ယောဘ ၁:၁-၂၂

  • ယောဘ​ရဲ့​သမာ​ဓိ၊ စည်း​စိမ်​ချမ်း​သာ (၁-၅)

  • ယောဘ​ရဲ့​စိတ်​ရင်း​ကို စာ​တန် သံ​သယ​ရှိ (၆-၁၂)

  • သား​သမီး​ရော စည်း​စိမ်​တွေ​ပါ ဆုံး​ရှုံး (၁၃-၁၉)

  • ဘု​ရား​ကို ယောဘ အပြစ်​မတင် (၂၀-၂၂)

 ဥဇ​ပြည်​မှာ ယောဘ*+ လို့​ခေါ်​တဲ့ လူ​တစ်​ယောက်​ရှိ​တယ်။ သူ​ဟာ ရိုး​ဖြောင့်​သူ၊ သမာ​ဓိ​ရှိ​သူ၊+ ဘုရား​သခင်​ကို ကြောက်​ရွံ့​သူ၊ မကောင်း​မှု​ကို ရှောင်​တဲ့​သူ ဖြစ်​တယ်။+ ၂  သူ့​မှာ သား​ခုနစ်​ယောက်၊ သမီး​သုံး​ယောက် ရှိ​တယ်။ ၃  သိုး ၇,၀၀၀၊ ကု​လား​အုတ် ၃,၀၀၀၊ နွား ၁,၀၀၀၊ မြည်း ၅၀၀ နဲ့ အစေ​ခံ​အမြောက်​အမြား ရှိ​တယ်။ အရှေ့​ပြည်​သား​တွေ​ထဲ​မှာ အချမ်း​သာ​ဆုံး​ပဲ။ ၄  သူ့​သား​တွေ​က နေ့​တစ်​နေ့​သတ်​မှတ်​ပြီး ကိုယ့်​အိမ်​မှာ စား​သောက်​ပွဲ​ကို အလှည့်​ကျ လုပ်​လေ့​ရှိ​တယ်။ နှ​မသုံး​ယောက်​ကို​လည်း အတူ​စား​သောက်​ဖို့  ဖိတ်​ခေါ်​တတ်​တယ်။ ၅  စား​သောက်​ပွဲ​တွေ  လုပ်​ပြီး​သွား​တဲ့​အခါ ယောဘ​က ကိုယ်​ကို သန့်​စင်​စေ​ကြ​ပါ​ဆို​ပြီး သူတို့​ကို မှာ​လေ့​ရှိ​တယ်။ “ငါ့​သား​သမီး​တွေ အပြစ်​လုပ်​ပြီး စိတ်​ထဲ​က​နေ ဘုရား​သခင်​ကို ကျိန်​ဆဲ​မိ​မှာ​ပဲ” လို့​တွေး​မိ​တယ်။ ဒါ​ကြောင့် မနက်​စော​စော​ထ​ပြီး သူတို့​အားလုံး​အတွက် မီး​ရှို့​ရာ​ပူ​ဇော်​သက္ကာတွေ ဆက်​သတယ်။+ အဲဒီ​လို သူ​အမြဲလုပ်​လေ့​ရှိ​တယ်။+ ၆  ဘုရား​သခင်​ရဲ့​သား​တွေ*+ ယေဟောဝါ​ရှေ့  အခစား​ဝင်​ရ​တဲ့​နေ့+ ရောက်​လာ​တော့ စာ​တန်​လည်း+ သူတို့​နဲ့​အတူ ဝင်​လာ​တယ်။+ ၇  ယေဟောဝါ​က  “ဘယ်​က​လာ​တာ​လဲ”  လို့​မေး​တဲ့​အခါ  စာ​တန်​က “ကမ္ဘာ​အနှံ့ လှည့်​လည်​ပြီး လာခဲ့​တာ”+ လို့ ယေဟောဝါ​ကို ဖြေတယ်။ ၈  ဒါ​နဲ့ ယေဟောဝါ​က “ငါ့​ကျွန် ယောဘ​ကို သတိ​ထား​မိ​သလား။ ကမ္ဘာ​ပေါ်​မှာ သူ့​လို​လူ တစ်​ယောက်​မှ မရှိ​ဘူး။ ရိုး​ဖြောင့်​သူ၊ သမာ​ဓိ​ရှိ​သူ၊+ ဘုရား​သခင်​ကို ကြောက်​ရွံ့​သူ၊ မကောင်း​မှု​ကို ရှောင်​တဲ့​သူ​ပဲ” လို့​ပြော​တယ်။ ၉  အဲဒီ​အခါ စာ​တန်​က ယေဟောဝါ​ကို “ယောဘ​က ဘာ​အကျိုး​မှ​မရ​ဘဲ ဘုရား​သခင်​ကို ကြောက်​ပါ့​မလား။+ ၁၀  ခင်​ဗျား​က သူ့​ကို​ရော သူ့​အိမ်​နဲ့ ပိုင်​ဆိုင်​သမျှ​ကို​ပါ ကာ​ကွယ်​ပေး​ထား​တာ​ကိုး။+ သူ​လုပ်​သမျှ​ကို ကောင်း​ချီး​ပေး​ပြီး+ ခြံ​မွေး​တိရစ္ဆာန်တွေ​ကို​လည်း ပွား​များ​စေ​တာ​ကိုး။ ၁၁  ဒါ​ပေမဲ့၊ အခု လက်​ကို​ဆန့်​ပြီး သူ​ပိုင်​ဆိုင်​သမျှ​ကို ဖျက်​ဆီး​ကြည့်​ပါ​လား၊ ခင်​ဗျား​ကို ရှေ့​မှာ​တင် ကျိန်း​သေကျိန်​ဆဲ​လိမ့်​မယ်”   လို့​ပြန်​ပြော​တယ်။ ၁၂  ဒါ​နဲ့ ယေဟောဝါ​က “ကောင်း​ပြီ။ သူ​ပိုင်​ဆိုင်​သမျှ မင်း​လက်​ထဲ​မှာ​ရှိ​တယ်။ လူ​ကို​တော့ မထိ​နဲ့” လို့​ပြော​တယ်။ စာတန်​လည်း ယေဟောဝါ​ရှေ့​က​နေ ထွက်​သွား​တယ်။+ ၁၃  တစ်​နေ့ ယောဘ​ရဲ့​သား​သမီး​တွေ​က အစ်​ကို​ကြီး​အိမ်​မှာ အစာ​စား​ပြီး စ​ပျစ်​ဝိုင် သောက်​နေ​ကြ​တယ်။+ ၁၄  အဲဒီ​အချိန်​မှာ ယောဘ​ဆီ လူ​တစ်​ယောက် ရောက်​လာ​ပြီး “လယ်​ထွန်​နေ​တဲ့ နွား​တွေ၊ အနား​မှာ ကျက်​စား​နေ​တဲ့ မြည်း​တွေ​ကို၊ ၁၅  သေဘ​လူ​တွေ တိုက်​ခိုက်​လုယူ​သွား​တယ်။ ကျွန်​တွေ​ကို​လည်း သတ်​ပစ်​တယ်။ ကျွန်​တော် တစ်​ယောက်​တည်း လွတ်​လာလို့ သခင့်​ကို လာ​သတင်း​ပို့​တာ​ပါ” လို့​ပြော​တယ်။ ၁၆  အဲဒီ​လို​ပြော​နေ​တုန်း နောက်​တစ်​ယောက် ရောက်​လာ​ပြီး “ကောင်း​ကင်​က​နေ ကျ​လာ​တဲ့ ဘုရား​သခင်​ရဲ့​မီး* ထိ​မှန်​ပြီး သိုး​တွေ​နဲ့ ကျွန်​တွေ​ကို လောင်​ကျွမ်း​သွား​တယ်။  ကျွန်​တော်​တစ်​ယောက်​တည်း လွတ်​လာလို့ သခင့်​ကို လာ​သတင်း​ပို့​တာ​ပါ” လို့​ပြော​တယ်။ ၁၇  အဲဒီ​လို​ပြော​နေ​တုန်း နောက်​တစ်​ယောက် ရောက်​လာ​ပြီး “ခါလဒဲ​လူ​တွေ​က+ အဖွဲ့​သုံး​ဖွဲ့ ခွဲ​ပြီး ကု​လား​အုတ်​တွေ​ကို တိုက်​ခိုက်​လုယူ​သွား​တယ်။ ကျွန်​တွေ​ကို​လည်း သတ်​ပစ်​တယ်။ ကျွန်​တော်​တစ်​ယောက်​တည်း လွတ်​လာလို့ သခင့်​ကို လာ​သတင်း​ပို့​တာ​ပါ” လို့​ပြော​တယ်။ ၁၈  အဲဒီ​လို​ပြော​နေ​တုန်း နောက်​တစ်​ယောက် ရောက်​လာ​ပြီး “သခင့်​သား​သမီး​တွေ​က အစ်​ကို​ကြီး​အိမ်​မှာ အစာ​စား​ပြီး စ​ပျစ်​ဝိုင် သောက်​နေ​ချိန်​မှာ၊ ၁၉  တော​ကန္တာ​ရ​က​နေ ရုတ်​တ​ရက် တိုက်​ခတ်​လာ​တဲ့ လေ​ပြင်း​ကြီး​က အိမ်​ရဲ့ လေး​ဖက်​လေး​တန်​ကို တိုက်​တဲ့​အတွက် သူတို့​အပေါ် အိမ်​ပြို​ကျ​ပြီး သေကုန်​ပြီ။ ကျွန်​တော်​တစ်​ယောက်​တည်း လွတ်​လာလို့ သခင့်​ကို လာ​သတင်း​ပို့​တာ​ပါ” လို့​ပြော​တယ်။ ၂၀  ဒါ​နဲ့ ယောဘ​က ထ​ပြီး အဝတ်​ကို ဆွဲ​ဆုတ်​တယ်။ ဆံ​ပင်​ကို​လည်း ရိတ်​တယ်။ ပြီး​တော့ မြေပေါ်​မှာ ပျပ်​ဝပ်​ပြီး၊ ၂၁  “ငါ​ဟာ အမေ့​ဗိုက်​ထဲ​က​နေ ဘာ​မှ​မပါ​ဘဲ ထွက်​လာ​တယ်။ ဘာ​မှ​မပါ​ဘဲ ပြန်​ သွား​တော့​မယ်။+ ယေဟောဝါ ပေး​သနား​တယ်။+​ ယေဟောဝါ​ပဲ ပြန်​ ရုပ်​သိမ်း​တယ်။ ယေဟောဝါ​ရဲ့​နာ​မည်​ကို အမြဲချီး​မွမ်း​ကြ​ပါ​စေ” လို့​ပြော​တယ်။ ၂၂  ဒါ​တွေ​အားလုံး ကြုံ​ရ​ပေမဲ့ ယောဘ​က အပြစ်​မလုပ်​ဘူး။ ဘုရား​သခင် မှား​တယ်​လို့​လည်း မစွပ်​စွဲ​ဘူး။

အောက်ခြေမှတ်ချက်များ

“ရန်​လို​ခံ​ရ​သူ” လို့​ဆိုလို​နိုင်။
ဒါ​မှ​မဟုတ်၊ “ကောင်း​ကင်​တ​မန်​တွေ။”
“မိုး​ကြိုး” လည်း​ဖြစ်​နိုင်။