ္ပု မခေါ်​ခင်​တုန်း​က သဖန်း​ပင်​အောက်​မှာ ခင်​ဗျား​ရှိ​နေ​တာ ကျွန်​တော်​မြင်​တယ်” လို့​ဖြေတယ်။ ၄၉  အဲဒီ​အခါ နာ​သနေ​လ​က “ရဗ္ဗိ၊ ရဗ္ဗိ​ဟာ ဘုရား​သခင်​ရဲ့​သား၊ အစ္စရေး​ဘု​ရင်​ပဲ”+ လို့​ပြော​တယ်။ ၅၀  ယေရှု​က “သဖန်း​ပင်​အောက်​မှာ ခင်​ဗျား ရှိ​နေ​တာ​ကို မြင်​တယ်​ဆို​ပြီး ပြော​လိုက်​လို့ ကျွန်​တော့်​ကို ယုံ​သွား​တာ​လား။ ဒီ​ထက် အံ့​သြစ​ရာ​ကောင်း​တာ​တွေ ခင်​ဗျား​မြင်​ရဦး​မယ်” လို့​ပြော​တယ်။ ၅၁  “ကျွန်​တော် မှန်​တာ​ကို​ပြော​မယ်၊ အမှန်​အတိုင်း ပြော​မယ်။ ကောင်း​ကင်​ပွင့်​ပြီး ဘု​ရား​သခင်​ရဲ့ ကောင်း​ကင်​တ​မန်​တွေ လူ​သား​ဆီ ဆင်း​လာ​လိုက်၊ တက်​သွား​လိုက် လုပ်​နေ​တာ ခင်​ဗျား​တို့ မြင်​ရ​လိမ့်​မယ်” လို့​လည်း ပြော​တယ်။+

အောက်ခြေမှတ်ချက်များ

ယေရှု​ရဲ့ ဘွဲ့​နာ​မည်​တစ်​ခု။
ဒါ​မှ​မဟုတ်၊ “အဖဘု​ရားရဲ့ ရင်​ခွင်​ထဲ​မှာ။” အထူး​မျက်​နှာ​သာ​ရ​အနေ​အထား​ကို ဆိုလို။
ခက်​ဆစ်​ကို​ကြည့်။
မူ​ရင်း၊ “နေ​ထွက်​ပြီး​နောက် ၁၀ ချက်​တီး။”
ဒါ​မှ​မဟုတ်၊ “ဘိ​သိက်​ခံ​ရ​သူ။”
အဓိပ္ပာယ်၊​ “ကျောက်​တုံး။”
‘ပညတ်​ကျမ်း​နဲ့ ပရော​ဖက်​ကျမ်း’ ဆို​တာ ဟီ​ဘ​ရူး​ကျမ်း​စောင်​အားလုံး​ကို ရည်​ညွှန်း။