မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ဆယ့်နှစ်

ဘုရားသခင်ဆီကနေ သူ နှစ်သိမ့်မှုရခဲ့

ဘုရားသခင်ဆီကနေ သူ နှစ်သိမ့်မှုရခဲ့

၁၊ ၂။ ဧလိယ​အတွက် တစ်သက်​မမေ့နိုင်တဲ့ နေ့ရက်မှာ ဘာတွေ ဖြစ်ပျက်​ခဲ့သလဲ။

ဧလိယဟာ မိုး​တော​လေ​တော​ထဲမှာ ဆက်​ပြေးနေတုန်း​ပဲ။ ယေဇရေလ​မြို့ကို​ရောက်​ဖို့ အဝေးကြီး လို​သေး​တဲ့​အပြင် မိုးလည်း ချုပ်​နေပြီ။ သူ့​အသက်ကလည်း မ​ငယ်​တော့​ဘူး။ ဒါပေမဲ့ သူ့​အပေါ် “ယေဟောဝါရဲ့ လက်တော် သက်ရောက်” နေလို့ မမောပန်းဘဲ ဆက်​ပြေးနေနိုင်​တယ်။ သူ့မှာ ဒီလို​ခွန်အား​မျိုး တစ်ခါ​မှ မရှိခဲ့​ဖူး​ဘူး။ ဘုရင်​အာဟပ်ရဲ့ မြင်းရထား​ကိုတောင် သူ​ကျော်​တက်​သွားပြီ။၁ ဘုရင်များ ၁၈:၄၆ ကိုဖတ်ပါ။

လမ်းမကြီး​ပေါ်မှာ တစ်ယောက်တည်း ပြေး​နေရင်း၊ မျက်လုံး​ထဲ မိုး​ရေ​စက်​တွေ ဝင်​လာလို့ မျက်​တောင်​ခတ်​ရင်း သူ့​ဘဝမှာ အမှတ်တရ​အဖြစ်​ဆုံး နေ့ရက်​အကြောင်း စဉ်းစား​နေမယ့် ဧလိယ​ကို မြင်ယောင်​ကြည့်လိုက်​ပါ။ သူ့ရဲ့ ဘုရား ယေဟောဝါနဲ့ စစ်မှန်တဲ့​ဝတ်ပြုရေး​အတွက် အဲဒီ​နေ့ဟာ အကြီးအကျယ် အောင်ပွဲခံ​ခဲ့​တဲ့ နေ့​ဆိုတာ သေချာတယ်။ ကရမေလ​တောင်လည်း အဝေးကြီး​မှာ ကျန်ခဲ့ပြီ။ မိုးကလည်း မည်းမှောင်​နေ​တော့ အဲဒီ​တောင်ကို ဧလိယ မမြင်​ရတော့ဘူး။ ယေဟောဝါ​ဘုရားဟာ ဧလိယ​ကို အသုံးပြုပြီး အဲဒီ​တောင်ပေါ်မှာ ဗာလ​ဝတ်ပြုရေး​ကို အံ့ဖွယ်​တန်ခိုး​နဲ့ အနိုင်ယူ​ခဲ့​တယ်။ ရာနဲ့ချီ​တဲ့ ဗာလ ပရောဖက်​တွေကို အတုအယောင်​တွေ​အဖြစ် ဖော်ထုတ်​ပြီး တရား​သဖြင့် ကွပ်မျက်​လိုက်တယ်။ အဲဒီနောက် အစ္စရေး​ပြည်မှာ သုံးနှစ်ခွဲ မိုးခေါင်နေ​တာ​ကို အဆုံးသတ်​ပေးပါလို့ ယေဟောဝါ​ဘုရားဆီ ဧလိယ ဆုတောင်း​လိုက်တယ်။ ဒါနဲ့ မိုးသည်းကြီးမည်းကြီး ရွာ​ချ​လာတယ်။—၁ ဘု. ၁၈:၁၈-၄၅

၃၊ ၄။ (က) ယေဇရေလ​မြို့ကို သွား​နေချိန်မှာ ဧလိယရဲ့ မျှော်လင့်ချက် ဘာကြောင့် တောက်ပ​နေနိုင်သလဲ။ (ခ) ဘယ်မေးခွန်းတွေကို သုံးသပ်ကြ​မလဲ။

ဧလိယဟာ ၁၉ မိုင်​ဝေး​တဲ့ ယေဇရေလ​မြို့ကို မိုး​တော​လေ​တော​ထဲ ပြေး​နေရင်း အခြေအနေ​တွေ ကောင်း​လာတော့​မယ်​လို့ မျှော်လင့်​နေမှာ သေချာတယ်။ ဗာလ ပရောဖက်​တွေကို သတ်ပစ်လိုက်​ပြီဆို​တော့ တိုင်းပြည်​အတွက် အလှည့်အပြောင်း​ကြီး ဖြစ်လာတော့မယ့်​ပုံပဲ။ ဘုရင်​အာဟပ်လည်း ပြောင်းလဲ​သွားမယ်။ သူ တွေ့မြင်ခဲ့တဲ့ အရာတွေကြောင့် ဗာလ ဝတ်ပြုရေး​ကို စွန့်လွှတ်၊ မိဖုရား​ယေဇဗေလ​ကို တားဆီး​ပြီး ယေဟောဝါ​ဘုရားရဲ့ ကျေးကျွန်တွေကို မ​ညှဉ်းဆဲ​တော့ဘဲ နေမယ်လို့ ဧလိယ တွေးမိမှာပဲ။

‘ဧလိယ​က ယေဇရေလ​မြို့ကို ရောက်တဲ့​အထိ ပြေး​သွား​လိုက်တယ်’

ကိစ္စရပ်​တွေ​က ကိုယ်​ဖြစ်စေချင်တဲ့​အတိုင်း ဖြစ်နေရင် မျှော်​လင့်​ချက်​တွေ​လည်း ပို​တော​က်ပ​လာ​တတ်​တယ်။ ကိုယ့်ရဲ့ ဘဝ​အခြေအနေ ဆက်ပြီး တိုးတက်​လာမယ်၊ အဆိုးဆုံး ပြဿနာ​တွေ​တောင် ပြေလည်​သွားလိမ့်မယ်လို့ တွေးမိ​တတ်ကြတယ်။ ဧလိယလည်း အဲဒီလို တွေးခဲ့မယ်​ဆိုရင် အံ့သြစရာ မဟုတ်ပါဘူး။ “ဧလိယဟာ ကျွန်တော်တို့​လို​ပဲ ခံစားချက်​ရှိတဲ့ လူတစ်ယောက်” ပဲ။ (ယာ. ၅:၁၇) အမှန်​တော့ ဧလိယရဲ့ အခက်အခဲ​တွေ ပြီးဆုံး​ဦး​မှာ မဟုတ်ဘူး။ သူဟာ နာရီ​ပိုင်း​အတွင်းမှာပဲ ကြောက်စိတ်​တွေ ဝင်​လာပြီး သေချင်စိတ်​ပေါက်​တဲ့​အထိ စိတ်ဓာတ်ကျ​လာ​ရလိမ့်မယ်။ ဘာဖြစ်လို့လဲ။ သူ့မှာ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိ ပြန်​ရှိလာ​အောင် ယေဟောဝါ​ဘုရား ဘယ်လို ကူညီ​ပေးခဲ့သလဲ​ဆိုတာ ကြည့်ကြစို့။

မမျှော်လင့်​ထားတဲ့ အလှည့်အပြောင်း

၅။ အာဟပ်ဟာ ကရမေလ​တောင်ပေါ်မှာ ဖြစ်ပျက်​ခဲ့​တဲ့ အရာတွေကို တွေ့မြင်ပြီး ယေဟောဝါ​ဘုရားကို ကြောက်ရွံ့ ရိုသေ​လာ​သလား။ ဘယ်လိုသိရသလဲ။

ဘုရင်​အာဟပ်ဟာ ယေဇရေလ​မြို့​က နန်းတော်​ကို ရောက်တဲ့အခါ နောင်တရ​နေတဲ့​ပုံ ပေါက်​သလား။ “အာဟပ်မင်း​က ဧလိယ လုပ်ခဲ့တာ​တွေ၊ ပရောဖက်​အားလုံးကို ကွပ်မျက်​ခဲ့​တာ​တွေ​အကြောင်း ယေဇဗေလ​ကို ပြောပြ​တယ်” လို့​ကျမ်းစာက ဆိုတယ်။ (၁ ဘု. ၁၉:၁) တစ်နေ့​တာ အဖြစ်အပျက်တွေကို အာဟပ် ပြောပြတဲ့​အခါ ဧလိယ​ကိုးကွယ်တဲ့​ဘုရား ယေဟောဝါ​အကြောင်း မပါ​တာ​ကို သတိပြုပါ။ အာဟပ်ဟာ အဲ​ဒီနေ့ရဲ့ အံ့သြစရာ ဖြစ်ရပ်တွေကို လူ့​ရှုထောင့်​နဲ့​ပဲ ကြည့်ပြီး “ဧလိယ လုပ်ခဲ့တာ​တွေ” လို့ မြင်​နေတယ်။ ယေဟောဝါ​ဘုရားကို ကြောက်ရွံ့ ရိုသေ​ရမယ်ဆိုတာ သူ အခုထိ သဘောမပေါက်​သေး​ဘူး။ အငြိုး​ကြီးတဲ့ ယေဇဗေလ​က​ကော ဘယ်လို​တုံ့ပြန်​သလဲ။

၆။ ဧလိယ​ဆီ​ကို ယေဇဗေလ ဘာ​သတင်း ပို့လိုက်​သလဲ။ သူ့​စကား​ရဲ့ အဓိပ္ပာယ်​က ဘာ​လဲ။

ယေဇဗေလ အကြီးအကျယ် ဒေါသ​ပေါက်ကွဲ​ပြီး “မနက်ဖြန် ဒီ​အချိန်မှာ မင်းကို အဲဒီ​ပရောဖက်​တွေ​လို ဖြစ်သွား​အောင် ငါ​မ​လုပ်​ဘူးဆိုရင် ဘုရား​တွေ​က ငါ့ကို ပြစ်ဒဏ် တစ်ခု​ပြီး​တစ်ခု ပေးပါစေ” လို့ ဧလိယ​ဆီ သတင်းပို့​လိုက်တယ်။ (၁ ဘု. ၁၉:၂) ဒါက အဆိုးတကာ့ အဆိုးဆုံး ခြိမ်းခြောက်မှု​ကြီး​ပါပဲ။ ဗာလ ပရောဖက်​တွေ​အတွက် လက်စားချေ​တဲ့​အနေနဲ့ နောက်​တစ်နေ့မှာ ဧလိယ​ကို မ​သတ်ပစ်​နိုင်​ရင် သူ​အသေခံ​မယ်​လို့ ယေဇဗေလ ကျိန်ဆို​နေတာ​ပဲ။ လေပြင်း​တိုက်​နေတဲ့ အဲဒီ​ညမှာ အိပ်ပျော်​နေတဲ့ ဧလိယ​ကို တစ်ယောက်ယောက် လာ​နှိုး​ပြီး မိဖုရားရဲ့ ထိတ်လန့်စရာ အဲဒီ​စကားတွေကို ပြောပြတဲ့​အခါ သူ ဘယ်လို ခံစား​ရမလဲ​ဆိုတာ တွေးကြည့်​ပါ။

စိတ်ဓာတ်ကျ၊ ကြောက်စိတ်ဝင်​ပြီး အားလျော့​နေ

၇။ ယေဇဗေလ ခြိမ်းခြောက်​လိုက်လို့ ဧလိယ ဘယ်လို ဖြစ်သွား​သလဲ။ သူ ဘာလုပ်ခဲ့သလဲ။

ဗာလ ဝတ်ပြုရေး ကျဆုံး​သွားပြီ​လို့ ဧလိယ ထင်ခဲ့မယ်​ဆိုရင်တော့ သူ့ရဲ့​မျှော်လင့်ချက် တစ်စစီ ပြိုကွဲ​သွားပြီ။ မကြာ​သေး​ခင်​က ဘာ​တွေ​ပဲ ဖြစ်​ပျက်​ခဲ့​ပါ​စေ ယေဇဗေလ​က​တော့ လုံး​ဝ ဂရု​မစိုက်​ဘူး။ ဧလိယရဲ့ သစ္စာရှိ အပေါင်းအဖော် အတော်များများကို မိ​ဖု​ရား​ရဲ့​အမိန့်​နဲ့ ကွပ်မျက်​လိုက်ပြီ။ အခုတော့ ဧလိယ​အလှည့်​ပဲ။ ယေဇဗေလ ခြိမ်းခြောက်​လိုက်လို့ ဧလိယ ဘယ်လို ဖြစ်သွား​သလဲ။ “ဧလိယလည်း ကြောက်စိတ်ဝင်​လာ” တယ်လို့ ကျမ်းစာက ဆိုတယ်။ သူ့ကို ယေဇဗေလ ရက်ရက်စက်စက် သတ်ပစ်မယ့်​ပုံကို သူ​တွေး​နေ​သလား။ အဲဒါကိုပဲ တွေး​နေမယ်​ဆိုရင် ကြောက်စိတ်ဝင်​တာ အံ့သြစရာ​မဟုတ်ဘူး။ ဒီလိုနဲ့ ဧလိယဟာ “အသက်ဘေး​က​လွတ်ဖို့ ထွက်ပြေးတော့​တယ်။”—၁ ဘု. ၁၈:၄။ ၁၉:၃

သတ္တိ​ရှိ​ချင်တယ်​ဆိုရင် ထိတ်လန့်စရာ အန္တရာယ်​တွေ​အကြောင်း ဆက်​တွေးမနေသင့်​ဘူး

၈။ (က) ပေတရု​မှာ ဧလိယ​လို ဘာ​ပြဿနာ​ရှိသလဲ။ (ခ) ဧလိယ​နဲ့ ပေတရုတို့​ဆီကနေ ဘာသင်ခန်းစာ ရသလဲ။

ယုံကြည်ခြင်း ရှိ​သူတွေထဲမှာ ဧလိယ​တစ်ယောက်တည်းပဲ ကြောက်စိတ်ဝင်​ခဲ့​တာ မဟုတ်ပါဘူး။ နှစ်​အတော်ကြာ​တဲ့အခါ တမန်တော်​ပေတရုလည်း အဲဒီလို ဖြစ်ခဲ့တယ်။ ဥပမာ၊ ပေတရု​ကို ရေပေါ် လမ်းလျှောက်​နိုင်အောင် ယေရှု​လုပ်ပေးတဲ့​အခါ “မုန်တိုင်းထန်​နေတာကို မြင်” တာ​နဲ့ ပေတ​ရု ကြောက်စိတ်ဝင်​လာပြီး ရေနစ်​တော့​မလို ဖြစ်သွား​ခဲ့​တယ်။ (မဿဲ ၁၄:၃၀ ကိုဖတ်ပါ။) ဧလိယ​နဲ့ ပေတရုရဲ့ စံနမူနာ​မှာ ကျွန်တော်တို့​အတွက် အဖိုးတန် သင်ခန်းစာ​တွေ ရှိတယ်။ သတ္တိ​ရှိ​ချင်တယ် ဆိုရင် ထိတ်လန့်စရာ အန္တရာယ်​တွေကို တွေး​မနေ​ရ​ဘူး။ ကျွန်တော်တို့ကို မျှော်လင့်ချက်​နဲ့ ခွန်အား​ပေးတဲ့​အရှင်ကို​ပဲ အာရုံစိုက်​နေရမယ်။

“အသက် မရှင်ချင်​တော့​လို့​ပါ”

၉။ ဧလိယ ထွက်ပြေး​နေတုန်း သူ့ရဲ့ ခရီးစဉ်​နဲ့ ခံစားချက်ကို ပြောပြပါ။

ဧလိယဟာ ကြောက်စိတ်ဝင်​ပြီး ယုဒပြည်​တောင်ပိုင်း နယ်စပ်​အနားက ၉၅ မိုင်​လောက် ဝေး​တဲ့ ဗေရရှေဘ​မြို့ကို ထွက်ပြေး​သွားတယ်။ အဲဒီမှာ သူ့​နောက်လိုက်​ကို ထားရစ်ခဲ့​ပြီး တော​ထဲ​ကို တစ်ယောက်တည်း “တစ်ရက်​ခရီး” ထွက်သွား​တယ်လို့ ကျမ်းစာက ဆိုတယ်။ ဒါကြောင့် နေထွက်တာ​နဲ့ ဘာ​ရိက္ခာ​မှ မပါဘဲ သူ ခရီးစထွက်​လာတာကို မြင်ယောင်​ကြည့်လိုက်​ပါ။ ကြောက်ရွံ့​ပြီး စိတ်ဓာတ်​ကျနေ​တဲ့ ဧလိယဟာ ချစ်ချစ်တောက် ပူ​တဲ့ လွင်တီးခေါင်​မှာ ခရီးကြမ်း နှင်နေ​တယ်။ နေလုံးကြီးက အနောက် မိုးကုပ်​စက်​ဝိုင်း​ထဲ​ကို တဖြည်းဖြည်းဝင်​သွားပြီး ညအမှောင်​ထု​က ကြီးစိုး​လာတဲ့အခါ သူ့​ခမျာ ရှေ့ဆက်​သွားဖို့ ခွန်အား​မရှိတော့ဘူး။ ခြေကုန်လက်ပန်းကျ​ပြီး ချုံပင်​အောက်မှာ သူ​ထိုင်​ချ​လိုက်တယ်။ လွင်တီးခေါင်​ထဲမှာ နားခို​စ​ရာ​နေရာ​ဆိုလို့ အဲဒီ​ချုံပင်​ပဲ ရှိတယ်။—၁ ဘု. ၁၉:၄

၁၀၊ ၁၁။ (က) ဧလိယရဲ့ ဆုတောင်းချက်က ဘာ​အဓိပ္ပာယ်​ရှိသလဲ။ (ခ) ဖော်​ပြ​ထား​တဲ့ ကျမ်း​ချက်​တွေကို သုံး​ပြီး စိတ်​ဓာတ်​ကျ​ခဲ့​တဲ့ တ​ခြား​သစ္စာ​ရှိ အမျိုး​သား၊ အမျိုး​သမီး​တွေ​ရဲ့ ခံစား​ချက်​တွေ​ကို ပြော​ပြပါ။

၁၀ ဧလိယဟာ ကြံရာမရ​တဲ့​အဆုံး သေပါ​ရစေလို့ ဆုတောင်း​လိုက်တယ်။ “ကျွန်တော်ဟာ ဘိုးဘေး​တွေ​နဲ့ ဘာမှ​မခြား​ပါဘူး” ဆိုပြီး ပြောတယ်။ သူ့​ဘိုးဘေး​တွေဟာ မြေကြီး​ဖြစ်​ကုန်ပြီ၊ အရိုးတွေလည်း ဆွေး​ကုန်ပြီ​ဆိုတော့ ဘယ်သူ့ကိုမှလည်း မကူညီ​နိုင်ဘူး​ဆိုတာ သူသိ​တယ်။ (ဒေ. ၉:၁၀) သူ့ကို​သူ အသုံးမကျတဲ့​လူ​လို့ ခံစား​နေရ​တယ်။ ဘာ​အတွက် အသက်ရှင်နေ​ရဦး​မှာ​လဲ။ ဒါကြောင့် “ကျွန်တော် အသက်မရှင်​ချင်​တော့” ဘူးလို့ ပြော​လိုက်တာ အံ့သြစရာ​မဟုတ်ပါဘူး။

၁၁ ဘုရားသခင် အသုံးပြု​နေ​သူ​တစ်ယောက်က အဲဒီလောက် စိတ်ဓာတ်ကျ​နေတာကို အံ့ဩ​သင့်​သလား။ မအံ့သြ​သင့်​ဘူး။ ကျမ်းစာ​မှတ်တမ်း​ထဲမှာ သေချင်​လောက်​အောင် ဝမ်းနည်း​ခဲ့​တဲ့ သစ္စာရှိ အမျိုးသား၊ အမျိုးသမီး အတော်များများ ရှိခဲ့တယ်။ အဲဒီ​အထဲမှာ ရေဗက္ကာ၊ ယာကုပ်၊ မောရှေ​နဲ့ ယောဘ​တို့ ပါတယ်။—က. ၂၅:၂၂။ ၃၇:၃၅။ တော. ၁၁:၁၃-၁၅။ ယောဘ ၁၄:၁၃

၁၂။ သင်လည်း စိတ်ဓာတ်ကျ​နေတယ်​ဆိုရင် ဧလိယ​ကို ဘယ်လို အတုယူ​သင့်သလဲ။

၁၂ ဒီ​က​နေ့ ကျွန်တော်တို့လည်း “အလွန် ခက်ခဲ​ကျပ်တည်း” တဲ့အချိန်​မှာ အသက်​ရှင်​နေကြ​ရတယ်။ ဒါကြောင့် ဘုရားသခင်ကို ဝတ်ပြု​သူတွေ အပါအဝင် လူ​အတော်များများ စိတ်ဓာတ်ကျ​တတ်တာ​ကို မအံ့သြ​သင့်​ဘူး။ (၂ တိ. ၃:၁) အဲဒီလို အခြေအနေ​ဆိုး​ကို သင် ရင်ဆိုင်​နေရ​တယ်​ဆိုရင် ဧလိယ​ကို အတု​ယူပြီး ဘုရားသခင်​ဆီ ရင်ဖွင့်​ဆုတောင်း​လိုက်ပါ။ ယေဟောဝါ​ဘုရားဟာ “နှစ်သိမ့်ခြင်း အမျိုးမျိုးရဲ့ အရှင်​ပဲ။” (၂ ကောရိန္သု ၁:၃၊ ၄ ကိုဖတ်ပါ။) ဧလိယ​ကို ဘုရားသခင် နှစ်သိမ့်​ပေးခဲ့ပါ​သလား။

ယေဟောဝါ​ဘုရားက သူ့​ပရောဖက်​ကို ထောက်မ​ခဲ့

၁၃၊ ၁၄။ (က) စိတ်ပျက်​အားလျော့​နေတဲ့ ပရောဖက်​ကို ကောင်းကင်တမန်​က​တစ်ဆင့် ယေဟောဝါ​ဘုရား​ ဘယ်လို ကြင်နာမှု​ပြခဲ့သလဲ။ (ခ) ကျွန်တော်တို့ရဲ့ ကန့်သတ်ချက်​တွေ အပါအဝင် ကျွန်တော်တို့ တစ်ယောက်ချင်း​စီ​ကို ယေဟောဝါ​ဘုရား ကောင်းကောင်းသိ​တယ်​ဆိုတာက ဘာကြောင့် အားရှိစရာ ဖြစ်သလဲ။

၁၃ တော​ထဲ​က ချုံပင်​အောက်မှာ ထိုင်​ချပြီး သေ​ဖို့ ဆုတောင်း​နေတဲ့ ဧလိယ​ကို ကောင်းကင်​ကနေ ယေဟောဝါ​ဘုရား မြင်တဲ့အခါ ဘယ်လို ခံစား​ရမလဲ။ ခန့်မှန်းကြည့်​နေစရာ မလိုပါဘူး။ ဧလိယ အိပ်ပျော်​သွားပြီး​နောက် ယေဟောဝါ​ဘုရားက သူ့​ဆီ​ကို ကောင်းကင်တမန်​တစ်ပါး စေလွှတ်လိုက်တယ်။ ကောင်းကင်တမန်​က ဧလိယ​ကို ညင်ညင်သာသာ လှုပ်​နှိုး​ပြီး “ထပြီး စား​လိုက်ပါ​ဦး” လို့​ပြောတယ်။ ဧလိယလည်း ထပြီး ကောင်းကင်တမန် ပြင်ဆင်​ပေးထားတဲ့ မုန့် ပူပူနွေးနွေး​ကို စား​ပြီး ရေ​သောက်​လိုက်တယ်။ ကောင်းကင်တမန်​ကို ဧလိယ ကျေးဇူးတင်​စကား​တောင် ပြောခဲ့ရဲ့လား။ ဧလိယ စားသောက်​ပြီး ပြန်​အိပ်ပျော်​သွားတယ်လို့​ပဲ ကျမ်းစာမှာ ပြော​ထားတယ်။ စကား​မပြော​နိုင်လောက်အောင် သူ စိတ်ပျက်​အားလျော့ နေတာလား။ ဘာပဲ​ဖြစ်ဖြစ် ကောင်းကင်တမန်​က သူ့ကို ဒုတိယ​အကြိမ် လှုပ်​နှိုး​လိုက်တယ်။ အဲဒီ​အချိန်​က အရုဏ်​တက်​ချိန် ဖြစ်နိုင်ပါတယ်။ ဒီ​တစ်ကြိမ်လည်း “ခင်ဗျား​သွားမယ့် ခရီးဟာ သိပ်ဝေး​တယ်။ ထပြီး စား​လိုက်ပါ​ဦး” လို့ ဧလိယ​ကို ပြောတယ်။—၁ ဘု. ၁၉:၅-၇

၁၄ ဘုရားပေး ထိုးထွင်း​အမြင်​ကြောင့် ဧလိယ​သွားမယ့်​ခရီး​ကို ကောင်းကင်တမန် သိတယ်။ ဧလိယဟာ အဲဒီ​ခရီး​ကို သူ့မှာ​ရှိတဲ့ ခွန်အား​နဲ့ သွား​နိုင်မှာ မဟုတ်ဘူးဆိုတာ​လည်း သိတယ်။ ကျွန်တော်​တို့ လုပ်ချင်တာတွေ​နဲ့ ကျွန်တော်တို့ရဲ့ ကန့်သတ်ချက်​တွေကို ကျွန်တော်တို့ထက် ပို​သိတဲ့ ဘုရားသခင်ကို ကိုးကွယ်​ရတာ အားရှိစရာ​ပါပဲ။ (ဆာလံ ၁၀၃:၁၃၊ ၁၄ ကိုဖတ်ပါ။) အစာစား​လိုက်လို့ ဧလိယ ဘာ​အကျိုး ခံစား​ရသလဲ။

၁၅၊ ၁၆။ (က) ယေဟောဝါ​ဘုရား​ကျွေး​တဲ့ အစာ​တစ်​နပ်​က ဧလိယ​ကို ဘာ​လုပ်နိုင်ဖို့ ထောက်ကူ​ပေး​သလဲ။ (ခ) ဒီ​နေ့​အချိန်​မှာ​လည်း ယေဟောဝါ​ဘုရား ပြင်​ဆင်​ပေး​ထား​တာ​တွေ​ကို ဘာ​ကြောင့် ကျေး​ဇူး​တင်​သင့်​သလဲ။

၁၅ “သူလည်း ထပြီး စားသောက်တယ်။ အဲဒီ​အစာ​ကြောင့် ခွန်အား​ပြည့်လာ​ပြီး ရက်​ပေါင်း ၄၀ တိ​တိ ခရီးဆက်​သွားတယ်။ နောက်ဆုံးမှာ စစ်မှန်တဲ့ ဘုရားသခင်ရဲ့ တောင်​ဖြစ်တဲ့ ဟောရပ်​တောင်ကို ရောက်​သွားတယ်” လို့ ကျမ်းစာက ဆိုတယ်။ (၁ ဘု. ၁၉:၈) ဧလိယဟာ သူ့​ခေတ်​မတိုင်ခင် အနှစ် ၆၀​၀ လောက်​က အသက်ရှင်ခဲ့​တဲ့ မောရှေ​နဲ့ သူ့​ခေတ်​နောက်ပိုင်း အနှစ် ၁,၀၀၀​ လောက်​က အသက်ရှင်ခဲ့​တဲ့ ယေရှု​လို ရက်​ပေါင်း ၄၀ အစာရှောင်​နိုင်ခဲ့တယ်။ (ထွ. ၃၄:၂၈။ လု. ၄:၁၊ ၂) အဲဒီ​အစာ တစ်​နပ်​က သူ့ရဲ့​အခက်အခဲ အားလုံးကို မဖယ်ရှား​ပေးပေမဲ့ အံ့သြစရာ​ကောင်း​လောက်​အောင် ထောက်မပေး​ခဲ့​တယ်။ လူ​သွား​လမ်းမ​ရှိတဲ့ တောတောင်​ထဲမှာ တစ်ရက်​ပြီး​တစ်ရက်၊ တစ်ပတ်​ပြီး​တစ်ပတ်၊ တစ်လ​ခွဲ​နီးပါး ကြာ​အောင် ကြိုးစားပမ်းစား ခရီးသွား​နေတဲ့ သက်ကြီးရွယ်အို ဧလိယ​ကို မြင်ယောင်​ကြည့်လိုက်​ပါ။

၁၆ ယေဟောဝါ​ဘုရားကို ဝတ်ပြု​နေတဲ့ ဒီနေ့​ခေတ် ကျေးကျွန်တွေကို​လည်း ကိုယ်တော် ထောက်မပေး​နေပါ​တယ်။ အစားအစာ​တွေကို အံ့ဖွယ်​နည်းနဲ့ မ​ပြင်ဆင်​ပေး​တော့​ပေမဲ့ အဲဒီထက် ပိုအရေးကြီးတဲ့ အစာကို ပြင်ဆင်​ပေးနေ​တယ်။ အဲဒါကတော့ ကျမ်းစာ​လမ်းညွှန်ချက်တွေ​ ပေးနေတာ ဖြစ်တယ်။ (မ. ၄:၄) ကျမ်းစာနဲ့ ကျမ်းစာ​အခြေပြု စာပေတွေက​တစ်ဆင့် ဘုရားသခင်​အကြောင်း သင်ယူ​နေတာ​က ကိုယ်တော့်​အမှုကို ဆက်​လုပ်ဆောင်​စေနိုင်တဲ့ အစားအစာ စား​နေတာ​နဲ့ တူတယ်။ အဲဒီ​ပုံဆောင်​အစာကို စား​လိုက်တာနဲ့ ပြဿနာ​အားလုံး ပြေလည်​သွားမှာ မဟုတ်ပေမဲ့ မခံမရပ်​နိုင်ပုံ​ပေါက်​တဲ့ အခက်အခဲတွေကို ခံရပ်နိုင်​စေတယ်။ အဲဒီအပြင် “ထာဝရ​အသက်” လည်း ရစေ​နိုင်တယ်။—ယော. ၁၇:၃

၁၇။ ဧလိယ ဘယ်​ကို​သွား​သလဲ။ အဲဒီ​နေရာ​က ဘာကြောင့်​အရေးပါတဲ့​နေရာ ဖြစ်သလဲ။

၁၇ ဧလိယဟာ ဟော​ရပ်​တောင်ကို ရောက်တဲ့​အထိ မိုင် ၂၀၀ နီးပါး လျှောက်ခဲ့​ရတယ်။ အဲဒီ​နေရာဟာ တကယ်​အရေးပါတဲ့​နေရာ ဖြစ်တယ်။ ယေဟောဝါ​ဘုရားက ကောင်းကင်တမန်​ကို​သုံးပြီး မီးလောင်​နေတဲ့ ချုံပုတ်​ထဲ​ကနေ မောရှေ​နဲ့ စကား​ပြောခဲ့တာလည်း အဲဒီ​နေရာ​ပဲ။ နောက်ပိုင်းမှာ အဲဒီ​နေရာမှာပဲ အစ္စရေး​လူတွေနဲ့ ယေဟောဝါ​ဘုရား ပညတ်ပဋိညာဉ် ဖွဲ့ခဲ့တယ်။ အခု အဲဒီ​တောင်​ရဲ့ ဂူတစ်ဂူ​မှာ ဧလိယ အနား​ယူ​နေ​တယ်။

ယေဟောဝါ​ဘုရားက သူ့​ပရောဖက်​ကို နှစ်သိမ့်​ပြီး ခွန်အားပေး​ခဲ့​ပုံ

၁၈၊ ၁၉။ (က)ယေဟောဝါရဲ့ ကောင်းကင်တမန်​က ဧလိယ​ကို ဘာ​မေး​သလဲ။ သူ ဘယ်လို ပြန်ဖြေသလဲ။ (ခ)၏​သူ စိတ်ဓာတ်ကျ​နေရတဲ့ ဘယ်​အကြောင်းရင်း​သုံးခုကို ဧလိယ ဖော်ပြသလဲ။

၁၈ ဟော​ရပ်​တောင်ပေါ်မှာ ကောင်းကင်တမန်​တစ်ပါး​က တစ်ဆင့် ဧလိယ​ကို “ဧလိယ၊ မင်း ဒီမှာ ဘာလုပ်​နေတာလဲ” လို့ ယေဟောဝါ မေးတယ်။ အဲဒါကြောင့် ဧလိယ​က သူ့​ခံစားချက်တွေကို ပြောပြ​နိုင်ခဲ့တယ်။ သူက “ကျွန်တော်ဟာ ဗိုလ်ခြေ​တို့ရဲ့​ဘုရား ယေဟောဝါ​အတွက် အင်မတန် စိတ်​ထက်သန်တဲ့​သူပါ။ အစ္စရေး​တွေ​က ကိုယ်တော့်​ပဋိညာဉ်ကို ချိုးဖောက်​ကြပြီ။ ပူဇော်ရာ ပလ္လင်​တွေကို ဖြိုဖျက်​ကြပြီ။ ပရောဖက်​တွေကို​လည်း ကွပ်မျက်​ကြပြီ။ ကျွန်တော်​တစ်ယောက်ပဲ ကျန်တော့တယ်။ အခု​ဆို ကျွန်တော့်​အသက်ကိုပါ သတ်ပစ်ဖို့ ရှာကြံ​နေကြပြီ” လို့​ဖြေတယ်။ (၁ ဘု. ၁၉:၉၊ ၁၀) စိတ်ဓာတ်ကျ​ရတဲ့ အကြောင်းရင်း အနည်းဆုံး သုံးခုကို သူ့​စကားတွေ​ကနေ သိရတယ်။

၁၉ ပထမ၊ သူ​လုပ်ခဲ့သမျှ​ဟာ အချည်းနှီး​ပဲ​လို့ ဧလိယ ခံစား​နေရ​တယ်။ သူဟာ ယေဟောဝါ​ဘုရားရဲ့ အမှုတော်ကို နှစ်​အတော်ကြာ “စိတ်ထက်သန်” စွာ လုပ်ဆောင်ခဲ့၊ ဘုရားသခင်ရဲ့ မြင့်မြတ်တဲ့​နာမည်​နဲ့ ဝတ်ပြုရေး​ကို အဓိက​ထားခဲ့​ပေမဲ့ အခြေအနေ​တွေ​က ပို​ဆိုး​လာ​နေ​ပုံပဲ ရှိတယ်။ မှားယွင်းတဲ့​ဝတ်ပြုရေး ပျံ့နှံ့​နေတဲ့​အပြင် အစ္စရေး​တွေ​က​လည်း ယုံကြည်ခြင်း ကင်းမဲ့​ပြီး ပုန်ကန်​နေကြတုန်းပဲ။ ဒုတိယ၊ ဧလိယဟာ အထီးကျန်​နေပြီး “ကျွန်တော်​တစ်ယောက်ပဲ ကျန်တော့တယ်” လို့ ပြောတယ်။ လူ​တစ်မျိုးလုံး​မှာ သူ​တစ်ယောက်တည်း ယေဟောဝါ​ဘုရားကို ဆက်​ဝတ်ပြု​နေတယ်လို့ သူ ခံစား​ရတယ်။ တတိယ၊ ဧလိယဟာ ကြောက်စိတ်ဝင်​နေတယ်။ သူ့​အဖော်​တွေ​ဖြစ်တဲ့ တခြား​ပရောဖက် အတော်များများ အသတ်ခံ​လိုက်​ရပြီ၊ ဒီ​တစ်ခါ​တော့ သူ့​အလှည့်​ပဲ​လို့ ထင်နေတယ်။ ခံစားချက်တွေကို ဖွင့်ပြောဖို့ မလွယ်ပေမဲ့ မာန​ကြောင့်၊ ရှက်​စိတ်ကြောင့် မပြော​ဘဲ မနေခဲ့ဘူး။ ဘုရားသခင်​ဆီ အဲဒီလို ရင်ဖွင့်​ဆုတောင်း​လိုက်တာ​က သစ္စာရှိ ဝတ်ပြု​သူတွေ​အတွက် စံနမူနာကောင်း​ပါ။—ဆာ. ၆၂:၈

၂၀၊ ၂၁။ (က) ဟော​ရပ်​တောင်ပေါ်​က ဂူ​ဝ​မှာ ဧလိယ ဘာတွေ တွေ့ခဲ့​သလဲ။ (ခ) ယေဟောဝါ​ဘုရား​ပြခဲ့တဲ့ တန်ခိုးတွေ​က ဧလိယ​ကို ဘာသင်ပေးသလဲ။

၂၀ ဧလိယရဲ့ ကြောက်စိတ်နဲ့ စိုးရိမ်​ပူပန်မှုတွေကို ယေဟောဝါ​ဘုရား ဘယ်လို ဖြေရှင်း​ပေးခဲ့သလဲ။ ကောင်းကင်တမန်​က ဧလိယ​ကို ဂူ​ဝ​မှာ ရပ်​ခိုင်းတယ်။ ဧလိယလည်း ဘုမသိဘမသိ​နဲ့ ခိုင်းတဲ့အတိုင်း လုပ်လိုက်တယ်။ ဒီ​အခါ ရုတ်တရက် လေပြင်း​ကြီး တိုက်​လာ​ပါလေရော။ တောင်​တွေ လှုပ်ခါ​သွား​အောင်၊ ကျောက်ဆောင်​တွေ ကွဲအက်​သွား​အောင် ပြင်းပြင်းထန်ထန် တိုက်ခတ်​တဲ့​အတွက် အသံဗလံ​တွေ​က နား​ကွဲ​လု​မတတ် ဆူညံ​နေမှာ သေချာတယ်။ လေပြင်း​တိုက်​နေချိန်မှာ သူ​ဝတ်​ထားတဲ့ အမွေးပွ ဝတ်ရုံ​ကြမ်း​ကို လက်တစ်ဖက်​နဲ့ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်​ထား​ရင်း နောက်​လက်တစ်ဖက်​နဲ့ မျက်လုံးကို ကာ​နေတဲ့ ဧလိယ​ကို မြင်ယောင်​ကြည့်လိုက်​ပါ။ အဲဒီနောက် ငလျင်​ကြောင့် မြေကြီး​က တုန်ခါ​လာလို့ လဲကျ​မသွားအောင် ထိန်း​နေရ​တယ်။ သူ့​ခမျာ တည်တည်ငြိမ်ငြိမ် ဖြစ်​ခါ​စ​ပဲ​ရှိသေးတယ်၊ မီး​က ဝုန်း​က​နဲ ထလောင်ပြန်​တော့ မီး​ဟပ် မခံရအောင် ဂူ​ထဲ ပြန်ဝင်​သွားရတယ်။—၁ ဘု. ၁၉:၁၁၊ ၁၂

ဧလိယ​ကို အားပေး​နှစ်သိမ့်​ဖို့ အံ့မခန်းဖွယ် တန်ခိုးတော်ကို ယေဟောဝါ​ဘုရား အသုံးပြု​ခဲ့

၂၁ အဲဒီ သဘာဝ​စွမ်းအား​တွေ​ထဲမှာ ယေဟောဝါ​ဘုရား မရှိဘူးလို့ မှတ်တမ်းက ဆိုတယ်။ လူတွေ​က ဗာလ​ကို “မိုးတိမ်​စီး​သူ” ဒါမှမဟုတ် မိုးရွာ​စေတဲ့​အရှင်​အဖြစ် ကိုးကွယ်​ကြပေမဲ့ ယေဟောဝါ​ဘုရားက​တော့ ဗာလ​လို ဒဏ္ဍာ​ရီ​ထဲ​က သ​ဘာ​ဝ​နတ်​ဘုရား​မဟုတ်မှန်း ဧလိယ သိထားတယ်။ ယေဟောဝါ​ဘုရားဟာ သဘာဝတရား​မှာ တွေ့ရတဲ့ အံ့မခန်းဖွယ် စွမ်းအားတွေကို ဖြစ်ပေါ်​စေတဲ့ အရှင်​ပါ။ ဖန်ဆင်းခြင်း လက်ရာ​အားလုံး​တွေ​ထက် တကယ့်ကို ကြီးမြတ်တဲ့​အရှင်လည်း ဖြစ်တယ်။ မြင်​နေရတဲ့ ကောင်းကင်က​တောင် ဘုရား စံမြန်း​နိုင်လောက်အောင် မ​ကျယ်ဝန်း​ဘူး။ (၁ ဘု. ၈:၂၇) ဒီ​အမှန်တရား​တွေ​က ဧလိယ​ကို ဘယ်လို ထောက်ကူ​ပေးခဲ့သလဲ။ ဧလိယ ကြောက်စိတ်ဝင်​ခဲ့​တယ်​ဆိုတာ သတိရပါ။ ဒါပေမဲ့ သူ့​ဘက်မှာ အတိုင်းအဆမဲ့ တန်ခိုးရှင် ယေဟောဝါ​ဘုရား ရှိနေ​မှ​တော့ အာဟပ်​နဲ့ ယေဇဗေလ​ကို သူ ကြောက်နေစရာ​အကြောင်း ဘာမှ မရှိဘူး။ဆာလံ ၁၁၈:၆ ကိုဖတ်ပါ။

၂၂။ (က) ဧလိယဟာ အသုံးမကျတဲ့​သူ မဟုတ်ဘူး​ဆိုတာကို “ညင်သာ​တဲ့ စကားသံ” ပိုင်ရှင်​က ဘယ်လို စိတ်ချ​စေခဲ့သလဲ။ (ခ) “ညင်သာ​တဲ့ စကားသံ” ပိုင်ရှင်​က ဘယ်သူ ဖြစ်နိုင်သလဲ။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။)

၂၂ မီး​ငြိမ်း​သွား​ပြီး​တဲ့​နောက် ပတ်​ဝန်း​ကျင်​က တိတ်​ဆိတ်​ငြိမ်သက်​သွား​တယ်။ အဲဒီအခါ “ညင်သာ​တဲ့ စကားသံ” တစ်ခု ဧလိယ ကြားလိုက်တယ်။ အဲဒီ​အသံ​က သူ့​ခံစားချက်တွေကို ပြန်​ပြောပြ​ခိုင်း​လို့ ဒုတိယ​အကြိမ် ရင်ဖွင့်​လိုက်တယ်။ * အဲဒီနောက် သူ တော်တော်လေး စိတ်သက်သာရာ ရ​သွားမှာပဲ။ အဲဒီအပြင် “ညင်သာ​တဲ့ စကားသံ” ပိုင်ရှင် ဆက်ပြော​တဲ့ စကား​ကြောင့် ဧလိယ ပိုလို့တောင် နှစ်သိမ့်မှု​ရခဲ့​မှာ သေချာတယ်။ ဧလိယဟာ အသုံးမကျတဲ့​သူ မဟုတ်​ကြောင်း ယေဟောဝါ​ဘုရား သူ့ကို စိတ်ချ​စေတယ်။ ဘယ်လို​နည်းနဲ့လဲ။ အစ္စရေး​ပြည်​ကနေ ဗာလ ဝတ်ပြုရေး​ကို ဖယ်ရှား​ဖို့ ရည်ရွယ်​ထားတဲ့​အကြောင်း ဧလိယ​ကို ဘုရားသခင် ပြောပြ​တယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်​အတိုင်း ဧလိယ ဆက်လုပ်​နေလို့ သူ့​လုပ်ဆောင်မှုတွေဟာ အချည်းနှီး မဖြစ်ခဲ့​ပါဘူး။ အဲဒီအပြင် ယေဟောဝါ​ဘုရားက ဧလိယ​ကို တိကျတဲ့ လမ်းညွှန်ချက်တွေ​ပေးပြီး အလုပ်​ပြန်​လုပ်​ခိုင်းတဲ့​အတွက် အဲဒီ​ရည်ရွယ်ချက် အောင်မြင်​ရေး​မှာ ဧလိယ ပါဝင်​ပတ်သက်​နေတုန်းပဲ။—၁ ဘု. ၁၉:၁၂-၁၇

၂၃။ ယေဟောဝါ​ဘုရားက ဘယ်နည်း​နှစ်နည်း​နဲ့ ဧလိယရဲ့ အထီးကျန်​စိတ်​ကို ဖြေရှင်း​ပေး​သလဲ။

၂၃ ဧလိယရဲ့ အထီးကျန်​စိတ်နဲ့ ပတ်သက်ပြီး​တော့​ကော။ ဒီ​ကိစ္စ​နဲ့​ပတ်​သက်​ပြီး ယေဟောဝါ​ဘုရား​က အချက်​နှစ်​ချက်​နဲ့ အား​ပေး​ခဲ့​ပါ​တယ်။ ပထမ​အနေနဲ့ ဧလိယ​ကို​ဆက်ခံမယ့် ပရောဖက်​အဖြစ် ဧလိရှဲ​ကို ဘိသိက်ပေး​ခိုင်းတယ်။ အသက်​ပို​ငယ်​တဲ့ ဧလိရှဲဟာ နှစ်​အတော်ကြာ ဧလိယရဲ့ အဖော်​နဲ့ ထောက်မ​ပေးသူ ဖြစ်လာတယ်။ အဲဒီလို လုပ်ပေးတာ​က ဧလိယ​အတွက် တကယ်​အားရှိစရာ​ပဲ။ ဒုတိယ​အနေနဲ့ ယေဟောဝါ​ဘုရားက အားရစရာ ဒီ​အကြောင်း ပြောပြ​တယ်။ “အစ္စရေး​ပြည်မှာ ဗာလ​ရှေ့ ဒူး​မ​ထောက်​တဲ့​သူ၊ ဗာလ​ကို မ​နမ်း​တဲ့​သူ အ​ယောက် ၇,၀​၀​၀ ရှိသေးတယ်။” (၁ ဘု. ၁၉:၁၈) တကယ်တော့ ဧလိယ တစ်ယောက်တည်း ကျန်တာ မဟုတ်ပါဘူး။ ဗာလ​ကို ဝတ်​မပြု​တဲ့ သစ္စာ​ရှိသူ ထောင်နဲ့​ချီ​ရှိတယ်လို့ ဧလိယ​ကြား​တော့ အား​ရှိသွား​မှာ​ပဲ။ လူ​တိုင်း​နီး​ပါး ပု​န်ကန်​နေ​ချိန်​မှာ ယေဟောဝါ​ဘုရား​အပေါ် ဆက်​သစ္စာ​ရှိ​တဲ့ ဧလိယ​နဲ့ သူ့​ရဲ့ စံ​န​မူ​နာ​ကို သူတို့ လို​အပ်​နေ​တယ်​ဆို​တာ ကြား​လိုက်​ရ​တော့ ဧလိယ အား​တက်​သွား​မှာ​ပဲ။ ကောင်းကင်တမန်​က​တစ်ဆင့် သူ့ရဲ့​ဘုရား ယေဟောဝါရဲ့ “ညင်သာ​တဲ့ စကားသံ” ကို ဧလိယ​ကြားတဲ့​အခါ တော်​တော့်​ကို အားတက်​သွားမှာ သေချာတယ်။

ကျမ်းစာရဲ့ လမ်းပြမှု​ကို ခံယူမယ်​ဆိုရင် ကျမ်းစာဟာ “ညင်သာ​တဲ့​စကားသံ” နဲ့​တူ​နိုင်

၂၄၊ ၂၅။ (က) ဒီနေ့​အချိန်မှာ ယေဟောဝါ​ဘုရားရဲ့ “ညင်သာ​တဲ့​စကားသံ” ကို ဘယ်လိုနည်းနဲ့ ကြား​နိုင်သလဲ။ (ခ) ယေဟောဝါ​ဘုရား​ပေးတဲ့ နှစ်သိမ့်မှု​ကို ဧလိယ လက်ခံခဲ့တယ်လို့ ဘာကြောင့် သေချာ​ပြောနိုင်သလဲ။

၂၄ ဧလိယ​လို​ပဲ ကျွန်တော်တို့လည်း ဖန်ဆင်းခြင်း​လက်ရာ​တွေ​မှာ တွေ့ရတဲ့ အံ့မခန်းဖွယ် သဘာဝ​စွမ်းအား​တွေ​ကြောင့် မှင်တက်​မိ​နိုင်တယ်။ အဲဒီလို ဖြစ်လည်း ဖြစ်သင့်တယ်။ ဖန်ဆင်းရှင်ရဲ့ တန်ခိုးတော်ကို ဖန်ဆင်းခြင်း​လက်ရာ​တွေ​ထဲမှာ မျက်ဝါးထင်ထင် တွေ့မြင်​နေရ​ပါတယ်။ (ရော. ၁:၂၀) ယေဟောဝါ​ဘုရားဟာ မိမိ​အပေါ် သစ္စာ​ရှိသူတွေကို ကူညီ​ပေးဖို့ အကန့်အသတ်မဲ့​တန်ခိုးကို အခုထိ အသုံးပြု​နေတုန်းပါပဲ။ (၂ ရာ. ၁၆:၉) အခုလည်း ကျမ်းစာက​နေ​တစ်ဆင့် ကျွန်တော်တို့ကို ဘုရားသခင် စကားပြော​နေပါ​တယ်။ (ဟေရှာယ ၃၀:၂၁ ကိုဖတ်ပါ။) ကျမ်းစာရဲ့ လမ်းပြမှု​ကို ခံယူမယ်​ဆိုရင် ကျမ်းစာဟာ “ညင်သာ​တဲ့ စကားသံ” နဲ့​တူ​နိုင်ပါတယ်။ ဒီနေ့​အချိန်မှာ ယေဟောဝါ​ဘုရားက ကျွန်တော်တို့ကို ကျမ်းစာနဲ့ တည့်မတ်​ပေးနေ​တယ်။ အားပေး​နှစ်သိမ့်​တယ်၊ ကျွန်တော်တို့ကို ချစ်ကြောင်း ယုံကြည်​စိတ်ချ​စေတယ်။

၂၅ ဟော​ရပ်​တောင်ပေါ်မှာ ယေဟောဝါ​ဘုရား​ ပေးတဲ့ နှစ်သိမ့်​မှု​ကို ဧလိယ လက်ခံခဲ့​ပါသလား။ လက်ခံခဲ့​မှာ သေချာတယ်။ မကြာခင်မှာပဲ ဧလိယဟာ ပြန်​သတ္တိ​ရှိလာပြီး သစ္စာရှိ ပရောဖက်ပီပီ မှားယွင်းတဲ့​ဝတ်ပြုရေးရဲ့ ဆိုးညစ်​မှု​တွေကို ပြန်​ဆန့်ကျင်ခဲ့​တယ်။ ကျွန်တော်တို့လည်း ဘုရားသခင်ရဲ့​စကားတော်၊ သမ္မာကျမ်းစာမှာ​ပါတဲ့ “နှစ်သိမ့်မှု” ကို နှလုံး​သွင်းထား​မယ်​ဆိုရင် ဧလိယရဲ့ ယုံကြည်ခြင်းကို အတုယူ​နိုင်ကြ​မှာ ဖြစ်တယ်။—ရော. ၁၅:၄

^ အပိုဒ်၊ 22 “ညင်သာ​တဲ့ စကားသံ” ပိုင်ရှင်​ဟာ ၁ ဘုရင် ၁၉:၉ မှာ​ဖော်ပြတဲ့ ကောင်းကင်တမန်​ပဲ ဖြစ်နိုင်တယ်။ အခန်းငယ် ၁၅ မှာ အဲဒီ​ကောင်းကင်တမန်​ကို “ယေဟောဝါ” လို့ ဖော်ပြတဲ့​အတွက် တောကန္တာရမှာ အစ္စရေး​လူတွေကို လမ်းပြ​ပေးဖို့ ယေဟောဝါ​ဘုရား အသုံးပြုခဲ့တဲ့ ကောင်းကင်တမန်​ကို သတိ​ရစေတယ်။ သူနဲ့​ပတ်သက်ပြီး ဘုရားသခင်က “ငါ့​နာမည်ခံ​ယူ​ထားတဲ့​သူ” လို့ ပြောခဲ့တယ်။ (ထွ. ၂၃:၂၁) ဒီ​အချက်​နဲ့​ပတ်သက်ပြီး အတိအကျ ပြောလို့​မရ​ပေမဲ့ ယေရှုဟာ လူသား​ဘဝ မတိုင်ခင်​က “နှုတ်ကပတ်တော်” အဖြစ်၊ ယေဟောဝါ​ဘုရားကို ဝတ်ပြု​သူတွေ​အတွက် အထူး ပြောရေးဆိုခွင့်​ရှိသူ​အဖြစ် အမှုဆောင်ခဲ့တာ မှတ်သား​စ​ရာ​ပါပဲ။—ယော. ၁:၁