မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ခြောက်

ဘုရားသခင်ဆီ သူရင်ဖွင့်ဆုတောင်းခဲ့

ဘုရားသခင်ဆီ သူရင်ဖွင့်ဆုတောင်းခဲ့

၁၊ ၂။ (က) ခရီးသွား​ဖို့ ဟန္န​ပြင်ဆင်​နေပေမဲ့ ဘာကြောင့် စိတ်​ဆင်းရဲ​နေသလဲ။ (ခ) ဟန္န​ရဲ့ အဖြစ်အပျက်က​နေ ဘာသင်ယူနိုင်သလဲ။

ဟန္န​ဟာ ပြဿနာကို ကြိုးစား​မေ့ပျောက်​ထားပြီး ခရီးထွက်​ဖို့ အထုပ်အပိုး​တွေ ပြင်ဆင်​နေတယ်။ တကယ်တော့ ဒီ​အချိန်ဟာ ပျော်စရာ​ကောင်းတဲ့​အချိန် ဖြစ်​သင့်ပါတယ်။ သူ့ရဲ့​ခင်ပွန်း ဧလကာန​ဟာ မိသားစုနဲ့​အတူ ရှိလော​မြို့​က တဲတော်မှာ နှစ်စဉ် သွား​ဝတ်ပြု​လေ့​ရှိတယ်။ ယေဟောဝါ​ဘုရားက ဒီ​အချိန်​အခါ​တွေ​မှာ လူတွေကို ပျော်ရွှင်​စေချင်တယ်။ (တရားဟောရာ ၁၆:၁၅ ကိုဖတ်ပါ။) ဟန္န​ဟာ ငယ်ငယ်​ကတည်းက အဲဒီ​ပွဲတွေမှာ ပျော်ပျော်ရွှင်ရွှင် ပါဝင်​ခဲ့​မှာ သေချာတယ်။ ဒါပေမဲ့ မကြာသေး​ခင်​နှစ်တွေ​က စပြီး သူ့​ဘ​၀ ပြောင်းလဲ​သွားတယ်။

ဧလကာန​ဟာ ဇနီး ဟန္န​ကို ချစ်ပေမဲ့ ပေနိန္န​လို့​ခေါ်တဲ့ နောက်​ဇနီး​တစ်ယောက် ရှိတယ်။ ပေနိန္န​ဟာ ဟန္န​ကို စိတ်​ဆင်းရဲ​အောင်လုပ်ဖို့ ကြံစည်​ထား​ပုံ​ရတယ်။ နှစ်စဉ်​ကျင်း​ပ​တဲ့ ဒီ​လို​ပွဲ​တော်​နေ့​တွေ​မှာ​တောင် ဟန္န​ကို စိတ်​ဆင်းရဲ​အောင် ​လုပ်​တ​ယ်။ ဘယ်လိုလုပ်​သလဲ။ ယေဟောဝါ​ဘုရားကို ယုံကြည်​အားကိုး​တဲ့​အတွက် ဖြေရှင်း​ရ​ခက်တဲ့ ဒီ​အခြေအနေ​မျိုးကို ဟန္န ဘယ်လို ရင်ဆိုင်​နိုင်​ခဲ့သလဲ။ သင့်​ဘ​၀​မှာလည်း ပျော်ရွှင်မှု ပျောက်ဆုံး​စေတဲ့ အခက်အခဲ​တွေ ရင်ဆိုင်​နေ​ရတယ်​ဆိုရင် ဟန္န​ရဲ့ အဖြစ်အပျက်က​နေ အားယူနိုင်​ပါတယ်။

‘ဘာလို့ ငို​နေတာလဲ’

၃၊ ၄။ ဟန္န​မှာ ဘယ်​ပြဿနာကြီး​နှစ်ခု ရှိသလဲ။ တစ်ခုစီ​က သူ့​အတွက် ဘာကြောင့် အရမ်း​ခက်တာလဲ။

ဟန္န​ရဲ့​ဘ​၀​မှာ ပြဿနာကြီး နှစ်ခု​ရှိတယ်လို့ ကျမ်းစာမှာ ဖော်ပြ​ထားတယ်။ ပထမ​ပြဿနာ​အတွက် ဘာမှ မတတ်နိုင်​သလို ဒုတိယ​ပြဿနာကို​တော့ ပိုလို့တောင် မဖြေရှင်း​နိုင်ဘူး။ ပထမ ပြဿနာ​က သူဟာ မယားပြိုင်​ထားတဲ့ အိမ်ထောင်မှာ နေရ​ပြီး ပြိုင်ဘက်​ဇနီးရဲ့ မုန်းတီးမှု​ကို ခံ​နေ​ရတယ်။ ဒုတိယ​ပြဿနာ​ကတော့ သူ ကလေး​မရနိုင်ဘူး။ ဒါက သားသမီး​လိုချင်တဲ့ ဘယ်​ဇနီး​အတွက်​မဆို ခံရခက်​တဲ့ အခြေအနေ​ပါပဲ။ အဲဒီခေတ်​က ယဉ်ကျေးမှု​အရ ကလေး​မရနိုင်​တဲ့ အခြေအနေ​က တကယ့်ကို ဝမ်းနည်း​ကြေကွဲစရာ​ပါပဲ။ မိသားစု​တိုင်း​က ကိုယ့်​မိသားစု​နာမည်ကို ဆက်ခံ​ဖို့ မျိုးဆက်​တွေ ရှိဖို့​လိုတယ်။ ဒါကြောင့် သားသမီး​မမွေး​နိုင်​ရင် အပြစ်တင်​ခံရပြီး အရှက်ခွဲ​ခံရ​တတ်တယ်။

ပေနိန္န​က​သာ စိတ်​ဆင်းရဲ​အောင် မ​လုပ်ရင် အဲဒီ​အခြေအနေကို ဟန္န ခံရပ်​သွား​နိုင်မှာပါ။ မယားပြိုင်​ယူ​တဲ့ ဓလေ့​ဟာ ဘယ်တော့မှ မကောင်း​ပါဘူး။ အဲဒီလို အိမ်ထောင်​မျိုးမှာ ပြိုင်ဆိုင်မှု၊ ပဋိပက္ခ၊ စိတ်​ဆင်းရဲ​စ​ရာ ပြဿနာ​တွေ အမြဲ​ရှိတယ်။ ဧဒင်​ဥယျာဉ်မှာ ဘုရားသခင် ချမှတ်​ပေးခဲ့တဲ့ တစ်​လင်​တစ်​မယား​စနစ်​နဲ့ ကွာခြား​တ​ယ်။ (က. ၂:၂၄) ဒါကြောင့် ကျမ်းစာက မယားပြိုင်​ယူတဲ့ ဓလေ့​ကို ရှုတ်ချ​တာ​ဖြစ်တယ်။ မယားပြိုင်​ယူ​တဲ့ ဓလေ့​ဟာ မကောင်းဘူးဆိုတာ ဧလကာနရဲ့ အိမ်ထောင်ရေး အခြေအနေ​က ဖော်ပြတယ်။

၅။ ဟန္န​စိတ်​ဆင်းရဲ​အောင် ပေနိန္န ဘာကြောင့်​လုပ်တာ​လဲ။ ဘယ်လို လုပ်​သလဲ။

ဧလကာန​က ဟန္န​ကို ပို​ချစ်တယ်။ ဂျူး​ထုံးစံ​အတိုင်း ဟန္န​နဲ့ လက်ထပ်​ပြီး နှစ်​အနည်းငယ်​ကြာ​မှ ပေနိန္န​ကို ယူ​ခဲ့​ပုံ​ရှိတယ်။ ဘယ်လိုပဲ​ဖြစ်ဖြစ် ပေနိန္န​က ဟန္န​ကို အရမ်း​မနာလို​ဖြစ်နေလို့ နည်းအမျိုးမျိုးနဲ့ ဟန္န​ကို စိတ်​ဆင်းရဲ​အောင် လုပ်တယ်။ ပေနိန္န​ဟာ သားသမီးတွေ တစ်ယောက်​ပြီး​တစ်ယောက် မွေးလာ​လို့ ဘဝင်မြင့်​လာတယ်။ ဟန္န​ကို အထက်​စီး​ကနေ ဆက်ဆံတယ်။ သားသမီး​မရနိုင်​လို့ စိတ်​ဆင်းရဲ​နေတဲ့ ဟန္န​ကို နှစ်သိမ့်​မ​ယ့်​အစား အဲဒါကို အခွင့်ကောင်း​ယူပြီး ထိုးနှက်​တယ်။ ပေနိန္န​က ဟန္န​ကို “စိတ်​ဆင်းရဲ​အောင်၊ မခံချိမခံသာ​ဖြစ်အောင် အမြဲ​ပြောလေ့ရှိ​တ​ယ်” လို့ ကျမ်းစာက ဆိုတယ်။ (၁ ရှ. ၁:၆) ပေနိန္န​ဟာ ဟန္န​ကို တမင်တကာ စိတ်​ဆင်းရဲ​အောင်​လုပ်​နေတာ အောင်မြင်​နေတယ်။

ကလေး​မရနိုင်​လို့ စိတ်​ဆင်းရဲ​နေတဲ့ ဟန္န​ကို ပို​စိတ်​ဆင်းရဲ​အောင် ပေနိန္န နည်း​အမျိုး​နဲ့ ကြိုးစား​ခဲ့

၆၊ ၇။ (က) ဧလကာန​က ဟန္န​ကို ကြိုးစား​နှစ်သိမ့်​ပေမဲ့ အဖြစ်အပျက်​အားလုံးကို ဘာကြောင့် မပြောပြတာ​လဲ။ (ခ) ဟန္န ကလေး​မရ​တာ​က သူ့ကို ယေဟောဝါ မနှစ်သက်လို့​လား။ ရှင်းပြပါ။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။)

ဘုရားသခင်ကို ဝတ်ပြုဖို့ ရှိလော​မြို့ကို နှစ်စဉ် သွား​ကြ​တဲ့အချိန်​က ပေနိန္န​အတွက် အခွင့်​အ​သာ​ဆုံး အချိန်​ပဲ။ အဲဒီအချိန်မှာ ဧလကာန​ဟာ ယေဟောဝါ​ဘုရားကို ပူဇော်​ဖို့ ပေနိန္န​နဲ့ သူ့ “သားသမီးတွေ” ကို ဝေစု​တွေ ခွဲဝေပေး​တတ်တယ်။ သူ​ချစ်​မြတ်နိုးတဲ့ ဟန္န​ကို​တော့ အထူး​ဝေစု​တစ်ခု ပေးတယ်။ အဲဒီအခါ မနာလို​တဲ့ ပေနိန္န​က ဟန္န​ကို အထက်​စီး​ကနေ ဆက်ဆံ​ပြီး ကလေး​မမွေး​နိုင်တာကို အခွင့်ကောင်း​ယူ ပြော​လွန်း​လို့ ဟန္န​ခမျာ ငိုယို​ပြီး မစား​နိုင် မ​သောက်​နိုင်တဲ့​အထိ ဖြစ်​ရ​ရှာတယ်။ ဧလကာန​က ချစ်ဇနီး စိတ်​ဆင်းရဲ​ပြီး မစား​နိုင် မ​သောက်​နိုင် ဖြစ်နေတာကို သတိပြုမိ​လို့ သူ့ကို ဒီလို အားပေး​နှစ်သိမ့်​တ​ယ်– “ဟန္န​ရယ်၊ ဘာလို့ မစားမသောက်​ဘဲ ငို​နေတာလဲ။ ဘာလို့ ဒီလောက် စိတ်ထိခိုက်​နေတာလဲ။ ငါဟာ မင်း​အပေါ် သား​ဆယ်ယောက်​ထက်​တောင် ပို​ကောင်းတယ် မဟုတ်လား။”—၁ ရှ. ၁:၄-၈

သားသမီး မမွေး​နိုင်တဲ့​အတွက် ဟန္န စိတ်​ဆင်းရဲ​နေတာကို ဧလကာန အကဲခတ်​မိ​တာ ချီးကျူး​စ​ရာ​ပါ။ ဟန္နလည်း သူရဲ့ ချစ်ခင်​ကြင်နာတဲ့ စကားတွေကို တန်ဖိုးထား​မှာ သေချာတယ်။ * ဒါပေမဲ့ ပေနိန္နရဲ့ မလို​တ​မာ​စိတ်​အကြောင်း ဧလကာန ဘာမှ​မပြော​သလို သူ့ကို ဟန္န တိုင်​ပြောတယ်​လို့​လ​ည်း ကျမ်းစာမှာ မဖော်ပြဘူး။ ပေနိန္န​အကြောင်း ပြောပြ​လိုက်မယ်​ဆိုရင် သူ့ရဲ့​အခြေအနေ ပို​ဆိုး​သွား​နိုင်တာကို ဟန္န ကြိုမြင်​လို့​ဖြစ်မယ်။ ပြောပြ​လိုက်ရင်​ကော အခြေအနေတွေကို ဧလကာန ပြောင်းလဲ​ပေးနိုင်​မှာ မို့​လို့​လား။ ဟန္န​ကို ပေနိန္န ပို​မုန်း​လာနိုင်တဲ့​အပြင် ပေနိန္နရဲ့ သားသမီးတွေ​နဲ့ အစေခံ​တွေ​က​လ​ည်း သူ့ကို မုန်း​လာနိုင်တယ်။ အဲဒီအခါ ဟန္န​ဟာ မိသားစုရဲ့ အပယ်ခံ ပိုပြီး ဖြစ်လာ​နိုင်​စ​ရာ​အကြောင်း ရှိတယ်။

အိမ်မှာ မစာမနာ ဆက်ဆံခံရ​တဲ့အခါ နှစ်သိမ့်မှု​ရဖို့ ယေဟောဝါ​ဘုရားကို ဟန္န အားကိုးခဲ့

၈။ မတရား ဆက်ဆံခံရ​တဲ့အခါ၊ မလို​တ​မာ ဆက်ဆံခံရ​တဲ့အခါ ယေဟောဝါဟာ တရား​မျှတတဲ့​ဘုရား ဖြစ်တယ်ဆိုတာကို သတိရ​တာ​က ဘာကြောင့် နှစ်သိမ့်မှု ဖြစ်စေ​သလဲ။

ပေနိန္နရဲ့ သေး​သိ​မ်​တဲ့ စိတ်ထား​ကို ဧလကာန သိ​သိ၊ မသိ​သိ ယေဟောဝါ​ကတော့ ဖြစ်ပျက်​သ​မျှ​ကို သိမြင်​နေ​ပါတယ်။ ကျမ်းစာထဲမှာ ဖြစ်ရပ်အားလုံး​ကို ဖော်ပြ​ထားတဲ့​အတွက် မနာလို မုန်းတီးစိတ်​နဲ့ အသေးအဖွဲ​လို့ ထင်ရတဲ့ အပြုအမူတွေ ပြုလုပ်​သူတွေ​အတွက် ဒါက သတိပေး​ချက်​ဖြစ်တယ်။ ဟန္န​လို အပြစ်မဲ့​ပြီး သင့်သင့်မြတ်မြတ် နေချင်​သူတွေ​အတွက်တော့ နှစ်သိမ့်မှု​ဖြစ်စေတယ်။ တရား​မျှတတဲ့ ဘုရားသခင်က ကိစ္စရပ်​တွေကို အချိန်တန်​တဲ့အခါ မိမိ​နည်းလမ်း​အတိုင်း အားလုံးကို တည့်မတ်​ပေးပါလိမ့်မယ်။ (တရားဟောရာ ၃၂:၄ ကိုဖတ်ပါ။) အဲဒါကို ဟန္န သိထား​ပုံ​ရတယ်။ ဒါကြောင့်လည်း ယေဟောဝါ​ဘုရားကို သူ အကူအညီ တောင်း​ခဲ့​တာ​ပေါ့။

“မျက်နှာညှိုး​ငယ် မနေ​တော့​ဘူး”

၉။ ရှိလော​မြို့ကို​သွားတဲ့ လမ်းခရီး​မှာ ပေနိန္န ဘယ်လို​လုပ်မယ်​ဆိုတာ ဟန္န သိနေ​လျက်​နဲ့ လိုက်​လာတာ​ကနေ ဘာသင်ခန်းစာ ရသလဲ။

နံနက်​စောစော​ကတည်းက တစ်မိသားစုလုံး အလုပ်​ရှုပ်​နေ​ကြတယ်။ ကလေးတွေ​က​အစ အားလုံး ခရီးထွက်​ဖို့ အသင့်ပြင်​နေ​ကြတယ်။ ဒီ​မိသားစုကြီး​ဟာ ရှိလော​မြို့ကို​ရောက်​ဖို့ ဧဖရိမ်​တောင်တန်း​ဒေသ​ကို ဖြတ်ကျော်​ရတဲ့ မိုင် ၂၀ ကျော်​ခရီး​ကို သွား​ရတော့မယ်။ * အဲဒီ​ခရီး​ကို တစ်ရက်​နှစ်​ရက်​လောက် ခြေကျင်​လျှောက်​ရမယ်။ ဒီ​အခါ ပေနိန္န ဘယ်လို​လုပ်မယ်​ဆိုတာ ဟန္န ကောင်းကောင်း​သိတယ်။ ဒါပေမဲ့ သူ အိမ်မှာ မနေခဲ့ပါဘူး။ ဟန္န​ရဲ့ စံနမူနာ​က ယနေ့ ဘုရားသခင်ကို ဝတ်ပြု​ကိုးကွယ်​နေ​သူတွေ​အတွက် အတုယူ​စ​ရာ​ပဲ။ တခြား​သူတွေရဲ့ လုပ်ရပ်​အမှား​ကြောင့် ဘုရားသခင်ကို မကိုးကွယ်​တော့​ဘူးလို့ ဆုံးဖြတ်တာက မိုက်မဲ​ရာ​ကျတယ်။ အဲဒီလိုသာ လုပ်မယ်ဆိုရင် အခက်အခဲတွေကို ခံရပ်​နိုင်ဖို့ ထောက်ကူ​ပေးမယ့် ကောင်းချီးတွေကို ရတော့​မှာ​မဟုတ်ဘူး။

၁၀၊ ၁၁။ (က) ဟန္န​ဟာ အခွင့်အရေး​ရတာ​နဲ့ တဲတော်​ကို ဘာလို့ ထွက်သွား​သလဲ။ (ခ) ဟန္န​ဟာ ကောင်းကင်ဖခင်​ဆီ ဘယ်လို ရင်ဖွင့်​ခဲ့သလဲ။

၁၀ ဒီ​မိသားစုကြီး​ဟာ ကွေ့​ကော​က်​တဲ့ တောင်ပေါ်​လမ်း​တွေ​မှာ တစ်နေ့​လုံး လျှောက်​လာပြီး​နောက် ရှိလော​မြို့အနီး​ကို ရောက်​လာကြတယ်။ တောင်ကုန်း​တစ်ခုပေါ်​မှာ တည်ရှိတဲ့ အဲဒီ​မြို့ဟာ ပို​မြင့်မားတဲ့ တောင်ကုန်း​တွေ အလယ်မှာ​ရှိတယ်။ ရောက်​ခါနီး​လေ ယေဟောဝါ​ဘုရားဆီ ဆုတောင်းတဲ့အခါ ဘာ​ထည့်​တောင်း​ရမလဲ​လို့ စဉ်းစား​လေ​ပဲ။ မြို့ကို​ရောက်တာနဲ့ မိသားစုဟာ အစာစား​ကြတော့တယ်။ ဟန္န​ကျတော့ အခွင့်အရေး​ရတာ​နဲ့ ယေဟောဝါ​ဘုရားရဲ့ တဲတော်​ဆီ​ကို ထွက်​သွားတယ်။ ပုရောဟိတ်မင်း ဧလိက တံခါး​တိုင်​နား​မှာ ထိုင်​နေတယ်။ ဟန္န​ကတော့ ဘုရားသခင်ကိုပဲ အာရုံပြု​နေတဲ့​အတွက် ဧလိ​ကို သတိ​မထား​မိ​ဘူး။ တဲတော်မှာ ဆုတောင်း​ရင် ဘုရား နားထောင်မယ်​လို့ ဟန္န ယုံကြည်​စိတ်​ချတယ်။ သူ့ရဲ့​ပြဿနာကို ဘယ်သူမှ အပြည့်​အ​၀ နားလည်​မပေးနိုင်​ပေမဲ့ ကောင်းကင်မှာ​ရှိတဲ့ သူ့​ဖခင်​ကတော့ နားလည်​ပေးနိုင်​မှာ​ပဲ။ ဟန္န​ဟာ စိတ်သောက​ကို ကြိတ်မှိတ်​မခံစား​နိုင်​တော့ဘဲ ငိုချ​လိုက်ပါ​တော့​တ​ယ်။

၁၁ သူဟာ တ​သိမ့်​သိမ့် တုန်ခါ​နေ​အောင် ငို​ရှိုက်​ရင်း ယေဟောဝါ​ဘုရားဆီ ဆုတောင်း​နေတယ်။ ဝမ်းနည်း​ကြေကွဲ​လွန်း​လို့ အသံ​မ​ထွက်​ဘဲ ရေရွတ်​နေတဲ့ သူ့ရဲ့​နှုတ်ခမ်း​တွေ​က တဆတ်ဆတ်​တုန်​နေတယ်။ ကောင်းကင်ဖခင်​ဆီ အချိန်​အကြာကြီး ဆုတောင်းပြီး ရင်ဖွင့်​ချ​လိုက်တယ်။ သားသမီး​ရဖို့​လောက်​ပဲ သူ ဆုတောင်းနေ​တာ မဟုတ်ဘူး။ ဟန္န​ဟာ ဘုရားသခင်​ဆီကနေ ကောင်းချီး​ရ​ချင်​ရုံ​လောက်​သာ မဟုတ်ဘဲ ဘုရားကို ပြန်ပေး​လို​စိတ်လည်း ရှိတယ်။ ဒါကြောင့် သားတစ်ယောက်​ရ​ရင် အဲဒီ​သားကို ယေဟောဝါ​ဘုရားရဲ့ အမှုတော်ကို တစ်သက်လုံး ထမ်းဆောင်​စေမယ်လို့ သူ ကတိသစ္စာ​ပြုခဲ့တယ်။—၁ ရှ. ၁:၉-၁၁

၁၂။ ဟန္န​ရဲ့ စံနမူနာ​က ဆုတောင်းခြင်းနဲ့ ပတ်သက်ပြီး ဘာ​ဖော်ပြသလဲ။

၁၂ ဒီလို​နည်းနဲ့ ဟန္န​ဟာ ဆုတောင်းချက်​နဲ့ ပတ်သက်ပြီး ဘုရားသခင့်​ကျေးကျွန် အားလုံး​အတွက် စံနမူနာ​ကောင်း​ဖြစ်ပါတယ်။ မေတ္တာ​ပြည့်ဝတဲ့ မိဘကို အားကိုး​ယုံကြည်တဲ့ ကလေးငယ်​တစ်ယောက်လို​ပဲ ကျွန်တော်တို့လည်း ယေဟောဝါ​ဘုရားဆီ ရင်ဖွင့် ပြောဆို​သင့်တယ်။ ဒီလို​လုပ်ဖို့ ယေဟောဝါ​ဘုရား ဖိတ်ခေါ်​ထားတယ်။ (ဆာလံ ၆၂:၈။ ၁ သက်သာလောနိတ် ၅:၁၇ တို့ကို​ဖတ်ပါ။) တမန်တော်​ပေတရုဟာ ယေဟောဝါ​ဘုရားဆီ ဆုတောင်းတာ​နဲ့ ပတ်သက်လို့ နှစ်သိမ့်မှု​ဖြစ်စေတဲ့ ဒီ​စကားတွေကို ရေးသား​ဖို့ စွမ်းအားတော် အကူအညီ​ရခဲ့တယ်– “စိုးရိမ်​ပူပန်စရာ ရှိသမျှကို ဘုရားသခင်​ဆီ ပုံအပ်ထား​လိုက်ပါ။ ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်​တဲ့​အရှင် ဖြစ်လို့ပဲ။”—၁ ပေ. ၅:၇

၁၃၊ ၁၄။ (က) ဟန္န​ရဲ့ အ​ပြု​အမူ​ကို​မြင်ပြီး ဧလိ ဘယ်လို ချက်ချင်း ကောက်ချက်ချ​လိုက်​သလဲ။ ဘာကြောင့်လဲ။ (ခ) ဧလိ​ကို ဟန္န​တုံ့ပြန်​ပုံ​က ဘာ​ကြောင့် အတု​ယူ​စ​ရာ ဖြစ်​သလဲ။

၁၃ ဒါပေမဲ့ လူသားတွေ​က ယေဟောဝါ​ဘုရား​လို နားလည်မှု၊ စာနာမှု မပြ​နိုင်ကြဘူး။ ဟန္န ငို​ရင်း ဆုတောင်းနေ​ချိန်မှာ စကားပြော​သံ ကြားလိုက်​လို့ လန့်ဖျပ်​သွားတယ်။ အသံရှင်​ကတော့ ဟန္န​ကို ကြည့်​နေတဲ့ ပုရောဟိတ်မင်း ဧလိ​ပါပဲ။ ဧလိက “မင်း ဘာလို့ ဝိုင်​မူး​နေတာလဲ။ မ​သောက်​နဲ့​တော့” လို့​ပြောတယ်။ နှုတ်ခမ်း​တ​လှုပ်​လှုပ်​နဲ့ ငို​နေတဲ့ ဟန္န​ရဲ့ ဝမ်းနည်း​ကြေကွဲ​နေတဲ့ အမူအယာ​တွေကို ဧလိ သတိပြုမိတယ်။ ဘာ​ဖြစ်တာ​လဲ​လို့ မေး​မ​ယ့်​အစား ဟန္န မူးနေတယ်​လို့​ပဲ ချက်ချင်း ကောက်ချက်ချ​လိုက်တယ်။—၁ ရှ. ၁:၁၂-၁၄

၁၄ စိတ်သောက ရောက်နေ​ချိန်မှာ လေးစားထိုက်တဲ့ ပုဂ္ဂိုလ်​တစ်​ဦးရဲ့ မဟုတ်မမှန် စွပ်စွဲ​ပြောဆို​ခံရတဲ့ ဟန္န​ခမျာ ဘယ်လောက်တောင် စိတ်ထိခိုက်​သွားမလဲ​ဆိုတာ စဉ်းစား​ကြည့်​လိုက်ပါ။ ဒီ​ကိစ္စ​မှာလည်း ဟန္န​ဟာ ချီးကျူးထိုက်​တဲ့ ယုံကြည်ခြင်း စံနမူနာရှင်​တစ်ဦး ဖြစ်ပါတယ်။ လူ့မစုံလင်မှုတွေ တွေ့ရ​ပေမဲ့ ယေဟောဝါ​ဘုရားကို သူ ဆ​က်​ဝတ်ပြု​တ​ယ်။ ဧလိ​ကိုလည်း တလေးတစား​နဲ့ ဖြစ်ကြောင်းကုန်စင် ရှင်းပြခဲ့တယ်။ ဧလိက သူ​မှားသွား​မှန်း သိလိုက်​လို့ “စိတ်အေး​အေး ထားပြီး သွားပါ။ အစ္စရေး​တို့ရဲ့ ဘုရားသခင်က မင်း​အသနားခံ​တဲ့​အတိုင်း လုပ်ပေး​ပါစေ” လို့ ချိုချိုသာသာ ပြန်​ပြော​လိုက်တယ်။—၁ ရှ. ၁:၁၅-၁၇

၁၅၊ ၁၆။(က)ဟန္န​ဟာ တဲတော်မှာ ယေဟောဝါ​ဆီ ရင်ဖွင့်​ဆုတောင်း လိုက်တဲ့အခါ ဘာ​အကျိုး​ရသလဲ။ (ခ) စိတ်ညှိုးငယ်​နေတဲ့​အခါ ဟန္န​လို ဘာ​လုပ်နိုင်သလဲ။

၁၅ တဲတော်မှာ ယေဟောဝါ​ဘုရားကို ရင်ဖွင့်​ဆုတောင်း ဝတ်ပြု​ခဲ့လို့ ဟန္န ဘာ​အကျိုး​ရသလဲ။ အဲဒီနောက် သူ “ထွက်သွား​ပြီး စားသောက်တယ်။ မျက်နှာညှိုး​ငယ် မနေ​တော့​ဘူး” လို့ ကျမ်းစာက ဖော်ပြတယ်။ (၁ ရှ. ၁:၁၈) အဲဒီ​ကျမ်းချက်ကို​ပဲ ဘာသာပြန်ကျမ်း​တစ်ကျမ်း (The Jerusalem Bible) က “သူသည် ဝမ်း​မနည်း​တော့​ချေ” လို့ ပြန်ဆို​ထားတယ်။ ဟန္န စိတ်သက်သာရာ ရ​သွားပြီ။ သူ့ကို ဖိစီး​နေတဲ့ ဝန်ထုပ်ကြီး​ကို သူ့​ထက်ပိုပြီး အစွမ်း​ခွန်အား ကြီးမားတဲ့ ကောင်းကင်ဖခင်​ဆီ လွှဲပြောင်းပေး​လိုက်ပြီ။ (ဆာလံ ၅၅:၂၂ ကိုဖတ်ပါ။) ဘုရားသခင်အတွက် ကြီးလေး၊ ခက်ခဲလွန်း​တဲ့ ပြဿနာ​ဆိုတာ မရှိပါဘူး။ အရင်က​ရော၊ အခု​ပါ မရှိ​သလို နောင်လည်း ဘယ်တော့မှ ရှိ​မှာ​မဟုတ်ဘူး။

၁၆ ကျွန်တော်တို့ဟာ လေး​လွန်း​တဲ့​ဝန်ကို ထမ်း​နေ​ရတယ်၊ စိတ်ဖိစီး ခံ​နေ​ရတယ်​ဆိုရင် ဟန္န​လို “ဆုတောင်းသံ​ကို နားထောင်တဲ့​အရှင်” ဆီမှာ ရင်ဖွင့် ဆုတောင်း​သင့်တယ်။ (ဆာ. ၆၅:၂) ယုံကြည်ခြင်း​အပြည့်​နဲ့ အဲဒီလိုလုပ်ရင် ကျွန်တော်တို့ရဲ့ ဝမ်းနည်းခြင်း​အစား “လူ့ဉာဏ်​နဲ့​မမီနိုင်တဲ့ ဘုရားသခင့် ငြိမ်သက်ခြင်း” ကို ခံစား​ရမှာ သေချာတယ်။—ဖိ. ၄:၆၊ ၇

“ဒို့ရဲ့ ဘုရားသခင်​လို ခိုင်မြဲ​တဲ့​ကျောက်ဆောင်​မျိုး မရှိပါဘူး”

၁၇၊ ၁၈။ (က) ဟန္န​ရဲ့ ကတိသစ္စာကို သဘောတူ​ကြောင်း ဧလကာန ဘယ်လို ဖော်ပြသလဲ။ (ခ) ပေနိန္န​က ဟန္န​ကို နောက်ထပ် ဘာ​မ​လုပ်နိုင်​တော့​ဘူး​လဲ။

၁၇ နောက်​နေ့​မနက်​မှာ ဟန္န​ဟာ ဧလကာန​နဲ့​အတူ တဲတော်​ကို ပြန်​သွားတယ်။ ဆုတောင်း​ခဲ့​တဲ့​အကြောင်း​နဲ့ ကတိသစ္စာ​ပြုခဲ့တဲ့​အကြောင်း ခင်ပွန်း​ဖြစ်သူ​ကို ဟန္န ပြောပြပါ​လိမ့်မယ်။ အကြောင်းကတော့ မောရှေ​ပညတ်​အရ ဇနီးသည်​ဟာ ခင်ပွန်းသည်ရဲ့ သဘောတူညီ​ချက် မရဘဲ ကတိသစ္စာ ပြု​ခဲ့​မ​ယ်​ဆိုရင် အဲဒါကို ခင်ပွန်းက ပယ်ဖျက်​ပိုင်ခွင့်​ရှိလို့​ပါ။ (တော. ၃၀:၁၀-၁၅) ဒါပေမဲ့ အဲဒီ သစ္စာ​တည်ကြည်​တဲ့ ခင်ပွန်းဟာ ဇနီးရဲ့ ကတိသစ္စာကို မ​ပယ်ဖျက်​ခဲ့​ပါဘူး။ အဲ​ဒီအစား သူတို့​ဇနီးမောင်နှံဟာ အိမ်မပြန်​ခင် တဲတော်မှာ ယေဟောဝါ​ဘုရားကို ဝတ်ပြု​ကိုးကွယ်​ကြတယ်။

၁၈ ဟန္န​ကို စိတ်ပျက်​၀​မ်း​နည်း​အောင် မ​လုပ်နိုင်​တော့​ဘူးဆို​တာ ပေနိန္န ဘယ်​အချိန်​လောက်​မှာ သိသွား​သလဲ။ မှတ်တမ်းမှာ မဖော်ပြထားဘူး။ ဒါပေမဲ့ ဟန္န “မျက်နှာညှိုး​ငယ် မနေတော့ဘူး” ဆိုတဲ့ အသုံးအနှုန်း​ကို ကြည့်ရင် သူဟာ အဲဒီ​အချိန်​က​စပြီး ပျော်ရွှင်​နေပြီ၊ စိတ်ညှိုးငယ် မနေ​တော့​ဘူးဆို​တာ သိ​နိုင်ပါတယ်။ ဒီတော့ မလို​တ​မာ​စိတ်နဲ့​လုပ်တဲ့ လုပ်ရပ်​တွေဟာ ဟန္န​စိတ်​ကို မထိခိုက်​တော့​မှန်း မကြာခင်မှာပဲ ပေနိန္န သိလာတယ်။ အဲဒီနောက် ကျမ်းစာထဲမှာ ပေနိန္နရဲ့​နာမည် ထပ်​မပါတော့ဘူး။

၁၉။ ဟန္န ဘာ​ကောင်းချီး ရသလဲ။ အဲဒီ​ကောင်းချီး​ကို ဘယ်သူ့​ဆီက​ရ​မှန်း ဟန္န သိကြောင်း ဘယ်လို​ဖော်ပြသလဲ။

၁၉ စိတ်​ငြိမ်သက်မှု ရခဲ့တဲ့ ဟန္န​ဟာ အချိန်တန်​တော့ ဝမ်းသာ​ပျော်ရွှင် ရတော့​တ​ယ်။ သူ့မှာ ကိုယ်ဝန်​ရှိနေ​ပါပြီ။ ဟန္န သိပ်​ဝမ်းသာပေမဲ့ ဒီ​ကောင်းချီး​ကို ဘယ်သူ့​ဆီက ရတယ်ဆိုတာ လုံးဝ​မမေ့ဘူး။ သား​ယောက်ျားလေး မွေးဖွား​လာတဲ့အခါ “ဘုရားသခင့်​နာမည်” လို့ အဓိပ္ပာယ်​ရှိတဲ့ ရှမွေလ​ဆိုပြီး နာမည်​ပေးတယ်။ ဒီ​နာမည်က ဘုရားသခင့်​နာမည်ကို ဟန္န အမြဲ​ခေါ်ဆို​ပြီး အကူအညီ တောင်း​ခဲ့တာကို ထင်ရှားစေတယ်။ အဲဒီ​နှစ်မှာ ဟန္န​ဟာ ရှိလော​မြို့ကို မိသားစုနဲ့​အတူ မလိုက်​သွား​ဘူး။ ကလေး​နို့​ပြတ်​တဲ့​အထိ အိမ်မှာ ကလေးနဲ့​အတူ သုံးနှစ် နေရစ်ခဲ့​တ​ယ်။ အဲဒီနောက်​မှာ​တော့ ချစ်မြတ်နိုး​ရတဲ့ သားလေး​နဲ့ ခွဲခွာ​ရမယ့်​နေ့​အတွက် သူ အားမွေး​နေပါ​တော့​တ​ယ်။

၂၀။ ယေဟောဝါ​ဘုရားကို ပေးခဲ့တဲ့​ကတိအတိုင်း ဟန္န​နဲ့ ဧလကာန​တို့ ဘာ​လုပ်ကြ​သလဲ။

၂၀ ကလေးနဲ့ ခွဲနေ​ရတာ မလွယ်​ပါဘူး။ ရှိလော​မြို့ကို ရှမွေလ​လေး ရောက်သွားတဲ့​အခါ​ တဲတော်မှာ အမှုထမ်း​နေတဲ့ အမျိုးသမီး​တချို့က ကလေးကို ကောင်းကောင်း ကြည့်ရှု​စောင့်ရှောက်​ပေးမယ်​ဆိုတာ ဟန္န သိပါတယ်။ ဒါပေမဲ့ ရှမွေလ​က အရမ်း​ငယ်​သေးတယ်။ ဘယ်​မိခင်​က ကိုယ့်​သားနဲ့ ခွဲ​ချင်​ပါ့​မလဲ။ ဘယ်လိုပဲ​ဖြစ်ဖြစ် ဟန္န​နဲ့ ဧလကာန​ဟာ သားလေး​ကို မပေး​ချင်​ပေးချင်​နဲ့ မဟုတ်ဘဲ ကျေးဇူးတင်စိတ် အပြည့်​နဲ့ တဲတော်​ကို ခေါ်​လာခဲ့တယ်။ ဘုရားသခင့်​အိမ်တော်ကို ရောက်တဲ့အခါ သူတို့ ပူဇော်သက္ကာ​တွေ ဆက်သ​ကြတယ်။ ပြီးတဲ့နောက် လွန်ခဲ့တဲ့ သုံးနှစ်လောက်​က ပြုခဲ့တဲ့​ကတိသစ္စာ​အကြောင်း ဧလိ​ကို ဟန္န ပြောပြပြီး ရှမွေလ​လေး​ကို ဧလိ​လက်ထဲ အပ်​လိုက်တယ်။

ဟန္န​ဟာ သား​ရှမွေလ​လေး​အတွက် တကယ့်​မိခင်​ကောင်း​ဖြစ်

၂၁။ ဟန္န​ရဲ့ ဆုတောင်းချက်​ဟာ ယေဟောဝါအပေါ် သူ့​ယုံကြည်ခြင်းရဲ့ အတိမ်အနက်​ကို ဘယ်လို ဖော်ပြသလဲ။ (“ ထူးခြားတဲ့ ဆုတောင်းချက်​နှစ်ခု” ဆိုတဲ့ လေးထောင့်ကွက်​ကိုလည်း ကြည့်ပါ။)

၂၁ အဲဒီနောက် ဟန္န ဆုတောင်း​လိုက်တယ်။ ဟန္န​ရဲ့​ဆုတောင်းချက်ကို ကျမ်းစာထဲမှာ မှတ်တမ်းတင်​ထိုက်​တ​ယ်​လို့ ဘုရားသခင် ယူမှတ်​ခဲ့​တ​ယ်။ ၁ ရှမွေလ ၂:၁-၁၀ မှာ မှတ်တမ်း​တင်ထားတဲ့ သူ့ရဲ့​ဆုတောင်းချက် တစ်​ကြောင်း​ချင်း​စီ​ကို ဖတ်​ကြည့်ရင် သူ့ရဲ့​ယုံကြည်ခြင်း အတိမ်အနက်​ကို တွေ့နိုင်တယ်။ ယေဟောဝါ​ဘုရားဟာ မိမိ​တန်ခိုးတော်ကို အံ့သြစရာ ကောင်း​လောက်​အောင် အသုံးပြု​နိုင်စွမ်း​ရှိတယ်လို့ သူ ချီးမွမ်း​ပြောဆိုတယ်။ မောက်မာ​သူတွေကို နှိမ့်ချ​နိုင်စွမ်း၊ ဖိနှိပ်ခံ​ရသူတွေကို ကောင်းချီး​ပေးနိုင်စွမ်း ရှိတဲ့​အကြောင်း၊ အသက်ကို ချွေယူ​နိုင်စွမ်း​နဲ့ ကယ်တင်နိုင်စွမ်း အပြည့်အဝ ရှိတဲ့​အကြောင်းလည်း ချီးမွမ်း​ပြောဆိုတယ်။ သူ့​ကောင်းကင်​ဖခင်ရဲ့ ပြိုင်ဘက်​ကင်းတဲ့ သန့်ရှင်းမှု၊ တရား​မျှတမှု​နဲ့ ဖြောင့်မတ် တည်ကြည်မှု​တို့ကိုလည်း ချီးမွမ်း​ပြောဆို​ခဲ့​တ​ယ်။ “ဒို့ရဲ့ ဘုရားသခင်​လို ခိုင်မြဲ​တဲ့​ကျောက်ဆောင်​မျိုး မရှိပါဘူး” လို့ သူ​ပြော​နိုင်ခဲ့တယ်။ ယေဟောဝါ​ဘုရားဟာ အပြည့်​အ​၀ ယုံကြည်​စိတ်ချ​ထိုက်​ပါတယ်။ ကိုယ်တော်ဟာ ပြောင်းလဲ​မှာ မဟုတ်ဘူး၊ အကူအညီ​တောင်းတဲ့ ဖိနှိပ်ခံ​ရသူတွေ၊ နိမ့်ကျ​သူတွေ​အားလုံး​အတွက် ခိုလှုံရာ ဖြစ်တယ်။

၂၂၊ ၂၃။ (က) မိ​ဘ​တွေ သူ့​ကို​ချစ်​တ​ယ်​ဆို​တာ ရှ​မွေ​လ ဘယ်​လို​သိခဲ့​သလဲ။ (ခ) ယေဟောဝါ​ဘုရားက ဟန္န​ကို ဘာ​ကောင်းချီးတွေ ဆက်​ပေး​သေး​သလဲ။

၂၂ ယေဟောဝါအပေါ် ယုံကြည်ခြင်း အပြည့်အဝ​ရှိတဲ့ မိခင်​ကောင်း​တစ်ယောက် ရရှိ​ထားတာဟာ ရှမွေလ​လေး​အတွက် တကယ့်​ကောင်းချီးပါပဲ။ ရှမွေလ​လေး​ဟာ သူ့​အမေကို လွမ်း​မှာ​ပဲ။ ဒါပေမဲ့ အမေ သူ့ကို ပစ်​ထားတယ်လို့ တစ်ခါ​မှ မခံစားခဲ့ရဘူး။ ဟန္န​ဟာ တဲတော်မှာ အမှုထမ်း​နေတဲ့ ရှိလော​မြို့​က သားလေး​ဆီ နှစ်​တိုင်း​လာပြီး လက်​ပြတ်​ဝတ်ရုံ​လေး​တစ်ထည် အမြဲ ယူလာ​ပေးတယ်။ ဟန္န​ကိုယ်တိုင် ချုပ်​ပေးထားတဲ့ အဲဒီ​ဝတ်ရုံ​လေး​ဟာ သားလေး​ကို သူ ဘယ်လောက်​ချစ်တယ်၊ ဘယ်လောက် ဂရုစိုက်​တ​ယ်​ဆိုတာ ဖော်ပြ​နေ​ပါတယ်။ (၁ ရှမွေလ ၂:၁၉ ကိုဖတ်ပါ။) သားလေး​ကို ဝတ်ရုံ​ဝတ်​ပေးပြီး သပ်သပ်ရပ်ရပ် ဖြစ်သွား​အောင် သပ်​ပေးနေ​တာ၊ သားလေး​ကို ချစ်မြတ်နိုးတဲ့​အကြည့်​နဲ့ ကြင်ကြင်နာနာ အားပေး​စကား ပြောဆို​နေတာတွေကို မြင်ယောင်​ကြည့်​နိုင်ပါတယ်။ အဲဒီလို​အမေ​မျိုး ရှမွေလ​ရထားတာ​က တကယ့်​ကောင်းချီးပါပဲ။ ရှမွေလ ကြီးပြင်းလာတဲ့​အခါ သူဟာ မိဘတွေ​အတွက်သာ​မ​က အစ္စရေး​လူမျိုး တစ်မျိုးလုံး​အတွက်ပါ ကောင်းချီး​ဖြစ်ခဲ့တယ်။

၂၃ ယေဟောဝါ​ဘုရားက ဟန္န​ကို မေ့မထား​ဘဲ သားဖွား​နိုင်စွမ်း ဆ​က်​ပေးလို့ သူ့မှာ နောက်ထပ် သားသမီး​ငါးယောက် ရှိလာ​တယ်။ (၁ ရှ. ၂:၂၁) ဟန္န​နဲ့ ကောင်းကင်ဖခင် ယေဟောဝါ​ကြား​က ရင်းနှီးမှု​နှောင်ကြိုး​ဟာ နှစ်​တွေ ကုန်​လွန်​လာ​တာ​နဲ့​အမျှ ခိုင်မြဲ​သည်​ထက် ခိုင်မြဲလာ​တ​ယ်။ အဲ​ဒါ​က ဟန္န​အတွက် အကြီး​မား​ဆုံး ကောင်း​ချီး​ပါပဲ။ ဟန္န​ရဲ့ ယုံကြည်ခြင်းကို အတုယူ​မ​ယ်​ဆိုရင် ကောင်းကင်ဖခင်​နဲ့ ကိုယ့်ရဲ့ ရင်းနှီးမှု​နှောင်ကြိုး​လ​ည်း ခိုင်​မြဲ​သ​ည်​ထက် ခိုင်​မြဲလာ​ပါ​လိမ့်​မ​ယ်။

^ အပိုဒ်၊ 7 ယေဟောဝါ​က “ဟန္န​ကို သားဖွား​ခွင့်​မပေးဘူး” လို့ ကျမ်းစာ​မှတ်တမ်းမှာ ဖော်ပြ​ထားပေမဲ့ နှိမ့်ချ​ပြီး သစ္စာ​တည်ကြည်​တဲ့ ဒီ​အမျိုးသမီးကို ဘုရား မနှစ်သက်ဘူး​လို့ မဖော်​ပြ​ထားပါ​ဘူး။ (၁ ရှ. ၁:၅) ကိစ္စရပ်​တချို့ကို အချိန်​အတိုင်းအတာ​တစ်ခု​အထိ ဘုရား ဖြစ်ခွင့်ပြု​ထားတာကို ဘုရား​လုပ်တဲ့ ပုံစံမျိုးနဲ့ ကျမ်းစာမှာ တစ်ခါတလေ ဖော်ပြ​တတ်တယ်။

^ အပိုဒ်၊ 9 ဧလကာနရဲ့ ဇာတိ​မြို့ ရာ​မဟာ ယေရှု​ခေတ်မှာ အရိမသဲ​လို့​ခေါ်တဲ့​မြို့​နဲ့ တစ်မြို့တည်း ဖြစ်နိုင်တယ်​ဆိုတဲ့ ယူဆချက်​အပေါ် မူတည်ပြီး ဒီ​အကွာအဝေး​ကို တွက်ချက်​ထားတာ ဖြစ်တယ်။