မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း နှစ်​ဆယ့်နှစ်

စမ်းသပ်မှုတွေကြုံရချိန်မှာ သူ သစ္စာရှိခဲ့

စမ်းသပ်မှုတွေကြုံရချိန်မှာ သူ သစ္စာရှိခဲ့

၁၊ ၂။ ကပေရနောင်​မြို့မှာ ယေရှု ဟော​နေတဲ့​အခါ ပေတရု ဘယ်လို မျှော်လင့်​ခဲ့သလဲ။ ဘာ​ဖြစ်ခဲ့သလဲ။

ပေတရုဟာ ကပေရနောင်​မြို့​က တရားဇရပ်မှာ ယေရှု ဟောပြောတာ နားထောင်​နေတဲ့​သူတွေကို အကဲခတ် ကြည့်​နေတယ်။ ဂါလိလဲအိုင်ရဲ့ မြောက်ဘက်​ကမ်းခြေ​က ဒီ​မြို့လေးမှာ ပေတရုရဲ့ အိမ်နဲ့ ငါးဖမ်း​လုပ်ငန်း​ရှိတယ်။ သူ့ရဲ့​မိတ်ဆွေ​တွေ၊ ဆွေမျိုးတွေ​နဲ့ စီးပွားဖက်တွေလည်း အဲဒီမှာ နေထိုင်​ကြတယ်။ ဒါကြောင့် ဒီ​မြို့​သားတွေ​ဟာ သူ့လို​ပဲ ယေရှုကို မေရှိယ​အဖြစ် လက်ခံ​ပြီး အကြီးမြတ်ဆုံး​ဆရာ ဟောပြောတဲ့ ဘုရားသခင့် နိုင်ငံတော်​အကြောင်းကို နားထောင်ချင်​ကြမှာပဲ​လို့ သူ မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ ထင်တဲ့​အတိုင်း ဖြစ်မလာ​ဘူး။

လူအများ​က ဆ​က်​နားမထောင်​ကြ​တော့​ဘူး။ တချို့က ညည်းညူ​ပြောဆို​ပြီး ယေရှု ဟောတဲ့​အကြောင်းကို ကန့်ကွက်​ကြတယ်။ ပေတရု​ကို စိတ်​အနှောင့်အယှက် အ​ပေး​ဆုံး​က ယေရှုရဲ့ တပည့်​ရင်း​တချို့ တုံ့ပြန်ပုံ​ပဲ။ သူတို့ရဲ့ မျက်နှာဟာ အမှန်တရားကို သိလိုက်​ရလို့ ပျော်ရွှင်​နေ​ပုံ၊ ကျေနပ်​ပီတိဖြစ်​နေတဲ့​ပုံ​မျိုး မ​ပေါက်​တော့​ဘူး။ အခု သူတို့ဟာ စိတ်​အနှောင့်အယှက် ဖြစ်နေ​ရုံ​သာမက ဒေါသ​တောင် ထွက်​နေ​ပုံ​ရတယ်။ တချို့က ယေရှုရဲ့ စကားတွေကို လက်မခံ​နိုင်ဘူး​လို့​တောင် အသံ​ကျယ်ကျယ်​နဲ့ ပြောပြီး တရားဇရပ်​ထဲ​ကနေ ထွက်သွား​ကြတယ်။ ယေရှု​နောက် ဆက်မလိုက်​ကြ​တော့​ဘူး။ယောဟန် ၆:၆၀၊ ၆၆ ကိုဖတ်ပါ။

၃။ ပေတရုရဲ့ ယုံကြည်ခြင်းက သူ့ကို ခဏခဏ ဘယ်လို ကူညီ​ပေးခဲ့သလဲ။

အဲဒီ​အခြေအနေဟာ ပေတရုနဲ့ တခြား​တမန်တော်တွေ​အတွက် တော်​တော်​ခက်ခဲတယ်။ အဲဒီ​နေ့မှာ ယေရှု ဟောပြောခဲ့တာတွေကို ပေတရု အပြည့်​အ​၀ နားမလည်​ဘူး။ ယေရှုရဲ့ စကားတွေကို စာသား​အတိုင်း​ယူ​ရင် လုံးဝ လက်မခံနိုင်စရာ​ပဲ ဆိုတာ သူ​သိတယ်။ ဒီတော့ ဘာလုပ်မလဲ။ သခင့်​အပေါ် သူ သစ္စာရှိ​မရှိ စမ်းသပ်ခံရ​တာ​ဟာ ဒါ​ပထမဆုံး​အကြိမ် မဟုတ်သလို နောက်ဆုံး အကြိမ်လည်း မဟုတ်ဘူး။ ပေတရုရဲ့ ယုံကြည်ခြင်းက အဲဒီလို စမ်းသပ်​ခံရတဲ့​အခါ ဆက်သစ္စာ​ရှိနိုင်ဖို့ ဘယ်လို ကူညီ​ပေးခဲ့တယ်​ဆိုတာ ကြည့်ကြစို့။

တခြား​သူတွေ သစ္စာ​မရှိတော့​ပေမဲ့ သူ​ဆက်သစ္စာ​ရှိခဲ့

၄၊ ၅။ ယေရှု ပြုမူ​ပြောဆိုပုံ​က လူတွေ မျှော်လင့်​တာ​နဲ့ ဘယ်လို ကွာခြား​သလဲ။

ပေတရုဟာ ယေရှုနဲ့ ပတ်သက်ပြီး အံ့အားသင့်​စရာတွေ မကြာခဏ ကြုံခဲ့​ရတယ်။ သခင်​ယေရှုရဲ့ ပြုမူ​ပြောဆိုပုံ​က လူတွေ ထင်တဲ့​အတိုင်း မဖြစ်တာကို သူ​အကြိမ်ကြိမ် တွေ့ရတယ်။ မ​နေ့​က​ပဲ ယေရှုဟာ ထောင်နဲ့​ချီတဲ့ လူအုပ်​ကို အံ့ဖွယ်​နည်းနဲ့ အစားအစာ ကျွေးမွေးခဲ့တယ်။ အဲဒီအခါ လူအုပ်​က သူ့ကို ဘုရင်​တင်မြှောက်​ဖို့ ကြိုးစား​ကြတယ်။ ဒါပေမဲ့ ယေရှု ရှောင်​ထွက်သွား​တာ၊ တပည့်​တွေကို​လည်း ကပေရနောင်​မြို့​ဆီ လှေ​နဲ့ သွား​ခိုင်း​တာ​က လူတွေ​အတွက် အံ့အားသင့်​စ​ရာ ဖြစ်ခဲ့တယ်။ အဲဒီ​ညမှာ တပည့်တွေဟာ လှေ​နဲ့​သွား​နေရင်း မုန်တိုင်းထန်​နေတဲ့ ဂါလိလဲ​အိုင် ရေ​မျက်နှာပြင်​ပေါ်မှာ ယေရှု လမ်းလျှောက်​လာတာကို အံ့သြတကြီး တွေ့ရ​ပြန်တယ်။ အဲဒီအချိန်မှာ ပေတရု​ကို ယုံကြည်ခြင်းနဲ့​ဆိုင်တဲ့ အရေးကြီး သင်ခန်းစာ​တစ်ခု သင်ပေးခဲ့တယ်။

မနက်​မိုးလင်း​တော့ လူအုပ်ဟာ လှေ​တွေ​စီး​ပြီး လိုက်​လာတာကို တွေ့​လိုက်ရတယ်။ ယေရှု ပြောတာကို ကြား​ချင်​လို့ မဟုတ်ဘဲ အံ့ဖွယ်​နည်းနဲ့ အစားအစာ ကျွေး​တာ​ကို မြင်​ချင်​လို့ ဖြစ်မှန်း သိသာတယ်။ ဒါကြောင့် ကာယရေး​ကိုပဲ ဦးစား​ပေးတဲ့​သဘော သူတို့မှာ​ရှိတာကို ယေရှု ပြစ်တင်​ဆုံးမခဲ့​တ​ယ်။ (ယော. ၆:၂၅-၂၇) အဲဒီ​ဆုံးမ​စကား​ကို က​ပေရ​နောင်​မြို့​က တရား​ဇ​ရပ်​မှာ ဆ​က်​ပြော​ရင်း သိပ်​အရေး​ကြီး​ပြီး နား​လ​ည်​ရ​ခက်​တဲ့ အမှန်​တရား​ကို​လည်း သွန်သင်​ပေး​ခဲ့​တ​ယ်။ ဒါ​ပေမဲ့ ယေရှု​ပြော​တာ​တွေ​က လူ​တွေ​မျှော်​လင့်​ထား​သလို မဟုတ်​ပြန်​ဘူး။

၆။ ဘယ်​ပုံဥပမာ​ကို ယေရှု​ပေးခဲ့သလဲ။ အဲဒါကို ကြားတဲ့​သူတွေ ဘယ်လို တုံ့ပြန်​ကြသလဲ။

စားစရာ​ရလို့ လူတွေ သူ့​ဆီ လာတာကို ယေရှု မလိုလား​ဘူး။ ယေရှုရဲ့ ပူဇော်သက္ကာ​ကို သူတို့ ယုံကြည်​လက်ခံ​ပြီး သူ့ရဲ့ စံနမူနာကို လိုက်လျှောက်​မှ​သာ ဘုရားသခင်က သူတို့ကို ထာဝရ​အသက် ပေးမယ်​ဆိုတာ သိစေချင်​တာ။ ဒါကြောင့် ယေရှုဟာ သူ့ကိုယ်သူ မောရှေ​လက်ထက်မှာ ကောင်းကင်က​ကျ​လာတဲ့ မန္နမုန့်​နဲ့ နှိုင်းယှဉ်​ပြီး ပုံဥပမာ​တစ်ခု ပေးခဲ့တယ်။ အဲဒါကို တချို့က လက်မခံ​နိုင်ပေမဲ့ ယေရှု​က လူတွေဟာ အသက်​ရဖို့ သူ့​အသားကို​စား​ပြီး သူ့​အသွေးကို သောက်​ရမယ်ဆိုပြီး ကွက်ကွက်ကွင်းကွင်း မြင်သာ​တဲ့ ပုံဥပမာ​ကို ဆက်ပြော​ခဲ့​တယ်။​ အဲဒီအခါ မကျေနပ်​သံ​တွေ ပို​ကျယ်လာတယ်။ တချို့က “သူ​ပြော​နေတာ​တွေ​က လန့်​စရာ​ကြီး​ပါလား။ ဘယ်သူ နား​ခံနိုင်​မှာ​လဲ” လို့​ပြော​ကြတယ်။ ယေရှုရဲ့ တပည့်​ရင်း​တွေ​က​လည်း ကိုယ်တော့်​နောက် ဆက်မလိုက်​တော့​ဖို့ ဆုံးဖြတ်​ခဲ့​ကြတယ်။ *ယော. ၆:၄၈-၆၀၊ ၆၆

၇၊ ၈။ (က) ယေရှုရဲ့ တာဝန်နဲ့ ပတ်သက်ပြီး ပေတရု ဘာကို သဘောမပေါက်​သေး​သလဲ။ (ခ) တမန်တော်တွေကို ယေရှု​မေးတဲ့ မေးခွန်း​ကို ပေတရု ဘယ်လို ပြန်ဖြေ​ခဲ့သလဲ။

ပေတရု ဘာလုပ်မလဲ။ ယေရှုရဲ့ စကားတွေကြောင့် သူလည်း စိတ်ရှုပ်ထွေး​နေမှာ​ပဲ။ ယေရှုဟာ ဘုရားအလိုတော်​ဆောင်ဖို့ အသေ​ခံရမယ်ဆို​တာ ပေတရု သဘောမပေါက်​သေး​ဘူး။ ဒါပေမဲ့ စိတ်​အပြောင်းအလဲ​မြန်​ပြီး အဲဒီ​နေ့မှာပဲ ယေရှုကို စွန့်ခွာ​သွား​ကြ​တဲ့ တခြား​တပည့်​တွေ​လို ပေတရုလည်း စွန့်​သွား​သလား။ မစွန့်​ခဲ့​ပါဘူး။ အဲဒီ​လူတွေနဲ့ ပေတရု မတူ​ရတဲ့​အကြောင်းရင်း​တစ်ခု​ရှိတယ်။ အဲဒါက ဘာလဲ။

ယေရှု​က “ခင်ဗျားတို့​ကော ထွက်သွား​ချင်​သလား” လို့ တမန်တော်တွေကို မေးတယ်။ (ယော. ၆:၆၇) တမန်တော် ၁၂ ယောက်​စ​လုံး​ကို ယေရှု မေး​တာ​ဖြစ်ပေမဲ့ ပေတရု ဖြေလိုက်တယ်။ အဲဒီလိုပဲ မကြာခဏ ဖြစ်တတ်တယ်။ ပေတရုဟာ တမန်တော် ၁၂ ယောက်​ထဲမှာ အသက်​အကြီးဆုံး ဖြစ်နိုင်တယ်။ ဘာပဲ​ဖြစ်ဖြစ် တမန်တော်တွေ​ထဲမှာ သူဟာ အပွင့်လင်းဆုံးနဲ့ စိတ်ထဲ​ရှိတာကို လွှတ်​ခ​နဲ ထုတ်ပြော​တတ်​သူ ဖြစ်တယ်။ အဲဒီအချိန်မှာ ပေတရုဟာ သူ့​စိတ်ထဲမှာ​ရှိတဲ့ မှတ်သား​စ​ရာ ဒီ​စကားတွေကို ပြောခဲ့တယ်– “သခင်၊ ဘယ်သူ့​ဆီ သွား​ရမှာ​လဲ။ ထာဝရ​အသက်​ရစေတဲ့ စကားတွေဟာ သခင့်​ဆီမှာ​ပဲ ရှိတာပါ။”—ယော. ၆:၆၈

၉။ ယေရှု​အပေါ် သစ္စာ​ရှိတယ်ဆိုတာ ပေတရု ဘယ်လို ပြခဲ့သလဲ။

အဲဒီ​စကားတွေက သင့်​စိတ်​ကို ထိ​မိတယ် မဟုတ်လား။ ပေတရုဟာ ယေရှုကို အပြည့်အဝ ယုံကြည်တဲ့​အတွက် သစ္စာ​ရှိခဲ့တာ ဖြစ်တယ်။ ယေရှုဟာ ယေဟောဝါ​ဘုရား စေလွှတ်​လိုက်တဲ့ တစ်ပါးတည်းသော ကယ်တင်ရှင် ဖြစ်တယ်၊ ဘုရားသခင့် နိုင်ငံတော်​အကြောင်း ဟောပြော​သွန်သင်ခြင်း​အားဖြင့် လူတွေကို ကယ်တင်​နေတယ်​ဆိုတာ ပေတရု ကောင်းကောင်း သိနားလည်တယ်။ ဒါကြောင့် နားမလည်​နိုင်တာ​တွေ တချို့ ရှိပေမဲ့ ဘုရားသခင့် မျက်နှာသာ​ရဖို့၊ ထာ​၀​ရ​အသက်​ရဖို့ တခြား သွား​စ​ရာ​နေရာ မရှိဘူးဆိုတာ ပေတရု သဘော​ပေါက်တယ်။

ယေရှုရဲ့ သွန်သင်ချက်တွေက နားလည်​ရ​ခက်​ပြီး ကိုယ့်​အကြိုက်နဲ့ မ​တွေ့​ရင်တောင် သစ္စာ​ရှိဖို့လို

၁၀။ ယနေ့ ကျွန်တော်တို့ဟာ ပေတရု​လို ဘယ်လို သစ္စာရှိ​နိုင်သလဲ။

၁၀ သင်လည်း အဲဒီလို ခံစားရ​ပါသလား။ ဝမ်းနည်းစရာက ဒီနေ့​ခေတ် လူတွေဟာ ယေရှုကို ချစ်တယ်​လို့ ပြောပေမဲ့ သစ္စာ​မရှိကြဘူး။ ယေရှု​အပေါ် အမှန်တကယ် သစ္စာ​ရှိတယ်ဆိုရင် သူ့ရဲ့ သွန်သင်ချက်တွေ​နဲ့ ပတ်သက်ပြီး ပေတရုရဲ့ သဘောထားမျိုး ရှိဖို့​လိုတယ်။ အဲဒီ​သွန်သင်ချက်တွေက နားလည်​ရ​ခက်​ပြီး ကိုယ့်​အကြိုက်နဲ့ မ​တွေ့​ရင်တောင် ဆ​က်​လေ့လာဖို့၊ အဓိပ္ပာယ်​ကို နားလည်အောင် ကြိုးစားဖို့၊ အဲဒီအတိုင်း ဆ​က်​အသက်ရှင်ဖို့ လိုတယ်။ သစ္စာစောင့်သိ​မှ​သာ ယေရှု​ပေးချင်တဲ့ ထာ​၀​ရ​အသက် ရ​နိုင်မှာ ဖြစ်တယ်။ဆာလံ ၉၇:၁၀ ကိုဖတ်ပါ။

တည့်မတ်​ခံရ​ပြီးနောက် ဆက်သစ္စာ​ရှိခဲ့

၁၁။ နောက်လိုက်​တွေကို ယေရှု ဘယ်​ကို ခေါ်သွား​သလဲ။ (အောက်ခြေမှတ်ချက်ကို​လည်း ကြည့်ပါ။)

၁၁ အဲဒီနောက် မကြာခင်မှာပဲ ယေရှုဟာ တမန်တော်တွေ​နဲ့ တပည့်​တချို့ကို ခေါ်ပြီး မြောက်ဘက်​ပိုင်း​ကို ခြေကျင်​သွားတယ်။ ကတိထားရာပြည်ရဲ့ မြောက်ဘက်စွန်း​က နှင်းဖုံး​နေတဲ့ ဟေရမုန်​တောင်ထိပ်​ကို ဂါလိလဲ​အိုင်​ကနေ တစ်ခါတလေ လှမ်း​မြင်ရတယ်။ သူတို့​ဟာ တဖြည်း​ဖြည်း မြင့်​တက်​သွား​တဲ့ လမ်း​အတိုင်း ကဲ​သရိ​ဖိ​လိပ္ပိ​မြို့​အနား​က ရွာ​တွေ​ဆီ​ကို သွား​နေ​ရင်း ဟေ​ရ​မုန်​တောင်​အနီး​ကို ရောက်​လာ​ကြ​တ​ယ်။ * တောင်ဘက်က ကတိထားရာပြည်​ကို လှမ်းမြင်​နေရတဲ့ အဲဒီ​နေရာမှာ ယေရှု​က သူ့​နောက်လိုက်​တွေကို အရေးကြီးတဲ့ မေးခွန်း​တစ်ခု မေးလိုက်တယ်။

၁၂၊ ၁၃။ (က) ယေရှု​က မိမိကို လူအုပ် ဘယ်လို ရှုမြင်​သလဲ​လို့ ဘာကြောင့် မေး​တာလဲ။ (ခ) ပေတရု​မှာ စစ်မှန်တဲ့ ယုံကြည်ခြင်း ရှိတယ်ဆိုတာ ယေရှုကို ပေးတဲ့​အဖြေ​က ဘယ်လို ဖော်ပြသလဲ။

၁၂ ယေရှု​က “လူတွေ ကျွန်တော့်ကို ဘယ်သူလို့ ပြော​ကြသလဲ” လို့​မေးတယ်။ အဲဒီအခါ ပေတရုဟာ ယေရှုရဲ့ စူးရှ​တဲ့ မျက်လုံးကို​ကြည့်ပြီး သခင်ရဲ့ ကြင်နာမှု​နဲ့ ထက်မြက်​တဲ့ ဉာဏ်ရည်ကို အကဲခတ်​မိ​ပုံ​ရတယ်။ လူအုပ်​အနေနဲ့ မြင်ရ၊ ကြား​ရတာတွေကို ဘယ်လို ကောက်ချက်ချ​သလဲ​လို့ ယေရှု သိချင်​နေတယ်။ တပည့်​တွေ​က ယေရှု ဘယ်သူဘယ်ဝါ ဖြစ်တယ်လို့ လူတွေ အထင်မှား​ပြီး ပြော​နေကြတာ​တွေကို ပြန်​ပြောပြ​ကြတယ်။ ဒါပေမဲ့ အဲဒီထက်မက ယေရှု သိချင်​တာ။ တပည့်​ရင်း​တွေ​က​ကော သူတို့​လို​ပဲ ထင်နေ​ကြသလား။ ဒါနဲ့ ယေရှု​က “ခင်ဗျားတို့​ကော ကျွန်တော့်ကို ဘယ်သူလို့ ပြောမလဲ” ဆိုပြီး မေးတယ်။—လု. ၉:၁၈-၂၀

၁၃ ဒီ​တစ်ကြိမ်လည်း ပေတရု ချက်ချင်း ပြန်​ဖြေတယ်။ အဲဒီမှာ​ရှိတဲ့​သူ အားလုံးရဲ့ ကောက်ချက်​ကို ရှင်းရှင်းလင်းလင်း၊ ရဲရဲဝံ့ဝံ့ ဖော်ပြ​လိုက်တယ်။ “သခင်ဟာ ခရစ်တော်​ပဲ။ အသက်ရှင်​နေတဲ့ ဘုရားသခင်ရဲ့ သားပါ။” ပေတရု​ကို ချီးမွမ်း​ရင်း ယေရှု ပြုံး​နေတာကို မြင်ယောင်​ကြည့်ပါ။ အဲဒီ​အရေးကြီးတဲ့ အမှန်တရားကို စစ်မှန်တဲ့ ယုံကြည်ခြင်း​ရှိသူတွေ ရှင်းရှင်းလင်းလင်း သိနားလည်အောင် ဖော်ပြတာ​က ယေဟောဝါ​ဘုရား​ပဲ​ဆိုတာ ပေတရု​ကို ယေရှု သတိ​ရစေတယ်။ ယေဟောဝါ​ဘုရား ဖော်​ပြ​နေ​တဲ့ အရေး​ကြီး​ဆုံး အမှန်​တရား​တစ်​ခု​ဖြစ်တဲ့ ကြို​ဟောထားတဲ့ မေရှိယ၊ ခရစ်တော်ဟာ ဘယ်သူဘယ်ဝါ ဖြစ်မှန်း ပေတရု သိ​ခွင့်​ရ​လိုက်တယ်။မဿဲ ၁၆:၁၆၊ ၁၇ ကိုဖတ်ပါ။

၁၄။ ယေရှုဟာ ပေတရု​ကို ဘယ်​အရေးကြီးတဲ့ တာဝန်တွေ အပ်နှင်းခဲ့​သလဲ။

၁၄ ခရစ်​တော်​ကို ရှေး​ပ​ရော​ဖက်​ပြု​ချက်​တွေ​မှာ တိုက်​ကို​တည်​လုပ်​တဲ့​သူ​တွေ ပယ်​ထား​တဲ့​ကျောက်​ဆို​ပြီး ခေါ်​ဆို​ထား​တ​ယ်။ (ဆာ. ၁၁၈:၂၂။ လု. ၂၀:၁၇) ဒီ​ကျောက်​ဆောင်​ပေါ်​မှာ အသင်း​တော်​ကို ယေဟောဝါ​ဘုရား တည်​ထောင်​မ​ယ်​လို့ ယေရှု​ဆ​က်​ဖော်​ပြ​တဲ့​အခါ အဲဒီ ပရော​ဖက်​ပြု​ချက်​တွေ​ကို ယေရှု ရ​ည်​ညွှန်း​နေ​တာ ဖြစ်​တ​ယ်။ အဲဒီနောက် ယေရှုဟာ ပေတရု​ကို တကယ် အရေးကြီးတဲ့ အသင်းတော် တာဝန်​တချို့ အပ်နှင်းခဲ့​တ​ယ်။ လူတချို့ ယူဆ​သလို ပေတရု​ကို တခြား​တမန်တော်တွေ​ထက် ပို​အရေး​ပေးတာ မဟုတ်ဘဲ တာဝန်တွေ ပေး​နေတာ​ဖြစ်တယ်။ ပေတရု​ကို ကောင်းကင်​နိုင်ငံရဲ့ “သော့​တွေ” ကို အပ်နှင်းခဲ့​တ​ယ်။ (မ. ၁၆:၁၉) ပေတရုရဲ့​တာဝန်​က ဘုရားသခင့် နိုင်ငံတော် မျှော်လင့်ချက်ကို ပထမဆုံး ဂျူးလူမျိုး၊ အဲဒီနောက် ရှမာရိ​လူမျိုး၊ နောက်ဆုံး လူမျိုးခြားတွေ ရရှိစေ​ရဖို့ ဖြစ်တယ်။

၁၅။ ယေရှုကို ပေတရု ဘာကြောင့် အပြစ်​တင်​ခဲ့သလဲ။ ဘယ်လို စကားတွေ ပြောခဲ့​သလဲ။

၁၅ နောက်ပိုင်းမှာ ယေရှု​က အများကြီး ပေးအပ်​ခံရသူ ဆီကနေ အများကြီး ပြန်​တောင်း​လိမ့်မယ်လို့ ပြောခဲ့တာ မှန်ကန်တယ်​ဆိုတာ ပေတရုရဲ့ အဖြစ်​က ဖော်ပြတယ်။ (လု. ၁၂:၄၈) ယေရှု​က မကြာခင်မှာ မိမိ ဂျေရုဆလင်​မြို့ကို​သွားပြီး ဒုက္ခ​အများကြီး ခံရမယ်၊ အဲဒီနောက် အသတ်​ခံရမယ်ဆို​တဲ့ အကြောင်း​တွေ အပါအဝင် မေရှိယ​နဲ့ ဆိုင်တဲ့ အရေးကြီး အမှန်တရားတွေကို ဆ​က်​ရှင်းပြတယ်။ အဲဒါတွေကို ကြား​လိုက်ရ​တဲ့အခါ ပေတရု စိတ်​အနှောင့်အယှက်​ဖြစ်လို့ ယေရှုကို ခေါ်ထုတ်​ပြီး “သခင်၊ ကိုယ့်ကိုယ်ကိုယ် သက်ညှာပါဦး။ ဒီလို​အဖြစ်မျိုး​ကို သခင် ဘယ်တော့မှ ကြုံရမှာ မဟုတ်ဘူး” လို့ အပြစ်​တင်တယ်။—မ. ၁၆:၂၁၊ ၂၂

၁၆။ ပေတရု​ကို ယေရှု ဘယ်လို ဆုံးမခဲ့​သလဲ။ ယေရှုရဲ့ စကားတွေ​ကနေ ဘယ်​လက်တွေ့ကျ သွန်သင်ချက် ရနိုင်သလဲ။

၁၆ ပေတရု စေတနာ​နဲ့ ပြော​နေတာ​ဖြစ်လို့ ယေရှု ပြန်​ပြောတာကို ကြားတဲ့​အခါ အံ့အားသင့်​သွားမှာပဲ။ ယေရှု​က ပေတရု​ကို မျက်နှာလွှဲ​လိုက်ပြီး အတွေး​ချင်း​တူ​နိုင်တဲ့ တခြား​တပည့်​တွေကို ကြည့်ရင်း “စာတန်၊ ထွက်​သွားပါ။ ခင်ဗျားဟာ ကျွန်တော့်​အတွက် ဆူးငြောင့်ခလုတ်​ပဲ။ ခင်ဗျား​က ဘုရားသခင် စဉ်းစား​သလို မစဉ်းစား​ဘဲ လူတွေ​စဉ်းစား​သလို စဉ်းစား​နေတယ်” လို့ ပြောတယ်။ (မ. ၁၆:၂၃။ မာ. ၈:၃၂၊ ၃၃) ယေရှုရဲ့ စကားက ကျွန်တော်တို့​အားလုံး​အတွက် လက်တွေ့ကျတဲ့ သွန်သင်ချက်​ပါပဲ။ ဘုရားသခင် စဉ်းစား​ပုံ​ထက် လူ့​စဉ်းစား​ပုံကို ဦးစား​ပေး​မိဖို့ အရမ်း​လွယ်ကူတယ်။ အဲဒီလို​ဆိုရင် ရည်ရွယ်ချက် ဘယ်လောက်​ပဲ​ကောင်းကောင်း ဘုရားသခင်​အစား စာတန်ကို ထောက်​ခံ​မိ​လျက်​သား ဖြစ်​သွား​နိုင်​တ​ယ်။ အဲဒီအခါ ပေတရု ဘယ်လို တုံ့ပြန်​သလဲ။

၁၇။ ပေတရု​ကို “ထွက်​သွားပါ” လို့ ယေရှု​ပြောတာက ဘာ​အဓိပ္ပာယ်​ရှိသလဲ။

၁၇ ယေရှု​က သူ့ကို စာတန်​မာရ်နတ်လို့ ခေါ်​နေတာ မဟုတ်မှန်း ပေတရု သိ​မှာပါ။ စာတန်ကို ယေရှု ပြောခဲ့​သလို ပေတရု​ကို မပြော​ပါဘူး။ စာတန်ကို ယေရှု​က “စာတန်၊ ထွက်သွား​စမ်း” လို့ ပစ်​ပစ်​ခါ​ခါ ပြောခဲ့တယ်။ (မ. ၄:၁၀) ယေရှု​ဟာ အရည်​အသွေး​ကောင်း အများကြီး​ရှိ​တဲ့ ဒီ​တမန်​တော်​ကို ငြင်း​ပယ်​လိုက်​တာ မဟုတ်​ဘူး။ မှား​နေ​တဲ့ သူ့​ရဲ့ စဉ်း​စား​ပုံ​ကို တည့်​မတ်​ပေး​ရုံ​သာ ​ဖြစ်​တ​ယ်။ ပေတရုဟာ သူ့သခင်​ကို တိုက်မိ​လဲ​စေမယ့်​အစား ထောက်မပေး​သင့်တယ်။

ဆုံးမမှုကို နှိမ့်ချတဲ့​စိတ်နဲ့ လက်ခံ​ပြီး သင်ခန်းစာယူ​မှ​သာ ယေရှု​ခရစ်၊ သူ့​ဖခင် ယေဟောဝါ​ဘုရားနဲ့ ပိုပြီး​ရင်းနှီး​လာနိုင်​မှာဖြစ်

၁၈။ သစ္စာရှိ​မှု​ကို ပေတရု ဘယ်လို တင်ပြခဲ့​သလဲ။ သူ့ကို ဘယ်လို အတုယူ​နိုင်သလဲ။

၁၈ ဒီ​အခါ ပေတရု ပြန်​ခံပြော​သလား၊ စိတ်ဆိုး​သလား၊ မကျေမနပ် ဖြစ်ခဲ့​သလား။ အဲဒီလို ဖြစ်မယ့်​အစား နှိမ့်ချတဲ့​စိတ်နဲ့ ဆုံးမ​စကားကို လက်ခံခဲ့တယ်။ ဒီလို​နည်းနဲ့ ပေတရုဟာ သစ္စာရှိ​မှု​ကို နောက်ထပ်​တစ်ခါ ပြ​ပြန်တယ်။ ခရစ်တော်ရဲ့ နောက်လိုက်​အားလုံးဟာ တစ်ချိန်​မဟုတ် တစ်ချိန် ဆုံးမခံ​ရ​မှာပါ။ အဲဒီအခါ နှိမ့်ချတဲ့​သဘော​နဲ့ လက်ခံ​ပြီး သင်ခန်းစာယူ​မှ​သာ ယေရှု​ခရစ်၊ သူ့​ဖခင် ယေဟောဝါ​ဘုရားနဲ့ ပို​ရင်းနှီး​လာ​မှာ ဖြစ်တယ်။ပညာအလိမ္မာ ၄:၁၃ ကိုဖတ်ပါ။

ပေတရုဟာ တည့်မတ်​ပေး ခံရချိန်မှာတောင် သစ္စာ​ရှိကြောင်း ပြခဲ့

သစ္စာ​စောင့်သိတဲ့​အတွက် ကောင်းချီး​ခံစားရ

၁၉။ အံ့အားသင့်​စ​ရာ ဘယ်​စကားကို ယေရှု ပြောခဲ့​သလဲ။ ပေတရု ဘယ်လို ထင်​မိ​နိုင်သလဲ။

၁၉ မကြာခင်မှာပဲ ယေရှု​က “ကျွန်တော် မှန်တာကို​ပြောမယ်။ ဒီမှာ​ရပ်နေသူ​တချို့ဟာ နိုင်ငံတော်​နဲ့​ရောက်လာတဲ့ လူသားကို မမြင်ရခင် သေဆုံး​မှာ မဟုတ်ဘူး” လို့ အံ့အားသင့်​စ​ရာ စကားတွေကို ပြောတယ်။ (မ. ၁၆:၂၈) ယေရှု ဘာကို ဆိုလိုသလဲ​ဆိုတာ ပေတရု သိချင်​နေမှာ​ပဲ။ အခု​လေး​တင် ပြင်းပြင်းထန်ထန် ဆုံးမခံ​လိုက်ရ​တဲ့​အတွက် အခွင့်ထူး​တွေ ထပ်​ရတော့​မှာ မဟုတ်ပါဘူးလို့ ထင်နေ​မှာ​ပဲ။

၂၀၊ ၂၁။ (က) ပေတရု တွေ့ခဲ့​တဲ့ စိတ်အာရုံ​ကို ဖော်ပြပါ။ (ခ) စိတ်အာရုံ​ထဲ​က လူတွေရဲ့ စကားတွေ​ကနေ ပေတရု ဘာ​သိလာ​သလဲ။

၂၀ တစ်ပတ်လောက် ကြာ​တော့ ယေရှုဟာ ယာကုပ်၊ ယောဟန်၊ ပေတရုတို့​ကို သိပ်​မ​ဝေး​တဲ့ “အလွန်​မြင့်တဲ့” ဟေရမုန် “တောင်ပေါ်” ခေါ်သွားတယ်။ သူတို့​သုံးယောက်စလုံး အိပ်ငိုက်​နေကြ​တဲ့​အတွက် အဲဒီ​အချိန်ဟာ ည ဖြစ်နိုင်တယ်။ ဒါပေမဲ့ ယေရှု ဆုတောင်း​နေတုန်း အိပ်​ငိုက်​နေ​တဲ့​သူတွေ မျက်​လုံး​ကျယ်​သွားတဲ့ အဖြစ်အပျက်​တစ်ခု ဖြစ်ခဲ့တယ်။—မ. ၁၇:၁။ လု. ၉:၂၈၊ ၂၉၊ ၃၂

၂၁ သူတို့​မျက်စိရှေ့​တင် ယေရှု ကိုယ်ယောင်ပြောင်း​သွားတယ်။ မျက်နှာဟာ နေ​လို​ပဲ လင်းလက်​တောက်ပ နေတယ်။ အဝတ်အစားတွေကလည်း ဖြူဖွေး​တောက်ပြောင်​နေတယ်။ အဲဒီနောက် ယေရှု​အနားမှာ မောရှေ​နဲ့ ဧလိယ​တို့ကို ကိုယ်စား​ပြုတဲ့ ပုံသဏ္ဌာန်​နှစ်ခု ပေါ်လာတယ်။ သူတို့က “ဂျေရုဆလင်​မြို့မှာ ပြည့်စုံတော့မယ့် ယေရှုရဲ့ ထွက်ခွာ​ခြင်း​အကြောင်း ပြော​နေ” ကြတယ်။ အဲဒါက ယေရှုရဲ့ သေခြင်းနဲ့ ထမြောက်ခြင်း​အကြောင်း ဖြစ်နိုင်တယ်။ နာကျင်မှု​တွေကို ယေရှု ခံစား​ရမှာ မဟုတ်ဘူးလို့ ပြောခဲ့တာ တကယ် မှားတယ်​ဆိုတာ ပေတရု သိလာတယ်။—လု. ၉:၃၀၊ ၃၁

၂၂၊ ၂၃။ (က) စိတ်ထက်သန်​ပြီး ကြင်နာတဲ့ စိတ်ထား​ကို ပေတရု ဘယ်လို တင်ပြခဲ့​သလဲ။ (ခ) ပေတရု၊ ယာကုပ်၊ ယောဟန်တို့​ဟာ အဲဒီ​ညမှာ​ပဲ နောက်ထပ် ဘယ်​ကောင်းချီး​တစ်ခု ရခဲ့​သေး​သလဲ။

၂၂ ဒီ​ထူးခြားတဲ့ စိတ်အာရုံမှာ သူလည်း ပါဝင်​သင့်တယ်၊ စိတ်အာရုံ​ပို​ကြာ​အောင် အချိန်ဆွဲ​ထားသင့်​တယ်လို့ ပေတရု ယူဆ​ပုံ​ရတယ်။ မောရှေ​နဲ့ ဧလိယဟာ ယေရှု​ဆီကနေ ထွက်ခွာ​သွားတော့မယ့်​ပုံပဲ။ ဒါနဲ့ ပေတရု​က “ဆရာ၊ ကျွန်တော်တို့ ဒီမှာ​ရှိနေ​ရတာ အခွင့်ထူးပါ။ ဒါကြောင့် ဒီမှာ တဲ​သုံးလုံး ဆောက်​ပေးပါ​ရစေ။ ဆရာ့​အတွက် တစ်လုံး၊ မောရှေ​အတွက် တစ်လုံး၊ ဧလိယ​အတွက် တစ်လုံးပေါ့” လို့​ပြော​လိုက်တယ်။ စိတ်အာရုံ​ထဲ ပေါ်လာတဲ့ ရှေး​တုန်း​က သေဆုံး​ခဲ့​တဲ့ ယေဟောဝါရဲ့ ကျေးကျွန် နှစ်ယောက်​အတွက် တဲ​ဆောက်​ပေး​စ​ရာ မလိုပါဘူး။ ပေတရုဟာ ပြော​မိ​ပြော​ရာ ပြော​လိုက်​တာ​ဖြစ်တယ်။ ဘယ်လိုပဲ​ဖြစ်ဖြစ် သူ့ရဲ့ စိတ်ထက်သန်​ပြီး ကြင်နာ​တတ်တဲ့ စိတ်ထား​ကြောင့် သူ့ကို သဘောကျ​မှာပါ။—လု. ၉:၃၃

ပေတရုဟာ ယာကုပ်၊ ယောဟန်တို့​နဲ့​အတူ စိတ်လှုပ်ရှားစရာ စိတ်အာရုံ​ကို မြင်တွေ့ခွင့်​ရခဲ့

၂၃ အဲဒီ​ညမှာ ပေတရု၊ ယာကုပ်၊ ယောဟန်တို့​ဟာ နောက်ထပ် ကောင်းချီး​တစ်ခု ရခဲ့​သေးတယ်။ တိမ်​တိုက်​တစ်ခုပေါ်​လာပြီး သူတို့​အပေါ် အရိပ်​ကျ​လာတယ်။ ဒီ​အခါ “သူဟာ ငါ​ရွေးချယ်​တဲ့ ငါရဲ့​ချစ်သားပဲ။ သူ့​စကားကို နားထောင်ကြ” ဆိုတဲ့​အသံ တိမ်​တိုက်​ထဲ​ကနေ ထွက်​လာတယ်။ အဲဒါက ယေဟောဝါ​ဘုရားရဲ့ အသံ​ဖြစ်တယ်။ အဲဒီနောက် စိတ်အာရုံ ပျောက်ကွယ်​သွားပြီး တောင်ပေါ်မှာ ယေရှုနဲ့ သူတို့​ပဲ ကျန်ခဲ့တယ်။—လု. ၉:၃၄-၃၆

၂၄။ (က) ယေရှု ကိုယ်ယောင်​ပြောင်းလဲတဲ့ စိတ်အာရုံ​ကနေ ပေတရု ဘာ​အကျိုး​ရခဲ့​သလဲ။ (ခ) ဒီ​စိတ်အာရုံ​ကနေ ကျွန်တော်တို့ ဘယ်လို အကျိုး​ရနိုင်သလဲ။

၂၄ အဲဒီ စိတ်အာရုံဟာ ပေတရု​အတွက်သာ​မ​က ကျွန်တော်တို့​အတွက်ပါ တကယ့်​ကောင်းချီး​တစ်ခုပါပဲ။ အဲဒီ​ညမှာ ယေရှုကို ဂုဏ်​အသရေ​ရှိတဲ့ ကောင်းကင်​ဘုရင်အဖြစ် “သူ့ရဲ့ ကြီးမြတ်​လှတဲ့ ဘုန်းအသရေ​ကို . . . ကိုယ်တိုင် မြင်ခဲ့​ရ” တယ်လို့ နောက်ပိုင်း ဆယ်စုနှစ်ချီ အကြာမှာ ပေတရု ရေးခဲ့တယ်။ အဲဒီ စိတ်အာရုံဟာ ကျမ်းစာပါ ပရောဖက်ပြုချက် အတော်များများ မှန်ကန်တယ်​ဆိုတာ ဖော်ပြပြီး ပေတရု ကြုံတွေ့​ရမယ့် အခက်အခဲတွေကို ခံရပ်​နိုင်ဖို့ သူ့ရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့​စေခဲ့တယ်။ (၂ ပေတရု ၁:၁၆-၁၉ ကိုဖတ်ပါ။) ကျွန်တော်တို့လည်း ပေတရု​လို ယေဟောဝါ​ခန့်အပ်ထား​တဲ့ သခင်​ကို ဆက်သစ္စာ​ရှိမယ်၊ သူ့ဆီကနေ သင်ယူမယ်၊ သူ့ရဲ့​ဆုံးမမှုကို ခံယူပြီး နေ့စဉ် နှိမ့်ချတဲ့​စိတ်နဲ့ သူ့​နောက်​လိုက်မယ်​ဆိုရင် အဲဒီ​စိတ်အာရုံ​က ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့​စေနိုင်ပါတယ်။

^ အပိုဒ်၊ 6 မ​နေ့​က​ပဲ ယေရှုရဲ့ ဟောပြောချက်ကို ကြား​ပြီး သူဟာ ဘုရားသခင်ရဲ့ ပရောဖက်​ဖြစ်တယ်လို့ ထက်ထက်သန်သန် တုံ့ပြန်​ခဲ့​ကြ​ပုံ​နဲ့ ဒီ​က​နေ့ တရားဇရပ်မှာ သူတို့ တုံ့ပြန်ပုံကို နှိုင်းယှဉ်​ကြည့်ရင် အဲဒီ​လူတွေရဲ့ စိတ် အပြောင်းအလဲ​မြန်​ပုံကို ထင်ထင်ရှားရှား တွေ့မြင်နိုင်တယ်။—ယော. ၆:၁၄

^ အပိုဒ်၊ 11 ပင်လယ်ရေ မျက်နှာပြင်​အောက် ပေ ၇၀​၀ လောက်​နိမ့်​တဲ့ ဂါလိလဲ ကမ်းခြေ​ကနေ ပင်လယ်ရေ မျက်နှာပြင် အထက် ပေ ၁,၁၅၀ လောက်​မြင့်တဲ့ ကြည်နူးစရာ သ​ဘာ​၀​ရှုခင်း​တွေကို ဖြတ်သန်း​ပြီး မိုင် ၃၀ ခရီးနှင်​ခဲ့​ကြတယ်။