မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ခုနစ်

“ယေဟောဝါရှေ့မှာ ကြီးပြင်းလာ”

“ယေဟောဝါရှေ့မှာ ကြီးပြင်းလာ”

၁၊ ၂။ ဘယ်လို အခြေအနေ​မျိုးမှာ အစ္စရေး​လူတွေကို ရှမွေလ စကားပြော​ခဲ့သလဲ။ သူတို့ အသိတရား​ ဝင်လာ​အောင် လုပ်ဖို့ ဘာကြောင့် လို​နေတာလဲ။

ရှမွေလ​က လူတွေရဲ့ မျက်နှာကို သေသေချာချာ စိုက်ကြည့်​လိုက်တယ်။ ပရောဖက်​အဖြစ်၊ တရားသူကြီး​အဖြစ် ဆယ်စုနှစ်ချီ အမှုဆောင်ခဲ့တဲ့ သစ္စာ​ရှိသူ ရှမွေလ ဆင့်ခေါ်​လိုက်လို့ ဂိလဂါလ​မြို့မှာ လူမျိုး​တစ်မျိုးလုံး စုဝေး​နေ​ကြတယ်။ အဲဒီ​အချိန်​က ဒီနေ့​ခေတ် ပြက္ခဒိန်​အရ​ဆိုရင် မေ​လ ဒါမှမဟုတ် ဇွန်​လ ဖြစ်ပါတယ်။ အဲဒီ​ဒေသမှာ ခြောက်သွေ့​ရာသီ အစ​ပြု​နေ​ပါပြီ။ ဝင်းမှည့်​နေတဲ့ ဂျုံစပါးခင်း​တွေ​က​လ​ည်း ရိတ်သိမ်း​ဖို့ အသင့်​ဖြစ်နေပြီ။ လူအုပ်​ကတော့ တိတ်ဆိတ်​နေတယ်။ သူတို့ နားလည်အောင် ရှမွေလ ဘယ်လို​ပြော​ရ​ပါ့​မလဲ။

အခြေအနေ​က ဘယ်လောက် ဆိုးတယ်​ဆိုတာ ဒီ​လူတွေ သဘောမပေါက်​ကြဘူး။ သူတို့ကို အုပ်ချုပ်​ဖို့ ဘုရင်​တစ်ပါး ခန့်အပ်​ပေးပါ​ဆိုပြီး မရ​မ​က တောင်းဆို​ကြ​တာ။ ဒီလို​တောင်းဆိုတာ​က သူတို့ရဲ့ ဘုရားသခင် ယေဟောဝါနဲ့ ကိုယ်တော့် ပရောဖက်​ကို မလေးစား​လွန်း​ရာ ကျတယ်​ဆိုတာ နားမလည်​ဘူး။ တကယ်တော့ ဘုရင်အဖြစ် ယေဟောဝါ​ဘုရား အုပ်ချုပ်​နေတာကို သူတို့ ငြင်းပယ်​လိုက်တာပဲ။ ဒီ​လူတွေ အသိတရား ဝင်​လာ​အောင် ရှမွေလ ဘယ်လို ပြော​ရ​ပါ့​မလဲ။

မကောင်းတဲ့​သူတွေ​ကြားမှာ နေရ​ပေမဲ့ ယေဟောဝါ​ဘုရား​အပေါ် ယုံကြည်ခြင်း တည်ဆောက်ဖို့ လူငယ်​ရှမွေလ​ဆီကနေ သင်ယူစရာ အများကြီး​ရှိ

၃၊ ၄။ (က) ရှမွေလ​က သူ့ရဲ့ လူငယ်​ဘဝ​အကြောင်း ဘာကြောင့် ပြန်​ပြောခဲ့တာ​လဲ။ (ခ) ရှမွေလရဲ့ ယုံကြည်ခြင်း စံနမူနာ​က ဒီနေ့​ခေတ် ကျွန်တော်တို့​အတွက် ဘာကြောင့် အကျိုးရှိ​သလဲ။

ဒါနဲ့ ရှမွေလ​က “ကျွန်တော်ကတော့ အိုမင်း​ပြီး ဆံ​ဖြူ​နေပြီ”လို့ လူအုပ်​ကို ပြော​လိုက်တယ်။ ဖြူဖွေး​နေတဲ့ သူ့ရဲ့ ဆံပင်​က သူ့​စကားကို ပိုပြီး လေးနက်​စေ​မှာပါ။ အဲဒီနောက် “ကျွန်တော်က ငယ်ငယ်​ကတည်းက​နေ အခု​အချိန်အထိ ခင်ဗျားတို့ကို ဦးဆောင်ခဲ့​တ​ယ်” ဆိုပြီး ဆက်ပြောတယ်။ (၁ ရှ. ၁၁:၁၄၊ ၁၅။ ၁၂:၂) ရှမွေလ​ဟာ အသက်ကြီး​နေပေမဲ့ သူ့ရဲ့ လူငယ်​ဘဝကို မမေ့​သေး​ပါဘူး။ ငယ်စဉ်​က အဖြစ်အပျက်တွေကို သူ ကောင်းကောင်း မှတ်မိ​နေတုန်းပဲ။ လူငယ်​ဘဝမှာ ချ​ခဲ့​တဲ့ သူ့ရဲ့ ဆုံးဖြတ်​ချက်တွေက ယေဟောဝါ​ဘုရားကို ယုံကြည်ပြီး အကြွင်းမဲ့​ဝတ်ပြုဖို့ လမ်းကြောင်း ပေးခဲ့တယ်။

ယုံကြည်ခြင်း​မရှိ၊ သစ္စာမဲ့​တဲ့ လူတွေ​အလယ်မှာ ရှမွေလ နေရလို့ သူ့ရဲ့​ယုံကြည်ခြင်းကို ထိန်းသိမ်း​ကာကွယ်ဖို့ အတော်လေး ကြိုးစား​ခဲ့​ရတယ်။ ဒီနေ့​ခေတ်မှာ ကျွန်တော်တို့လည်း ယုံကြည်ခြင်း​မရှိ၊ အကျင့်ပျက်​တဲ့ ကမ္ဘာပေါ်မှာ အသက်ရှင်​နေရတဲ့​အတွက် ယုံကြည်ခြင်း​ရှိဖို့ မလွယ်​ဘူး။ (လုကာ ၁၈:၈ ကိုဖတ်ပါ။) ဒါကြောင့် ရှမွေလရဲ့ ငယ်စဉ်ဘဝ​က​စပြီး အို​တဲ့​အထိ သူ့ရဲ့ စံနမူနာ​ကနေ ဘာ​သင်ယူနိုင်တယ်​ဆိုတာ ကြည့်ကြစို့။

‘လူငယ်လေး​ဖြစ်တဲ့ ရှမွေလ ယေဟောဝါ​ရှေ့မှာ အမှုဆောင်​နေ’

၅၊ ၆။ ရှမွေလရဲ့ လူငယ်​ဘဝက တခြား​သူတွေနဲ့ ဘယ်လို ကွာခြား​သလဲ။ သူ့ကို စောင့်ရှောက်​ကြမယ်​လို့ မိဘတွေ ဘာကြောင့် ယုံကြည်​စိတ်ချ​သလဲ။

ရှမွေလရဲ့ လူငယ်​ဘဝက တခြား​သူတွေနဲ့ မတူဘူး။ နို့​ဖြတ်​ပြီး​တဲ့​အရွယ် သုံးနှစ် ဒါမှမဟုတ် သုံးနှစ်​ကျော်ကျော် အရွယ်​ကတည်းက ရှိလော​မြို့မှာ​ရှိတဲ့ ယေဟောဝါ​ဘုရားရဲ့ ၀​တ်​ပြု​ရာ​တဲတော်မှာ သူ အမှုဆောင်ခဲ့တယ်။ ရှိလော​မြို့ဟာ သူ​နေထိုင်တဲ့ ရာ​မ​မြို့ကနေ မိုင် ၂၀ ကျော်​ဝေး​တ​ယ်။ မိဘ​နှစ်ပါး​ဖြစ်တဲ့ ဧလကာန​နဲ့ ဟန္န​တို့​က သူ့ကို တစ်သက်လုံး နာဇရိ​လူ​ဖြစ်ဖို့ ယေဟောဝါ​ဘုရားဆီ အပ်နှံ​ထား​ကြ​တာ။ * မိဘတွေက ရှမွေလ​ကို မချစ်​လို့ စွန့်ပစ်​လိုက်တဲ့ သဘော​လား။

လုံးဝ​မဟုတ်ပါဘူး။ ရှိလော​မြို့မှာ​နေတဲ့ သားလေး​ကို ကြည့်ရှု​စောင့်ရှောက်​ပေး​ကြမယ်​ဆိုတာ မိဘတွေ သိထားတယ်။ ရှမွေလ​က ပုရောဟိတ်မင်း ဧလိနဲ့ အနီးကပ် အလုပ်လုပ်​မှာ ဖြစ်တဲ့အတွက် ဧလိ​လ​ည်း ကြည့်ရှု​ပေးမှာ သေချာတယ်။ ဝတ်ပြုရာ​တဲတော်မှာ အမှုဆောင်​နေကြ​တဲ့ အမျိုးသမီး​တွေ​က​လ​ည်း ဝိုင်းဝန်း စောင့်ရှောက်​ပေးကြမှာ သေချာတယ်။—ထွ. ၃၈:၈။ သူကြီး. ၁၁:၃၄-၄၀

၇၊ ၈။ (က) ရှမွေလရဲ့ မိဘတွေက သားလေး​ကို နှစ်​တိုင်း ဘယ်လို အားပေး​သလဲ။ (ခ) ရှမွေလရဲ့ မိဘတွေဆီကနေ ဒီနေ့​ခေတ် မိဘတွေ ဘာသင်ယူနိုင်သလဲ။

အဲဒီအပြင် ဧလကာန​နဲ့ ဟန္န​တို့ဟာ ဆုတောင်း​လို့​ရတဲ့ ချစ်​ရတဲ့ သားဦးလေးကို ဘယ်တော့မှ မမေ့ဘူး။ ဟန္န​က သားလေး​ရဖို့ ဆုတောင်းပြီး သားကို ဘုရားသခင့်​အမှုဆောင်ဖို့ အပ်နှံ​ပါ့​မ​ယ်​လို့ ကတိပေး​ခဲ့​တာ။ နှစ်​တိုင်း ရှမွေလ​ရှိတဲ့ တဲတော်​ကို ဟန္န​သွားတဲ့အခါ သားလေး​အမှုဆောင်​ချိန်မှာ ဝတ်ဖို့ ကိုယ်တိုင်​ချုပ်​ထားတဲ့ ဝတ်ရုံ​လေး ယူသွား​ပေးတယ်။ အမေ​ရောက်လာတဲ့​အခါ ရှမွေလ​လေး ဘယ်လောက် ပျော်လိုက်မလဲ။ ဝတ်ပြုရာ​အိမ်တော်မှာ ယေဟောဝါ​ဘုရားရဲ့ အမှုကို​ဆောင်​ရတာက တကယ့်​အခွင့်ထူး ဖြစ်တယ်​ဆိုပြီး မိဘတွေ ပြောပြ​တာ၊ အားပေး​တာ​တွေ​က သူ့​အတွက် အားရှိစရာ​ဖြစ်မှာ သေချာတယ်။

ဒီနေ့​ခေတ် မိဘတွေဟာ ဧလကာန​နဲ့ ဟန္န​တို့​ဆီကနေ အများကြီး သင်ယူနိုင်တယ်။ မိဘ​အများစုဟာ ကလေးတွေကို ပြုစု​ပျိုးထောင်​တဲ့အခါ ယေဟောဝါ​ဘုရားနဲ့ ပို​ရင်းနှီး​လာ​အောင် သင်​ပေးမယ့်​အစား ကာယရေး လိုအပ်ချက်တွေကို​ပဲ ဦးစား​ပေး ဂရုစိုက်​တတ်ကြတယ်။ ရှမွေလရဲ့ မိဘတွေ​ကျတော့ မိသားစု​လိုက် ဘုရားနဲ့ ပို​ရင်းနှီး​လာဖို့​ကို ဦးစား​ထား​ကြတယ်။ ဒါကြောင့် ရှ​မွေ​လ​ဟာ ယုံ​ကြည်​ခြင်း ခိုင်​မြဲ​တဲ့​သူ​အဖြစ် ကြီး​ပြင်း​လာ​ခဲ့​တ​ယ်။ပညာအလိမ္မာ ၂၂:၆ ကိုဖတ်ပါ။

၉၊ ၁၀။ (က) ဝတ်ပြုရာ​တဲတော်​ရဲ့ ပုံစံ​နဲ့ တဲတော်​အပေါ်​ထားရှိတဲ့ လူငယ်​ရှမွေလရဲ့ ခံစားချက်ကို ပြောပြပါ။ (အောက်ခြေမှတ်ချက်​ကိုလည်း ကြည့်ပါ။) (ခ) ရှမွေလရဲ့ တာဝန်တွေ​က ဘာတွေလဲ။ ဒီနေ့​ခေတ်​လူငယ်တွေ ရှမွေလ​ကို ဘယ်လို အတုယူ​နိုင်သလဲ။

ရှမွေလ​လေး တဖြည်းဖြည်း ကြီးလာ​ပြီး ရှိလော​မြို့ ပတ်ဝန်းကျင်​က တောင်ကုန်း​တွေ​ပေါ်မှာ လျှောက်​လ​ည်​တာ​ကို မြင်ယောင်​ကြည့်​လိုက်ပါ။ တောင်ကုန်း​ပေါ်ကနေ ကြည့်လိုက်တဲ့​အခါ ရှိလော​မြို့​နဲ့ မြို့​တစ်ဖက်​က ချိုင့်ဝှမ်း​ကို တွေ့ရ​လိမ့်မယ်။ အဲဒီအခါ ယေဟောဝါ​ဘုရားရဲ့ ဝတ်ပြုရာ​တဲတော်​ကို သူ​တွေ့ပြီး စိတ်​ကြည်နူး၊ ဂုဏ်ယူမိ​မှာ​ပဲ။ ဒီ​ဝတ်ပြုရာ​တဲတော်ဟာ တကယ် မြင့်မြတ်တဲ့​နေရာ​ပါ။ * ဒီ​ဝတ်ပြုရာ​တဲတော်​ကို လွန်ခဲ့တဲ့ အနှစ် ၄၀​၀ နီးပါး​က မောရှေ​ကိုယ်တိုင် ကြီးကြပ်​ဆောက်လုပ်ခဲ့​တာ​ဖြစ်ပြီး ယေဟောဝါ​ဘုရားကို အဲဒီ​နေရာမှာပဲ ဝတ်ပြု​ကြတယ်။

၁၀ လူငယ်​ရှမွေလ​ဟာ ဝတ်ပြုရာ​တဲတော်မှာ အမှုဆောင်​ရတာကို ပိုပြီး တန်ဖိုးထား​လာတယ်။ နောက်ပိုင်း သူကိုယ်တိုင် ရေး​တဲ့ ကျမ်း​မှတ်တမ်းမှာ “လူငယ်လေး​ဖြစ်တဲ့ ရှမွေလ​ကတော့ ချည်​သင်တိုင်း​ကို ဝတ်​ပြီး ယေဟောဝါ​ရှေ့မှာ အမှုဆောင်​နေတယ်” လို့ ဖတ်​ရတယ်။ (၁ ရှ. ၂:၁၈) ရှမွေလ​ဝတ်​တဲ့ အပေါ်ဝတ်ရုံ​က တဲတော်မှာ​ရှိတဲ့ ပုရောဟိတ်တွေကို သူ​ကူညီ​ပေးတယ်ဆိုတာ ဖော်ပြတယ်။ ရှမွေလ​ဟာ ပုရောဟိတ်​အတန်း​စား မဟုတ်ပေမဲ့ ဝတ်ပြုရာ​တဲတော်​ရဲ့ ခြံဝင်း​တံခါး​ကို မနက်​တိုင်း ဖွင့်ပေး​ရတယ်။ သက်ကြီးရွယ်အို ဧလိရဲ့ ဝေယျာဝစ္စ​တွေ​ကိုလည်း လုပ်ပေး​ရတယ်။ ဒီလိုလုပ်​ပေး​ရတဲ့ အခွင့်ထူး​ကို ရှမွေလ သိပ်​တန်ဖိုး​ထားတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ စိတ်​အနှောင့်​အယှက်​ဖြစ်​စ​ရာတွေ ပေါ်​လာ​တ​ယ်။ ယေဟောဝါ​ဘုရားရဲ့ အိမ်တော်မှာ တစ်ခုခု​တော့ လွဲမှား​နေပြီ။

အကျင့်​ပျက်​သူတွေ​ကြားမှာ စင်ကြယ်​နေ

၁၁၊ ၁၂။ (က) ဟောဖနိ​နဲ့ ဖိနဟတ်​တို့ရဲ့ အကြီးဆုံး​အမှား​က ဘာလဲ။ (ခ) တဲတော်မှာ ဘယ်လို ဆိုးသွမ်းမှု​နဲ့ အကျင့်ပျက်​ပြား​မှု​တွေကို သူတို့ လုပ်​နေကြ​သလဲ။ (အောက်ခြေမှတ်ချက်​ကိုလည်း ကြည့်ပါ။)

၁၁ ရှမွေလ​ဟာ လူငယ်​အရွယ်မှာ ဆိုးသွမ်းမှု​နဲ့ အကျင့်ပျက်​ပြား​မှု​တွေကို တွေ့ခဲ့​ရတယ်။ ဧလိ​မှာ ဟောဖနိ​နဲ့ ဖိနဟတ်​ဆိုတဲ့ သား​နှစ်ယောက်​ရှိတယ်။ “ဧလိရဲ့​သားတွေ​ကတော့ ဆိုးညစ်​သူတွေ၊ ယေဟောဝါကို မလေးစား​သူတွေ​ပဲ” ဆိုပြီး ရှမွေလ မှတ်တမ်း​တင်ခဲ့တယ်။ (၁ ရှ. ၂:၁၂) ဒီ​အခန်းငယ်မှာ ဖော်ပြ​ထားတဲ့ အချက်​နှစ်ချက်​က ဆက်စပ်​နေတယ်။ ဟောဖနိ​နဲ့ ဖိနဟတ်​တို့ဟာ ယေဟောဝါ​ဘုရားကို မလေးစား​တဲ့​အတွက် မူရင်း​စာသား​အရ “အသုံးမကျတဲ့​သား” တွေ​ဖြစ်တယ်။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေ၊ တောင်းဆိုချက်​တွေကို သူတို့ အလေး​မထား​ကြဘူး။ အဲဒါကြောင့် တခြား​အပြစ်တွေ​ကိုလည်း သူတို့ ကျူးလွန်​ခဲ့​ကြတယ်။

၁၂ ဘုရားသခင့်​ပညတ်​မှာ ပုရောဟိတ်​တွေရဲ့ တာဝန်နဲ့ ပူဇော်သက္ကာတွေကို ဘယ်လို ဆက်သ​ရမယ်ဆိုတာ သတ်သတ်မှတ်မှတ် ဖော်ပြ​ထားတယ်။ အဲဒါက သင့်တော်​ပါတယ်။ အဲဒီ​ပူဇော်သက္ကာ​တွေ​က အပြစ်တွေကို ခွင့်လွှတ်ဖို့ ဘုရားသခင်ရဲ့ ပြင်ဆင်ချက်​တွေကို ကိုယ်စားပြု​တ​ယ်။ အဲဒီ​ပြင်ဆင်​ပေး​ချက်​တွေ​ကြောင့် လူတွေဟာ ဘုရားသခင်​အမြင်မှာ စင်ကြယ်သူ​တွေ ဖြစ်လာမယ်။ ဘုရားသခင့်​ကောင်းချီးနဲ့ လမ်းညွှန်မှုကို ရထိုက်​သူတွေ ဖြစ်လာမယ်။ ဒါပေမဲ့ ဟောဖနိ​နဲ့ ဖိနဟတ်​တို့​ကြောင့် တခြား​ပုရောဟိတ်တွေလည်း ပူဇော်​ဆက်သ​ထားတာတွေကို မခန့်လေးစား လုပ်​လာကြတယ်။ *

၁၃၊ ၁၄။ (က) တဲတော်မှာ​ဖြစ်နေတဲ့ ဆိုးသွမ်းမှု​တွေ​ကြောင့် စိတ်ရင်း​မှန်တဲ့​လူတွေ ဘယ်လို စိတ်ထိခိုက်​နေကြ​သလဲ။ (ခ) ဧလိ​ဟာ အဖေ​တစ်ယောက်​အနေနဲ့​ရော၊ ပုရောဟိတ်မင်း​အနေနဲ့​ပါ ဘယ်လို တာဝန်​ပျက်ကွက်​နေသလဲ။

၁၃ မတရားတဲ့ အဲဒီ​လုပ်ရပ်တွေကို ဘယ်သူမှ မဆုံးမ​ဘဲ လွှတ်ထား​တာ​ကို လူငယ်​ရှမွေလ တွေ့တဲ့​အခါ အံ့သြ​နေမှာ​ပဲ။ လူတွေက ဘုရားသခင်​ဆီကနေ နှစ်သိမ့်မှုနဲ့ ခွန်အား​ရဖို့ တဲတော်​ကို ရောက်လာ​ကြပေမဲ့ စိတ်ပျက်လက်ပျက် အရှက်တကွဲ ပြန်သွား​ကြရတယ်။ အဲဒီ​ထဲမှာ ဆင်းရဲသား​တွေ​နဲ့ ဖိနှိပ်ခံ​ရ​သူတွေလည်း ပါ​မှာ​ပဲ။ ဒါတွေကို ရှမွေလ တွေ့​နေ​ရတယ်။ ဟောဖနိ​နဲ့ ဖိနဟတ်​တို့ဟာ ယေဟောဝါရဲ့​ပညတ်ကို ချိုးဖောက်​ပြီး တဲတော်မှာ အမှုဆောင်​နေတဲ့ အမျိုးသမီး​တချို့​နဲ့ လိင်​အကျင့်ပျက်​ပြား​နေတာကိုလည်း သူ​တွေ့​တဲ့အခါ ဘယ်လို ခံစား​နေရ​မလဲ။ (၁ ရှ. ၂:၂၂) အဲဒီ​အခြေအနေကို ပြုပြင်​တည့်မတ်​ဖို့ ဧလိ တစ်ခုခု​လုပ်​လိမ့်မယ်လို့ ရှမွေလ မျှော်လင့်​နေမှာ​ပဲ။

ဧလိရဲ့​သားတွေ ဆိုးသွမ်း​နေတာကို မြင်ပြီး ရှမွေလ တော်​တော်​စိတ်ပျက်ခဲ့​မှာ​ပဲ

၁၄ အဲဒီ​ပြဿနာကို ကိုင်တွယ်​ဖြေရှင်းဖို့ ဧလိ​မှာ အဓိက တာဝန်​ရှိတယ်။ ဧလိ​ဟာ ပုရောဟိတ်မင်း​ဖြစ်လို့ ဝတ်ပြုရာ​တဲတော်မှာ ဖြစ်ပျက်​သ​မျှ​ကို တာဝန်ယူ​ရမယ်။ ဖခင်​တစ်ယောက်​အနေနဲ့ သားတွေကို ဆုံးမ​ပဲ့ပြင်​ဖို့ တာဝန်လည်း ရှိတယ်။ ဧလိရဲ့​သား​တွေဟာ သူတို့​ကိုယ်တိုင်​ကို​ရော၊ တခြား​သူတွေကို​ပါ ထိခိုက်​နစ်နာ​အောင် လုပ်​နေ​ကြတယ်။ ဒါပေမဲ့ ဧလိ​ဟာ အဖေ​တာဝန်ကို​ရော၊ ပုရောဟိတ်မင်း​တာဝန်ကို​ပါ မ​ကျေပွန်​ခဲ့​ဘူး။ သားတွေကို ခပ်ပေါ့ပေါ့​ပဲ ဆုံးမ​ခဲ့​တ​ယ်။ (၁ ရှမွေလ ၂:၂၃-၂၅ ကိုဖတ်ပါ။) တကယ်တော့ သား​တွေဟာ သေ​ထိုက်တဲ့​အပြစ်ကို ကျူးလွန်​နေကြ​လို့ ပြင်းပြင်းထန်ထန် ဆုံးမ​ဖို့​လိုတယ်။

၁၅။ ယေဟောဝါ​ဘုရားက ဧလိ​ကို ဘယ်လို ပြင်းပြင်းထန်ထန် သတိပေး​သလဲ။ အဲဒီ​သတိပေး​ချက်​ကို သူ့​မိသားစု ဘယ်လို​တုံ့ပြန်​သလဲ။

၁၅ အခြေအနေ​က ဆိုးလွန်းလို့ ယေဟောဝါ​ဘုရားဟာ အမည်​မဖော်ပြ​ထားတဲ့ ပရောဖက်​တစ်ယောက်ကို ဧလိ​ဆီ စေလွှတ်​ပြီး ပြင်းထန်တဲ့ စီရင်ချက်​သတင်းကို ပြော​ခိုင်း​ရတယ်။ ဧလိ​ကို ယေဟောဝါ​ဘုရားက “ဘာလို့ မင်းရဲ့​သားတွေကို ငါ့​ထက် ချီးမြှောက်​နေရတာ​လဲ” လို့ ပြောတယ်။ အဲဒီနောက် ဧလိရဲ့ သား​ဆိုး​တွေဟာ တစ်နေ့​ထဲမှာ​ပဲ သေ​ကုန်​မ​ယ်၊ ဧလိ​တို့ မိသားစုဟာ အကြီးအကျယ် ဒုက္ခရောက်​ပြီး ပုရောဟိတ်​အဖြစ်ကနေ ဖယ်ရှားခံရ​မ​ယ်​လို့ ဘုရားသခင် ကြို​ပြောခဲ့တယ်။ အဲဒီလို ပြင်းပြင်းထန်ထန် သတိပေး​ခံရလို့ ဧလိ​တို့ မိသားစု ပြုပြင်​ပြောင်းလဲ​ခဲ့​ပါသလား။ ပြောင်းလဲ​တ​ယ်​ဆိုတဲ့ မှတ်တမ်း မတွေ့ရဘူး။—၁ ရှ. ၂:၂၇–၃:၁

၁၆။ (က) လူငယ်လေး​ရှမွေလရဲ့ တိုးတက်မှု​နဲ့ ပတ်သက်ပြီး ဘယ်လို​မှတ်တမ်းတွေ ဖတ်​ရသလဲ။ (ခ) အဲဒီ​မှတ်တမ်းတွေကို ဖတ်​ရတဲ့အခါ အားရှိ​လာ​သလား။ ဘာကြောင့်လဲ။

၁၆ အဲဒီလို အကျင့်ပျက်မှု​တွေ​က လူငယ် ရှမွေလ​အပေါ် ဘယ်လို ထိခိုက်​ခဲ့သလဲ။ ဝမ်းနည်းစရာ​ကောင်းတဲ့ ဒီ​မှတ်တမ်း​ထဲမှာ ရှမွေလရဲ့ ကောင်း​သတင်းကို တစ်ခါ​တစ်ခါ ဖတ်​ရ​ပါတယ်။ ၁ ရှမွေလ ၂:၁၈ မှာ “လူငယ်လေး​ဖြစ်တဲ့ ရှမွေလ​ကတော့ . . . ယေဟောဝါ​ရှေ့မှာ အမှုဆောင်​နေတယ်” လို့ ဖတ်​ရတယ်။ ရှမွေလ​ဟာ ငယ်ငယ်​လေး​ကတည်းက ဘုရားသခင့်​အမှုတော်ကို အာရုံစိုက်ခဲ့​တ​ယ်။ အခန်းငယ် ၂၁ ကို ဆ​က်​ဖတ်ရင် “လူငယ်လေး ရှမွေလလည်း ယေဟောဝါ​ရှေ့မှာ ကြီးပြင်း​လာတယ်” ဆိုတဲ့​စကားက ပိုလို့တောင် အားရှိစရာ​ပဲ။ သူ အသက်ကြီး​လာ​လေ ဘုရားသခင်နဲ့ ရင်းနှီးမှု​နှောင်ကြိုး ပို​ခိုင်မြဲ​လာ​လေ​ပဲ။ ယေဟောဝါနဲ့ ရင်းနှီးတဲ့​ဆက်ဆံရေး ရှိ​ထားတာ​က အကျင့်ပျက်မှု​တွေ​ကနေ ကာကွယ်​ပေးတဲ့ အကောင်းဆုံးနည်း​ပဲ။

၁၇၊ ၁၈။ (က) အကျင့်ပျက်​ပြား​မှု​တွေ​နဲ့ ကြုံနေ​ရတဲ့ ခရစ်ယာန်​ လူငယ်တွေဟာ ရှမွေလရဲ့ စံနမူနာကို ဘယ်လို အတုယူ​နိုင်သလဲ။ (ခ) ရှမွေလ ရွေးချယ်​တဲ့​လမ်းစဉ် မှန်တယ်​ဆိုတာ ဘယ်လို သိနိုင်​သလဲ။

၁၇ ပုရောဟိတ်မင်း​နဲ့ သူ့ရဲ့​သားတွေ​တောင် မကောင်းတာတွေ လုပ်တယ်​ဆိုရင် ငါလည်း လုပ်ချင်​တာ လုပ်လို့​ရတာပဲ​ဆိုပြီး ရှမွေလ စဉ်းစားမိ​နိုင်တယ်။ ဒါပေမဲ့ အခွင့်အာဏာ​ရှိသူတွေနဲ့ တခြား​သူတွေ အကျင့်ပျက်​ပြား​နေလို့ ကိုယ်လည်း မကောင်းတာ လုပ်လို့​ရတယ်​ဆိုပြီး ဆင်ခြေပေး​လို့​မရဘူး။ ဒီနေ့​ခေတ် စစ်မှန်တဲ့ ခရစ်ယာန်​လူငယ်တွေဟာ သူတို့​အတွက် ပုံသက်သေ​မကောင်း​သူတွေ ရှိပေမဲ့ ရှမွေလ​ကို အတု​ယူပြီး “ယေဟောဝါ​ရှေ့မှာ ကြီးပြင်း” နေ​ကြတယ်။

၁၈ အဲဒီ​လမ်းစဉ်​ကို ရှမွေလ လိုက်ခဲ့​လို့ ဘာ​အကျိုး​ရသလဲ။ “လူငယ်​ရှမွေလ​ဟာ ကြီးပြင်း​လာပြီး ယေဟောဝါ​ရှေ့မှာရော လူတွေ​ရှေ့​မှာပါ မျက်နှာသာ​ရသူ ဖြစ်လာတယ်” လို့ ကျမ်းစာ​မှာ ဖတ်​ရတယ်။ (၁ ရှ. ၂:၂၆) သူ့ရဲ့ သစ္စာ​ရှိ​လမ်း​စဉ်​ကြောင့် ရှ​မွေ​လ​ဟာ ယေဟောဝါရဲ့ ချစ်​မြတ်​နိုး​မှု​ကို ခံရတဲ့​အပြင် ဝတ်ပြု​သူ​ချင်း​တွေရဲ့ ချစ်​ခင်​နှစ်​သက်​မှု​ကို​ပါ ရရှိ​ခဲ့​တယ်။​ ရှိလော​မြို့မှာ ဖြစ်ပျက်​နေတဲ့ ဆိုးသွမ်းမှု မှန်သမျှကို ဘုရားသခင် အရေး​ယူတော့မယ်​လို့ ရှမွေလ သိထားတယ်။ ဒါပေမဲ့ ဘယ်တော့​လဲ ဆိုတာကို သူသိ​ချင်​နေမှာ​ပဲ။ တစ်ညမှာ​တော့ သိ​ခွင့်​ရခဲ့တယ်။

“ကျွန်တော် နားထောင်​နေ​ပါတယ်”

၁၉၊ ၂၀။ (က) တစ်ညမှာ ရှမွေလ ဘာ​ကြုံတွေ့​ခဲ့ရသလဲ။ (ခ) သူ့ကို ဘယ်သူ​ခေါ်တယ်​ဆိုတာ ဘယ်လို သိသွား​သလဲ။ ဧလိ​ကို သူ ဘယ်လို ဆက်ဆံ​ခဲ့သလဲ။

၁၉ မိုးလင်း​ခါနီး​နေပြီ။ တဲတော်​ထဲ​က မီးခွက်​လ​ည်း မီး​တော​က်​နေတုန်းပဲ။ တိတ်ဆိတ်​နေတဲ့​အချိန်မှာ သူ့​နာမည် ခေါ်သံ​ကို ရှမွေလ ကြားလိုက်တယ်။ အသက်​လ​ည်း​ကြီး၊ မျက်စိလည်း​မှု​န်​နေတဲ့ ဧလိ ခေါ်တယ်​လို့ ရှမွေလ ထင်နေတယ်။ ဒါနဲ့ ထပြီး ဧလိ​ဆီ “ပြေး​သွားတယ်။” ဧလိ ဘာများ​လိုချင်​နေသလဲ မသိ​ဘူးဆိုပြီး ရှမွေလ​လေး ဖိနပ်​မပါဘဲ ပြေး​သွားတာကို မြင်ယောင်​ကြည့်​လိုက်ပါ။ ရှမွေလ​က ဧလိ​ကို လေးလေးစားစား၊ ကြင်ကြင်နာနာ ဆက်ဆံတာကို သိရတာ စိတ်​ကြည်နူးစရာ​ပဲ။ ဧလိ​မှာ အမှား​တွေ​ရှိပေမဲ့​လ​ည်း သူဟာ ယေဟောဝါ​ဘုရားရဲ့ ပုရောဟိတ်မင်း ဖြစ်နေ​ဆဲ​ပဲ။—၁ ရှ. ၃:၂-၅

၂၀ ဧလိ​ကို ရှမွေလ နှိုး​လိုက်ပြီး “ကျွန်တော့်​နာမည် ခေါ်သံ​ကြား​လို့ လာတာပါ” လို့​ပြော​လိုက်တယ်။ ဒါပေမဲ့ ဧလိက သူ​ခေါ်တာ မဟုတ်ဘူး​ဆိုပြီး ပြန်​အိပ်​ခိုင်းတယ်။ အဲဒီလို နောက်ထပ်​နှစ်ကြိမ် ဖြစ်တယ်။ ဒါနဲ့ ဧလိ သဘောပေါက်​သွားပြီ။ ယေဟောဝါ​ဘုရားက သူ့ရဲ့​လူမျိုးကို စိတ်အာရုံ​နဲ့​ဖြစ်စေ၊ ကြိုဟောချက်​ပေးတာ​နဲ့​ဖြစ်စေ မ​ဆက်သွယ်​တာ ကြာ​နေပြီ။ ဘာကြောင့် မ​ဆက်သွယ်လဲ ဆိုတာကို နားလည်​နိုင်ပါတယ်။ ဒါပေမဲ့ အခု ယေဟောဝါ​က ရှမွေလ​နဲ့ ဆက်သွယ်​နေတယ်​ဆိုတာ ဧလိ သိလိုက်​ရတယ်။ ဧလိက ရှမွေလ​ကို ပြန်သွား​အိပ်​ခိုင်း​ပြီး နောက်​တစ်ခါ ခေါ်သံ​ကြား​ရင် ဘယ်လို​ပြန်​ဖြေ​ရမယ်ဆိုတာ သင်ပေး​လိုက်တယ်။ ရှမွေလလည်း စကား​နားထောင်ပြီး ပြန်​အိပ်​လိုက်တယ်။ မကြာခင်မှာပဲ “ရှမွေလ၊ ရှမွေလ” ဆိုတဲ့ ခေါ်သံ​ကို ပြန်​ကြားတယ်။ ဒါနဲ့ သူက “ကျွန်တော် နားထောင်​နေ​ပါတယ်” လို့​ပြန်​ဖြေတယ်။—၁ ရှ. ၃:၁၊ ၅-၁၀

၂၁။ အခု​ချိန်မှာ ယေဟောဝါရဲ့ စကားကို ဘယ်လို​ကြား​နိုင်သလဲ။ ဘုရား​စကား နားထောင်တာက ဘာကြောင့် အကျိုးရှိ​သလဲ။

၂၁ နောက်ဆုံး​တော့ ရှိလော​မြို့မှာ ယေဟောဝါ​ဘုရားရဲ့ စကား​နားထောင်တဲ့ ကျေးကျွန်​တစ်​ယောက် ပေါ်​လာပြီ။ ဘုရားသခင်ရဲ့ စကားကို နားထောင်တာက ရှမွေလရဲ့ ဘဝပုံစံ ဖြစ်လာတယ်။ သင်​ကော အဲဒီလိုပဲ​လား။ ည​အချိန်မှာ ကျွန်တော်တို့ကို စကား​ပြောမယ့် ထူးဆန်းတဲ့​အသံ ကြားရ​ဖို့ စောင့်နေစရာ​မလိုပါဘူး။ ဘုရားသခင်ရဲ့ အသံကို ကျမ်းစာ​ကနေ​တစ်ဆင့် အမြဲ ကြားနေ​ရ​ပါတယ်။ ဘုရားသခင်ရဲ့ စကားကို နားထောင်ပြီး ပြောတဲ့​အတိုင်း​လုပ်​လေ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း တိုးများ​လေ​ပဲ။ ရှမွေလ​ဘဝမှာ အဲဒီလိုပဲ ဖြစ်လာတယ်။

ရှမွေလ​ဟာ ကြောက်နေ​ပေမဲ့ ဧလိ​ကို ယေဟောဝါ​ဘုရားရဲ့​တရား စီရင်ချက်​ကို အမှန်အတိုင်း​ပြောပြ​ခဲ့

၂၂၊ ၂၃။ (က) အစပိုင်းမှာ ရှမွေလ မ​ပြောရဲ​တဲ့ သတင်းစကားက ဘယ်လို ပြည့်စုံ​လာသလဲ။ (ခ) ရှမွေလရဲ့ ဂုဏ်​သတင်းက ဘယ်လို မွှေး​ပျံ့​ခဲ့သလဲ။

၂၂ အဲဒီ​ည​က အဖြစ်အပျက်​ဟာ ရှမွေလရဲ့ ဘဝ​အတွက် တကယ်​အရေးပါ​ခဲ့​တ​ယ်။ အကြောင်းကတော့ အဲဒီ​အချိန်​က​စပြီး သူဟာ ယေဟောဝါ​ဘုရားနဲ့ အထူး​ဆက်ဆံရေး ရရှိခဲ့တယ်။ ဒီ့အပြင် ဘုရားသခင်ရဲ့ ပရောဖက်​နဲ့ ပြောရေးဆိုခွင့်​ရှိသူ ဖြစ်လာခဲ့တယ်။ အစပိုင်းမှာတော့ ဒီ​လူငယ်လေး​ဟာ ဧလိ​ကို ယေဟောဝါ​ဘုရားရဲ့ သတင်းစကား မပြောရဲဘူး။ အဲဒီ​သတင်းစကားက ဧလိရဲ့ မိသားစုနဲ့ ပတ်သက်တဲ့ နောက်ဆုံး​ကြေညာချက်​ဖြစ်ပြီး မကြာခင် အဲဒီအတိုင်း ဖြစ်​တော့​မ​ယ်။ ဒါပေမဲ့ ရှမွေလ အားတင်း​ပြီး ဧလိ​ကို အကုန် ပြောပြ​လိုက်တယ်။ ဧလိက​လ​ည်း ဘုရားသခင်ရဲ့ စီရင်ချက်​ကို နှိမ့်ချ​စွာ လက်ခံတယ်။ မကြာခင်မှာပဲ ယေဟောဝါ​ဘုရား ပြောတဲ့​အတိုင်း အားလုံး ဖြစ်ပျက်​လာတယ်။ အစ္စရေး​လူတွေဟာ ဖိလိတိ​လူတွေနဲ့ စစ်တိုက်​တ​ယ်၊ ဟောဖနိ​နဲ့ ဖိနဟတ်​တို့ တစ်နေ့တည်း​မှာ​ပဲ အသတ်ခံ​လိုက်ရတယ်၊ ပဋိညာဉ်သေတ္တာ​လ​ည်း ရန်​သူ့​လက်ထဲ ပါသွား​တ​ယ် ဆိုတဲ့​သတင်း ကြားလိုက်​တာ​နဲ့ ဧလိ သေ​သွားတယ်။—၁ ရှ. ၃:၁၀-၁၈။ ၄:၁-၁၈

၂၃ ဒါပေမဲ့ သစ္စာရှိ​ပရောဖက် ရှမွေလရဲ့ ဂုဏ်​သတင်းက​တော့ မွှေး​ပျံ့​လို့​ပါပဲ။ “ယေဟောဝါ​က သူနဲ့အတူ ရှိပြီး” သူ​ပြောသမျှ တစ်ခွန်း​မကျန် ပြည့်စုံ​စေတယ်လို့ မှတ်တမ်းက ဆက်ပြောတယ်။၁ ရှမွေလ ၃:၁၉ ကိုဖတ်ပါ။

“ယေဟောဝါ​ဆီ ရှမွေလ ဆုတောင်း”

၂၄။ နောက်ပိုင်းမှာ အစ္စရေး​တွေ ဘာ​ဆုံးဖြတ်​ခဲ့ကြသလဲ။ အဲဒါက ဘာကြောင့် ကြီးလေး​တဲ့​အပြစ် ဖြစ်သလဲ။

၂၄ အစ္စရေး​လူတွေဟာ ရှမွေလရဲ့ ဦးဆောင်မှုကို လိုက်ပြီး ယေဟောဝါ​ဘုရားနဲ့ ဆက်ဆံရေး​ကောင်း​ရှိတဲ့ သစ္စာ​ရှိသူတွေ ဖြစ်လာ​ကြသလား။ မဖြစ်​လာ​ကြပါဘူး။ ကြာ​လာတော့ သာမန်​ပရောဖက်​က တရား​စီရင်​နေတာကို သူတို့ မကျေနပ်​နိုင်​တော့​ဘူး။ တခြား​နိုင်ငံတွေ​လို​ပဲ လူသား​ဘုရင်​တစ်ပါး လိုချင်​လာကြတယ်။ ယေဟောဝါ​ဘုရားရဲ့ ညွှန်ကြားချက်​အရ သူတို့ တောင်းဆိုတာ​ကို ရှမွေလ ပေး​လိုက်တယ်။ ဒါပေမဲ့ အစ္စရေး​လူတွေရဲ့ အပြစ်​က ဘယ်လောက် ကြီးလေးတယ်​ဆိုတာကို​တော့ ရှမွေလ ထုတ်ဖော်​ပြ​ရမယ်။ သူတို့က ရှမွေလ​ကို​သာမက ယေဟောဝါ​ဘုရားကို​ပါ ငြင်းပယ်​နေကြတာ။ ဒါကြောင့် ဂိလဂါလ​မြို့ကို လာဖို့ အစ္စရေး​လူတွေကို ဆင့်ခေါ်​လိုက်တယ်။

ယုံကြည်ခြင်းနဲ့ ရှမွေလ ဆုတောင်းတဲ့အခါ ယေဟောဝါ​ဘုရားက မိုးသက်မုန်တိုင်း ကျရောက်​စေခဲ့

၂၅၊ ၂၆။ ဂိလဂါလ​မြို့မှာ သက်ကြီးရွယ်အို ရှမွေလ​ဟာ သူ့​လူတွေ ဘယ်လောက် အပြစ်​ကြီးတယ်​ဆိုတာ သိအောင် ဘယ်လို ကူညီ​ပေးခဲ့သလဲ။

၂၅ ဂိလဂါလ​မြို့မှာ အစ္စရေး​လူတွေကို ရှမွေလ စကားပြော​တဲ့အချိန်​ကို ပြန်မြင်​ယောင်​ကြည့်ကြစို့။ အဲဒီမှာ သက်ကြီးရွယ်အို ရှမွေလ​က သူ့ရဲ့ သမာဓိ​စောင့်သိတဲ့ လမ်းစဉ်​အကြောင်း အစ္စရေးတွေကို သတိ​ရစေတယ်။ အဲဒီနောက် မိုး​တွေ ထစ်ချုန်း​ရွာ​စေဖို့ “ယေဟောဝါ​ဆီ ရှမွေလ ဆုတောင်း​လိုက်” တ​ယ်။—၁ ရှ. ၁၂:၁၇၊ ၁၈

၂၆ ဒါပေမဲ့ ခြောက်သွေ့​ရာသီမှာ မိုးသက်မုန်တိုင်း ကျ​နိုင်​ပါ့မလား။ အဲဒီလို တစ်ခါ​မှ မဖြစ်​ဖူး​ဘူး။ လူ​အုပ်​ထဲ​မှာ လှောင်​ပြောင်​သူတွေ ရှိ​နေ​မ​ယ်​ဆိုရင် ကြာ​ကြာ မ​လှောင်​ပြောင်​လိုက်ရ​ပါ​ဘူး။ မိုး​ကောင်း​ကင်​ဟာ ရု​တ်​တ​ရက် မှောင်​မည်း​လာ​တ​ယ်။ ဂျုံစပါးခင်း​တွေ ပိပြား​သွားတဲ့​အထိ လေပြင်း​တိုက်ခတ်​လာတယ်။ မိုးခြိမ်းသံ​တွေ​က​လ​ည်း နား​ကွဲ​လု​မတတ်​ပဲ။ ပြီးတော့ မိုးရွာ​ချ​လာ​ပါလေရော။ ဒါနဲ့ လူတွေ ဘယ်လို ဖြစ်​ကုန်​ကြသလဲ။ “လူတွေက ယေဟောဝါနဲ့ ရှမွေလ​ကို အကြီးအကျယ် ကြောက်ရွံ့” သွားတယ်။ နောက်ဆုံး​တော့ သူတို့ အပြစ် ဘယ်လောက် ကြီးတယ်​ဆိုတာ သိမြင်​သွား​ပါပြီ။—၁ ရှ. ၁၂:၁၈၊ ၁၉

၂၇။ ရှမွေလရဲ့ ယုံကြည်ခြင်းကို အတုယူ​သူတွေကို ယေဟောဝါ​ဘုရား ဘယ်လို ရှုမြင်​သလဲ။

၂၇ အဲဒီလို​နဲ့ ရှမွေလ​မဟုတ်ဘဲ ယေဟောဝါ​ဘုရားက သူတို့ရဲ့ ပုန်ကန်မှုကို သိမြင်​သွား​စေခဲ့တယ်။ ရှမွေလ​ဟာ ငယ်ငယ်​ကတည်းက​စပြီး အိုမင်း​တဲ့အချိန်​ထိ ယေဟောဝါ​ဘုရားကို ယုံကြည်​ကိုးစားခဲ့​တ​ယ်။ အဲဒါကြောင့်လည်း သူ့ကို ယေဟောဝါ ကောင်းချီး​ပေးခဲ့တယ်။ ဒီနေ့​အထိ ယေဟောဝါ​ဘုရားက မပြောင်းလဲ​ဘူး။ ရှမွေလရဲ့ ယုံကြည်ခြင်းကို အတုယူ​သူတွေကို ဆ​က်​ကူညီပေး​နေတုန်းပါပဲ။

^ အပိုဒ်၊ 5 နာဇရိ​လူတွေဟာ အ​ရက်မ​သောက်ဖို့၊ ဆံပင်​မ​ညှပ်​ဖို့ စတဲ့ ကတိသစ္စာ​တွေ ပြု​ကြရတယ်။ လူအများစုက အချိန်​အကန့်အသတ်​ပဲ အဲဒီလို ကတိသစ္စာ​ပြုကြပေမဲ့ ရှံဆုန်၊ ရှမွေလ​နဲ့ နှစ်ခြင်း​ပေးသူ ယောဟန်တို့က​တော့ ရာသက်ပန် နာဇရိ​လူတွေ ဖြစ်ကြတယ်။

^ အပိုဒ်၊ 9 ဝတ်ပြုရာ​တဲတော်ဟာ သစ်သား​နဲ့ ဆောက်လုပ်​ထားတဲ့ ထောင့်​မှန်​စ​တု​ဂံ​ပုံ တဲရှင်​ဖြစ်တယ်။ အဲဒီ​တဲတော်​ကို အကောင်းဆုံး ပစ္စည်း​တွေ​ဖြစ်တဲ့ တ​ဟာ​ရှ​သားရေ၊ ပန်းထိုး​ထားတဲ့ ပိတ်ထည်၊ ရွှေ​ပြား၊ ငွေ​ပြား​အုပ်​ထားတဲ့ တန်ဖိုးကြီး​သစ်​တွေ​နဲ့ ဆောက်လုပ်​ထားတယ်။ ထောင့်​မှန်​စ​တု​ဂံ​ပုံ ဝင်းရဲ့ အလယ်မှာ တဲတော်​အပြင် ပူဇော်​ဖို့ ပလ္လင်​ကြီး​တစ်ခု​လ​ည်း ရှိတယ်။ နောက်ပိုင်းမှာ​တော့ ဝတ်ပြုရာ​တဲတော်​ရဲ့ ဘေး​ဘက်​တွေ​မှာ ပုရောဟိတ်တွေ အသုံးပြု​ဖို့ တခြား​အခန်း​တွေ ဆောက်လုပ်ခဲ့​ပုံ​ရှိတယ်။ အဲဒီလို​အခန်း​တစ်ခန်း​ထဲမှာ ရှမွေလ အိပ်ခဲ့​တာ​ဖြစ်နိုင်တယ်။

^ အပိုဒ်၊ 12 ဒီ​မှတ်တမ်းမှာ မခန့်လေးစား လုပ်ရပ်​နှစ်ခု​ကို တွေ့ရတယ်။ ပုရောဟိတ်​တွေဟာ ပူဇော်ရာ​တွေရဲ့ ဘယ်​အပိုင်းတွေကို​ပဲ စားလို့​ရတယ်ဆိုတာ ပညတ်တရားမှာ သတ်သတ်မှတ်မှတ် ဖော်ပြ​ထားတယ်။ (တရား. ၁၈:၃) ဒါပေမဲ့ ဝတ်ပြုရာ​တဲတော်မှာ ဆိုးသွမ်းတဲ့ ပုရောဟိတ်တွေ​က အဲဒီ​ပညတ်ကို မလိုက်နာ​ကြဘူး။ သူတို့ရဲ့ နောက်လိုက်​တွေကို အသား​ပြုတ်အိုး​ထဲ​က ကောင်းတဲ့​အပိုင်းတွေကို ခက်ရင်း​နဲ့​ထိုး​ပြီး ယူလာ​ခိုင်းတယ်။ နောက်​တစ်ခုကတော့ လူတွေက ပူဇော်ရာ​ပလ္လင်​ပေါ်မှာ မီးရှို့​ပူဇော်​ဖို့ အသားစိမ်း​တွေ ယူလာ​တဲ့အခါ ဆိုးသွမ်းတဲ့ အဲဒီ​ပုရောဟိတ်တွေ​က သူတို့ရဲ့ နောက်လိုက်​ကို လွှတ်​ပြီး ယေဟောဝါ​ဘုရား​ရှေ့ ဆီ​ဥ​ကို မ​ပူဇော်​ရ​သေး​ခင် အသားစိမ်း​တွေကို အတင်း​အဓမ္မ ဝင်ယူ​ခိုင်းတယ်။—ဝတ်. ၃:၃-၅။ ၁ ရှ. ၂:၁၃-၁၇