မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း နှစ်ဆယ့်သုံး

ခွင့်လွှတ်တတ်ဖို့ သခင့်ဆီကနေ သူသင်ယူခဲ့

ခွင့်လွှတ်တတ်ဖို့ သခင့်ဆီကနေ သူသင်ယူခဲ့

၁။ ပေတရုရဲ့​ဘဝမှာ စိတ်​အထိ​ခိုက်​ရ​ဆုံး အချိန်​က ဘယ်​အချိန် ဖြစ်နိုင်သလဲ။

ပေတရုဟာ အကြည့်​ချင်း ဆုံလိုက်​ရတဲ့ အဲဒီ​စိတ်မကောင်း​စ​ရာ တဒင်္ဂ​အချိန်​လေး​ကို ဘယ်တော့မှ မေ့​မှာ မဟုတ်ပါဘူး။ ယေရှုရဲ့​အကြည့်​မှာ စိတ်ပျက်​သွားတဲ့၊ အပြစ်​တင်တဲ့ အရိပ်အယောင် ရှိသလား။ အတိအကျ​တော့ မပြောနိုင်ဘူး။ “သခင်​ယေရှု​က ပေတရု​ကို လှည့်​ပြီး​ကြည့်တယ်” လို့​ပဲ ကျမ်းစာမှာ ဖော်ပြတယ်။ (လု. ၂၂:၆၁) ဒါပေမဲ့ သူ ဘယ်လောက် မှားသွားတယ်​ဆိုတာ အဲဒီ​အကြည့်​တစ်ချက်​ကနေ ပေတရု သဘောပေါက်ခဲ့​တ​ယ်။ သူ ဘယ်တော့မှ အဲဒီလို​လုပ်မှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောခဲ့​ပေမဲ့ ယေရှု ကြို​ပြောတဲ့​အတိုင်း လုပ်ခဲ့မိပြီ။ ချစ်​ရတဲ့​သခင်​ကို သူ ငြင်းခဲ့တယ်။ ပေတရု​ဘဝမှာ ဒီ​အချိန်ဟာ စိတ်​အထိ​ခိုက်​ရ​ဆုံး အချိန်​ဖြစ်မှာ​ပဲ။

၂။ ဘယ်​သင်ခန်းစာ​ကို ပေတရု သင်ယူဖို့ လို​ခဲ့သလဲ။ သူ့ အဖြစ်အပျက်ကနေ ကျွန်တော်တို့ ဘယ်လို အကျိုး​ရနိုင်သလဲ။

ဒါပေမဲ့ အဲဒါဟာ ပေတရု​အတွက် မျှော်လင့်ချက်​မရှိတော့တဲ့ အခြေအနေ မဟုတ်ပါဘူး။ သူဟာ ယုံကြည်ခြင်း ခိုင်ခံ့​သူ​ဖြစ်လို့ အမှားတွေကို ပြုပြင်​ဖို့၊ ယေရှု သွန်သင်​ခဲ့​တဲ့ အကြီးမြတ်ဆုံး သင်ခန်းစာ​တွေ​ထဲ​က တစ်ခုကို သင်ယူ​ခွင့် ရှိသေးတယ်။ အဲဒါက ခွင့်လွှတ်ခြင်းနဲ့ ဆိုင်တယ်။ ကျွန်တော်တို့ တစ်ယောက်စီလည်း ဒါကို သင်ယူဖို့ လိုတယ်။ ဒီ​ခက်ခဲတဲ့ သင်ခန်းစာ​ကို ပေတရု ဘယ်လို သင်ယူ​သလဲ ဆိုတာ သုံးသပ်​ကြည့်ကြစို့။

သင်ယူစရာ အများကြီး​ရှိသူ

၃၊ ၄။ (က) ယေရှုကို ပေတရု ဘာ​မေး​သလဲ။ ပေတရု​က သူ့ကိုယ်သူ ဘယ်လို ယူဆ​နေသလဲ။ (ခ) ပေတရုဟာ သူ့​ဝန်းကျင်​က လူတွေကို အတုခိုး​နေမှန်း ယေရှု ဘယ်လို ထောက်ပြ​ခဲ့သလဲ။

လွန်ခဲ့တဲ့ ခြောက်လ​လောက်​က ပေတရုဟာ သူ့ ဇာတိ​မြို့​ဖြစ်တဲ့ ကပေရနောင်​မြို့မှာ ယေရှု​ဆီ​လာပြီး “သခင်၊ ကျွန်တော့်ကို ပြစ်မှားတဲ့ ညီအစ်ကို​ကို ဘယ်နှစ်ကြိမ် ခွင့်လွှတ်​ရမလဲ။ ခုနစ်ကြိမ်​လား” လို့​မေးတယ်။ အဲဒီခေတ်​က ဘာသာရေး ခေါင်းဆောင်​တွေဟာ သုံးကြိမ်​ပဲ ခွင့်လွှတ်ဖို့ လိုတယ်လို့ သွန်သင်​ကြ​လို့ ပေတရု​က သူ့ကိုယ်သူ အတော် သဘောထား​ကြီးတယ်​လို ယူဆ​နေ​ပုံ​ရတယ်။ ယေရှု​က “ခုနစ်ကြိမ်​မ​က၊ ၇၇ ကြိမ်​အထိ ခွင့်လွှတ်​ရမယ်” လို့​ပြန်​ပြောတယ်။—မ. ၁၈:၂၁၊ ၂၂

အမှားတွေကို အတိအကျ မှတ်ထား​ရမယ်လို့ ယေရှု ပြောနေတာလား။ မဟုတ်ပါဘူး။ အဲဒီအစား ပေတရု ပြောတဲ့ ၇ ကြိမ်​ကို ၇၇ ကြိမ်​အထိ တိုး​လိုက်တာ​က မေတ္တာ​ရှိမယ်ဆိုရင် ခွင့်လွှတ်​ရမယ့် အကြိမ်​အရေအတွက်​ကို ကန့်သတ်​ထား​မှာ မဟုတ်ဘူးလို့ ပြော​နေတာပါ။ (၁ ကော. ၁၃:၄၊ ၅) ပေတရုဟာ သူ့​ဝန်းကျင်​မှာ​ရှိတဲ့ စာနာစိတ်​ကင်းမဲ့​ပြီး ခွင့်မလွှတ်​တတ်တဲ့ သူတွေကို အတုခိုး​နေမှန်း ယေရှု ထောက်ပြ​လိုက်တယ်။ ဘုရားသခင်ကို အတုယူ​တဲ့​သူကျတော့ တခြား​သူတွေကို အကြိမ်ကြိမ် တလိုတလား ခွင့်လွှတ်​သင့်တယ်။၁ ယောဟန် ၁:၇-၉ ကိုဖတ်ပါ။

၅။ ခွင့်လွှတ်ခြင်းဟာ အရေးကြီး​မှန်း ဘယ်​အချိန်​မှ​ပဲ သဘောပေါက် လာသလဲ။

ယေရှုကို ပေတရု ပြန်​ခံ​မပြောခဲ့​ပါဘူး။ ဒါပေမဲ့ ယေရှု သွန်သင်​ပေးတာကို သူ တကယ်​သဘောပေါက်ရဲ့လား။ ကိုယ်​ကိုယ်တိုင် ခွင့်လွှတ်​ခံရဖို့ လို​တဲ့အခါ​မှ​ပဲ ခွင့်လွှတ်ခြင်းဟာ အရေးကြီး​မှန်း သဘောပေါက် တတ်တယ်။ အခု ယေရှု သေဆုံး​ခါနီး​အချိန်ကို ပြန်​သုံးသပ်​ကြစို့။ အဲဒီ ခက်ခဲတဲ့​အချိန်မှာ ပေတရုဟာ အကြိမ်ကြိမ် မှား​ခဲ့လို့ ခွင့်လွှတ်​ခံရဖို့ တကယ် လိုအပ်ခဲ့​တ​ယ်။

ပေတရု​ကို ယေရှု အကြိမ်ကြိမ် ခွင့်လွှတ်ခဲ့

၆။ တမန်တော်တွေကို နှိမ့်ချမှု​အကြောင်း ယေရှု သင်ပေးတဲ့​အခါ ပေတရု ဘယ်လို တုံ့ပြန်​ခဲ့သလဲ။ သူ့ကို ယေရှု ဘယ်လို ဆက်ဆံ​ခဲ့သလဲ။

မြေကြီးပေါ် ယေရှု​အသက်တာရဲ့ နောက်ဆုံး​ညဟာ အရေး​အကြီးဆုံး​ည ဖြစ်တယ်။ ယေရှုမှာ တမန်တော်တွေကို သင်ပေး​စ​ရာ အများကြီး ရှိနေ​သေးတယ်။ ဥပမာ၊ နှိမ့်ချမှု​အကြောင်း​ပေါ့။ ယေရှုဟာ တပည့်​တွေရဲ့ ခြေကို​ဆေး​ပြီး နှိမ့်ချမှု စံနမူနာ ပြခဲ့တယ်။ ဒီ​အလုပ်ကို အစေခံကျွန်​တွေ​ပဲ လုပ်ကြတယ်။ ပထမ​တော့ ယေရှု​လုပ်တာကို ပေတရု မေးခွန်း​ထုတ်တယ်။ အဲဒီနောက် သူ့​ခြေကို မ​ဆေး​ရ​ဘူးလို့ ပြောတယ်။ နောက်ဆုံး​တော့ သူ့ရဲ့ ခြေကို​သာမက လက်​ရော ခေါင်းကိုပါ ဆေး​ပေးပါလို့ ယေရှုကို တောင်းဆိုတယ်။ အဲဒီအခါ ဒီ​လုပ်​ရပ်​ရဲ့ အရေး​ပါ​မှု​နဲ့ အဓိပ္ပာယ်​က ဘာလဲဆိုတာ ပေတရု​ကို ယေရှု စိတ်ရှည်ရှည် ရှင်းပြခဲ့တယ်။—ယော. ၁၃:၁-၁၇

၇၊ ၈။ (က) နောက်​ထပ် ဘယ်​အမှား​တွေ​ကို ပေတရု ထပ်​လုပ်​သေး​သလဲ။ (ခ) ယေရှုဟာ ကြင်နာမှု​နဲ့ ခွင့်လွှတ်မှုကို ဘယ်လို ဆက်ပြ​ခဲ့သလဲ။

အဲဒီနောက် မကြာခင်မှာပဲ ပေတရု​ကို ယေရှု စိတ်ရှည်​ဖို့​လို​တဲ့​အကြောင်း ပေါ်လာ​ပြန်တယ်။ ပေတရုနဲ့ တမန်တော်တွေ​ဟာ ဘယ်သူ အကြီးမြတ်ဆုံးလဲ​ဆိုပြီး ငြင်းခုံ​ကြတယ်။ ဒါတောင်မှ သူတို့ကို ယေရှု ကြင်ကြင်နာနာ ပဲ့ပြင်​ပေးခဲ့တယ်။ အဲဒီအပြင် မိမိကို သစ္စာ​မ​ဖောက်​ဘဲ သူတို့ ဆက်ပြီး တည်ကြည်​တာ​ကို ချီးကျူး​ခဲ့​သေးတယ်။ ဒါပေမဲ့ တမန်တော်​အားလုံးဟာ သူ့ကို​စွန့်ပြီး ထွက်ပြေး​သွား​ကြလိမ့်မယ်လို့ ယေရှု ကြို​ပြောတယ်။ အဲဒီအခါ ပေတရု​က သေ​ရင် သေ​သွားပါ​စေ၊ ယေရှုကို ဘယ်တော့မှ မစွန့်​ဘူးလို့ ပြန်​ပြောတယ်။ ဒါပေမဲ့ ပေတရုဟာ အဲဒီ​ညမှာ​ပဲ ကြက်​နှစ်ကြိမ်​မတွန်ခင် မိမိကို သုံးကြိမ် ငြင်း​လိမ့်မယ်လို့ ယေရှု ကြို​ပြောတယ်။ ပေတရု​က ယေရှု​စကားကို ပြန်​ခံ​ငြင်း​ရုံ​သာမက တခြား​တမန်တော်တွေ​ထက်​တောင် သူ​ပိုပြီး သစ္စာ​ရှိမယ်လို့ ကြွား​လိုက်​သေးတယ်။—မ. ၂၆:၃၁-၃၅။ မာ. ၁၄:၂၇-၃၁။ လု. ၂၂:၂၄-၂၈။ ယော. ၁၃:၃၆-၃၈

ပေတရု​ကို ယေရှု စိတ်မရှည်​နိုင်တော့ဘူးလား။ တကယ်တော့ အဲဒီ​ခက်ခဲတဲ့ အချိန်​တစ်လျှောက်လုံးမှာ ယေရှုဟာ မစုံလင်တဲ့ တမန်တော်​တွေရဲ့ ကောင်းကွက်ကို အမြဲ​ရှာကြည့်​နေတယ်။ မိမိကို ပေတရု ငြင်းပယ်မယ်​ဆိုတာ သိလျက်နဲ့ ယေရှု​က “ခင်ဗျားရဲ့ ယုံကြည်ခြင်း အားမနည်း​သွား​အောင် ကျွန်တော် တိုးလျှိုး​အသနားခံ​ထားတယ်။ ခင်ဗျား နောင်တ​ရပြီး ပြန်လှည့်​လာတာ​နဲ့ ညီအစ်ကိုတွေကို အားပေး​ထောက်​မပါ” လို့​ပြောတယ်။ (လု. ၂၂:၃၂) ဒီ​နည်းနဲ့ ပေတရု​ဟာ သူ့​အမှား​ကို နောင်​တ​ယူ​ပြီး ဘုရား​အမှု​တော်​ကို သစ္စာ​ရှိ​ရှိ ဆ​က်​လုပ်​ဆောင်​မယ်​ဆိုတာ ယုံ​ကြည်​စိတ်​ချ​ကြောင်း ယေရှု ဖော်ပြ​လိုက်တာပဲ။ တကယ့်ကို ကြင်နာ​ပြီး ခွင့်လွှတ်​တတ်တဲ့ စိတ်ထားပါပဲ။

၉၊ ၁၀။ (က) ဂေသရှေမန်​ဥယျာဉ်မှာ ပေတရု ဘာကြောင့် ဆုံးမ​ခံရသလဲ။ (ခ) ပေတရု​အဖြစ်​က ဘာကို သတိ​ရစေ​သလဲ။

နောက်ပိုင်း ဂေသရှေမန်​ဥယျာဉ်မှာ ပေတရု​ကို တစ်ကြိမ်​ထက်မက ဆုံးမခဲ့​ရ​သေးတယ်။ ယေရှု​က သူ​ဆုတောင်း​နေတုန်း သတိနဲ့ စောင့်​နေကြ​ဖို့ ယာကုပ်၊ ယောဟန်နဲ့ ပေတရု​ကို မှာတယ်။ ယေရှု အကြီးအကျယ် စိတ်ဒုက္ခ​ရောက်နေ​လို့ အားပေး​ထောက်မမှု လိုအပ်​နေတဲ့ အချိန်မှာ ပေတရုနဲ့ တခြား​သူတွေဟာ ခဏခဏ အိပ်ပျော်​သွားကြတယ်။ ဒါတောင်မှ ယေရှု​က “စိတ်​ကတော့ ထက်သန်ပါရဲ့။ ကိုယ်ခန္ဓာ​က အားနည်းတယ်” လို့​ပြောပြီး သူတို့ကို စာနာ​ခွင့်လွှတ်ခဲ့​တ​ယ်။—မာ. ၁၄:၃၂-၄၁

၁၀ မကြာခင်မှာပဲ မီးတုတ်တွေ၊ ဓား​တွေ၊ တုတ်တွေ ကိုင်ထားတဲ့ လူအုပ်​တစ်အုပ် ရောက်လာတယ်။ ဒီ​အချိန်​က သတိ​ရှိဖို့၊ လိမ္မာ​ပါးနပ်​ဖို့ လို​တဲ့ အချိန်ပဲ။ ဒါပေမဲ့ ပေတရုဟာ စိတ်​မြန်​လက်​မြန်​နဲ့ ဓား​ကို​ဆွဲထုတ်​ပြီး ပုရောဟိတ်မင်းရဲ့​ကျွန် မာလခုရဲ့ ခေါင်းကို ခုတ်​လိုက်တာ နားရွက်​တစ်ဖက် ပြတ်​သွားတယ်။ ပေတရု​ကို ယေရှု အေးအေးဆေးဆေး ဆုံးမ​ပြီး မာလခုရဲ့ ဒဏ်ရာကို ကုသ​ပေး​လိုက်တယ်။ ပြီးတော့ သူ့​နောက်လိုက်​တွေဟာ ဘာကြောင့် အကြမ်းမဖက်​သင့်​ဘူး ဆိုတာ ရှင်းပြခဲ့တယ်။ (မ. ၂၆:၄၇-၅၅။ လု. ၂၂:၄၇-၅၁။ ယော. ၁၈:၁၀၊ ၁၁) ပေတရု အမှားတွေ​လုပ်ခဲ့လို့ သခင်​က သူ့ကို အကြိမ်ကြိမ် ခွင့်လွှတ် ခဲ့​ရတယ်။ ပေတရု​အဖြစ်​က ကျွန်တော်တို့လည်း ခဏခဏ မှား​တတ်တာ​ကို သတိ​ရစေတယ်။ (ယာကုပ် ၃:၂ ကိုဖတ်ပါ။) နေ့တိုင်း ဘုရားသခင်ရဲ့ ခွင့်လွှတ်မှုကို မလိုအပ်တဲ့​သူ ဘယ်သူ​ရှိသလဲ။ အဲဒီ​ညမှာ ပေတရု အမှား​လုပ်တာ မပြီးသေး​ဘူး။ အဆိုးဆုံး အမှား​တစ်ခု ကျန်​သေးတယ်။

ပေတရုရဲ့ အဆိုးဆုံး​အမှား

၁၁၊ ၁၂။ (က) ယေရှု အဖမ်းခံရ​ပြီးတဲ့နောက် ပေတရုဟာ တော်တော်လေး သတ္တိ​ရှိသူ​ဖြစ်ကြောင်း ဘယ်လို ပြခဲ့သလဲ။ (ခ) ပေတရုဟာ သူ​ပြော​သလို မ​လုပ်နိုင်​ခဲ့​တာ ဘာကြောင့်လဲ။

၁၁ မိမိကို ရှာ​နေတာ​ဆိုရင် တမန်တော်တွေကို သွားပါ​စေ​လို့ လူအုပ်​ကို ယေရှု ပြော​လိုက်တယ်။ လူအုပ်​က ယေရှုကို ဖမ်းဆီး​တဲ့အခါ ပေတရု ဘာမှ​မတတ်နိုင်​ဘဲ ရပ်​ကြည့်ပြီး တခြား​တမန်တော်တွေ​လို​ပဲ ထွက်ပြေး​သွားတော့တယ်။

၁၂ ယေရှု​ကို စစ်​ဆေး​မေး​မြန်း​ဖို့ ဦး​ဆုံး​ခေါ်​သွား​တဲ့​အိမ်​နား​ကို ပေတရု​နဲ့ ယောဟန်​တို့ ရောက်​လာ​ကြ​တ​ယ်။ အဲဒီ​အိမ်​က ပု​ရော​ဟိတ်​မင်း​ကြီး ​ဖြစ်​ခဲ့​ဖူး​သူ အန္န​ရဲ့​အိမ် ဖြစ်​နိုင်​တ​ယ်။ အဲဒီ​အိမ်ကနေ ယေရှုကို ဆက်ခေါ်​ထုတ်သွားတဲ့အခါ ပေတရုနဲ့ ယောဟန်ဟာ “ခပ်လှမ်းလှမ်း​ကနေ” လိုက်သွား​ကြတယ်။ (မ. ၂၆:၅၈။ ယော. ၁၈:၁၂၊ ၁၃) ပေတရုဟာ သတ္တိ​နည်း​သူ မဟုတ်ပါဘူး။ အဲဒီလို နောက်ကနေ လိုက်သွားဖို့ သူ့မှာ တော်တော်လေး သတ္တိ​ရှိရမယ်။ လူအုပ်​မှာ လက်နက်တွေ ရှိတယ်။ အဲဒီ​ထဲ​က တစ်ယောက်ကို ဒဏ်ရာ​ရအောင် ပေတရု လုပ်ခဲ့တယ်။ ဒါပေမဲ့ လိုအပ်​ရင် သခင်​နဲ့​အတူ အသေခံဖို့ အသင့်​ရှိပါတယ်လို့ ပြောခဲ့တဲ့ ပေတရုဟာ ပြောတဲ့​အတိုင်း​လုပ်ဖို့ သတ္တိ​မရှိခဲ့ဘူး။—မာ. ၁၄:၃၁

၁၃။ ခရစ်တော်​နောက် လိုက်​နိုင်တဲ့ တစ်ခုတည်းသော​နည်း​က ဘာလဲ။

၁၃ ပေတရု​လို​ပဲ ဒီနေ့​ခေတ် လူတွေဟာ ယေရှု​နောက်ကို “ခပ်လှမ်းလှမ်း​ကနေ” လိုက်ကြတယ်။ သူတို့ ယေရှု​နောက် လိုက်​နေတယ်​ဆိုတာ ဘယ်သူ့ကိုမှ မသိ​စေ​ချင်​လို့​ပဲ။ အမှန်​တော့ ခရစ်တော်​နောက် လိုက်​နိုင်တဲ့ တစ်ခုတည်းသော​နည်း​က ဘာ​အကျိုးဆက်​ပဲ ခံရ​ပါစေ ယေရှုရဲ့ ခြေရာ​ကို ထက်ကြပ်မကွာ လိုက်​ဖို့၊ သူ့​စံနမူနာကို အရာရာမှာ အတု​ယူဖို့​ပဲ​ဆိုပြီး နောက်ပိုင်းမှာ ပေတရု ရေးသားခဲ့တယ်။၁ ပေတရု ၂:၂၁ ကိုဖတ်ပါ။

၁၄။ ယေရှု စစ်ဆေးခံ​ရတဲ့​ညမှာ ပေတရု ဘာလုပ်​နေသလဲ။

၁၄ ပေတရုဟာ ယေရှု​နောက် သတိရှိရှိ လိုက်သွား​ရင်း ဂျေရုဆလင်​မြို့​က ခမ်းနား​ကြီးကျယ်တဲ့ အိမ်​တစ်အိမ်​ရှေ့​အထိ ရောက်​သွားတယ်။ အဲဒီ​အိမ်ဟာ ချမ်းသာ​ပြီး သြဇာ​အာဏာ​ကြီးတဲ့​ ပုရော​ဟိတ်မင်း ကယာဖရဲ့ အိမ်​ဖြစ်တယ်။ အဲဒီလို အိမ်ကြီး​တွေဟာ ဂိတ်​တံခါး​ရှိတဲ့ ဝင်းခြံကျယ်​ကြီး​အထဲမှာ ရှိတယ်။ ဂိတ်​တံခါး​ကို ပေတရု ရောက်တဲ့အခါ အထဲ​ဝင်ခွင့် မရဘူး။ ပုရောဟိတ်​မင်းနဲ့​သိတဲ့ ယောဟန်​ကတော့ အထဲ​ရောက်နေ​လို့ ပေတရု ဝင်​လို့​ရအောင် တံခါး​စောင့်​ကို ခွင့်တောင်း​ပေး​လိုက်တယ်။ ပေတရုဟာ ယောဟန်​အနားမှာ နေ​ပုံ​မရဘူး။ အိမ်ထဲ​ဝင်​ပြီး သခင့်​အနားမှာ မားမား​မတ်မတ် ရပ်နေဖို့လည်း ကြိုးစား​ပုံ မရဘူး။ ချမ်းစိမ့်​နေတဲ့ အဲဒီ​ညမှာ မီးလှုံ​နေတဲ့ ကျွန်တွေ၊ အိမ်စေ​တွေ​နဲ့​အတူ အိမ်ဝင်း​မှာ​ပဲ နေရင်း ယေရှု​အကြောင်း မဟုတ်မမှန် သက်သေ​ထွက်ဆို​နေ​သူတွေ ဝင်ထွက်​သွားလာ​နေတာကို ကြည့်​နေတယ်။—မာ. ၁၄:၅၄-၅၇။ ယော. ၁၈:၁၅၊ ၁၆၊ ၁၈

၁၅၊ ၁၆။ သုံးကြိမ် ငြင်းမယ်လို့ ယေရှု ကြို​ပြောတဲ့​အတိုင်း ဘယ်လို ဖြစ်လာ​သလဲ။

၁၅ ပေတရု​ကို တံခါး​ဖွင့်ပေးခဲ့​တဲ့ မိန်းကလေးဟာ မီးရောင်​ကြောင့် သူ့ကို​မြင်ပြီး မှတ်မိ​သွားတယ်။ ဒါနဲ့ သူက “ရှင်ဟာ ဂါလိလဲ​ပြည်သား ယေရှုနဲ့ တစ်ဖွဲ့​တည်း​ပဲ” လို့ စွပ်စွဲတော့တယ်။ ရုတ်တရက် အငိုက်မိ​သွားတဲ့ ပေတရုဟာ ယေရှုကို မသိ​ဘူး၊ အဲဒီ​မိန်းကလေး ပြောတာကို နား​တောင်​မလည်​ဘူးလို့ ငြင်းတယ်။ အဲဒီနောက် လူတွေ​သတိ​မပြုမိ​အောင် ဂိတ်​တံခါး​နား​မှာ သူ သွား​ရပ်နေ​လိုက်တယ်။ ဒါပေမဲ့ နောက်​မိန်းကလေး တစ်ယောက်က သူ့ကို သတိပြုမိ​ပြီး “ဒီ​လူဟာ နာဇရက်​မြို့သား ယေရှုနဲ့ တစ်ဖွဲ့​တည်း​ပဲ” လို့​ပြောတဲ့အခါ ပေတရု​က “သူ့ကို ကျွန်တော် မသိ​ဘူး” လို့​ကျိန်​ပြောတယ်။ (မ. ၂၆:၆၉-၇၂။ မာ. ၁၄:၆၆-၆၈) ဒီလို ဒုတိယ​အကြိမ် ငြင်းဆို​ပြီးနောက် ကြက်တွန်သံ​ကို ပေတရု ကြားခဲ့​တာ​ဖြစ်မယ်။ ဒါပေမဲ့ သူ စိတ်ရှုပ်ထွေး​နေလို့ နာရီ​ပိုင်း​လောက်​က​ပဲ ယေရှု ပြောခဲ့တာကို သတိ​မရဘူး။

၁၆ ပေတရုဟာ သူ့ကို လူတွေ သတိ​မထား​မိအောင် အတတ်နိုင်ဆုံး ကြိုးစားနေဆဲ​ပဲ။ ဒါပေမဲ့ အိမ်ဝင်း​ထဲ​က လူ​တစ်စု​ဟာ ပေတရု​အနား ရောက်လာတယ်။ သူတို့​အထဲက တစ်ယောက်က ပေတရု ဒဏ်ရာ​ရအောင် လုပ်ခဲ့တဲ့ မာလခုရဲ့ အမျိုး​ဖြစ်နေတယ်။ သူက “ဥယျာဉ်​ထဲမှာ အဲဒီ​လူနဲ့​အတူ ခင်ဗျား​ရှိနေတာ ကျွန်တော်​မြင်​သား​ပဲ။ ဟုတ်တယ် မဟုတ်လား” လို့ ပေတရု​ကို ပြောတယ်။ သူတို့ လူ​မှား​နေတယ်လို့ ပေတရု ထင်​စေချင်တဲ့​အတွက် သူ လိမ်​ရင် ဘေးသင့်​ပါစေ​လို့ အခိုင်အမာ ကျိန်ဆို​လိုက်တယ်။ အခု ပေတရု ငြင်း​တာ သုံးကြိမ်​ရှိ​သွားပြီ။ သူ ငြင်းပြီး ခဏလေးမှာပဲ ကြက်တွန်​တ​ယ်။ အဲဒီ​ညမှာ ဒုတိယ​အကြိမ် ကြက်တွန်သံ​ကို ပေတရု ကြားလိုက်တယ်။—ယော. ၁၈:၂၆၊ ၂၇။ မာ. ၁၄:၇၁၊ ၇၂

“သခင်​ယေရှု​က ပေတရု​ကို လှည့်​ပြီး ကြည့်တယ်”

၁၇၊ ၁၈။ (က) ကြီးလေး​တဲ့​အမှား လုပ်မိ​ပြီဆို​တာ ပေတရု သိ​သွားတဲ့အခါ ဘယ်လို တုံ့ပြန်​ခဲ့သလဲ။ (ခ) ပေတရု ဘာကို စဉ်းစားမိ​နိုင်သလဲ။

၁၇ အဲဒီအချိန်မှာ​ပဲ ယေရှုဟာ အိမ်ဝင်း​ကို အပေါ်​စီး​ကနေ လှမ်း​မြင်ရတဲ့ လ​သာ​ဆောင်​ကို ထွက်​လာတယ်။ ဆောင်းပါး​အစမှာ ဖော်ပြ​ထားတဲ့​အတိုင်း ယေရှုနဲ့ ပေတရုတို့​နှစ်ယောက် အကြည့်​ချင်း ဆုံမိကြတဲ့​အချိန်ပဲ။ ကြီးလေး​တဲ့​အမှား ပြု​မိ​ပြီလို့ အဲဒီ​အချိန်​ကျ​မှ ပေတရု သိလိုက်တယ်။ မှားသွား​ပြီဆို​တဲ့ အသိ​နဲ့ ယူကျုံး​မရ​ဖြစ်ပြီး အိမ်အပြင်ဘက်​ကို သူ ထွက်​လာခဲ့တယ်။ လပြည့်ညရဲ့ အလင်းရောင်​အောက်မှာ လင်းထိန်​နေတဲ့ လမ်းတစ်လျှောက် မြို့ထဲ​ကို သူ လျှောက်လာရင်း မျက်ရည်ဝဲ​နေမှာ​ပဲ။ မြင်ကွင်း​တွေ ဝေ​ဝါး​လာပြီး နောက်ဆုံး သူ ချုံးပွဲချ ငိုကြွေး​လိုက်တော့တယ်။—မာ. ၁၄:၇၂။ လု. ၂၂:၆၁၊ ၆၂

၁၈ ကိုယ်​လုပ်ခဲ့တဲ့​အမှား ဘယ်လောက် ကြီးတယ်​ဆိုတာ သိလာတဲ့​အခါ ခွင့်လွှတ်​ခံရမှာ မဟုတ်ဘူးလို့ အလွယ်တကူ ယူမှတ်​မိ​နိုင်တယ်။ ပေတရုလည်း အဲဒီလိုပဲ ခံစား​နေရ​ပါလိမ့်မယ်။ သူ ခွင့်လွှတ်​ခံရ​ပါ့မလား။

ပေတရု ခွင့်လွှတ် မခံရ​တော့​ဘူး​လား

၁၉။ လုပ်မိတဲ့​အမှား​နဲ့ ပတ်သက်ပြီး ပေတရု ဘယ်လို ခံစား​ရမလဲ။ သူ အရှုံးမပေး​ခဲ့​ဘူးဆို​တာ ဘယ်လို သိရသလဲ။

၁၉ နောက်​တစ်​နေ့​မှာ ယေရှု ကြုံ​ရ​တဲ့​အဖြစ်​အပျက်​တွေ​ကို ပေတရု သိ​တဲ့​အခါ သူ​ဘယ်​လောက်​စိတ်​ထိ​ခိုက်​နေ​မ​ယ်​ဆို​တာ စဉ်း​စား​ကြည့်​ပါ။ ဝေဒနာ အပြင်းအထန်​ခံရပြီး အဲဒီ​နေ့မှာပဲ ယေရှု သေဆုံး​သွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်​မဆုံး ဖြစ်နေမှာ​ပဲ။ မြေကြီး​ပေါ်မှာ အသက်ရှင်ခဲ့​ရတဲ့ နောက်ဆုံး​နေ့မှာ သူ့​ကြောင့် ယေရှုရဲ့ ဝေဒနာ ပို​ပြင်းထန်​နိုင်တယ်ဆိုတာ တွေးမိ​လိုက်​တိုင်း ပေတရု စိတ်ထိခိုက်​နေမှာ သေချာတယ်။ သူ ဘယ်လောက်​ပဲ ဝမ်းနည်း​ကြေကွဲ​နေပါ​စေ အရှုံးမပေး​ခဲ့​ဘူးဆို​တာ သိရတယ်။ မကြာခင်မှာပဲ ညီအစ်ကိုတွေနဲ့​အတူ ပေတရု ရှိ​နေတယ်လို့ မှတ်တမ်းက ဖော်ပြတယ်။ (လု. ၂၄:၃၃) တမန်တော်တွေ အားလုံး ဆိုးရွား​လှတဲ့ အဲဒီ​ညမှာ သူတို့ ပြုမူ​ခဲ့​မိ​တာ​တွေ​အတွက် တကယ် နောင်တရ​နေကြမှာ​ဖြစ်ပြီး အချင်းချင်း အပြန်အလှန် နှစ်သိမ့်​ပေးခဲ့​ကြပါလိမ့်မယ်။

၂၀။ ပေတရုရဲ့ ဆုံးဖြတ်ချက်​ကနေ ဘာသင်ယူနိုင်သလဲ။

၂၀ ပေတရု​ဟာ အကောင်း​ဆုံး ဆုံး​ဖြတ်​ချက်​တစ်​ခု​ကို ချ​ခဲ့​မှန်း သိ​နိုင်​ပါ​တ​ယ်။ ဘုရားသခင့် ကျေးကျွန်​တစ်ယောက် အမှား​လုပ်မိတဲ့​အခါ အမှား​က ဘယ်လောက်​ပဲ ကြီးလေး​ပါစေ အရေးကြီးဆုံး​က အမှား​ကို ပြုပြင်​ဖို့ ဆုံးဖြတ်ပြီး ပြန်​ကြိုးစားဖို့​ပဲ။ (ပညာအလိမ္မာ ၂၄:၁၆ ကိုဖတ်ပါ။) ပေတရု အလွန်အမင်း စိတ်ဓာတ်​ကျနေ​ပေမဲ့ သူ့ရဲ့ ညီအစ်ကိုတွေနဲ့ ပြန်​ပူးပေါင်းပြီး စစ်မှန်တဲ့​ယုံကြည်ခြင်း တင်​ပြခဲ့တယ်။ ဝမ်းနည်း​ပြီး နောင်တရ​နေ​သူဟာ တစ်ကိုယ်တည်း သီးခြားနေ​ချင်​ပေမဲ့ အဲဒီလို လုပ်တာ​က အန္တရာယ်​ရှိတယ်။ (ပညာ. ၁၈:၁) ယုံကြည်သူချင်းတွေနဲ့ ရင်းရင်းနှီးနှီး​နေပြီး ဘုရားသခင်ကို ဆ​က်​ဝတ်ပြု​နေဖို့ ကြိုးစားတာ​က ပညာ​ရှိတဲ့ လမ်းစဉ်​ပဲ။—ဟီ. ၁၀:၂၄၊ ၂၅

၂၁။ ယေရှုရဲ့ တခြား​တပည့်​တွေ​နဲ့ အတူတူ​ရှိနေလို့ ပေတရု ဘယ်​သတင်းကို ကြားလိုက်​ရသလဲ။

၂၁ ပေတရုဟာ ယေရှုရဲ့ တခြား​တပည့်​တွေ​နဲ့ အတူ​ရှိနေလို့ သင်္ချိုင်းဂူ​ထဲမှာ ယေရှုရဲ့​အလောင်း မရှိတော့ဘူး​ဆိုတဲ့ တုန်လှုပ်​စ​ရာ သတင်းကို ကြားလိုက်​ရတယ်။ ဒီ​အခါ ပေတရုနဲ့ ယောဟန်ဟာ တံဆိပ်ခတ် ပိတ်​ထားတဲ့ ယေရှုရဲ့ သင်္ချိုင်းဂူ​ဆီ​ကို ချက်ချင်း ပြေး​သွား​ကြည့်တယ်။ အသက် ပို​ငယ်​ပုံ​ရတဲ့ ယောဟန်​က အရင်​ရောက်​သွားတယ်။ ဒါပေမဲ့ သင်္ချိုင်းဂူ ပွင့်​နေတာကို တွေ့​လိုက်တဲ့အခါ သူ တွန့်​သွားတယ်။ ပေတရု​ကျတော့ အ​မော​ဆို့​နေပေမဲ့ ဂူ​ထဲ​ကို တန်းဝင်သွား​တ​ယ်။ ဂူ​ထဲမှာ ဘာမှ​မရှိတော့​ပါလား။—ယော. ၂၀:၃-၉

၂၂။ ဘယ်​ဖြစ်ရပ်က ပေတရု ခံစား​နေရတဲ့ ဝမ်းနည်း​ကြေကွဲ​စိတ်နဲ့ သံသယ​စိတ်တွေကို ပြေပျောက်​သွား​စေ​သလဲ။

၂၂ ယေရှု ရှင်ပြန်ထမြောက်​သွားပြီ​လို့ ပေတရု သဘောပေါက်​သွား​သလား။ အစပိုင်းမှာ သူ အဲဒီလို မထင်​သေး​ဘူး။ ကောင်းကင်တမန်တွေ ကိုယ်​ထင်ရှားပြ​ပြီး ယေရှု ရှင်ပြန်ထမြောက်​ပြီလို့ ပြောခဲ့တဲ့​အကြောင်း သစ္စာရှိ အမျိုးသမီးတွေ ပြောပြ​ကြပေမဲ့လည်း သူ မယုံနိုင်​သေး​ဘူး။ (လု. ၂၃:၅၅–၂၄:၁၁) ဒါပေမဲ့ အဲဒီ​နေ့ အကုန်ပိုင်း​မှာ ပေတရုရဲ့ ဝမ်းနည်းမှု​နဲ့ သံသယစိတ်​တွေ လုံး​၀ ပျောက်​သွားတော့တယ်။ အခု ယေရှုဟာ တန်ခိုး​ကြီးတဲ့ နာမ်ဝိညာဉ် ပုဂ္ဂိုလ်​တစ်ပါး ဖြစ်နေပြီ။ တမန်တော်​အားလုံးကို ယေရှု ကိုယ်ထင်ရှား​ပြခဲ့တယ်။ အဲဒီ​မတိုင်ခင် ပေတရု​တစ်ယောက်တည်း​ကိုပဲ ယေရှု ကိုယ်ထင်ရှား​ပြခဲ့တယ်။ အဲဒီ​နေ့မှာ တမန်တော်တွေက “သခင် အသက်ပြန်ရှင်​လာတာ အမှန်​ပဲ။ ရှိမုန်​ကို လာ​တွေ့​သွားတယ်” လို့​ပြောတယ်။ (လု. ၂၄:၃၄) တမန်တော်​ပေါလုကလည်း ထူးခြားတဲ့ အဲဒီ​နေ့မှာ ယေရှုဟာ “ကေဖကို၊ အဲဒီနောက် တမန်တော် ၁၂ ယောက်​ကို ကိုယ်ထင်ပြ​ခဲ့​တ​ယ်” လို့ နောက်ပိုင်းမှာ ရေးခဲ့တယ်။ (၁ ကော. ၁၅:၅) ကေဖ၊ ရှိမုန်​ဆိုတာ ပေတရုရဲ့ တခြား​နာမည်​တွေ ဖြစ်တယ်။ အဲဒီ​နေ့ ပေတရု တစ်ယောက်တည်း ရှိနေ​ချိန်မှာ သူ့ကို ယေရှု ကိုယ်ထင်ရှား​ပြခဲ့တယ်။

ပေတရုဟာ အကြိမ်ကြိမ် မှား​ခဲ့​တဲ့​ အတွက် ခွင့်လွှတ်​ခံရဖို့ အများကြီး လိုအပ်ခဲ့၊ နေ့တိုင်း ခွင့်လွှတ်​ခံရဖို့ မလို​တဲ့​သူ ရှိပါသလား

၂၃။ အမှား​လုပ်မိတဲ့ ဒီနေ့​ခေတ် ခရစ်ယာန်တွေဟာ ပေတရုရဲ့ အဖြစ်ကို ဘာကြောင့် သတိ​ရဖို့ လိုသလဲ။

၂၃ ယေရှုနဲ့ ပေတရု ပြန်​တွေ့ဆုံချိန်​မှာ ဘာတွေ ဖြစ်ပျက်ခဲ့တယ်​ဆိုတာ ကျမ်းစာမှာ မဖော်​ပြ​ထားပါ​ဘူး။ အသက်ပြန်ရှင်​လာတဲ့ ချစ်​ရတဲ့​သခင် ယေရှုကို တွေ့​တဲ့အခါ သူ စိတ်လှုပ်ရှား​နေမှာ၊ သူ ဝမ်းနည်း​ကြေကွဲ​ပြီး နောင်တ​ရခဲ့တဲ့​အကြောင်း ပြန်​ပြောပြ​နေမှာ​ကို​တော့ မြင်ယောင်​ကြည့်​နိုင်ပါတယ်။ တခြား​အရာတွေ​ထက် ပေတရု အလိုချင်ဆုံး​က ခွင့်လွှတ်မှု​ပဲ။ သူ့ကို ယေရှု လိုလိုလားလား ခွင့်လွှတ်ခဲ့​တာ သေချာ​ပါတယ်။ ဒီနေ့​ခေတ် အမှား​လုပ်မိတဲ့ ခရစ်ယာန်တွေဟာ ပေတရုရဲ့ အဖြစ်ကို သတိ​ရဖို့​လိုတယ်။ ဘုရားသခင် ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ ဘယ်တော့မှ မယူဆ​သင့်​ဘူး။ ယေရှုလည်း “အကြွင်းမဲ့ ခွင့်လွှတ်” တဲ့ သူ့​ဖခင် လို​ပါပဲ။—ဟေရှာ. ၅၅:၇

ခွင့်လွှတ်​ကြောင်း ဖော်ပြတဲ့ နောက်ထပ်​အထောက်အထား

၂၄၊ ၂၅။ (က) ဂါလိလဲအိုင်မှာ ပေတရု ငါးဖမ်း​တဲ့ အဖြစ်အပျက်​ကို ပြောပြပါ။ (ခ) နောက်​နေ့​မနက် ယေရှု​ပြ​တဲ့ အံ့ဖွယ်​အလုပ်ကို ပေတရု ဘယ်လို တုံ့ပြန်​သလဲ။

၂၄ ယေရှု​က သူနဲ့ တွေ့​ဖို့ တမန်တော်တွေကို ဂါလိလဲ​နယ်​ဆီ သွား​ခိုင်းတယ်။ တမန်တော်တွေ အဲဒီကို​ရောက်တော့ ဂါလိလဲအိုင်မှာ ငါး​သွားဖမ်းမယ်လို့ ပေတရု ပြောတဲ့အခါ တခြား​သူတွေလည်း လိုက်​သွားတယ်။ ပေတရုဟာ သူ ကျင်လည်​ခဲ့​တဲ့ ဂါလိလဲအိုင်မှာ ပြန်​ရောက်နေပြီး လှေရဲ့ တကျွိကျွိ​မြည်သံ​တွေ၊ လှိုင်း​ပု​တ်​သံ​တွေ၊ ပိုက်ကွန်​တွေ​နဲ့ ကောင်းကောင်း ရင်းနှီး​နေတယ်။ ဒါပေမဲ့ အဲဒီ​ညမှာ သူတို့ ငါး​တစ်ကောင်​မှ မရခဲ့ကြဘူး။—မ. ၂၆:၃၂။ ယော. ၂၁:၁-၃

ပေတရု လှေပေါ်​ကနေ ခုန်ဆင်း​ပြီး ကမ်း​စပ်​ကို ရေကူး​သွား

၂၅ အရုဏ်​တက်​ချိန်မှာ လူတစ်ယောက်က သူတို့ကို ကမ်း​စပ်​ကနေ လှမ်း​ခေါ်ပြီး လှေရဲ့ ညာဘက်မှာ ပိုက်ကွန်​ကို ချ​ခိုင်းတယ်။ သူ​ပြောတဲ့​အတိုင်း ပိုက်ကွန်​ကို ချ​လိုက်​တော့ ငါး ၁၅၃ ကောင်​ပါလာတယ်။ ကမ်း​ပေါ်​က လူဟာ ဘယ်သူ​လဲ​ဆိုတာ ပေတရု သိ​လိုက်ပြီ။ ဒါနဲ့ လှေပေါ်​ကနေ ချက်ချင်း​ခုန်ဆင်း​ပြီး ကမ်း​စပ်​ကို ရေကူး​သွားတယ်။ ကမ်း​ပေါ်မှာ ယေရှု​က သစ္စာရှိ မိတ်ဆွေ​တွေ​အတွက် မီး​ပုံ​ပေါ်မှာ ကင်​ထားတဲ့ ငါးကို​ကျွေးတယ်။ အဲဒီနောက် ယေရှုဟာ ပေတရု​ကို ဦးတည်​ပြီး စကား​ပြောခဲ့တယ်။—ယော. ၂၁:၄-၁၄

၂၆၊ ၂၇။ (က) ပေတရု​ကို ယေရှု ဘယ်​အခွင့်အရေး သုံးကြိမ် ပေးခဲ့သလဲ။ (ခ) ပေတရု​ကို အကြွင်းမဲ့ ခွင့်လွှတ်တယ်​ဆိုတာ ယေရှု ဘယ်လို သက်သေ​ပြခဲ့သလဲ။

၂၆ ဖမ်းမိ​ထားတဲ့ ငါး​တွေကို လက်ညှိုးထိုး​ပြီး ယေရှု​က ပေတရု​ကို “ဒီဟာတွေထက်” သခင်​ကို ပို​ချစ်​သလား​လို့ မေးတယ်။ ယေရှုနဲ့ ငါးဖမ်း​လုပ်ငန်းကို နှိုင်းယှဉ်​ရင် ဘယ်ဟာ​ကို ပေတရု ပို​ချစ်မြတ်နိုး​မလဲ။ သခင်​ကို သုံးခါ ငြင်းခဲ့တဲ့​အတွက် အခု ယေရှု​က ပေတရု​ကို တခြား​သူတွေ​ရှေ့မှာ သူ့ရဲ့​မေတ္တာကို သုံးခါ​တိ​တိ ဖော်ထုတ်ခွင့်​ပေးခဲ့တယ်။ ယေရှုကို​ချစ်ကြောင်း ပေတရု ပြောတဲ့အခါ​တိုင်း အဲဒီ​မေတ္တာကို ဘယ်လို​ပြ​ရမလဲ​ဆိုတာ ပြော​ပြခဲ့တယ်။ ခရစ်တော်ရဲ့ နောက်လိုက်​တွေကို သွန်သင်​ပေးတာ၊ ယုံကြည်ခြင်း ခိုင်ခံ့​စေ​တာ၊ ထိန်းကျောင်း​ပေးတာ​က ယေဟောဝါ​ဘုရားရဲ့ အလိုတော်​ဖြစ်ပြီး ဒါကို ဘဝမှာ ဦးစား​ထား လုပ်ဆောင်​ရမယ်လို့ ပြောခဲ့တယ်။—လု. ၂၂:၃၂။ ယော. ၂၁:၁၅-၁၇

၂၇ ဒီ​နည်းနဲ့ ပေတရုဟာ သူ့​အတွက်ရော သူ့​ဖခင်​အတွက်ပါ အသုံးဝင်​နေဆဲပဲ​ဆိုတာ ယေရှု စိတ်ချ​စေခဲ့တယ်။ ပေတရုဟာ ခရစ်တော်ရဲ့ လမ်းညွှန်မှု​အောက်မှာ​ရှိတဲ့ အသင်းတော်မှာ အရေးပါတဲ့ အခန်းကဏ္ဍ​ကနေ ပါဝင်ခွင့်​ရမှာ ဖြစ်တယ်။ သူ့ကို ယေရှု အကြွင်းမဲ့ ခွင့်လွှတ်တယ်​ဆိုတာ ထိထိမိမိ ဖော်ပြ​လိုက်တာပဲ။ အဲဒီလို ခွင့်လွှတ်​ခံရ​တာ​ကို ပေတရု တကယ် ကျေးဇူး​တင်ပြီး သူ့ရဲ့​အမှား​ကနေ သင်ခန်းစာ​ယူခဲ့တယ်။

၂၈။ ပေတရုဟာ သူ့​နာမည်​နဲ့​အညီ ဘယ်လို ဖြစ်လာ​သလဲ။

၂၈ ပေတရုဟာ သူ့​တာဝန်ကို နှစ်​အတော်ကြာကြာ သစ္စာရှိ​ရှိ ထမ်းဆောင်ခဲ့​တ​ယ်။ ယေရှု မသေဆုံးခင်​ညမှာ မှာ​ခဲ့​တဲ့​အတိုင်း ခရစ်ယာန်​ညီအစ်ကိုချင်း​တွေကို သူ အားပေး​တည်​ဆောက်ခဲ့တယ်။ ခရစ်တော်ရဲ့ နောက်လိုက်​တွေကို ထိန်းကျောင်း​ပြီး သွန်သင်​ပေးတဲ့​အခါမှာလည်း ကြင်ကြင်နာနာ၊ စိတ်ရှည်ရှည် လုပ်ဆောင်ခဲ့တယ်။ ရှိမုန်​ကို ကျောက်ဆောင်လို့ အဓိပ္ပာယ်​ရှိတဲ့ ပေတရု ဆိုပြီး ယေရှု နာမည်​ပေးခဲ့တယ်။ အဲဒီ​နာမည်​အတိုင်းပဲ ပေတရုဟာ အသင်းတော်မှာ မယိမ်းယိုင်​တဲ့၊ စိတ်ဓာတ်​ကြံ့ခိုင်​တဲ့၊ ယုံကြည်​စိတ်ချ​ရတဲ့ လူတစ်ယောက် ဖြစ်လာ​ပါတယ်။ သူ အဲဒီလို​လူစား ဖြစ်ခဲ့တယ်​ဆိုတာ ကျမ်းစာထဲမှာ​ပါတဲ့ သူ့ရဲ့ မေတ္တာပါ စာနှစ်စောင်​က သက်သေထူ​တ​ယ်။ ခွင့်လွှတ်ခြင်းနဲ့ ပတ်သက်ပြီး ယေရှု​ဆီက သင်ယူ​သိရှိခဲ့တဲ့ သင်ခန်းစာ​ကို သူ​ဘယ်တော့မှ မမေ့ဘူး​ဆိုတာကို​လည်း အဲဒီ​စာနှစ်စောင်​က ဖော်ပြတယ်။၁ ပေတရု ၃:၈၊ ၉။ ၄:၈ ကိုဖတ်ပါ။

၂၉။ ပေတရုရဲ့ ယုံကြည်ခြင်းနဲ့ ယေရှုရဲ့ ကရုဏာကို ဘယ်လို အတုယူ​နိုင်သလဲ။

၂၉ ကျွန်တော်တို့လည်း သင်ခန်းစာ ယူ​နိုင်ပါတယ်။ အပြစ်တွေကို ခွင့်လွှတ်​ပေးဖို့ နေ့တိုင်း ဘုရားသခင်​ဆီ ဆုတောင်းနေ​သလား။ ခွင့်လွှတ်​ခံရ​တဲ့​အခါ သန့်​ရှင်း​စင်​ကြယ်​သွားပြီ​လို့ ယုံကြည်​သလား။ တခြား​သူတွေကိုလည်း ခွင့်လွှတ်​နေပါ​သလား။ အဲဒီလို လုပ်နေတယ်​ဆိုရင် ပေတရုရဲ့ ယုံကြည်ခြင်းနဲ့ ယေရှုရဲ့ ကရုဏာကို အတု​ယူတာ ဖြစ်ပါတယ်။