မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ဆယ့်သုံး

အမှားတွေကနေ သူ သင်ခန်းစာယူခဲ့

အမှားတွေကနေ သူ သင်ခန်းစာယူခဲ့

၁၊ ၂။ (က) ယောနရဲ့ အမှား​ကြောင့် သူနဲ့ သင်္ဘောသားတွေ ဘာကြုံနေ​ရသလဲ။ (ခ) ယောနရဲ့ အဖြစ်အပျက်ကနေ ဘာတွေ သင်ယူ​နိုင်သလဲ။

ယောနဟာ ထိတ်လန့်စရာ​ကောင်းတဲ့ အသံ​တွေကို ဆက်​မကြားချင်တော့​ဘူး။ ဒီ​အသံ​တွေ​က သင်္ဘော ရွက်​တိုင်တွေ ကြား​ကနေ ထွက်လာတဲ့ ကြောက်လန့်​စ​ရာ လေ​တိုး​သံ၊ လှိုင်းလုံး​ကြီး​တွေ​က သင်္ဘော ကိုယ်ထည်​ကို အရှိန်​ပြင်းပြင်း​နဲ့ ရိုက်ခတ်​တဲ့အခါ သစ်သား​နံရံ​တွေ ပွတ်တိုက်​မိ​ပြီး ကျိုးကျိုး​ကြိတ်​ကြိတ် မြည်​တဲ့​အသံ​တွေ​ပဲ မဟုတ်ပါဘူး။ ယောန​အတွက် ဒီ​အသံ​တွေ​ထက် ပို​ဆိုး​တာ​က သင်္ဘော မနစ်မြုပ်​ရအောင် အသည်းအသန် ကြိုးစား​နေတဲ့ မာလိန်မှူးနဲ့ သင်္ဘောသားတွေရဲ့ အော်ဟစ်သံ​တွေ​ပဲ။ အဲဒီ​လူတွေ​အားလုံး သူ့​ကြောင့် အသက်ဆုံး​ရတော့မယ်။

ဒီ​ဆိုးဝါး​တဲ့ အခြေအနေ​မျိုးကို ယောန ဘာကြောင့် ကြုံတွေ့​နေရ​သလဲ။ ယေဟောဝါ​ဘုရား​အပေါ် ကြီးလေး​တဲ့ အမှား​တစ်ခု သူ​ကျူးလွန်မိ​လို့​ပဲ။ ဘာ​အမှား​လဲ။ ယေဟောဝါ​ဘုရားနဲ့ သူ့ရဲ့​ဆက်ဆံရေး လုံးဝ ပြတ်သွားပြီ​လား။ ဒီ​မေးခွန်းတွေရဲ့ အဖြေ​တွေ​ကနေ သင်ယူစရာ အများကြီး​ရှိပါတယ်။ ဥပမာ၊ စစ်မှန်တဲ့ ယုံကြည်ခြင်း ရှိ​သူတွေတောင် အမှားတွေ လုပ်မိ​နိုင်တယ်၊ မှား​ပြီးနောက် ပြုပြင်​နိုင်တယ်ဆိုတာ ယောနရဲ့ အဖြစ်အပျက်က သိ​နားလည်စေ​တယ်။

ဂါလိလဲ​နယ်​က ပရောဖက်​တစ်ယောက်

၃-၅။ (က) ယောန​အကြောင်း စဉ်းစား​လိုက်တဲ့အခါ လူတွေ​စိတ်ထဲ ဘာ​မြင်​လာသလဲ။ (ခ) ယောနရဲ့ နောက်ခံ​နဲ့ ပတ်သက်ပြီး ဘာ​သိရသလဲ။ (အောက်ခြေမှတ်ချက်ကို​လည်း ကြည့်ပါ။) (ဂ) ပရောဖက်​အဖြစ် ယောန အမှုဆောင်​ရတာ ဘာကြောင့် မလွယ်ကူ​သလဲ။

ယောန​အကြောင်း လူတွေ စဉ်းစား​တဲ့အခါ သူ​နာခံမှု မရှိခဲ့တာ၊ ခေါင်းမာ​တာ​ကိုပဲ မြင်ကြ​တယ်။ တကယ်တော့ သူ့မှာ အရည်အချင်း​ကောင်း​တွေ အများကြီး ရှိပါတယ်။ ယောနဟာ ယေဟောဝါ​ဘုရားရဲ့ ပရောဖက်​တစ်ယောက်​အဖြစ် ရွေးချယ်ခံ​ခဲ့​ရတာကို သတိရပါ။ အကယ်၍ သူဟာ သစ္စာ​မရှိသူ၊ မဖြောင့်မတ်​သူ ဖြစ်မယ်ဆိုရင် ဒီ​တာဝန်​ကြီး​ကို ထမ်းဆောင်ဖို့ သူ့ကို ယေဟောဝါ​ဘုရား ရွေး​မှာ​မဟုတ်ဘူး။

ယောနရဲ့ မကောင်းတဲ့ စရိုက်တွေ​အပြင် သူနဲ့​ပတ်သက်ပြီး သိ​သင့်​တာ​တွေ အများကြီး​ရှိ

ယောနရဲ့ ဘဝနောက်ခံ​ကို ကျမ်းစာမှာ အနည်း​အကျဉ်း ဖော်ပြ​ထားတယ်။ (၂ ဘုရင်များ ၁၄:၂၅ ကိုဖတ်ပါ။) နောက်​အနှစ် ၈၀​၀ လောက်​မှာ ယေရှု​ခရစ် ကြီးပြင်းလာ​မယ့် နာဇ​ရက်​မြို့ကနေ နှစ်​မိုင်​ခွဲ​လောက်​ပဲ ဝေး​တဲ့ ဂါသေဖာ​မြို့ဟာ သူ့ရဲ့ ဇာတိ​မြို့​ဖြစ်တယ်။ * ယောန​ဟာ အစ္စရေး ဆယ်နွယ်​နိုင်ငံရဲ့​ဘုရင် ဒုတိယ​မြောက် ယေရောဗောင်​လက်ထက်မှာ ပရောဖက်​တစ်ယောက်​အဖြစ် အမှုဆောင်ခဲ့တယ်။ ဧလိယ​ခေတ် ကုန်လွန်ခဲ့​တာ ကြာပြီ။ ဧလိယ​ကို​ဆက်ခံသူ ဧလိရှဲလည်း ယေရောဗောင်ရဲ့​ဖခင် နန်းစံချိန်အတွင်း ကွယ်လွန်​သွားခဲ့ပြီ။ ဗာလ ဝတ်ပြုရေး​ကို ဖယ်ရှား​ဖို့ အဲဒီ​လူတွေကို ယေဟောဝါ​ဘုရား အသုံးပြုခဲ့ပေမဲ့ အစ္စရေး​လူတွေဟာ ထပ်​ပြီး လမ်းလွဲ​နေကြပြန်ပြီ။ သူတို့ဟာ “ယေဟောဝါ​ရှေ့မှာ မကောင်းတာကို . . . ဆက်လုပ်” တဲ့​ဘုရင်ရဲ့ သြဇာအောက် ရောက်​နေကြ​တယ်။ (၁ ဘု. ၁၄:၂၄) ဒါကြောင့် ပရောဖက်​အဖြစ် ယောန အမှုဆောင်​ရတာ အတော်လေး ခက်ခဲ​မှာ​ပဲ။ ဒါတောင်မှ သူ သစ္စာရှိ​ရှိ အမှုဆောင်ခဲ့​ပါတယ်။

တစ်နေ့မှာ ယောနရဲ့ ဘဝ အကြီးအကျယ် ပြောင်းလဲ​သွားတယ်။ ယေဟောဝါ​ဘုရားက သူ့​အတွက် တော်​တော်​ခက်တဲ့ တာဝန်​တစ်ခု​ပေးတယ်။ ဘာ​တာဝန်​လဲ။

“နိနဝေ​မြို့ကြီးဆီ သွားပါ”

၆။ ယောန​ကို ယေဟောဝါ​ဘုရား ဘာ​တာဝန်ပေး​သလဲ။ ဒီ​တာဝန်ဟာ ဘာကြောင့် အလွန်​ခက်​ပုံ​ပေါက်​သလဲ။

ယေဟောဝါ​ဘုရားက ယောန​ကို “နိနဝေ​မြို့ကြီးဆီ သွားပါ။ သူတို့ရဲ့ ဆိုးသွမ်းမှု​ကို ငါ​သတိထား​မိ​တဲ့​အတွက် သူတို့ကို တရား​စီရင်မယ့်​အကြောင်း ကြေညာပါ” လို့​ပြောတယ်။ (ယောန ၁:၂) အဲဒီ​တာဝန်​ဟာ အရမ်း​ခက်​ခဲ​တဲ့​တာဝန် ဖြစ်​ပုံ​ရ​တယ်။ နိ​နေ​ဝေ​မြို့ဟာ အရှေ့ဘက် မိုင် ၅၀၀​ လောက်​မှာ တည်ရှိ​ပြီး ကုန်း​ကြောင်း​ခရီး​နဲ့ ခြေကျင်​လျှောက်သွားရင် တစ်လ​လောက် ကြာမယ်။ ဒါပေမဲ့ ဒီ​ခရီးကြမ်းဟာ ထမ်းဆောင်​ရမယ့် တာဝန်နဲ့ နှိုင်းယှဉ်​ရင် မပြော​ပ​လောက်​ဘူး။ နိ​နေ​ဝေ​မြို့မှာ​နေတဲ့ အဆီးရီးယား​လူတွေဟာ အလွန် ရက်စက်​ကြမ်းကြုတ်​တယ်လို့ နာမည်ကျော်​ကြားတယ်။ ယောနဟာ အဲဒီ​လူတွေကို ယေဟောဝါ​ဘုရားရဲ့ တရား​စီရင်ခြင်း​သတင်း ကြေညာ​ရမယ်။ ဘုရားသခင့် လူတွေ​တောင်မှ သူ့​စကား နားမထောင်​တာ ဒီ​တိတ္ထိ​တွေ​က သူ​ပြောတာကို နားထောင်​ပါ့မလား။ “လူသတ်​တဲ့​မြို့” လို့ နောက်ပိုင်းမှာ နာမည်​ရလာတဲ့ နိ​နေ​ဝေ​မြို့ကြီး​မှာ ယေဟောဝါရဲ့​ကျွန် တစ်ယောက်တည်း ဘာ​လုပ်နိုင်​မှာ​လဲ။—နာ. ၃:၁၊ ၇

၇၊ ၈။ (က) ယေဟောဝါ​ဘုရား​ပေးတဲ့ တာဝန်ကို ရှောင်လွှဲ​ဖို့ ယောန ဘယ်​အထိ စိတ်ပိုင်းဖြတ်​ထားသလဲ။ (ခ) ယောန​ကို သတ္တိ​မရှိတဲ့​သူ​လို့ ဘာကြောင့် ကောက်ချက်​မချ​သင့်သလဲ။

ယောန အဲဒီလို တွေးမိမှာပဲ။ အတိအကျ​တော့ မသိ​နိုင်ပါဘူး။ သိရတာ​တစ်ခုကတော့ သူ ထွက်ပြေး​သွားတယ်။ ယေဟောဝါ​ဘုရားက ယောန​ကို အရှေ့ဘက် သွား​ခိုင်းတယ်။ ဒါ​ပေမဲ့ အနောက်ဘက် ဝေး​နိုင်သမျှ ဝေးဝေး​ကို သူ ထွက်သွား​တယ်။ ယုပ္ပေ​လို့​ခေါ်တဲ့ ဆိပ်ကမ်း​မြို့ကို သူ​ရောက်တဲ့အခါ တာ​ရှိ​မြို့ကို​သွားမယ့် သင်္ဘော​တစ်စင်း​ကို တွေ့တယ်။ တာ​ရှိ​မြို့ဟာ စပိန်​နိုင်ငံမှာ ရှိတယ်လို့ ကျမ်းပညာရှင်​တချို့က ပြော​ကြတယ်။ အဲဒီလိုသာ​ဆိုရင် ယောနဟာ နိ​နေ​ဝေ​မြို့ကနေ မိုင်​ပေါင်း ၂,၂၀၀ လောက်​ဝေး​တဲ့​နေရာကို ဦးတည်​သွား​နေတာ​ပဲ။ မြေထဲပင်လယ်​လို့ ဒီနေ့​ခေတ်မှာ ခေါ်​ကြ​တဲ့ ပင်လယ်​ကြီးရဲ့ အစွန်း​တစ်ဖက်​ကို သွားဖို့ တစ်နှစ်လောက် ကြာနိုင်တယ်။ ယောန​ဟာ ယေဟောဝါ​ဘုရား​ပေးတဲ့ တာဝန်ကို လွှဲရှောင်​ဖို့ အဲဒီလောက်​အထိ စိတ်ပိုင်းဖြတ်​ထားတယ်။ယောန ၁:၃ ကိုဖတ်ပါ။

အဲဒါကြောင့် ယောန​ကို သတ္တိ​မရှိတဲ့​သူ​လို့ ပြော​မလား။ အဲဒီလို ချက်ချင်း ကောက်ချက်​မချ​သင့်​ဘူး။ သူ ဘယ်လောက် သတ္တိ​ရှိသလဲ​ဆိုတာ သိလာ​ရလိမ့်မယ်။ ဒါပေမဲ့ ယောနဟာ ကျွန်တော်​တို့​လို​ပဲ အားနည်းချက်တွေကို တိုက်လှန်​နေရတဲ့ မစုံလင်သူ​တစ်ယောက်ပါ။ (ဆာ. ၅၁:၅) ကြောက်စိတ် မဝင်​ဖူး​တဲ့​သူ ရှိပါသလား။

၉။ ယေဟောဝါ​ဘုရား ပေးတဲ့​တာဝန်ကို တစ်ခါတလေ ဘယ်လို ယူမှတ်​မိ​နိုင်သလဲ။ အဲဒီအခါ ဘယ်​အမှန်တရားကို သတိရ​သင့်သလဲ။

တစ်ခါတလေ ဘုရားသခင် တောင်းဆိုတာ​တွေဟာ အရမ်း​ခက်​ပြီး မ​လုပ်နိုင်​ပုံ ပေါက်​နိုင်တယ်။ ခရစ်ယာန်တွေကို ခိုင်း​ထားတဲ့ ဘုရားသခင့်​နိုင်ငံတော်​သတင်း ဟောပြောခြင်း တာဝန်​က​တောင် ခက်ခဲပုံ​ရှိ​နိုင်တယ်။ (မ. ၂၄:၁၄) “ဘုရားသခင်အတွက် အရာအားလုံး ဖြစ်နိုင်တယ်” လို့ ယေရှု ပြောခဲ့တဲ့ အမှန်တရားကို အလွယ်တကူ မေ့သွား​နိုင်တယ်။ (မာ. ၁၀:၂၇) အဲဒီ​အမှန်တရားကို ကျွန်တော်တို့ မေ့သွားတဲ့​အခါ ယောန​ကို နားလည်​ပေးနိုင်ပါ​လိမ့်မယ်။ ယောန ထွက်ပြေးခဲ့​တဲ့​အတွက် ဘာ​ဆက်ဖြစ်​သလဲ။

နာခံမှု​မရှိတဲ့ ပရောဖက်​ကို ယေဟောဝါ​ဘုရား ဆုံးမ

၁၀၊ ၁၁။ (က) သင်္ဘောဟာ ဆိပ်ကမ်း​က ထွက်ခွာ​သွားတဲ့အခါ ယောန ဘာ​စဉ်းစားမိ​နိုင်သလဲ။ (ခ) သင်္ဘော​နဲ့ သင်္ဘောသားတွေ ဘာ​အန္တရာယ် ကြုံနေ​ရသလဲ။

၁၀ ဖိုနီးရှား ကုန်တင်​သင်္ဘော​တစ်စင်း ဖြစ်နိုင်တဲ့ သင်္ဘော​ပေါ် ရောက်နေတဲ့ ယောန​ကို မြင်ယောင်​ကြည့်နိုင်တယ်။ ဆိပ်ကမ်း​ကနေ သင်္ဘော​ထွက်ခွာ​နိုင်ဖို့ မာလိန်မှူးနဲ့ သင်္ဘောသားတွေ အလုပ်များ​နေတာကို သူ​ကြည့်နေ​တယ်။ ဆိပ်ကမ်းဟာ မြင်ကွင်း​ကနေ တဖြည်းဖြည်း ပျောက်ကွယ်​သွားတဲ့အခါ သူ​သိပ်​ကြောက်တဲ့ အန္တရာယ်​ကနေ လွတ်​ပြီလို့ ယောန စဉ်းစားမိမယ်။ ဒါ​ပေမဲ့ ရာသီဥတု ရုတ်တရက် ပြောင်း​သွားတယ်။

၁၁ ပင်လယ်ပြင်​မှာ လေပြင်း​မုန်တိုင်း တိုက်ခတ်​လာပြီး အခုခေတ် သင်္ဘော​တွေ​ထက်​တောင် ပို​ကြီးတဲ့ လှိုင်းလုံး​ကြီး​တွေဟာ သင်္ဘော​ကို အရှိန်​ပြင်းပြင်း​နဲ့ တ​ဝုန်း​ဝုန်း ရိုက်ခတ်​လာ​ပါ​တော့​တယ်။ ဧရာမ​လှိုင်းလုံး​ကြီး​တွေ ကြားမှာ ယိမ်းထိုး​နေတဲ့ သင်္ဘောဟာ ကျိုးပဲ့​တော့​မလို ဖြစ်နေတယ်။ နောက်ပိုင်းမှာ ယောန​ကိုယ်တိုင်​ရေး​တဲ့ “ယေဟောဝါ​က ပင်လယ်​မှာ လေပြင်း​တိုက်ခတ်​စေ” တယ်​ဆိုတာကို အဲဒီအချိန်မှာ သူ သိမသိ အသေအချာ မပြောနိုင်ဘူး။ သင်္ဘောသားတွေ​ဟာ သူတို့​ကိုးကွယ်တဲ့ ဘုရား​တွေကို အော်ဟစ် အကူအညီ​တောင်း​နေကြတာ သူ​မြင်ခဲ့​ရတယ်။ အဲဒီ​ဘုရား​တွေ​ဆီကနေ ဘာ​အကူအညီ​မှ ရ​နိုင်မှာ မဟုတ်ဘူး​ဆိုတာကို ယောန​သိတယ်။ (ဝတ်. ၁၉:၄) “သင်္ဘော ပျက်​လု​မတတ် ဖြစ်လာတယ်” လို့ သူ​ရေး​တဲ့ မှတ်တမ်းက ဆိုတယ်။ (ယောန ၁:၄) ယောန​​ကျတော့ သူ​ရှောင်ပြေး​ခဲ့​တဲ့ ဘုရားသခင်​ဆီ​ကို ဘယ်လိုလုပ်ပြီး ဆုတောင်း​နိုင်​ပါ့​မလဲ။

၁၂။ (က) မုန်တိုင်း ကျနေ​ချိန်မှာတောင် အိပ်​နေနိုင်​တယ်လို့ ယောန​ကို ဘာကြောင့် အပြစ်မတင်​သင့်သလဲ။ (အောက်ခြေမှတ်ချက်ကို​လည်း ကြည့်ပါ။) (ခ) မုန်တိုင်း​ဖြစ်ရတဲ့ အကြောင်းရင်းကို ယေဟောဝါ​ဘုရား ဘယ်လို ဖော်ပြသလဲ။

၁၂ အဲဒီအချိန်မှာ ယောနဟာ ဘာ​အကူအညီ​မှ မပေးနိုင်​လို့ သင်္ဘော​ကုန်းပတ် အောက်​ကို​ဆင်း​ပြီး လဲလျောင်း​နေရင်း အိပ်ပျော်​သွားတယ်။ * ဒီ​အခါ မာလိန်မှူးက ယောန​ကို တွေ့​လိုက်​တော့ သူ့ကို​လှုပ်​နှိုး​ပြီး တခြား​သူတွေလို​ပဲ သူ့ရဲ့​ဘုရားကို ဆုတောင်းဖို့ တိုက်တွန်း​တယ်။ ဒီ​မုန်တိုင်းဟာ သဘာဝလွန် စွမ်းအား​ကြောင့် ဖြစ်တယ်ဆိုတာ သင်္ဘောသားတွေ ရိပ်မိ​ကြ​လို့ ပြဿနာ​ဖြစ်စေတဲ့ တရားခံ​ကို သိနိုင်ဖို့ မဲချ​ကြတယ်။ မဲချ​နေတဲ့​အခါ တစ်ယောက်​ပြီး​တစ်ယောက် မဲ​မကျတဲ့​အတွက် ယောနဟာ အတော်လေး ထိတ်လန့်​နေမှာ​ပဲ။ နောက်ဆုံး​တော့ အမှန်တရား ပေါ်လာ​ပါပြီ။ ယောန​ဆီမှာ မဲ​ကျ​အောင် ယေဟောဝါ လုပ်ပြီး ယောနရဲ့ မနာခံမှုကြောင့် မုန်တိုင်း​ကျတယ်​ဆိုတာ ဖော်ထုတ်ခဲ့​တယ်။ယောန ၁:၅-၇ ကိုဖတ်ပါ။

၁၃။ (က) သင်္ဘောသားတွေကို ယောန ဘယ်လို ၀​န်​ခံ​လိုက်သလဲ။ (ခ) ဘာလုပ်ဖို့ သူတို့ကို ယောန တိုက်တွန်း​လိုက်သလဲ။ ဘာကြောင့်လဲ။

၁၃ အဲဒီ​အချိန်​ကျ​မှ ယောန အကြောင်းစုံကို ပြောပြ​တယ်။ သူဟာ အနန္တ​တန်ခိုးရှင် ယေဟောဝါ​ဘုရားရဲ့ ကျေးကျွန်​တစ်ယောက်​ဖြစ်ကြောင်း၊ အဲဒီ​ဘုရားကို သူ​ပြစ်မှား​ပြီး ထွက်ပြေး​လာခဲ့တဲ့​အတွက် ဒီ​အန္တရာယ်ကြီး​ကို အားလုံး ရင်ဆိုင်​နေရတာ​ဖြစ်ကြောင်း သင်္ဘောသားတွေကို ပြောပြ​လိုက်တယ်။ သူတို့​အားလုံးလည်း ထိတ်လန့်​သွားပြီး မျက်လုံး​ပြူး မျက်ဆန်ပြူး ဖြစ်​နေကြတာ​ကို ယောန​မြင်​လိုက်တယ်။ သင်္ဘော​မပျက်စီး​ဖို့၊ အသက်​ချမ်းသာရ​ဖို့ ဘာ​လုပ်သင့်သလဲ​လို့ ယောန​ကို မေးတော့ သူ ဘယ်လို​ပြန်ဖြေ​သလဲ။ အေးစက်​ပြီး လှိုင်း​လေထန်​နေတဲ့ ပင်လယ်ပြင်​ထဲ သူ​နစ်မြုပ်​သွားမယ့်​ပုံကို မြင်ယောင်မိ​ပြီး ယောန ကျောချမ်း​သွားမှာပဲ။ ဒါပေမဲ့ သူ ကူညီ​ပေးနိုင်မှန်း​သိလျက်နဲ့ လူ​အတော်များများ ရေနစ်​သေဆုံး​သွားရမယ့် အဖြစ်ကို ဘယ်လိုလုပ် ကြည့်ရက်​နိုင်​ပါ့​မလဲ။​ ဒါကြောင့် “ကျွန်တော့်ကို ချီမ​ပြီး ပင်လယ်ထဲ​သာ ပစ်ချ​လိုက်။ ဒါဆို လှိုင်း​ငြိမ်​သွားမယ်။ ကျွန်တော့်​ကြောင့် ဒီလို မုန်တိုင်းထန်​နေတာ” လို့ ပြောလိုက်​တယ်။—ယောန ၁:၁၂

၁၄၊ ၁၅။ (က) ယောနရဲ့ ယုံကြည်ခြင်းကို ဘယ်လို အတုယူ​နိုင်သလဲ။ (ခ) ယောန​ပြောတာကို သင်္ဘောသားတွေ ဘယ်လို တုံ့ပြန်​ခဲ့သလဲ။

၁၄ သတ္တိ​မရှိသူ​တစ်ယောက်က အဲဒီလို ပြောမှာ​မဟုတ်ဘူး။ အသက်​အန္တရာယ် ကြုံနေ​ရပေမဲ့ ယောနဟာ သတ္တိရှိရှိ ကိုယ်ကျိုးစွန့်​တာ​ကို ယေဟောဝါ​ဘုရား မြင်တဲ့အခါ တကယ်​စိတ်​ကြည်နူး​မိ​မှာ​ပဲ။ ဒီ​အချိန်မှာ ယောနရဲ့ ယုံကြည်ခြင်း ခိုင်ခံ့​တယ်​ဆိုတာကို တွေ့မြင်​လိုက်ရတယ်။ ကျွန်တော်​တို့လည်း ကိုယ့်​အကျိုး​ထက် တခြား​သူတွေရဲ့ အကျိုးကို ဦးစား​ပေးပြီး ယောန​ကို အတုယူ​နိုင်ပါတယ်။ (ယော. ၁၃:၃၄၊ ၃၅) တခြားသူ​တစ်ယောက်ဟာ ကာယရေး၊ စိတ်ဓာတ်​ရေး၊ ဘုရား​ရေးရာ​ဘက် အကူအညီ လိုအပ်​နေတာကို မြင်တဲ့အခါ သူ့ကို ကူညီ​ပေးဖို့ ကိုယ့်ကိုယ်ကိုယ် ​ပေးဆက်​မလား။ အဲဒီလိုလုပ်တာက ယေဟောဝါ​ဘုရားကို ပျော်ရွှင်​စေပါ​တယ်။

၁၅ သင်္ဘောသားတွေ​လည်း သူ့ကို အတော်လေး လေးစား​သွား​ပုံ​ရတယ်။ ဒါကြောင့်လည်း အစပိုင်းမှာ ယောန ပြောတဲ့​အတိုင်း မ​လုပ်ချင်​ကြဘူး။ အဲဒီအစား မုန်တိုင်း​ကြားမှာ သင်္ဘော​မပျက်​အောင် သူတို့ အတတ်နိုင်ဆုံး ကြိုးစားကြပေမဲ့ မအောင်မြင်​ဘူး။ မုန်တိုင်း​က အရှိန်ပြင်း​သည်ထက် ပြင်း​လာတယ်။ မတတ်သာ​တဲ့​အဆုံး သင်္ဘောသားတွေ​ဟာ သူတို့ကို ခွင့်လွှတ်​ပေးဖို့ ယေဟောဝါ​ဆီ အော်ဟစ်​တောင်းပန်​ပြီး ယောန​ကို ပင်လယ်ထဲ ပစ်ချ​လိုက်ကြတယ်။—ယောန ၁:၁၃-၁၅

ယောန တိုက်တွန်း​လို့ သင်္ဘောသားတွေ​က သူ့ကို ချီ​ပြီး ပင်လယ်ထဲ ပစ်ချ​လိုက်​ကြ

ယောန​ကို ဘုရားသခင် ကရုဏာ​ပြပြီး ကယ်တင်​ခဲ့

၁၆၊ ၁၇။ သင်္ဘော​ပေါ်ကနေ ပစ်ချ​ခံရတဲ့​အခါ ယောန ဘာတွေ ဖြစ်တယ်ဆိုတာ ပြောပြပါ။ (ရုပ်ပုံတွေကိုလည်း ကြည့်ပါ။)

၁၆ လှိုင်းတွေ တ​ဝုန်း​ဝုန်း​မြည်​နေတဲ့ ပင်လယ်ထဲ ယောန ကျသွား​တယ်။ ရေပေါ်​မှာ ပေါလောပေါ်​နေဖို့ ကိုယ်ဖော့​ထား​ရင်း သင်္ဘော​ကြီး တဖြည်းဖြည်း ဝေး​သွားတာကို ရေမှုန်တွေ​ကြား​ကနေ သူ ကြည့်နေ​မှာ​ပဲ။ လှိုင်းလုံး​ကြီး​တစ်ခုက သူ့ကို ရိုက်ချ​လိုက်တဲ့အခါ ရေ​ထဲ နစ်မြုပ်​သွားတော့တယ်။ ပင်လယ်​ကြမ်းပြင်​ဆီ တဖြည်းဖြည်း ကျနေရင်း သူ့မှာ ဘာ​မျှော်လင့်ချက်​မှ မရှိတော့​ပါလား​လို့ စဉ်းစား​နေ​မိ​မှာ​ပဲ။

၁၇ အဲဒီအချိန်မှာ သူ ဘယ်လို ခံစား​နေရ​တယ်​ဆိုတာကို နောက်ပိုင်းမှာ ယောန ဖော်ပြခဲ့တယ်။ သူ့​စိတ်ထဲမှာ ပုံ​ရိပ်​တွေ တ​ဖျပ်​ဖျပ် ပေါ်​လာ​တယ်။ ဂျေရုဆလင်​မြို့​က ယေဟောဝါ​ဘုရားရဲ့ လှပတဲ့ ဝတ်ပြုရာ​အိမ်တော်ကို ဘယ်တော့မှ တွေ့ခွင့်​ရတော့​မှာ မဟုတ်ဘူးလို့ စဉ်းစား​ပြီး အတော်လေး ဝမ်းနည်း​နေမှာ​ပဲ။ သူ့​ကို ရေ​မှော်​ပင်​တွေ ရ​စ်​ပတ်​လိုက်​တဲ့​အခါ ပင်လယ်​ကြမ်း​ပြင်​ကို ရောက်​နေ​ပြီဆို​တာ သိ​လိုက်​ရ​တယ်။ ဒီ​နေ​ရာ​ဟာ သူ့​ရဲ့ သ​ချိုင်း​ဖြစ်​လာ​တော့​မယ့်​ပုံပဲ။ယောန ၂:၂-၆ ကိုဖတ်ပါ။

၁၈၊ ၁၉။ နက်ရှိုင်း​တဲ့ ပင်လယ်​အောက် ရောက်သွားတဲ့​အခါ ယောန ဘာ​ဆက်ဖြစ်​သလဲ။ ဘာ​အကောင်​ကြီး ပေါ်လာ​သလဲ။ ဒီဖြစ်ရပ်​တွေရဲ့ နောက်ကွယ်မှာ ဘယ်သူ​ရှိသလဲ။ (အောက်ခြေမှတ်ချက်ကို​လည်း ကြည့်ပါ။)

၁၈ ဒါပေမဲ့ ကြည့်လိုက်ပါဦး။ အမဲရောင် အကောင်​ကြီး​တစ်ကောင် သူ့​အနားကို တ​ဖြည်းဖြည်း ကပ်​လာတယ်။ သူ့​အနား​ရောက်တဲ့အခါ ဆတ်ခနဲ ဟပ်​လိုက်ပြီး သူ့ကို မျိုချ​လိုက်တယ်။

ယေဟောဝါ​ဘုရားက “ငါး​ကြီး​တစ်ကောင် စေလွှတ်​ပြီး ယောန​ကို မျိုချ​စေတယ်”

၁၉ သူ့​ဘဝ ဒီ​မှာ​ပဲ နိဂုံးချုပ်​ရတော့မယ်။ ဒါပေမဲ့ အံ့သြစရာ​ပဲ။ သူ အသက်ရှင်နေ​တုန်း​ပါလား။ စိစိညက်ညက် ကြေမွ​မသွား​တဲ့​အပြင် မွန်းကျပ်​သလို​တောင် မခံစားရဘူး။ ဒါနဲ့​ပဲ ယောနဟာ အံ့သြ​ထိတ်လန့်​နေရင်း သူ့​ဘုရား ယေဟောဝါ​က “ငါး​ကြီး​တစ်ကောင် စေလွှတ်​ပြီး” သူ့ကို “မျိုချ​စေတယ်” ဆိုတာ သဘောပေါက်​သွားတယ်။ *ယော. ၁:၁၇

၂၀။ ငါး​ကြီး​ဝမ်းဗိုက်​ထဲမှာ ယောန​တောင်း​ခဲ့​တဲ့ ဆုတောင်းချက်က​နေ ဘာသင်ယူနိုင်သလဲ။

၂၀ မိနစ်​တွေ၊ နာရီ​တွေ ကုန်လွန်​သွားပြီ။ တစ်ခါ​မှ မကြုံဖူး​တဲ့ ဒီ​အ​မှောင်မိုက်​ဆုံး​နေရာမှာ ယောန စဉ်းစား​တွေးတော​နိုင်ပြီး ယေဟောဝါ​ဘုရားဆီ ဆုတောင်း​လိုက်တယ်။ ယောန​အခန်းကြီး ၂ မှာ မှတ်တမ်း​တင်ထားတဲ့ ယောနရဲ့ ဆုတောင်းချက်က​နေ သူ့​အကြောင်း အတော်လေး သိရတယ်။ ဒီ​ဆုတောင်းချက်​ထဲမှာ ဆာလံကျမ်း​ကို အကြိမ်ကြိမ် ကိုးကား​ထားတဲ့​အတွက် ယောနဟာ ကျမ်းစာ​အသိပညာ ကြွယ်ဝသူ​တစ်ယောက် ဖြစ်မှန်း သိရတယ်။ အဲဒီအပြင် ချီးကျူး​စ​ရာ​ကောင်းတဲ့ နောက်ထပ် အရည်အသွေး​တစ်ခုကို တွေ့ရတယ်။ အဲဒါကတော့ ကျေးဇူးတင်စိတ်​ပဲ။ သူ့​ဆုတောင်းချက်ကို ယောန ဒီလို နိဂုံးချုပ်​ခဲ့​တယ်– “ကျွန်တော်ကတော့ ကျေးဇူးတော်​ချီးမွမ်း​ပြီး ပူဇော်သက္ကာ​တွေ ဆက်သ​ပါ့​မယ်။ သစ္စာ​ကတိ ပြု​ထားတဲ့​အတိုင်း လုပ်ဆောင်​ပါ့​မယ်။ ကယ်တင်ခြင်းဟာ ယေဟောဝါ​ဘုရားဆီက​ပဲ လာတာပါ။”—ယောန ၂:၉

၂၁။ ကယ်တင်ခြင်း​အကြောင်း ယောန ဘာသိ​နားလည်​လာသလဲ။ ဘယ်​အဖိုးတန် သင်ခန်းစာ​တစ်ခုကို သတိရ​သင့်သလဲ။

၂၁ ယေဟောဝါ​ဘုရား​ဟာ ဘယ်​သူ့​ကို​မဆို၊ ဘယ်​အချိန်​မှာ​မဆို၊ ဘယ်​နေရာမှာ​မဆို ကယ်​တင်​နိုင်​တဲ့ အရှင်​ဖြစ်​တယ်​ဆို​တာ ယောန သိ​မြင်​ခဲ့​တယ်။ “ငါး​ရဲ့ ​ဝမ်းဗိုက်​ထဲမှာ” မှာ ဒုက္ခ​ရောက်​နေ​တဲ့ ဒီ​ကျွန်​ကို ဘုရား​သခင် တွေ့မြင်​ပြီး ကယ်​တင်​ခဲ့​တယ်။ (ယောန ၁:၁၇) လူတစ်ယောက်ကို ငါး​ကြီးရဲ့ ဝမ်းဗိုက်​ထဲမှာ သုံးရက်​နဲ့ သုံး​ည အသက်ဆက်ရှင်​စေနိုင်​တာ ယေဟောဝါပဲ ရှိတယ်။ ယေဟောဝါ​ဘုရားဟာ ကျွန်တော်တို့ရဲ့ “အသက်ပေး​ရှင် ဘုရားသခင်” ဖြစ်တယ်ဆိုတာ စိတ်စွဲမှတ်​ထားသင့်​တယ်။ (ဒံ. ၅:၂၃) ကျွန်တော်တို့ရဲ့ ထွက်သက်​ဝင်​သက်၊ ဖြစ်တည်မှု​ စတာ​တွေဟာ ဘုရားသခင်​ကြောင့်​ပဲ။ အဲဒါတွေ​အတွက် ဘုရားကို ကျေးဇူး​တင်ကြပါ​သလား။ ကျေးဇူးတင်​တယ်​ဆိုရင် ယေဟောဝါ​ဘုရားရဲ့ စကားကို နားထောင်​သင့်တယ် မဟုတ်လား။

၂၂၊ ၂၃။ (က) မကြာခင်မှာပဲ ယောနရဲ့ ကျေးဇူး​သိတတ်တဲ့​စိတ် ဘယ်လို စမ်းသပ်​ခံခဲ့ရ​သလဲ။ (ခ) အမှား​လုပ်​မိ​တဲ့​အခါ ယောန​ဆီ​ကနေ ဘာ​သင်​ယူ​နိုင်​သလဲ။

၂၂ ယောန​ကော ဘယ်လို​လဲ။ ယေဟောဝါ​ဘုရား​စကား နားထောင်ပြီး ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့​သလား။ ဖော်ပြခဲ့​ပါတယ်။ သုံးရက်​သုံး​ည​ကြာ​တော့ ငါးကြီးဟာ “ယောန​ကို ကုန်းပေါ် အန်​ချ​လိုက်တယ်။” (ယောန ၂:၁၀) စဉ်းစား​ကြည့်ပါ​ဦး။ ယောနဟာ ကမ်း​ကို ကူး​လာဖို့​တောင် မလိုဘူး။ အဲဒီ​ကမ်းခြေဟာ ဘယ်မှာ​ပဲ​ရှိနေပါစေ အိမ်အပြန်​လမ်း​ကို​တော့ သူ​ရှာ​ရတယ်။ မကြာခင်မှာပဲ ကျေးဇူး​သိတတ်တဲ့ သူ့​စိတ်ဓာတ် စမ်းသပ်ခံ​လိုက်ရတယ်။ ယောန ၃:၁၊ ၂ မှာ ဒီလို​ဆိုတယ်– “အဲဒီနောက် ယေဟောဝါ​က ယောန​ဆီ ဒုတိယ​အကြိမ် ရောက်လာပြီး၊ ‘ယောန၊ ထပါ။ နိနဝေ​မြို့ကြီးဆီ သွားပြီး ငါ​မှာ​ထားတဲ့ သတင်းကို ကြေညာပါ’ လို့​ပြောတယ်။” အခု ယောန ဘာလုပ်မလဲ။

၂၃ အချိန်​မ​ဆွဲ​ဘဲ “ယောနလည်း ထပြီး ယေဟောဝါရဲ့ စကားကို နာခံတဲ့​အနေနဲ့ နိနဝေ​မြို့ကို သွားတယ်” လို့ ဖတ်ရ​တယ်။ (ယောန ၃:၃) သူ့ရဲ့ အမှားတွေ​ကနေ သင်ခန်းစာ​ရခဲ့​တာ ထင်ရှားပါတယ်။ ဒီ​ကိစ္စမှာ​လည်း ယောနရဲ့ ယုံကြည်ခြင်းကို အတုယူ​သင့်တယ်။ ကျွန်တော်တို့​အားလုံးမှာ အပြစ်​ရှိတယ်၊ မှား​တတ်ကြတယ်။ (ရော. ၃:၂၃) ဒါပေမဲ့ လက်လျှော့ အရှုံးပေး​လိုက်​မလား၊ ကိုယ့်​အမှားတွေ​ကနေ သင်ခန်းစာ​ယူပြီး ဘုရားသခင်ကို နာခံမှု​ရှိ​ရှိ အမှုဆောင်​ကြ​မလား။

၂၄၊ ၂၅။ (က) ယောနရဲ့ ဘဝမှာ နောက်ဆုံး ဘာ​ကောင်းချီး ရရှိခဲ့သလဲ။ (ခ) ယောနဟာ အနာဂတ်မှာ ဘာ​ကောင်းချီးတွေ ရဖို့ ရှိသေး​သလဲ။

၂၄ ယောနရဲ့ နာခံမှု​ကို ယေဟောဝါ​ဘုရား ကောင်းချီး​ပေးခဲ့​သလား။ ကောင်းချီး​ပေးခဲ့ပါ​တယ်။ တစ်ခုကတော့ သူ​စီး​ခဲ့​တဲ့ သင်္ဘော​ပေါ်​က သင်္ဘောသားတွေ အသက်ရှင် လွတ်မြောက်​သွားကြောင်း ယောန သိလိုက်​ရတယ်။ ယောနရဲ့ ကိုယ်ကျိုးစွန့်​လုပ်ရပ်​ကြောင့် ပင်လယ်​လှိုင်းတွေ ချက်ချင်း​ငြိမ်​သွားပြီး သင်္ဘောသားတွေ​ဟာ “ယေဟောဝါကို အကြီးအကျယ် ကြောက်ရွံ့​သွားတဲ့​အတွက်” သူတို့ရဲ့ နတ်ဘုရား​တွေ​အစား ယေဟောဝါ​ဆီ ပူဇော်သက္ကာ​တွေ ဆက်သ ကြ​မှန်း သူသိ​လိုက်ရတယ်။—ယောန ၁:၁၅၊ ၁၆

၂၅ နောက်ပိုင်းမှာ အဲဒီထက် ပို​ထူးမြတ်​တဲ့ ကောင်းချီး​တစ်ခု ရခဲ့တယ်။ ယေရှု​က သူ​သင်္ချိုင်း​ထဲမှာ နေရ​မယ့်​အချိန်ကို ငါး​ကြီး​ဝမ်း​ထဲမှာ ယောန နေခဲ့​ရတဲ့ အချိန်နဲ့ နှိုင်းယှဉ်​ပြီး ပရောဖက်ပြု​ခဲ့​တယ်။ (မဿဲ ၁၂:၃၈-၄၀ ကိုဖတ်ပါ။) ယောန ရှင်ပြန်ထမြောက်​လာတဲ့အခါ အဲဒီ​ကောင်းချီး​အကြောင်း သိရ​ရင် သိပ်​ပျော်​သွားမှာပဲ။ (ယော. ၅:၂၈၊ ၂၉) သင့်ကို​လည်း ယေဟောဝါ​ဘုရား ကောင်းချီး​ပေးချင်​ပါတယ်။ ယောန​လို​ပဲ ကိုယ့်​အမှားတွေ​ကနေ သင်ခန်းစာ​ယူပြီး နာခံမှု​ရှိ​ရှိ ကိုယ်ကျိုးစွန့်​စိတ်ဓာတ် တင်ပြ​မလား။

^ အပိုဒ်၊ 4 ယောနရဲ့ ဇာတိမြေဟာ ဂါလိလဲ​နယ်​က မြို့​တစ်မြို့​ဖြစ်နေတာ မှတ်သား​စ​ရာ​ပါပဲ။ ဘာကြောင့်​လည်း​ဆိုတော့ ယေရှုနဲ့​ပတ်သက်ပြီး ဖာရိရှဲတွေက “ဂါလိလဲ​နယ်​ကနေ ပရောဖက်​တစ်ယောက်မှ မ​ပေါ်ထွန်း​ဘူး” ဆိုပြီး မောက်မောက်မာမာ ပြောခဲ့လို့​ပါ။ (ယော. ၇:၅၂) မထင်ပေါ်တဲ့ ဂါလိလဲ​နယ်​ကနေ ပရောဖက်​တစ်ယောက်မှ မ​ပေါ်ထွန်း​ခဲ့​ဘူး၊ ပေါ်ထွန်း​မှာလည်း မဟုတ်ဘူးလို့ ဖာရိရှဲတွေက မဆင်မခြင် သိမ်း​ရုံး​ပြော​လိုက်တာ​လို့ ဘာသာ​ပြန်​သူတွေနဲ့ သုတေသီ​တွေ​က ဆိုကြတယ်။ ဖာရိရှဲတွေ အဲဒီလို​ပြော​လိုက်တာ​က သမိုင်း​နဲ့ ပရောဖက်ပြုချက်တွေကို​ပါ တမင်တကာ လျစ်လျူရှု​လိုက်တာ ဖြစ်တယ်။—ဟေရှာ. ၉:၁၊ ၂

^ အပိုဒ်၊ 12 ယောန ဘယ်လောက် အိပ်မောကျ​နေတယ်​ဆိုတာ အလေးပေး​တဲ့​အနေနဲ့ ဟောက်သံ​တောင် ကြား​နေရတယ်လို့ စက်ပ်တွားဂျင့်​ကျမ်းက ဆိုတယ်။ ဒီလို အိပ်မောကျ​သွားတဲ့​အတွက် ယောနဟာ အခြေအနေကို လျစ်လျူရှု​နိုင်လွန်းတယ်လို့ ကောက်ချက်ချ​မိရင် စိတ်ဓာတ်​ကျနေ​တဲ့အခါ အိပ်ချင်စိတ်​ကို တစ်ခါတလေ မထိန်းချုပ်​နိုင်တာကို အမှတ်​ရသင့်တယ်။ ဂေသရှေမန် ဥယျာဉ်မှာ ယေရှု အကြီးအကျယ် စိတ်သောက ရောက်နေတဲ့​အခါ ပေတရု၊ ယာကုပ်​နဲ့ ယောဟန်တို့​ဟာ “ဝမ်းနည်းလွန်းလို့ နွမ်းလျပြီး အိပ်ပျော်​နေ” ကြတယ်။—လု. ၂၂:၄၅

^ အပိုဒ်၊ 19 “ငါး” ဆိုတဲ့ ဟီဘရူး​စကားလုံးကို ဂရိ​ဘာသာစကားနဲ့ “ဧရာမ ပင်လယ်​သတ္တဝါ​ကြီး” ဒါမှမဟုတ် “ဧရာမ ငါး​ကြီး” လို့​ပြန်ဆို​ကြတယ်။ ဒီ​ငါး​ကြီးရဲ့ အမျိုးအစား​ကို တိတိကျကျ မသတ်မှတ်​နိုင်ပေမဲ့ မြေထဲပင်လယ်​မှာ လူ​တစ်ကိုယ်လုံး မျိုချ​နိုင်လောက်အောင်​ကြီးတဲ့ ငါးမန်းတွေကို တွေ့နိုင်တယ်။ တခြား​နေရာတွေမှာလည်း အဲဒီထက်​ကြီးတဲ့ ငါး​မ​န်း​တွေ​ရှိတယ်။ ဝေလ​ငါးမန်း​ဟာ ၄၅ ပေ ဒါမှမဟုတ် အဲဒီထက်မက ရှည်​နိုင်တယ်။