မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ဆယ့်တစ်

သူ စောင့်ကြည့်ပြီး စောင့်မျှော်ခဲ့

သူ စောင့်ကြည့်ပြီး စောင့်မျှော်ခဲ့

၁၊ ၂။ ဧလိယဟာ သူ မ​လုပ်ချင်တဲ့ ဘယ်​အလုပ်ကို လုပ်ရမလဲ။ သူနဲ့ အာဟပ် ဘယ်လို ကွာခြား​သလဲ။

ဧလိယဟာ တစ်ယောက်တည်း​နေပြီး ကောင်းကင်ဖခင်​ဆီ ဆုတောင်း​ချင်တယ်။ ဒါပေမဲ့ လူအုပ်​က ခုနကပဲ ကောင်းကင်​ကနေ မီး​ကျ​အောင် ဒီ​သစ္စာရှိ​ပရောဖက် ဆုတောင်းခဲ့တာကို တွေ့လိုက်လို့ သူ့ကို မျက်နှာ​လို​မျက်နှာ​ရ လုပ်ချင်​နေကြ​တယ်။ ဧလိယဟာ ကရမေလ​တောင်ပေါ်ကို တက်ပြီး ယေဟောဝါ​ဘုရားဆီ သီးသန့် ဆုမတောင်း​ခင် သူ မ​လုပ်ချင်တဲ့​အလုပ် တစ်ခုကို လုပ်​ရဦးမယ်။ အဲဒါကတော့ ဘုရင်​အာဟပ်​နဲ့ စကား​ပြောရမယ်။

သူတို့​နှစ်ယောက်​က အရမ်း​ကွာခြားတယ်။ အကောင်းဆုံး အဝတ်အစား​တွေ ဝတ်ဆင်​ထားတဲ့ ဘုရင်​အာဟပ်ဟာ လောဘ​ကြီးသူ၊ စိတ်​ပျော့​ညံ့​ပြီး အယူဖောက်ပြန်သူ ဖြစ်တယ်။ ဧလိယ​ကတော့ တိရစ္ဆာန်​သားရေ ဒါမှမဟုတ် ကုလားအုတ်​မွေး၊ ဆိတ်​မွေး​နဲ့ ရက်​ထားတဲ့ ပရောဖက်​ဝတ်ရုံ ရိုးရိုးလေး​ကို ဝတ်ဆင်​ထားတယ်။ သူဟာ အရမ်း​သတ္တိ​ရှိသူ၊ သစ္စာ​ရှိပြီး ယုံကြည်​ခြင်း ခိုင်ခံ့​သူ ဖြစ်တယ်။ အဲဒီ​လူ​နှစ်ယောက်ရဲ့ စရိုက် ကွာခြား​ကြောင်း ထင်ရှား​ပေါ်လွင်​တဲ့​နေ့ ကုန်ဆုံး​တော့​မယ်။

၃၊ ၄။ (က) အာဟပ်​နဲ့ ဗာလ ဝတ်ပြု​သူတွေ​အတွက် ဘာကြောင့် စိတ်ပျက်​စ​ရာ​နေ့​တစ်နေ့ ဖြစ်ခဲ့သလဲ။ (ခ) ဘယ်မေးခွန်းတွေကို သုံးသပ်ကြ​မလဲ။

အဲဒီ​နေ့ဟာ အာဟပ်​နဲ့ ဗာလ ဝတ်ပြု​သူတွေ​အတွက် စိတ်ပျက်​စ​ရာ နေ့​တစ်နေ့​ပါပဲ။ အစ္စရေး ဆယ်နွယ်​နိုင်ငံမှာ အာဟပ်​နဲ့ မိဖုရား​ယေဇဗေလ​တို့ အားပေး​အား​မြှောက် လုပ်နေတဲ့ အယူမှား​ဝတ်ပြုရေးဟာ အကြီးအကျယ် ထိုးနှက်​ခံ​လိုက်​ရပြီ။ ဗာလဟာ အ​လိမ်​အ​ညာ​သက်​သက်သာ ဖြစ်ကြောင်း ဖော်ထုတ်​ခံခဲ့ရတယ်။ အဲဒီ​သက်မဲ့ဘုရား​ဟာ သူ့ရဲ့​ပရောဖက်​တွေ အော်ဟစ်၊ ကခုန်၊ ကိုယ်ခန္ဓာ သွေး​ထွက်​အောင်​လုပ်ပြီး အသနားခံ​ခဲ့​တာ​တောင်မှ မီး​လေး​တစ်စ​ကို မကျ​စေနိုင်​ခဲ့​ဘူး။ အဲဒီအပြင် သေဒဏ်​ခံထိုက်​တဲ့ ဗာလ ပရောဖက် ၄၅၀ ကို သူ မကာကွယ်​ပေးနိုင်​ခဲ့​ဘူး။ မှားယွင်းတဲ့ ဒီ​ဘုရား မ​လုပ်ပေး​နိုင်တာ နောက်​တစ်ခု​ရှိသေးတယ်။ အဲဒါကို ယေဟောဝါ​ဘုရား မကြာခင် လုပ်ပေး​တော့​မယ်။ မိုးခေါင်​လို့ တစ်တိုင်းပြည်လုံး ဒုက္ခရောက်​နေတာကို အဆုံးသတ်​ပေးဖို့ ဗာလ ပရောဖက်​တွေ သူတို့​ဘုရားဆီ အသနားခံ​နေတာ သုံးနှစ်​ကျော်​နေပြီ။ ဒါပေမဲ့ ဗာလ​က ဘာမှ မလုပ်ပေးနိုင်ဘူး။ မကြာခင်မှာ ယေဟောဝါ​ဘုရားဟာ မိုးခေါင်​နေတာကို အဆုံးတိုင်​စေပြီး စစ်မှန်တဲ့ ဘုရားသခင်​ဖြစ်ကြောင်း သက်သေထူ​ပါတော့မယ်။—၁ ဘု. ၁၆:၃၀–၁၇:၁။ ၁၈:၁-၄၀

ဒါပေမဲ့ ဘယ်​အချိန်မှာ ယေဟောဝါ​ဘုရား မိုးရွာ​စေမှာ​လဲ။ ယေဟောဝါ​ဘုရား​ကို စောင့်​မျှော်​နေ​တုန်း ဧလိယ ဘာ​လုပ်​မလဲ။ ဒီ​သစ္စာ​ရှိ​ပ​ရော​ဖက်​ဆီက​နေ ဘာ​သင်​ယူ​နိုင်​သလဲ​ဆို​တာ သုံးသပ်​ကြည့်​ရ​အောင်။၁ ဘုရင်များ ၁၈:၄၁-၄၆ ကိုဖတ်ပါ။

ဆုတောင်းတဲ့​အကျင့် ရှိသူ

၅။ ဘာလုပ်ဖို့ အာဟပ်​ကို ဧလိယ ပြောသလဲ။ အဲ​ဒီနေ့ရဲ့ အဖြစ်အပျက်​တွေ​ကနေ အာဟပ် ဘာ သင်ယူ​ခဲ့​ပုံ​ရှိသလဲ။

ဧလိယဟာ အာဟပ်​ဆီ​သွားပြီး “တက်​သွားပြီး စားသောက်ပါ။ သဲကြီးမဲကြီး​ရွာ​ချ​မယ့် မိုး​သံ​တွေ​ကြားနေ​ရတယ်” လို့ ပြောတယ်။ ဒီ​မင်းဆိုးဟာ အဲ​ဒီနေ့ရဲ့ အဖြစ်အပျက်​တွေ​ကနေ ဘာသင်ခန်းစာ ရခဲ့​သလဲ။ မှတ်တမ်းက အတိအကျ မဖော်ပြပေမဲ့ သူ​နောင်တရ​တာ၊ ယေဟောဝါ​ဘုရားရဲ့ ခွင့်လွှတ်မှု​ရဖို့ ဆုတောင်း​ပေးပါလို့ ပရောဖက်​ကို အကူအညီ​တောင်းတာ မတွေ့ရဘူး။ အဲဒီအစား အာဟပ်ဟာ “စားသောက်ဖို့ တက်​သွားတယ်” လို့​ပဲ ဖော်ပြ​ထားတယ်။ (၁ ဘု. ၁၈:၄၁၊ ၄၂) ဧလိယ​ကော ဘာ​လုပ်သလဲ။

၆၊ ၇။ ဘာ​အတွက် ဧလိယ ဆုတောင်း​ခဲ့သလဲ။ ဘာကြောင့်လဲ။

“ဧလိယ​က ကရမေလ​တောင်ထိပ်​ကို တက်​သွားတယ်။ ဒူးထောက်ပြီး မြေပေါ်​ပျပ်ဝပ်​လိုက်တဲ့​အတွက် မျက်နှာ​က ဒူး​ကြားမှာ ရောက်နေတယ်။” စားသောက်ဖို့ အာဟပ် ထွက်သွား​ချိန်မှာ ဧလိယ​က ကောင်းကင်ဖခင်​ဆီ ဆုတောင်းဖို့ အခွင့်အရေး ရခဲ့တယ်။ နှိမ့်ချမှု​ပြ​တဲ့ ဧလိယ​ရဲ့ အနေအထား​ကို သတိပြုပါ။ သူဟာ ဒူးထောက်ပြီး မြေပေါ် ပျပ်ဝပ်​လိုက်တဲ့​အတွက် သူ့​မျက်နှာ​က ဒူး​ကြားမှာ ရောက်နေတယ်။ ဧလိယ ဘာလုပ်​နေတာလဲ။ ခန့်မှန်း​နေစရာ မလိုပါဘူး။ ဧလိယ​ဟာ မိုးရွာ​ချ​ပေးဖို့ ဆုတောင်းတယ်​လို့ ယာကုပ် ၅:၁၈ မှာ​ဖော်ပြ​ထားတယ်။ ကရမေလ​တောင်ပေါ်မှာ ဆုတောင်း​ခဲ့​တာ ဖြစ်ရမယ်။

ဧလိယရဲ့ ဆုတောင်းချက်​တွေ​က ဘုရားသခင်ရဲ့ အလိုတော်ကို ပြည့်စုံ​စေ​ချင်​မှန်း ဖော်ပြ

ယေဟောဝါ​က “မြေပေါ်မှာ ငါ​မိုးရွာ​စေ” မယ်​လို့ အစောပိုင်းက မိန့်ဆိုခဲ့တယ်။ (၁ ဘု. ၁၈:၁) ဒါကြောင့် ဘုရားသခင့် အလိုတော်​ပြည့်စုံဖို့ ဧလိယ ဆုတောင်း​ခဲ့​တာ​ဖြစ်တယ်။ နောက်​နှစ်ပေါင်း တစ်ထောင်​လောက်​အကြာမှာ ယေရှုလည်း သူ့​နောက်လိုက်​တွေကို အဲဒီလိုပဲ ဆုတောင်းဖို့ သင်ပေးခဲ့တယ်။—မ. ၆:၉၊ ၁၀

၈။ ဆုတောင်းခြင်း​အကြောင်း ဧလိယ​ဆီကနေ ဘာသင်ယူနိုင်သလဲ။

ဧလိယ​ဆီကနေ ဆုတောင်းခြင်း​အကြောင်း အများကြီး သင်ယူ​နိုင်ပါတယ်။ ဧလိယရဲ့ စိတ်ထဲမှာ ဘုရားသခင်ရဲ့ အလိုတော် ပြည့်စုံဖို့​က အရေးကြီးဆုံး​ပဲ။ ကျွန်တော်တို့ ဆုတောင်းတဲ့အခါ “အလိုတော်​နဲ့​အညီ ဆုတောင်းမယ်​ဆိုရင် ဘုရား နားထောင်မယ်” ဆိုတာ သတိရပါ။ (၁ ယော. ၅:၁၄) ရှင်း​နေတာ​က ကိုယ့်​ဆုတောင်းချက်ကို ဘုရားသခင် နားထောင်စေချင်​ရင် အလိုတော်ကို သိဖို့​လိုတယ်။ ဒါကြောင့် ကျမ်းစာကို နေ့တိုင်း လေ့လာ​သင့်တယ်။ မိုးခေါင်နေ​လို့ ဧလိယရဲ့ ဇာတိမြေ​ကလူ​တွေ ဒုက္ခ​ရောက်နေတဲ့​အတွက် မိုးရွာတာကို သူ​မြင်​ချင်မှာပဲ။ အဲဒီ​နေ့ အစောပိုင်းက ယေဟောဝါ​ဘုရား လုပ်​ပေးခဲ့တဲ့ အံ့ဖွယ်​အမှုကို မြင်ခဲ့​ရလို့ သူ သိပ်​ကျေးဇူးတင်​နေမှာ​ပါ။ အဲဒီလိုပဲ ဆုတောင်းတဲ့အခါ တခြားသူရဲ့ အကျိုးကို လိုလားတယ်၊ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်​တယ်​ဆိုတာကို ထည့်​တောင်း​သင့်တယ်။၂ ကောရိန္သု ၁:၁၁။ ဖိလိပ္ပိ ၄:၆ တို့ကို​ဖတ်ပါ။

ယုံကြည်​စိတ်ချမှု​ရှိ​ရှိ ဂရုတစိုက် စောင့်ကြည့်​နေ

၉။ သူ့​နောက်လိုက်​ကို ဧလိယ ဘာလုပ်​ခိုင်း​သလဲ။ သူ့ရဲ့ ဘယ်​အရည်အသွေး နှစ်ခု​ကို သုံးသပ်ကြ​မလဲ။

ယေဟောဝါ​ဘုရား မိုးရွာ​စေမယ်​ဆိုတာ ဧလိယ ယုံကြည်​စိတ်ချ​ပေမဲ့ ဘယ်​အချိန်မှာ မိုးရွာ​စေမယ်​ဆိုတာ အသေအချာ​မသိ​ဘူး။ ဒီတော့ အဲဒီ​အတောအတွင်း ပရောဖက်​က ဘာလုပ်​နေသလဲ။ မှတ်တမ်းက “သူ့​နောက်လိုက်​ကို ‘တက်​သွားပြီး ပင်လယ်​ဘက်​ကို လှမ်းကြည့်​ပါ’ လို့​ပြောတော့ နောက်လိုက်​က တက်​ကြည့်ပြီးနောက် ‘ဘာမှ​မ​တွေ့​ပါဘူး’ လို့​ပြောတယ်။ ဧလိယ​က ‘ပြန်သွား​ကြည့်​ဦး’ ဆိုပြီး ခုနစ်ကြိမ်​ခိုင်းတယ်။” (၁ ဘု. ၁၈:၄၃) ဧလိယရဲ့ စံနမူနာ​ကနေ အနည်းဆုံး အချက်​နှစ်ချက် သင်ယူ​နိုင်ပါတယ်။ ပထမ၊ ပရောဖက်ရဲ့ ယုံကြည်​စိတ်ချမှု ဖြစ်တယ်။ ဒုတိယ၊ ဂရုတစိုက် စောင့်ကြည့်​တတ်တာ ဖြစ်တယ်။

ယေဟောဝါ​ဘုရား အရေးယူ ဆောင်ရွက်တော့မယ်​ဆိုတဲ့ လက္ခဏာကို ဧလိယ တစ်ချိန်လုံး စောင့်ကြည့်​နေ

၁၀၊ ၁၁။ (က) ယေဟောဝါ​ဘုရားရဲ့ ကတိ​ကို ယုံကြည်​စိတ်ချကြောင်း ဧလိယ ဘယ်လို ပြခဲ့သလဲ။ (ခ) ကျွန်တော်တို့လည်း ဘာကြောင့် အဲဒီလို ယုံကြည်​စိတ်ချ​နိုင်သလဲ။

၁၀ ဧလိယဟာ ယေဟောဝါ​ပေးတဲ့ ကတိ​ကို ယုံကြည်​စိတ်ချ​လို့ ဘုရား​လုပ်ဆောင်တော့​မယ့် အထောက်အထားကို သူ တစ်ချိန်လုံး စောင့်ကြည့်​နေတယ်။ ဒါကြောင့် သူ့​နောက်လိုက်​ကို မိုးရွာ​တော့​မယ့်​လက္ခဏာ ရှိမရှိ ကုန်းမြင့်​ပေါ် တက်​ကြည့်​ခိုင်း​တာ ဖြစ်တယ်။ ဒါပေမဲ့ ပြန်​ရောက်လာတဲ့​အခါ “ဘာမှ​မ​တွေ့​ပါဘူး” ဆိုတဲ့ အားမရှိ​စ​ရာ သတင်းကိုပဲ ပေးတယ်။ မိုးကုပ်​စက်ဝိုင်းဟာ ကြည်လင်​နေပြီး ကောင်းကင်မှာ တိမ်​ကင်းစင်​နေတယ်။ ဒီမှာ ထူးခြားချက်​တစ်ခုကို သတိပြုမိ​သလား။ ဧလိယ​က ဘုရင်​အာဟပ်​ကို “သဲကြီးမဲကြီး​ရွာ​ချ​မယ့် မိုး​သံ​တွေ​ကြားနေ​ရတယ်” လို့ အခု​လေး​တင်​ပဲ ပြောခဲ့တယ်။ မိုး​သား​တိမ်​လိပ်​တွေကို မ​တွေ့​ဘဲ​နဲ့ ဘာကြောင့်​ အဲဒီလို ပြောနိုင်သလဲ။

၁၁ ယေဟောဝါ​ဘုရားရဲ့ ကတိ​ကို ဧလိယ သိထားတယ်။ ယေဟောဝါ​ဘုရားရဲ့ ပရောဖက်​ရော ကိုယ်စားလှယ် တစ်ယောက်​အနေနဲ့​ပါ သူ့​ဘုရားရဲ့​စကား တကယ် ပြည့်စုံ​လာမယ်​ဆိုတာ သူ ယုံကြည်​စိတ်ချ​တယ်။ ဘယ်လောက် ယုံကြည်​စိတ်ချ​သလဲ​ဆိုရင် မိုးရွာ​နေတဲ့​အသံကို ကြားနေ​ရ​သလို​ပါပဲ။ မောရှေ​နဲ့ ပတ်သက်ပြီး “မမြင်​ရတဲ့​အရှင်ကို မြင်​နေရ​သလိုပဲ သူ တည်မြဲ​တည်ကြည်ခဲ့​တယ်” လို့ ဖော်ပြခဲ့တာ​ကို မှတ်မိမယ်။ သင့်အတွက်​ကော ဘုရားသခင်ဟာ တကယ့်​ပုဂ္ဂိုလ် ဖြစ်​သလား။ ဘုရားသခင်ကိုရော သူ့ရဲ့ ကတိတွေကိုပါ ယုံကြည်​စိတ်ချဖို့ အကြောင်းရင်း​တွေ အများကြီး ရှိတယ်။—ဟီ. ၁၁:၁၊ ၂၇

၁၂။ ဧလိယဟာ စောင့်ကြည့်​နေမှန်း ဘယ်လို ဖော်ပြသလဲ။ မိုးတိမ်​ငယ်​တစ်ခု တွေ့တယ်​ဆိုတဲ့ သတင်းကို ဧလိယ ဘယ်လို တုံ့ပြန်​ခဲ့သလဲ။

၁၂ ဧလိယ ဘယ်လို စောင့်ကြည့်​တယ် ဆိုတာကို​လည်း သတိပြုပါ။ သူ့​နောက်လိုက်​ကို တစ်ကြိမ်၊ နှစ်ကြိမ်​မ​က ခုနစ်ကြိမ်​အထိ ပြန်သွား​ကြည့်ခိုင်းတယ်။ ထပ်ခါတလဲ သွား​ကြည့်ရ​တဲ့​အတွက် သူ့​နောက်လိုက် အတော်​ပင်​ပန်း​မှာ​ပဲ။ ဒါပေမဲ့ ဧလိယဟာ မိုးရွာမယ့် အရိပ်​လက္ခဏာကို မြင်​ချင်​လွန်း​လို့ လက်မလျှော့​ဘူး။ ခုနစ်ကြိမ်​မြောက် သွား​ကြည့်ပြီး ပြန်လာတဲ့​အခါ သူ့​နောက်လိုက်​က “လက်​တစ်​ဖဝါး​စာ​လောက်​ရှိတဲ့ မိုးတိမ်​လေး ပင်လယ်ထဲက တက်​လာတယ်” လို့ သတင်းပေး​တယ်။ ပင်လယ်​ကြီးရဲ့ မိုးကုပ်​စက်​ဝိုင်း​ကနေ တက်​လာတဲ့ မိုးတိမ်ငယ်ရဲ့ အရွယ်အစား​ကို ခန့်မှန်း​ဖော်ပြဖို့ နောက်လိုက်​က လက်ကို​ဆန့်​ပြီး လက်ဖဝါး​ဖြန့်​ပြ​နေတာ မြင်ယောင်​ကြည့်လိုက်​ပါ။ အဲဒီ​မိုးတိမ်​က နောက်လိုက်​အတွက် အရေးပါ​ချင်​မှ ပါ​မယ်။ ဒါပေမဲ့ ဧလိယ​အတွက်​တော့ အဲဒီ​မိုးတိမ်ဟာ အတော်လေး အရေးပါ​တယ်။ ဒါနဲ့ သူ့​နောက်လိုက်​ကို “‘မြင်းရထား အသင့်ပြင်​ပြီး ဆင်း​သွားပါ၊ ဒီလို​မှ​မဟုတ်​ရင် မိုး​ရွာလို့ မပြန်နိုင်ဘဲ​ဖြစ်နေဦးမယ်’ လို့ အာဟပ်​ကို သွား​ပြောပါ” ဆိုပြီး အရေးတကြီး ခိုင်း​လိုက်တယ်။—၁ ဘု. ၁၈:၄၄

၁၃၊ ၁၄။ (က) ဧလိယ ဂရုတစိုက် စောင့်ကြည့်​နေတာကို ဘယ်လို အတုယူ​နိုင်သလဲ။ (ခ) အရေးတကြီး​သဘော​နဲ့ လုပ်ဆောင်ဖို့ ဘာ​အကြောင်းရင်း​တွေ ရှိသလဲ။

၁၃ ဒီ​တစ်ကြိမ်လည်း ဧလိယဟာ စံနမူနာကောင်း ဖြစ်တယ်။ ယေဟောဝါ​ဘုရား မိန့်ဆို​ထားတဲ့​အတိုင်း လုပ်ဆောင်တော့​မယ့်​အချိန်မှာ ကျွန်တော်တို့ အသက်​ရှင်​နေကြ​တယ်။ ဧလိယ​ဟာ မိုးခေါင်​တဲ့အချိန် ကုန်ဆုံး​ဖို့ စောင့်မျှော်ခဲ့​သလို ဒီနေ့​ခေတ် ဘုရားသခင့်​ကျေးကျွန်တွေဟာ ဖောက်ပြန်​ယိုယွင်း​တဲ့ ဒီ​လောက​စနစ် ကုန်ဆုံး​မယ့်​အချိန်ကို စောင့်မျှော်နေ​ကြပါတယ်။ (၁ ယော. ၂:၁၇) ဧလိယ​လို​ပဲ ယေဟောဝါ​ဘုရား အရေးယူ ဆောင်ရွက်မယ့် အချိန်အထိ ဂရုတစိုက် စောင့်ကြည့်​နေဖို့ လိုတယ်။ ဘုရားသခင်ရဲ့​သားတော် ယေရှု​က သူ့​နောက်လိုက်​တွေကို ဒီလို အကြံ​ပေးခဲ့တယ်– “ဒါကြောင့် သခင် ဘယ်​နေ့​လာမယ်​ဆိုတာ ခင်ဗျားတို့ မသိတဲ့​အတွက် သတိနဲ့ စောင့်နေကြပါ။” (မ. ၂၄:၄၂) အဆုံး​ရောက်လာမယ့် အချိန်ကို သူ့​နောက်လိုက်​တွေ လုံးဝ သိ​မှာ​မဟုတ်ဘူးလို့ ယေရှု​ဆိုလိုတာလား။ မဟုတ်ပါဘူး။ အဆုံး​နီး​လာတဲ့အခါ ဒီ​လောက ဘာဖြစ်မယ်​ဆိုတာကို ယေရှု ကြိုပြော​ထားပြီး​သား​ပဲ။ “လောက​စနစ်​နိဂုံးပိုင်း” ရဲ့ အသေးစိတ်ကျတဲ့​နိမိတ် ပြည့်စုံ​နေတာကို ကျွန်တော်တို့​အားလုံး တွေ့မြင်​နေရ​ပါတယ်။မဿဲ ၂၄:၃-၇ ကိုဖတ်ပါ။

မိုးတိမ်​ငယ်​လေး​တစ်ခုက ယေဟောဝါ​ဘုရား အရေးယူ ဆောင်ရွက်တော့မယ်​ဆိုတာ ဧလိယ​ကို ယုံကြည်​စိတ်ချ​စေတယ်။ နောက်ဆုံးနေ့ရက်​တွေရဲ့ နိမိတ်​က အရေးတကြီး​သဘော​နဲ့ လုပ်ဆောင်ဖို့ တိုက်တွန်း​ပေး

၁၄ အဲဒီ​နိမိတ်ရဲ့ အပိုင်းတစ်ပိုင်း​စီ​ဟာ ခိုင်လုံ​ပြီး ယုံကြည်​စိတ်ချ​ရတဲ့ သက်သေ​အထောက်အထား ဖြစ်တယ်။ အဲဒီ​အထောက်အထား​က အရေးတကြီး​သဘော​နဲ့ လုပ်ဆောင်ဖို့ ကျွန်တော်တို့ကို လှုံ့ဆော်​ပေးပါ​သလား။ မိုး​ကုပ်​စက်​ဝိုင်း​က​နေ တက်​လာ​တဲ့ မိုး​တိမ်​ငယ်​လေး​တစ်ခုက ယေဟောဝါ​ဘုရား အရေး​ယူ​လုပ်​ဆောင်​တော့​မယ်​ဆို​တာ ဧလိယ​ကို ယုံ​ကြည်​စိတ်​ချ​စေ​ခဲ့​တယ်။ အဲဒီ သစ္စာရှိ​ပရောဖက် စိတ်ပျက်​ခဲ့​ရ​ပါသလား။

ယေဟောဝါ​ဘုရားက စိတ်အေး​စေပြီး ကောင်းချီးတွေ​ပေး

၁၅၊ ၁၆။ ဘာ​အဖြစ်အပျက်​တွေ တစ်ခု​ပြီး​တစ်ခု ဖြစ်ပျက်​လာသလဲ။ အာဟပ်​အကြောင်း ဧလိယ ဘာတွေ တွေး​နေ​ပုံ​ရသလဲ။

၁၅ “အဲဒီအချိန်မှာ​ပဲ ကောင်းကင်မှာ တိမ်​လိပ်​တွေ မည်းမှောင်​လာတယ်။ လေပြင်း​တိုက်ခတ်​လာပြီး မိုး​တွေ သဲကြီးမဲကြီး ရွာချတော့​တယ်။ အာဟပ်လည်း မြင်းရထား​စီး​ပြီး ယေဇ​ရေ​လ​မြို့​ဆီ ပြန်​သွားတယ်” လို့​မှတ်တမ်းက ဖော်ပြတယ်။ (၁ ဘု. ၁၈:၄၅) အဖြစ်အပျက်​တွေ တစ်ခု​ပြီး​တစ်ခု မြန်မြန်ဆန်ဆန် ဖြစ်ပျက်​လာတယ်။ အာဟပ်​မင်း​ဆီ ပ​ရော​ဖက်​ရဲ့ သတင်း​စကား​အကြောင်း ဧလိယ​ရဲ့​ကျွန် သွား​ပြော​နေ​ချိန်​မှာ​ပဲ မိုးတိမ်​ငယ်​ဟာ ကြီး​မား အုံ့​ဆိုင်း​လာ​ပြီး ကောင်း​ကင်​ တစ်ခွင်​လုံး မှောင်​မည်း​လာ​တယ်။ လေပြင်း​တွေ တိုက်ခတ်​လာပြီး သုံးနှစ်​ခွဲ မိုးခေါင်ခဲ့​တဲ့ အစ္စရေး​နိုင်ငံမှာ မိုးရွာ​ချ​လာတော့​တယ်။ ခြောက်သွေ့ မာ​ကျစ်​နေတဲ့ မြေဟာ မိုး​ရေ​ဝ​လာတယ်။ မိုးသည်း​လာလို့ ရေ​လျှံ​သွားတဲ့ ကိရှုန်​မြစ်ဟာ ကွပ်မျက်​ခံရတဲ့ ဗာလ ပရောဖက်​တွေရဲ့ အသွေး​တွေကို ဆေးကြော​ပစ်လိုက်​မှာ သေချာ​ပါတယ်။ ဗာလ ဝတ်ပြုရေးရဲ့ စွန်းထင်းမှု​တွေကို ခေါင်းမာ​တဲ့ အစ္စရေး​လူတွေ ဆေးကြော​သန့်စင်​ဖို့ အခွင့်အရေးလည်း ဖြစ်တယ်။

“မိုး​တွေ သဲကြီးမဲကြီး​ရွာချတော့​တယ်”

၁၆ အစ္စရေး​လူတွေ အဲဒီလို လုပ်​လိမ့်မယ်လို့ ဧလိယ မျှော်လင့်ခဲ့တယ်။ ဒီ​ထူးခြားတဲ့ အဖြစ်အပျက်တွေကို အာဟပ် ဘယ်လို တုံ့ပြန်မလဲလို့ ဧလိယ စဉ်းစား​နေမှာ​ပဲ။ သူ​နောင်တ​ရပြီး ဗာလ ဝတ်ပြုရေး​ကို စွန့်​ပါ့မလား။ အဲ​ဒီနေ့ရဲ့ အဖြစ်အပျက်​တွေ​က ပြောင်းလဲဖို့ ခိုင်လုံတဲ့ အကြောင်း​ပဲ။ အဲဒီအချိန်မှာ အာဟပ်ရဲ့​စိတ်ထဲ ဘာ​ရှိနေတယ်​ဆိုတာ မသိ​နိုင်ဘူး။ မှတ်တမ်းအရ အာဟပ်ဟာ “မြင်းရထား​စီး​ပြီး ယေဇရေလ​မြို့​ဆီ ပြန်​သွားတယ်” လို့​ပဲ သိရတယ်။ သူ သင်ခန်းစာ ရရဲ့လား။ သူ့ရဲ့​လမ်းစဉ်​တွေကို ပြောင်းလဲဖို့ ဆုံးဖြတ်​သလား။ နောက်ပိုင်း​အဖြစ်အပျက်​တွေ​က မပြောင်းလဲ​မှန်း ဖော်ပြတယ်။ ဒါပေမဲ့ အာဟပ်​နဲ့ ဧလိယ​အတွက် အဲဒီ​တစ်နေ့​တာ အဖြစ်အပျက်​တွေ မကုန်​သေး​ဘူး။

၁၇၊ ၁၈။ (က) ယေဇရေလ​မြို့ကို သွားတဲ့​လမ်းမှာ ဧလိယ ဘာ​ဖြစ်ခဲ့သလဲ။ (ခ) ကရမေလ​တောင်​ကနေ ယေဇရေလ​မြို့​အထိ ဧလိယ ပြေး​သွား​ပုံ​က ဘာကြောင့် ထူးခြား​သလဲ။ (အောက်ခြေမှတ်ချက်ကို​လည်း ကြည့်ပါ။)

၁၇ ယေဟောဝါရဲ့ ပရောဖက်ဟာ အာဟပ် သွားခဲ့တဲ့ လမ်းအတိုင်း လိုက်သွား​တယ်။ မှောင်ကလည်း မှောင်၊ မိုးကလည်း သ​ည်း၊ ခရီးကလည်း အဝေးကြီး​ပဲ။ ဒါပေမဲ့ အံ့သြစရာ​တစ်ခု ဖြစ်ပျက်လာ​ပြန်တယ်။

၁၈ “ယေဟောဝါရဲ့ လက်တော် သက်ရောက်​လာတဲ့​အတွက် ဧလိယ​က ဝတ်လုံကို လိပ်တင်၊ ခါးစည်း​အောက် သွင်း​ပြီးနောက် ပြေးတော့​တယ်။ လမ်းမှာ အာဟပ်​ကို ဖြတ်ကျော်​ပြီး ယေဇရေလ​မြို့ကို ရောက်တဲ့​အထိ ပြေး​သွား​လိုက်တယ်။” (၁ ဘု. ၁၈:၄၆) “ယေဟောဝါရဲ့​လက်တော်” ဟာ ဧလိယ​အပေါ် အံ့သြစရာ ကောင်းတဲ့​နည်းနဲ့ သက်ရောက်​လာတာ ထင်ရှား​တယ်။ ယေဇရေလ​မြို့ဟာ ၁၉ မိုင်​ဝေး​တဲ့​အပြင် ဧလိယကလည်း လူငယ် မဟုတ်တော့ဘူး။ * ဝတ်လုံ​ရှည်​ကို ခါးတောင်းကျိုက်​ပြီး မိုး​ထဲမှာ စိတ်​ရှိ​လက်ရှိ ပြေး​နေတဲ့ ပရောဖက်​ကို မြင်ယောင်​ကြည့်လိုက်​ပါ။ သူ​ပြေး​တာ ဘယ်လောက် မြန်​သလဲ​ဆိုရင် ဘုရင့်​ရထား​ကိုတောင် ကျော်​တက်​သွားတယ်။

၁၉။ (က) ဧလိယရဲ့ ဘုရားပေး​ခွန်အား​နဲ့ သက်လုံက ဘယ်​ပရောဖက်ပြုချက်တွေကို ပြန်​သတိ​ရစေ​သလဲ။ (ခ) ယေဇရေလ​မြို့​ဆီ ပြေး​နေချိန်မှာ ဧလိယ ဘာကို သေသေချာချာ သိနေ​သလဲ။

၁၉ အဲဒါက ဧလိယ​အတွက် တကယ့် ကောင်းချီး​တစ်ခုပါပဲ။ လူငယ်​ဘဝက​ထက်​တောင် အားမာန်​ပို​ပြည့်​ပြီး သက်​လုံ​ကောင်းတယ်လို့ ခံစား​ရတာဟာ ဧလိယ​အတွက် စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့မှာပဲ။ အဲဒါက လာမယ့်​ပရဒိသုမှာ သစ္စာ​ရှိသူတွေ ကျန်းကျန်းမာမာ၊ အားမာန်​အပြည့် ရှိလာမယ်​ဆိုတဲ့ ပရောဖက်ပြုချက်တွေကို အမှတ်ရ​စေမှာ​ပါ။ (ဟေရှာယ ၃၅:၆ ကိုဖတ်ပါ။ လု. ၂၃:၄၃) ဧလိယဟာ မိုး​ရေ​ထဲ ပြေး​နေချိန်မှာ စစ်မှန်တဲ့ တစ်ဆူတည်း​ဘုရား ယေဟောဝါရဲ့ မျက်နှာသာ​ကို သူ ရ​ထားမှန်း အသေအချာ သိနေ​ပါလိမ့်မယ်။

၂၀။ ယေဟောဝါ​ဘုရားပေး​မယ့် ကောင်းချီးတွေ​ရဖို့ ဘာလုပ်ရမလဲ။

၂၀ ယေဟောဝါ​ဘုရားဟာ ကျွန်တော်တို့ကို ကောင်းချီး အလွန်​ပေးချင်တယ်။ ကိုယ်တော်​ပေးမယ့် အဖိုးတန် ကောင်းချီးတွေကို​ရဖို့ အတတ်နိုင်ဆုံး ကြိုးစား​ကြစို့။ အန္တရာယ်​ထူပြော​ပြီး အရေးတကြီး​ဖြစ်နေတဲ့ ဒီ​အချိန်မှာ ယေဟောဝါ​ဘုရား တရား​စီရင်ပါ​တော့​မယ်။ ဧလိယ​လို​ပဲ ခိုင်လုံတဲ့ အထောက်အထားတွေကို စောင့်ကြည့်​ပြီး သေသေချာချာ ဆန်းစစ်​နေဖို့ လိုတယ်။ “အမှန်တရားရဲ့​ဘုရား” ယေဟောဝါရဲ့ ကတိ​တွေကို ကျွန်တော်တို့ အပြည့်အဝ​ ယုံကြည်​စိတ်ချဖို့ ခိုင်လုံတဲ့ အထောက်အထား​တွေ ရှိပါတယ်။—ဆာ. ၃၁:၅

^ အပိုဒ်၊ 18 မကြာခင်မှာ ယေဟောဝါ​ဘုရားက ဧလိရှဲ​ကို လေ့ကျင့်​ပေးဖို့ ဧလိယ​ကို တာဝန်ပေး​တော့​မှာ​ဖြစ်တယ်။ နောက်ပိုင်းမှာ ဧလိရှဲ​ကို “ဧလိယ​လက်ဆေးတဲ့​အခါ ရေလောင်း​ပေးတဲ့​သူ” လို့ လူသိ​များ​လာတယ်။ (၂ ဘု. ၃:၁၁) ဧလိရှဲဟာ ဧလိယရဲ့ နောက်လိုက်​အနေနဲ့ အသက်ကြီးသူ ဧလိယရဲ့ ဝေယျာဝစ္စ​တွေ လုပ်ကိုင်​ပေးခဲ့တယ်။