ဟေရှာယ ၄၅:၁-၂၅

  • ဗာ​ဗု​လုန်​ကို သိမ်း​ပိုက်​ဖို့ ဆိုင်း​ရပ်​ကို ဘိ​သိက်​ပေး (၁-၈)

  • ရွှံ့​မြေက အိုး​ထိန်း​သမား​ကို ပြိုင်​မငြင်း​နိုင် (၉-၁၃)

  • အစ္စရေးတွေ​ကို လူမျိုး​ခြား​တွေ အသိ​အမှတ်​ပြု (၁၄-၁၇)

  • ဖန်​ဆင်း​ခြင်း​နဲ့ ဗျာဒိတ်​ပေး​ခြင်း​မှာ ဘု​ရား​ကို အား​ထား​နိုင် (၁၈-၂၅)

    • လူ​တွေ​နေ​ထိုင်​ဖို့ ကမ္ဘာ​မြေကို ဖန်​ဆင်း (၁၈)

၄၅  ငါ​ယေဟောဝါ​က ဆိုင်း​ရပ်​ကို ဘိ​သိက်​ပေး​ထား​တယ်။+ သူ့​ညာ​လက်​ကို ငါ​ကိုင်​ထား​မယ်။+ လူမျိုး​တွေ​ကို သူ နှိမ်​နင်း​မယ်။+ ဘု​ရင်တွေရဲ့ လက်​နက်​တွေ​ကို ရုပ်သိမ်း​မယ်။ မြို့​တံခါး ပွင့်​သွား​အောင် တံခါး​ရွက်​နှစ်​ခု​ကို ဆွဲ​ဖွင့်​မယ်။ သူ့​ကို ငါ​ပြော​မယ်–  ၂  “မင်း​ရှေ့​က​နေ ငါ​သွား​မယ်။+ တောင်​ကုန်း​တွေ​ကို မင်း​ရှေ့​မှာ ညီညာ​ပြန့်​ပြူး​စေ​မယ်။ ကြေး​နီ​တံခါး​တွေ​ကို အပိုင်း​ပိုင်း ချိုး​ပြီး သံ​ကန့်​လန့်​ကျင်​တွေ​ကို ဖြတ်​ပစ်​မယ်။+  ၃  မှောင်​မိုက်​မှာ​ရှိ​တဲ့ ဘဏ္ဍာတွေ၊လျှို့ဝှက်​နေ​ရာ​မှာ​ရှိ​တဲ့ ဘဏ္ဍာတွေ​ကို မင်း​အတွက် ငါ​ပေး​မယ်။+ အဲဒီ​အခါ ငါ​ဟာ မင်း​ကို နာ​မည်​နဲ့​ခေါ်​တဲ့​အရှင်​ဖြစ်​မှန်း၊အစ္စရေး​တို့​ရဲ့​ဘု​ရား ယေဟောဝါ​ဖြစ်​မှန်း မင်း​သိ​လာ​လိမ့်​မယ်။+  ၄  ငါ့​ကျွန်​ယာကုပ်​နဲ့ ငါ​ရွေး​ချယ်​ထား​တဲ့ အစ္စရေး​အတွက် မင်း​ကို နာ​မည်​နဲ့ ငါ​ခေါ်​တယ်။ ငါ့​ကို မင်း​မသိ​ပေမဲ့ ဂုဏ်​သိက္ခာ​ရှိ​တဲ့​နာ​မည် မင်း​ကို ငါ​ပေး​တယ်။  ၅  ငါ​ဟာ ယေဟောဝါ​ပဲ။ ငါ​က​လွဲ​လို့ တ​ခြား​ဘု​ရား မရှိ​ဘူး။ ငါ​က​လွဲ​လို့ တ​ခြား​ဘု​ရား​သခင် မရှိ​ဘူး။+ ငါ့​ကို မင်း​မသိ​ပေမဲ့ မင်း​ကို ခွန်​အား​ပေး​မယ်။  ၆  ဒါ​မှ ငါ​က​လွဲ​လို့ တ​ခြား​ဘု​ရား မရှိ​မှန်း+ နေ​ထွက်​ရာ အရပ်​က​နေ နေ​ဝင်​ရာ အရပ်​အထိ ရှိ​သမျှ​လူ​အားလုံး သိလာ​မယ်။ ငါ​ဟာ ယေဟောဝါ​ပဲ။ ငါ​က​လွဲ​လို့ တ​ခြား​ဘု​ရား မရှိ​ဘူး။+  ၇  ငါ​က အလင်း​ကို ဖြစ်​ပေါ်​စေ​တယ်။+ မှောင်​မိုက်​ကို​လည်း ဖန်ဆင်း​တယ်။+ ငြိမ်သက်​ခြင်း​ကို ဖြစ်​စေ​တယ်။+ ဘေး​ဆိုး​ကို​လည်း ဖန်​တီး​တယ်။+ ဒါ​တွေ​အားလုံး​ကို ငါ​ယေဟောဝါ လုပ်​ဆောင်​တယ်။  ၈  အို မိုး​ကောင်း​ကင်၊ ရွာ​ချ​ပါ။+ မိုး​တိမ်​တွေ ဖြောင့်​မတ်​ခြင်း ရွာသွန်း​ပါ​စေ။ ကမ္ဘာ​မြေ ဖွင့်​ဟ​ပြီး ကယ်​တင်​ခြင်း​တွေ သီး​ပွင့်​ပါ​စေ။ ဖြောင့်​မတ်​ခြင်း​တွေ​လည်း တစ်ပြိုင်​နက် ပေါက်​ပွား​လာ​ပါ​စေ။+ အဲဒီ​လို​ဖြစ်​အောင် ငါ​ယေဟောဝါ ဖန်​ဆင်း​ခဲ့​ပြီ။”  ၉  ဖန်​ဆင်း​ရှင်​နဲ့ ငြင်း​ခုံ​တဲ့​သူ​ဟာ အဖြစ်​ဆိုး ကြုံ​ရ​လိမ့်​မယ်။ သူ​ဟာ မြေပေါ်​ကျ​နေ​တဲ့ အိုး​ခြမ်း​ကွဲ​တွေ​ထဲ​က အိုး​ခြမ်း​ကွဲ​တစ်​စ​ပဲ။ ရွှံ့​မြေက အိုး​ထိန်း​သမား​ကို “ခင်ဗျား ဘာ​လုပ်​နေ​တာ​လဲ” လို့ ပြော​သင့်​သလား။+ မင်း​ဖန်​တီး​တဲ့​လက်​ရာ​က “ခင်​ဗျား​မှာ လက်​မရှိ​ပါ​ဘူး” လို့ ပြော​သင့်​သလား။* ၁၀  ဖခင်​ကို “ဘယ်​လို​က​လေး​မျိုး မွေးထား​တာ​လဲ” လို့​ပြော​တဲ့​သူ၊မိ​ခင်​ကို “ဘာ​ကို မွေး​ထား​တာ​လဲ” လို့​ပြော​တဲ့​သူ​ဟာ အဖြစ်​ဆိုး​ကြုံ​ရ​လိမ့်​မယ်။ ၁၁  အစ္စရေးရဲ့ သန့်​ရှင်း​တဲ့​အရှင်၊+ သူ့​ကို​ပုံ​သွင်းခဲ့​တဲ့​အရှင် ယေဟောဝါ ပြော​တာ​က– “ဖြစ်​လာ​မယ့်​အရာတွေ​အကြောင်း ငါ့​ကို မေး​ခွန်း​ထုတ်​မလို့​လား။ ငါ့​သား​တွေ၊+ ငါ့​လက်​ရာတွေ​နဲ့​ပတ်​သက်​ပြီး ငါ့​ကို အမိန့်​ပေး​မလို့​လား။ ၁၂  ငါ​ဟာ ကမ္ဘာ​မြေကို ပြု​လုပ်​ခဲ့​တယ်။+ ကမ္ဘာ​မြေပေါ်​မှာ လူ​ကို ဖန်​ဆင်း​ခဲ့​တယ်။+ မိုး​ကောင်း​ကင်​ကို ငါ့​လက်​နဲ့ ဖြန့်​မိုး​ခဲ့​တယ်။+ ကောင်း​ကင်​ဗိုလ်​ခြေ​အားလုံး​ကို​လည်း ငါ​အမိန့်​ပေး​တယ်။”+ ၁၃  “ဖြောင့်​မတ်​ခြင်း​နဲ့​အညီ လုပ်​ဆောင်​တဲ့ ငါ​က လူ​တစ်​ယောက်​ကို ပေါ်​ထွန်း​စေ​တယ်။+ သူ​သွား​တဲ့​လမ်း​တွေ​ကို ဖြောင့်​ဖြူး​စေ​မယ်။ ငါ့​ရဲ့​မြို့​ကို သူ​တည်​ဆောက်​မယ်။+ ငါ့​ရဲ့​ပြည်​နှင်​ခံ​တွေ​ကို အဖိုး​အခ​မယူ​ဘဲ၊+ လာဘ်​မစား​ဘဲ ပြန်​လွှတ်​မယ်”+ လို့ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ပြော​တယ်။ ၁၄  “အီဂျစ်ရဲ့ အကျိုး​အမြတ်တွေ၊* အီသီ​ယိုး​ပီးယား​နဲ့ အရပ်​ရှည်တဲ့  သေဘ​လူ​တွေရဲ့ ကုန်စည်တွေဟာ* မင်း​ဆီ​ရောက်​လာ​ပြီး မင်း​ရဲ့​ဥစ္စာ ဖြစ်​လာ​မယ်။ သူတို့​က မင်း​နောက်​က​နေ ခြေ​ကျဉ်း​တွေ​နဲ့ လိုက်​လာ​မယ်။ မင်း​ဆီ​လာ​ပြီး ဦး​ညွှတ်​ကြ​လိမ့်​မယ်။+ ‘မင်း​နဲ့​အတူ ဘု​ရား​သခင်​ရှိ​တာ သေချာ​တယ်။+ အဲဒီ​ဘု​ရား​က​လွဲ​လို့ တ​ခြား​ဘု​ရား မရှိ​ဘူး၊ တ​ခြား​ဘု​ရား​သခင် မရှိ​ဘူး’ ဆို​ပြီး သူတို့ ဆုတောင်း​ကြ​လိမ့်​မယ်” လို့ ယေဟောဝါ ပြော​တယ်။ ၁၅  အစ္စရေးရဲ့ ဘု​ရား​သခင်၊ ကယ်​တင်​ရှင်၊+ကိုယ်​တော်​ဟာ လျှို့ဝှက်​တတ်​တဲ့ ဘု​ရား​သခင်​ပါ။ ၁၆  သူတို့​အားလုံး အရှက်​တ​ကွဲ အကျိုး​နည်း ဖြစ်​သွား​မယ်။ ရုပ်​တု​လုပ်​တဲ့​သူ​တွေ​လည်း အရှက်​ကွဲ​ပြီး ထွက်​သွား​ရ​မယ်။+ ၁၇  အစ္စရေးတွေ​ကို​တော့ ယေဟောဝါ ထာ​ဝ​စဉ် ကယ်​တင်​မယ်။+ မင်း​တို့ ထာ​ဝ​စဉ် အရှက်​တ​ကွဲ အကျိုး​နည်း ဖြစ်​မှာ​မဟုတ်​ဘူး။+ ၁၈  ယေဟောဝါ​ဟာ မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တဲ့​အရှင်၊+ စစ်​မှန်​တဲ့ ဘု​ရား​သခင်၊ကမ္ဘာ​မြေကို ပုံ​သွင်း​တဲ့​အရှင်၊ ကမ္ဘာ​မြေကို အခိုင်​အမာ​တည်​တဲ့​အရှင်​ပဲ။+ ကမ္ဘာ​မြေကို အကြောင်း​မဲ့* ဖန်ဆင်း​တာ မဟုတ်​ဘဲ သတ္တ​ဝါ​တွေ နေ​ထိုင်​ဖို့ ဖန်​ဆင်း​ခဲ့​တဲ့​အရှင်​ပဲ။+ ကိုယ်​တော်​ပြော​တာ​က “ငါ​ဟာ ယေဟောဝါ​ပဲ။ ငါ​က​လွဲ​လို့ တ​ခြား​ဘု​ရား မရှိ​ဘူး။ ၁၉  ငါ​က ဆိတ်​ကွယ်​ရာ​မှာ၊ မှောင်​မိုက်​တဲ့​ပြည်​မှာ မပြော​ခဲ့​ဘူး။+ ‘ငါ့​ကို​ရှာ​ကြ။ ဒါ​ပေမဲ့ အကျိုး​ထူး​မှာ မဟုတ်​ဘူး’ ဆို​ပြီး ယာကုပ်​ရဲ့​မျိုး​နွယ်​ကို ငါ​မပြော​ခဲ့​ဘူး။ ငါ​ဟာ ဖြောင့်​မတ်​ရာ​ကို ပြော​ဆို​ပြီး ဖြောင့်​မှန်​ရာ​ကို ကြေ​ညာ​တဲ့​အရှင် ယေဟောဝါ​ပဲ။+ ၂၀  လူမျိုး​တွေ​လက်​က​နေ လွတ်​မြောက်​လာ​သူတို့၊+စု​ရုံး​ပြီး လာ​ကြ​ပါ။ အတူ​လာ​ကြ​ပါ။ သစ်​သား​ရုပ်​တု​ကို သယ်​ဆောင်​လာ​သူ​တွေ၊မကယ်​တင်​နိုင်​တဲ့ ဘု​ရား​ကို​ ဆုတောင်း​သူ​တွေ​ဟာ ဘာ​မှ​မသိ​ကြ​ဘူး။+ ၂၁  မင်း​တို့​ရဲ့​အမှု​ကို အစီ​ရင်​ခံ တင်​သွင်း​ကြ။ စည်း​စည်း​လုံး​လုံး တိုင်​ပင်​ကြ။ ဒီ​အကြောင်း​ကို ဟိုး​အရင်​က​တည်း​က ဘယ်​သူ ကြို​ဟော​ခဲ့​သလဲ။ အတိတ်​ကာလ​က​တည်း​က ဘယ်​သူ ကြေ​ညာ​ခဲ့​သလဲ။ ငါ​ယေဟောဝါ​ပဲ မဟုတ်​လား။ ငါက​လွဲ​လို့ တ​ခြား​ဘု​ရား​သခင် မရှိ​ဘူး။ ငါ​ဟာ ဖြောင့်​မတ်​တဲ့ ဘု​ရား​သခင်၊ ကယ်​တင်​ရှင်​ပဲ။+ ငါ​က​လွဲ​လို့ တ​ခြား​ဘု​ရား မရှိ​ဘူး။+ ၂၂  ကမ္ဘာ​မြေအစွန်​အဖျား​မှာ နေ​ထိုင်​သူတို့၊ငါ့​ဆီ ပြန်​လှည့်​လာ​ပြီး ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို ခံ​ယူ​ကြ​ပါ။+ ငါ​ဟာ ဘု​ရား​သခင်​ပဲ။ ငါ​က​လွဲ​လို့ တ​ခြား​ဘု​ရား မရှိ​ဘူး။+ ၂၃  ကိုယ့်​ကိုယ်​ကိုယ် တိုင်​တည်​ပြီး ငါကျိန်​ဆို​တယ်။ ငါ့​နှုတ်​ထွက်​စကား​ဟာ ဖြောင့်​မှန်​တယ်။ မပြည့်​စုံ​ဘဲ မနေ​ဘူး။+ ငါ့​ရှေ့​မှာ လူ​တိုင်း ဒူး​ထောက်​ရ​မယ်။ သစ္စာ​စောင့်​သိ​ပါ့​မယ်​လို့ လူ​တိုင်း ကျိန်​ဆို​ရ​မယ်။+ ၂၄  သူတို့​က ‘ယေဟောဝါ​ဘု​ရား​ဆီ​မှာ စစ်​မှန်​တဲ့ ဖြောင့်​မတ်​ခြင်း​နဲ့ အစွမ်း​ခွန်​အား​ရှိ​တာ သေချာ​တယ်။ ကိုယ်​တော့်​ကို စိတ်​ဆိုး​တဲ့​သူ​တိုင်း​ အရှက်​ကွဲ​ပြီး ရှေ့​တော်​ကို ရောက်​လာ​မယ်။ ၂၅  ယေဟောဝါ​ဘု​ရား​ကို ဝတ်​ပြု​တာ မှန်​တယ်​ဆို​တာ အစ္စရေး​မျိုး​နွယ်​အားလုံး သိ​လာ​မယ်။+ ဘု​ရား လုပ်​ဆောင်​ပေး​ခဲ့ရာတွေ​အကြောင်း သူတို့ ဝါ​ကြွား​မယ်’ လို့​ပြော​ကြ​လိမ့်​မယ်။”

အောက်ခြေမှတ်ချက်များ

“ရွှံ့​မြေက ‘ခင်​ဗျား​ဖန်​တီး​တဲ့ လက်​ရာ​မှာ လက်​ကိုင်​မပါ​ဘူး’ လို့ ပြော​သင့်​သလား” လည်း​ဖြစ်​နိုင်။
“အလုပ်​ကြမ်း​သမား​တွေ” လည်း​ဖြစ်​နိုင်။
“ကုန်​သည်​တွေ​ဟာ” လည်း​ဖြစ်​နိုင်။
“ဗ​လာ​ကျင်း​ဖြစ်​နေ​အောင်” လည်း​ဖြစ်​နိုင်။