မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း နှစ်ဆယ့်တစ်

ကြောက်ရွံ့စိတ်နဲ့ သံသယစိတ်ကို သူတွန်းလှန်ခဲ့

ကြောက်ရွံ့စိတ်နဲ့ သံသယစိတ်ကို သူတွန်းလှန်ခဲ့

၁-၃။ ဘယ်​ထူးခြားတဲ့ ဖြစ်ရပ်ကို ပေတရု တွေ့ခဲ့​ရသလဲ။ အဲဒီ​ညမှာ သူတို့ ဘယ်​အခြေအနေနဲ့ ကြုံတွေ့​ခဲ့ရသလဲ။

ပေတရုဟာ လှေ​ကို အားစိုက် လှော်ခတ်​နေရင်း ညအမှောင်​ထု​ထဲ စူးစိုက်ကြည့်​နေတယ်။ အရှေ့​မိုးကုပ်​စက်​ဝိုင်း​မှာ တွေ့ရတဲ့ အလင်းရောင် မှိန်မှိန်လေးက မိုးလင်း​စ​ပြုတဲ့ လက္ခဏာလား။ နာရီ​နဲ့​ချီ​ပြီး လှော်ခတ်​လာတဲ့​အတွက် သူ့ရဲ့​ကျောကုန်း​နဲ့ ပခုံး​ကြွက်သား​တွေ ညောင်း​ညာ​နေပြီ။ သူ့ရဲ့​ဆံပင်ကို တိုးဝှေ့ တိုက်ခတ်​နေတဲ့ လေ​ကြောင့် အခု ဂါလိလဲအိုင်မှာ လှိုင်းတွေ​ထန်လာပြီ။ လှေ​ဦး​ပိုင်း​ကို လှိုင်းတွေ အဆက်မပြတ် ရိုက်ပုတ်​နေတဲ့​အတွက် ရေမှုန်ရေမွှား​တွေ​ကြောင့် သူ့​တစ်ကိုယ်လုံး ရွှဲရွှဲစို​နေပေမဲ့ သူ ဆက်ပြီး​လှော်ခတ်​နေတယ်။

ပေတရုနဲ့ သူ့ရဲ့​အဖော်​တွေဟာ ကမ်း​စပ်​တစ်​နေရာမှာ ယေရှုကို တစ်ယောက်တည်း ထားရစ်ခဲ့​တ​ယ်။ အဲဒီ​နေ့မှာ မုန့်​နဲ့​ငါး နည်းနည်းလေး​ကို​သုံးပြီး ထောင်နဲ့​ချီတဲ့ ဆာလောင်​နေတဲ့​လူတွေကို ယေရှု ကျွေးမွေး​တာ သူတို့ တွေ့မြင်ခဲ့တယ်။ ဒါကြောင့် လူတွေဟာ ယေရှုကို ဘုရင်​တင်မြှောက်​ဖို့ ကြိုးစားကြပေမဲ့ ယေရှု​က နိုင်ငံရေးနဲ့ မပတ်သက်​ချင်ဘူး။ သူ့ရဲ့ နောက်လိုက်​တွေ​မှာလည်း အဲဒီ​ဆန္ဒ​မျိုး မပေါ်လာအောင် တားဆီး​ဖို့ ယေရှု ဆုံးဖြတ်​ထားတယ်။ ဒါနဲ့ လူအုပ်​ကို​ရှောင်​ဖို့ တပည့်​တွေကို လှေ​နဲ့ ကမ်း​တစ်ဖက်​ကို ကူးသွား​ခိုင်း​ပြီး ယေရှု​ကျတော့ ဆုတောင်းဖို့ တောင်ပေါ်ကို တစ်ယောက်တည်း တက်​သွားတယ်။—မာ. ၆:၃၅-၄၅။ ယောဟန် ၆:၁၄-၁၇ ကိုဖတ်ပါ။

တပည့်​တွေ စ​ထွက်ချိန်​မှာ ကောင်းကင်ယံ​မှာ လပြည့်ဝန်းက ထိန်ထိန်သာ​နေတယ်။ အခုတော့ အနောက်ဘက် မိုးကုပ်​စက်​ဝိုင်း​ဆီ​ကို တဖြည်းဖြည်း ဝင်​နေပြီ။ ဒါတောင်မှ တပည့်တွေဟာ မိုင်​အနည်းငယ်​ပဲ ခရီး​ပေါက်​သေးတယ်။ တဝူးဝူး တိုက်ခတ်​နေတဲ့ လေသံနဲ့ လှိုင်းတွေ တ​ဝုန်း​ဝုန်း ပုတ်သံကြောင့် စကား​ပြောရင်လည်း ကောင်းကောင်း ကြား​ရမှာ မဟုတ်ဘူး။ ဒါကြောင့် ပေတရုဟာ တစ်ယောက်တည်း အတွေး​နယ်​ချဲ့​နေ​ပုံ​ရတယ်။

ပေတရုဟာ နှစ်နှစ်​အတွင်းမှာ ယေရှု​ဆီ​ကနေ အများကြီး သင်ယူ ခဲ့​ပြီး​ပေမဲ့ နောက်ထပ် သင်ယူ​စရာတွေ အများကြီး​ရှိနေ

၄။ ပေတရုရဲ့ စံနမူနာကို ဘာကြောင့် အတုယူ​ထိုက်​သလဲ။

သူ့မှာ တွေးစရာတွေ အများကြီး​ရှိနေတယ်။ နာဇရက်​မြို့သား ယေရှု​နောက်ကို သူ​လိုက်ခဲ့​တဲ့ နှစ်နှစ်​ကျော်​ကာလမှာ စိတ်ဝင်စားစရာတွေ အပြည့်​ပဲ။ သူ အများကြီး သင်ယူ​ခဲ့​ပြီး​ပေမဲ့ နောက်ထပ် သင်ယူစရာတွေ ရှိနေ​သေးတယ်။ သံသယ​စိတ်နဲ့ ကြောက်ရွံ့​စိတ်​တွေ​ကြား​က လိုလိုလားလား သင်ယူ​လို​စိတ်​ရှိတဲ့ ပေတရုဟာ အတုယူ​သင့်တဲ့ ထူးခြားတဲ့ စံနမူနာရှင်​တစ်ဦး ဖြစ်ပါတယ်။ သူ့​အကြောင်း သုံးသပ်​ကြည့်ကြစို့။

“ငါ​တို့ မေရှိယကို တွေ့ပြီ”

၅၊ ၆။ ပေတရုရဲ့ အလုပ်​က ဘယ်လို အလုပ်​မျိုး​လဲ။

ပေတရုဟာ ယေရှုနဲ့ တွေ့ဆုံခဲ့​တဲ့​နေ့​ကို ဘယ်တော့မှ မေ့​နိုင်မှာ မဟုတ်ပါဘူး။ “ငါ​တို့ မေရှိယကို တွေ့ပြီ” ဆိုတဲ့ အံ့သြစရာ​သတင်းကို အရင်ဆုံး ယူလာ​သူက သူ့​ညီ အန္ဒြေ​ဖြစ်တယ်။ အဲဒီ​စကားတွေကြောင့်​ပဲ ပေတရုရဲ့​ဘ​၀ လုံးလုံး ပြောင်းလဲ​သွားတယ်။—ယော. ၁:၄၁

ပေတရုဟာ ဂါလိလဲ​အိုင်​လို့​ခေါ်တဲ့ ရေချို​အိုင်ရဲ့ မြောက်ဘက်​ကမ်းခြေ​ပေါ်​က ကပေရနောင်​မြို့မှာ နေ​ထိုင်တယ်။ သူနဲ့ အန္ဒြေဟာ ဇေဗေဒဲရဲ့ သား​နှစ်ယောက်​ဖြစ်တဲ့ ယာကုပ်၊ ယောဟန်တို့​နဲ့​အတူ ငါးဖမ်း​လုပ်ငန်း လုပ်ကိုင်​ကြတယ်။ သူ့​ဇနီး၊ ယောက္ခမနဲ့ ညီ​အန္ဒြေတို့​ဟာ ပေတရုနဲ့ အတူ​နေတယ်။ သူ့​မိသားစုကြီး​ကို ငါးဖမ်း​လုပ်ငန်း​နဲ့ ကျွေးမွေး​ထောက်ပံ့​နိုင်ဖို့ ပင်ပင်ပန်းပန်း လုပ်​ရမှာ ဖြစ်တဲ့​အပြင် ကျွမ်းကျင်ဖို့လည်း လိုတယ်။ လှေ​နှစ်စင်း​ကြားမှာ ပိုက်ကွန်​ချ​လိုက်၊ ဖမ်းမိသမျှကို လှေပေါ်​ဆွဲတင်​လိုက်နဲ့ ညပေါင်း​များစွာ ပင်ပင်ပန်းပန်း အလုပ်လုပ်​နေ​သူတွေကို မြင်ယောင်​ကြည့်ပါ။ နေ့​ဘက်မှာ​တော့ ငါး​တွေကို အမျိုးအစား​ခွဲ​ပြီး ရော​င်း၊ ပိုက်ကွန်တွေကို သန့်ရှင်းရေး​လုပ်ပြီး ဖာထေး​ကြ​ရ​ပြန်တယ်။

၇။ ယေရှု​အကြောင်း ပေတရု ဘာ​ကြားခဲ့​သလဲ။ ဒီ​သတင်းက ဘာကြောင့် စိတ်လှုပ်ရှား​ဖို့ ကောင်း​သလဲ။

အန္ဒြေဟာ နှစ်ခြင်း​ဆရာ​ယောဟန်ရဲ့ တပည့်​တစ်ယောက် ဖြစ်တယ်လို့ ကျမ်းစာက​ဆိုတယ်။ ပေတရုဟာ သူ့​ညီ ပြန်လာ​ပြောတဲ့ ယောဟန်ရဲ့ သတင်း​စကားတွေကို စိတ်ဝင်တစား နားထောင်​ခဲ့​မှာ​ပဲ။ တစ်နေ့ကျတော့ နှစ်ခြင်း​ဆရာ ယောဟန်​က “ကြည့်ပါ၊ သူဟာ ဘုရားသခင်ရဲ့ သိုးသငယ်​ပဲ” ဆိုပြီး နာဇရက်​မြို့သား ယေရှုကို ညွှန်ပြ​နေတာ အန္ဒြေ တွေ့ခဲ့တယ်။ အန္ဒြေဟာ ချက်ချင်းပဲ ယေရှု​နောက်လိုက်​ဖြစ်လာပြီး မေရှိယ ကြွလာ​ပြီဆို​တဲ့ စိတ်လှုပ်ရှားစရာ​သတင်းကို ပေတရု​ဆီ ဝမ်းသာ​အားရ ပြန်လာ​ပြော​ပြတယ်။ (ယော. ၁:၃၅-၄၀) လွန်ခဲ့တဲ့ အနှစ် ၄,၀၀၀​ လောက်​က ဧဒင်​ဥယျာဉ်မှာ ပုန်ကန်မှု​ဖြစ်ပြီး​တဲ့​နောက် လူသားတွေ​အတွက် စစ်မှန်တဲ့ မျှော်လင့်ချက်​ပေးမယ့် အထူး​ပုဂ္ဂိုလ်​တစ်ယောက် ပေါ်​လာမယ်လို့ ယေဟောဝါ​ဘုရား ကတိ​ပေးခဲ့တယ်။ (က. ၃:၁၅) အန္ဒြေဟာ အဲဒီ​ကယ်တင်ရှင် မေရှိယကို တွေ့ခဲ့တယ်။ ပေတရုလည်း ယေရှုကို​တွေ့ချင်​လို့ မြန်မြန်ဆန်ဆန် ထွက်​လာခဲ့တယ်။

၈။ ပေတရု​ကို ယေရှု​ပေးခဲ့တဲ့ နာမည်ရဲ့ အဓိပ္ပာယ်​က ဘာလဲ။ ဒီ​နာမည်​နဲ့ ပတ်သက်ပြီး တချို့ ဘယ်လို ထင်ကြ​သလဲ။

အဲဒီ​နေ့​အထိ ပေတရု​ကို ရှိမုန်​လို့ လူတွေ​ခေါ်​ကြတယ်။ ဒါပေမဲ့ သူ့ကို ယေရှု​ကြည့်ပြီး “ခင်ဗျားဟာ ယောဟန်ရဲ့​သား ရှိမုန်​ပဲ။ ခင်ဗျားကို ကေဖလို့ ခေါ်​ကြ​လိမ့်မယ်” ဆိုပြီး​ပြောတယ်။ (ကေဖကို ဂရိ​လို “ပေတရု” လို့​ခေါ်တယ်။) (ယော. ၁:၄၂) “ကေဖ” ဆိုတာ “ကျောက်တုံး” ဒါမှ​မဟုတ် “ကျောက်ဆောင်” ဆိုတဲ့ အဓိပ္ပာယ်​ရှိတယ်။ ပေတရုရဲ့ အနာဂတ်ကို ယေရှု ကြိုဟော​လိုက်တာ ဖြစ်တယ်။ ခရစ်တော်ရဲ့ နောက်လိုက်​တွေ​ထဲမှာ ပေတရုဟာ ကျောက်ဆောင်​လို တည်ကြည်၊ ကြံ့ခိုင်၊ ယုံကြည်​အားထား​ရတဲ့​သူ တစ်ယောက် ဖြစ်လာမယ်​ဆိုတာကို ယေရှု ကြို​မြင်ခဲ့တယ်။ ပေတရု​ကော သူ့ကိုယ်သူ အဲဒီလိုပဲ ရှုမြင်​ပါသလား။ ရှုမြင်ပုံ​မရဘူး။ ဒီနေ့​ခေတ် ခရစ်ဝင်ကျမ်း​ဖတ်ရှုသူ တချို့က ပေတရုဟာ ကျောက်ဆောင်​လို ကြံ့ခိုင်မှု​မရှိသူလို့ ထင်ကြတယ်။ တချို့က သူ့ကို စိတ်​မတည်ငြိမ်​သူ၊ အပြောင်းအလဲ​မြန်​သူ၊ မပြတ်​သား​သူ​လို့​တောင် ဆိုကြတယ်။

၉။ ယေဟောဝါ​ဘုရားနဲ့ ယေရှုဟာ ဘာကို အမြဲ​ရှာ​တတ်​သလဲ။ သူတို့ရဲ့ ရှုမြင်ပုံကို ဘာကြောင့် ယုံကြည်​စိတ်ချ​နိုင်သလဲ။

ပေတရု​မှာ အားနည်းချက်​တွေ​ရှိတာ မှန်ပါတယ်။ ဒီ​အားနည်းချက်တွေကို ယေရှု မသိဘဲ မနေပါဘူး။ ဒါပေမဲ့ ယေရှုဟာ သူ့​ဖခင်​ယေဟောဝါ​လို​ပဲ တခြား​သူတွေရဲ့ ကောင်းကွက်ကို အမြဲ ရှာ​တတ်​သူ​ဖြစ်တယ်။ ပေတရု​မှာ အရည်အချင်း​ကောင်း​တွေ အများကြီး​ရှိတယ်ဆိုတာ ယေရှု သိမြင်ပြီး အဲဒီ​အရည်အချင်း​ကောင်းတွေကို မြေ​တောင်​မြှောက်​ပေးဖို့ ကြိုးစားခဲ့တယ်။ ယေဟောဝါ​ဘုရားနဲ့ ကိုယ်တော်ရဲ့​သားတော်ဟာ ကျွန်တော်တို့ရဲ့ ကောင်းကွက်​တွေကို​လည်း ရှာဖွေ​နေတယ်။ ငါ့မှာတော့ ယေဟောဝါ​ဘုရားနဲ့ ယေရှု ရှာတွေ့​နိုင်မယ့် ကောင်းကွက်​တွေ ရှိ​မှာ​မဟုတ်ပါဘူးလို့ ကိုယ့်ကိုယ်ကိုယ် ထင်​မိ​နိုင်တယ်။ ဒါပေမဲ့ ယေဟောဝါ​ဘုရားနဲ့ ယေရှုရဲ့ ရှုမြင်ပုံကို ယုံကြည်​စိတ်ချ​ပြီး ပေတရု​လို လေ့ကျင့်၊ ပုံသွင်းခံ​ချင်တယ်​ဆိုတာ ကိုယ့်​ဘက်က ပြဖို့​လိုတယ်။၁ ယောဟန် ၃:၁၉၊ ၂၀ ကိုဖတ်ပါ။

“မစိုးရိမ်​နဲ့​တော့”

၁၀။ ပေတရု ဘာတွေကို တွေ့ခဲ့၊ ကြားခဲ့​ပုံ​ရသလဲ။ ဒါတောင်မှ သူ ဘာ​ပြန်​လုပ်ခဲ့သလဲ။

၁၀ ယေရှုရဲ့ ဟောပြောခြင်း​ခရီးစဉ်​မှာ ပေတရု လိုက်သွား​ပုံ​ရတယ်။ ဒါကြောင့် ကာန​မြို့​မင်္ဂလာပွဲ​မှာ ရေ​ကို စပျစ်ရည်ဖြစ်စေခဲ့​တဲ့ ယေရှုရဲ့ ပထမဆုံး အံ့ဖွယ်​အမှုကို သူ​တွေ့မြင်ခဲ့​ပါလိမ့်မယ်။ ပို​အရေးကြီးတာက ယေရှု​ဟောခဲ့​တဲ့ အလွန်​ကောင်းပြီး မျှော်လင့်ချက်​ပေးတဲ့ ဘုရားသခင့် နိုင်ငံတော်​သတင်းကို သူ ကြားခဲ့​ရတယ်။ ဒါတောင်မှ ယေရှုကို သူ​စွန့်ခွာ​ပြီး ငါးဖမ်း​လုပ်ငန်းကို ပြန်​လုပ်ကိုင်​ခဲ့​သေးတယ်။ ဒါပေမဲ့ လ​အနည်းငယ်​ကြာပြီးနောက် ယေရှုဟာ ပေတရု ပြန်ဆုံ​တဲ့အခါ သူ့​နောက်ကို အချိန်ပြည့်​လိုက်​ဖို့ ပေတရု​ကို ဖိတ်ခေါ်​လိုက်တယ်။

၁၁၊ ၁၂။ (က) ဘယ်လို ည​မျိုးကို ပေတရု ကြုံခဲ့​ရသလဲ။ (ခ) ယေရှု​ဟော​တာ​ကို နားထောင်​နေရင်း ပေတရု ဘာတွေ စဉ်းစား​နေနိုင်သလဲ။

၁၁ ပေတရုဟာ ညလုံးပေါက် ပင်ပင်ပန်းပန်း အလုပ်​လုပ်ပြီးနောက် စိတ်ဓာတ်ကျ​နေတယ်။ သူတို့​အဖွဲ့ဟာ ပိုက်ကွန်တွေကို ရေ​ထဲ အကြိမ်ကြိမ်​ချ​ပေမဲ့ ငါး​တစ်ကောင်​မှ မရဘူး။ ပေတရုဟာ ငါး​ရှိ​နိုင်​လောက်​တဲ့​နေရာကို သိဖို့ သူ့ရဲ့ အတွေ့အကြုံ​နဲ့ အစွမ်းအစ အားလုံးကို ထုတ်သုံး​ခဲ့​မှာ သေချာတယ်။ နက်မှောင်​နေတဲ့ ရေ​ထဲ​က ငါး​အုပ်​တွေကို မြင်နိုင်​ရင်၊ ငါး​တွေ ပိုက်ကွန်​ထဲ ဝင်​လာ​အောင် လုပ်နိုင်​ရင် ကောင်းမှာ​ပဲ​လို့ တခြား​တံငါသည်​တွေ​လို သူ တောင့်တ​ခဲ့​တဲ့ အချိန်တွေ ရှိပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီ​အတွေး​တွေ​က သူ့ကို ပိုပြီး စိတ်ပျက်​စေ​ရုံ​ပဲ ရှိတယ်။ ပေတရုဟာ အပျော်တမ်း ငါးဖမ်း​နေတာ မဟုတ်ဘဲ မိသားစု​ဝမ်း​ရေး​အတွက် အလုပ်လုပ်​နေတာ။ နောက်ဆုံး​တော့ ဘာမှ​မရဘဲ ကမ်း​ပေါ် ပြန်​တက်လာ​ရတယ်။ ဒါပေမဲ့ ပိုက်ကွန်တွေကို ဆေး​ရဦးမယ်။ ဒါကြောင့် ယေရှု သူ့​အနား​ရောက်လာ​ချိန်မှာ ပေတရု အလုပ်များ​နေတယ်။

ဘုရားသခင့် နိုင်ငံတော်​အကြောင်း ယေရှု အဓိက​ထား ဟောပြော​သွားတာကို နားထောင်​ရတာ ပေတရု တစ်ခါ​မှ မငြီးငွေ့​ခဲ့

၁၂ အဲဒီအခါ လူအုပ်​က ယေရှု​စကား​နားထောင်ဖို့ ကိုယ်တော့်​နား တိုးဝှေ့​ရောက်​လာကြတယ်။ လူတွေ ဝိုင်းအုံ​နေလို့ ယေရှုဟာ ပေတရုရဲ့ လှေပေါ်​တက်ပြီး လှေ​ကို ကမ်း​ကနေ နည်းနည်း ခွာ​ခိုင်း​လိုက်တယ်။ အဲဒီနောက် လူအုပ်​ကို ရေပေါ်​ကနေ ယေရှု​သွန်သင်​ပေးတဲ့​အတွက် ယေရှုရဲ့​အသံကို ရှင်းရှင်းလင်းလင်း ကြား​နိုင်တယ်။ ကမ်း​ပေါ်​က လူတွေ​လို​ပဲ ပေတရုလည်း အာရုံစိုက် နားထောင်​နေ​ပါတယ်။ ဘုရားသခင့် နိုင်ငံတော်​အကြောင်း ယေရှု အဓိက​ထား ဟောပြော​သွားတာကို နားထောင်​ရတာ သူ​တစ်ခါ​မှ မငြီးငွေ့​ခဲ့​ဘူး။ မျှော်လင့်ချက်​ပေးတဲ့ ဒီ​သတင်းကို နယ်မြေ​တစ်လျှောက်လုံး ပျံ့နှံ့​သွား​အောင် ယေရှုကို ကူညီပေး​ရမယ်​ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ။ ဒါပေမဲ့ ဒါဟာ လက်တွေ့ကျ​ပါ့မလား။ စားဝတ်နေရေး​အတွက် ဘယ်လို ဖြေရှင်း​ရမလဲ။ မနေ့​ည​က ငါး​တစ်ကောင်​မှ မရဘဲ အချိန်ကုန်​ခဲ့​ရတဲ့ အဖြစ်ကို ပေတရု ပြန်​စဉ်းစားမိ​ပါလိမ့်မယ်။—လု. ၅:၁-၃

၁၃၊ ၁၄။ ပေတရု​အတွက် ဘယ်​အံ့ဖွယ်​အမှုကို ယေရှု​လုပ်ပြခဲ့​သလဲ။ ပေတရု ဘယ်လို တုံ့ပြန်​ခဲ့သလဲ။

၁၃ ဟောပြော​ပြီးနောက် ယေရှု​က “ရေ​နက်တဲ့​ဘက်​ကို လှော်သွားပြီး ပိုက်ကွန်​ချပါ” လို့ ပေတရု​ကို အမိန့်​ပေးတယ်။ ပေတရု​က “ဆရာ၊ ကျွန်တော်တို့ တစ်ညလုံး ကြိုးစားတာ ငါး​တစ်ကောင်​မှ မရဘူး။ ဒါပေမဲ့ ဆရာ​ခိုင်းတဲ့အတိုင်း ပိုက်ကွန်​ချပါ့မယ်” လို့ သံသယ​စိတ်နဲ့ ပြန်​ပြောတယ်။ ပေတရုဟာ အထူးသဖြင့် အခုလို ငါး​မရတဲ့ အချိန်မှာ ပိုက်ကွန်​ကို လုံးဝ​ပြန်​ချ​ချင်​မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ နာခံ​လိုက်ပြီး တခြား​လှေပေါ်​က အဖော်​တွေကို နောက်​က​လိုက်ခဲ့​ဖို့ အချက်ပြ​လိုက်​ပုံ​ရတယ်။—လု. ၅:၄၊ ၅

၁၄ ပေတရုဟာ ပိုက်ကွန်​ကို စပြီး ဆွဲတင်​လိုက်တဲ့အခါ လေး​နေတယ်​ဆိုတာ သတိထား​မိ​လိုက်တယ်။ မယုံနိုင်အောင်​ဖြစ်သွားပြီး ပိုက်ကွန်​ကို အားစိုက်ဆွဲ​တင်တဲ့​အခါ ပိုက်ကွန်​ထဲမှာ ငါး​တွေ တဖျပ်ဖျပ် လူးနေ​တာ​ကို မြင်​နေ​ရတယ်။ ဒါနဲ့ သူ့ကို အကူအညီ​ပေးဖို့ တခြား​လှေပေါ်​က လူတွေကို ကမန်းကတန်း အချက်ပြ ခေါ်​လိုက်တယ်။ ပိုက်ကွန်​ကို ဆွဲတင်​လိုက်တဲ့အခါ လှေ​တစ်စင်း​တည်း​နဲ့ မဆံ့​ဘူးဆို​တာ သိလိုက်​တယ်။ လှေ​နှစ်စင်း​မှာ ငါး​တွေ ပြည့်​သွားတဲ့အခါ လှေ​တွေ နစ်​တော့​မလို ဖြစ်ကုန်တယ်။ ပေတရု သိပ်​အံ့သြ​သွားတယ်။ ခရစ်တော်ရဲ့ တန်ခိုး​ပါတဲ့ အလုပ်တွေကို သူ​အရင်က မြင်ခဲ့​ဖူး​ပေမဲ့ ဒီ​တစ်ကြိမ်​မှာ​တော့ သူ့​အတွက် သီးသန့်​ပြ​တဲ့​တန်ခိုး ဖြစ်နေတယ်။ ယေရှုဟာ ပိုက်ကွန်​ထဲ ငါး​တွေ​ဝင်​လာ​အောင် လုပ်ပေး​နိုင်တဲ့​သူ​ပါလား။ ပေတရု ကြောက်စိတ်​တွေ​ဝင်​လာတယ်။ သူ ချက်ချင်း​ဒူးထောက်​လိုက်ပြီး “သခင်၊ ကျွန်တော်ဟာ အပြစ်​များတဲ့သူ​ပါ။ ကျွန်တော့်​ဆီက ထွက်သွား​ပေးပါ” ဆိုပြီး ပြောတယ်။ ဒီလို​နည်းတွေနဲ့ ဘုရားရဲ့ တန်ခိုးတော်ကို ပြ​နိုင်​သူ တစ်ယောက်နဲ့​အတူ အလုပ်လုပ်ဖို့ သူ ဘယ်လိုလုပ် ထိုက်တန်​မှာ​လဲ။လုကာ ၅:၆-၉ ကိုဖတ်ပါ။

“သခင်၊ ကျွန်တော်ဟာ အပြစ်​များတဲ့သူ​ပါ”

၁၅။ သံသယဝင်​ဖို့၊ ကြောက်ရွံ့​ဖို့ မလိုဘူး​ဆိုတာ ပေတရု​ကို ယေရှု ဘယ်လို သင်ပေးခဲ့​သလဲ။

၁၅ ယေရှု​က “မစိုးရိမ်​နဲ့​တော့။ အခု​ချိန်​က​စပြီး ခင်ဗျားဟာ လူကို​ဖမ်း​တဲ့ တံငါသည် ဖြစ်လိမ့်မယ်” လို့ ကြင်ကြင်နာနာ ပြော​လိုက်တယ်။ (လု. ၅:၁၀၊ ၁၁) အခု​အချိန်ဟာ သံသယစိတ်​ဝင်​ပြီး ကြောက်ရွံ့​နေ​ရမယ့်​အချိန် မဟုတ်ဘူး။ ပေတရုဟာ မိသားစုကို ထောက်ပံ့​နိုင်​ပါ့မလား၊ ဟောပြောခြင်း​လုပ်ငန်း​နဲ့ ထိုက်တန်​ပါ့မလား​လို့ စိုးရိမ်​နေမယ့်​အစား အရေးကြီးတဲ့ ဟောပြောခြင်း​လုပ်ငန်းကို အာရုံစိုက်​ဖို့​လိုတယ်။ ယေရှုဟာ လူသားထု​အတွက် ကြီးမားတဲ့ အပြောင်းအလဲ​တွေ ဖြစ်ပေါ်​စေမယ့် ဟောပြောခြင်း​လုပ်ငန်းကို လုပ်ဆောင်​ရမှာ​ဖြစ်တယ်။ ဘုရားသခင်ဟာ “အကြွင်းမဲ့ ခွင့်လွှတ်” တဲ့​အရှင်​ဖြစ်တယ်။ (ဟေရှာ. ၅၅:၇) ယေဟောဝါ​ဘုရားဟာ ပေတရုရဲ့ ကာယရေး​နဲ့ ဝတ်ပြုရေး​ဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်း​ပေး​နိုင်ပါတယ်။—မ. ၆:၃၃

၁၆။ ပေတရု၊ ယာကုပ်၊ ယောဟန်တို့​ဟာ ယေရှုရဲ့ ဖိတ်ခေါ်ချက်ကို ဘယ်လို တုံ့ပြန်​ခဲ့သလဲ။ ဒါက ဘာကြောင့် အကောင်းဆုံး ဆုံးဖြတ်ချက်​ဖြစ်သလဲ။

၁၆ ပေတရု​လို​ပဲ ယာကုပ်နဲ့ ယောဟန်တို့​လည်း ချက်ချင်း တုံ့ပြန်​ခဲ့​ကြတယ်။ “သူတို့လည်း လှေ​တွေကို ကမ်း​ကပ်​ပြီးတဲ့နောက် အရာရာကို စွန့်လွှတ်​ပြီး ယေရှု​နောက်ကို လိုက်ကြတယ်။” (လု. ၅:၁၁) ပေတရုဟာ ယေရှုနဲ့ စေလွှတ်တဲ့​အရှင် ယေဟောဝါ​ဘုရားကို ယုံကြည်​စိတ်​ချတယ်။ ဒါဟာ အကောင်းဆုံး ဆုံးဖြတ်ချက်​ပဲ။ သံသယ​စိတ်နဲ့ ကြောက်စိတ်​ကို ကျော်လွှား​ပြီး ဘုရား​အမှုဆောင်​နေကြ​တဲ့ ဒီနေ့​ခေတ် ခရစ်ယာန်တွေလည်း ပေတရု​လို ယုံကြည်ခြင်း​မျိုး တင်ပြ​နေကြပါတယ်။ ယေဟောဝါ​ဘုရားကို ယုံကြည်​စိတ်ချ​တာ​ဟာ ဘယ်တော့မှ မမှားပါဘူး။—ဆာ. ၂၂:၄၊ ၅

“ဘာလို့ သံသယဝင်​တာလဲ”

၁၇။ ယေရှုနဲ့​တွေ့ပြီး နှစ်နှစ်​လောက်​အကြာမှာ ပေတရု ဘာတွေ တွေ့ကြုံခဲ့​သလဲ။

၁၇ ပေတရုဟာ ယေရှုနဲ့​တွေ့ပြီး နှစ်နှစ်​လောက်​အကြာမှာ အစပိုင်း​က ဖော်ပြ​ထား​သလို ဂါလိလဲအိုင်ရဲ့ မုန်တိုင်းထန်​တဲ့​ညမှာ လှေ​ကို လှော်ခတ်​နေတယ်။ သူ့ရဲ့​စိတ်ထဲမှာ ဘာတွေ တွေး​နေတယ်​ဆိုတာ မသိ​နိုင်ပါဘူး။ ပေတရု​မှာ တွေးစရာတွေ အများကြီး​ရှိ​မှာ​တော့ သေချာတယ်။ သူ့​ယောက္ခမ​ကို ယေရှု ကုသ​ပေးခဲ့တယ်။ တောင်ပေါ်​ဒေသနာ ဟောခဲ့တယ်။ ယေရှုရဲ့ သွန်သင်ချက်တွေ​နဲ့ တန်ခိုး​ပါတဲ့ လုပ်ဆောင်မှုတွေ​က ယေရှုဟာ ယေဟောဝါ​ဘုရား ရွေးချယ်​တဲ့ မေရှိယ​ဖြစ်တယ်ဆိုတာ အကြိမ်ကြိမ် ဖော်ပြ​နေတယ်။ ပေတရုရဲ့ အားနည်းချက်​ဖြစ်တဲ့ ကြောက်ရွံ့​စိတ်၊ သံသယစိတ်​တွေ​လည်း လ​တွေ ကုန်လွန်​လာတာ​နဲ့​အမျှ အတိုင်းအတာ​တစ်ခု​အထိ လျော့နည်း​သွားခဲ့​မှာ သေချာတယ်။ ယေရှုဟာ ပေတရု​ကို တမန်တော် ၁၂ ပါး​အဝင်​အဖြစ်​တောင် ရွေးချယ်​ထားတယ်။ ဒါတောင်မှ ပေတရုဟာ သူ့ရဲ့ ကြောက်ရွံ့​စိတ်နဲ့ သံသယစိတ်​ကို မ​ဖျောက်​နိုင်​သေး​ဘူးဆို​တာ မကြာခင် သိရ​ပါတော့မယ်။

၁၈၊ ၁၉။ (က) ဂါလိလဲအိုင်မှာ ပေတရု ဘာ​ကြုံခဲ့​ရသလဲ​ဆိုတာ ပြောပြပါ။ (ခ) ပေတရုရဲ့ တောင်းဆိုချက်ကို ယေရှု ဘယ်လို တုံ့ပြန်​ခဲ့သလဲ။

၁၈ နံနက် ၃ နာရီ​နဲ့ နေ​ထွက်ချိန်​စပ်ကြား၊ မိုးသောက်ယံ အချိန်​လောက်​မှာ ပေတရုဟာ လှေလှော်​နေရင်း ရုတ်တရက် ကိုယ်ကို ဆတ်ကနဲ မတ်​လိုက်တယ်။ ရေလှိုင်း​တွေ​ကြားမှာ တစ်ခုခု ရွေ့လျား​လာ​နေတယ်။ အဲဒါဟာ လရောင်ကြောင့် အလင်း​ပြန်နေ​တဲ့ ရေလှိုင်း​တွေ​လား။ မဟုတ်ဘူး။ အဲဒါဟာ ယိမ်းထိုး​မနေ​ဘဲ မတ်တတ်​ဖြစ်နေတယ်။ လူတစ်ယောက်​ပါလား။ ဟုတ်တယ်။ လူတစ်ယောက် ရေပေါ်​မှာ လမ်းလျှောက်​နေတယ်။ အဲဒီ​လူဟာ တဖြည်းဖြည်း နီး​လာပြီး သူတို့ဆီ တည့်တည့် လျှောက်လာ​နေတဲ့​ပုံပဲ။ တပည့်​တွေ​က တစ္ဆေ​လို့​ထင်ပြီး ကြောက်လန့်​သွားကြတယ်။ အဲဒီ​ပုဂ္ဂိုလ်​က “မကြောက်ပါနဲ့။ ကျွန်တော်​ပါ” လို့​ပြောတယ်။ ယေရှုပါ​လား။—မ. ၁၄:၂၅-၂၈

၁၉ “သခင်၊ တကယ်ပဲ သခင်​ဟုတ်တယ်​ဆိုရင် ကျွန်တော်လည်း ရေပေါ် လမ်းလျှောက်​ပြီး သခင့်​ဆီ လာဖို့ အမိန့်​ရှိပါ” လို့ ပေတရု ပြော​လိုက်တယ်။ သူ့ရဲ့ ဦးဆုံး​တုံ့ပြန်ပုံ​က ရဲရင့်​ပါတယ်။ ထူးခြားတဲ့ ဒီ​အံ့ဖွယ်အမှု​ကြောင့် သူ​စိတ်လှုပ်ရှား​သွားပြီး သူ့ရဲ့​ယုံကြည်ချက်ကို ပို​သေချာ​စေဖို့ နောက်​တစ်ဆင့် ကြိုးစား​နေတာ​ဖြစ်တယ်။ အဲဒီ​အံ့ဖွယ်အမှု​မှာ သူကိုယ်တိုင် ပါဝင်ချင်​နေတယ်။ ယေရှုဟာ သူ့ကို လှမ်း​ခေါ်​လိုက်တယ်။ ပေတရုဟာ လှေရဲ့​ဘောင်​ကို ကျော်​ပြီး လှိုင်းထန်နေတဲ့ ရေ​ထဲ ဆင်း​လိုက်တယ်။ ရေပေါ် ခြေချ​လိုက်တဲ့အခါ သူ့​ခြေဖဝါး​အောက်မှာ မာကျော​တဲ့ အထိအတွေ့​ကို ခံစား​လိုက်ရ​ပြီး ရေပြင်​ပေါ် မတ်တတ်ရပ်​နေတဲ့​အချိန်မှာ သူ ဘယ်လို ခံစား​နေရမယ်​ဆိုတာ စဉ်းစား​ကြည့်ပါ။ ယေရှု​ဆီ လျှောက်​သွားတော့ သူ မယုံ​နိုင်လောက်အောင် ဖြစ်​နေပါလိမ့်မယ်။ ဒါပေမဲ့ မကြာခင်မှာပဲ စိတ်ထဲမှာ ခံစားချက် နောက်​တစ်မျိုး ပေါ်လာတယ်။မဿဲ ၁၄:၂၉ ကိုဖတ်ပါ။

“မုန်တိုင်းထန်​နေတာကို မြင်​တော့ ကြောက်စိတ်ဝင်” လာ

၂၀။ (က) ပေတရုဟာ ဘာကို အာရုံစိုက်​ဖို့ ပျက်ကွက်ခဲ့​သလဲ။ ဘာဖြစ်​ပျက်​ခဲ့သလဲ။ (ခ) ပေတရု​ကို ယေရှု ဘာသင်ခန်းစာ ပေးခဲ့သလဲ။

၂၀ ပေတရုဟာ ယေရှုကို​ပဲ အာရုံစိုက်​နေဖို့​လိုတယ်။ ယေဟောဝါ​ဘုရားရဲ့ တန်ခိုးတော်ကို အသုံးပြုပြီး ပေတရု​ကို လှိုင်းထန်နေတဲ့​ရေပေါ် လမ်းလျှောက်​နိုင်အောင် လုပ်ပေး​နေ​သူဟာ ယေရှု​ကိုယ်တိုင်​ဖြစ်တယ်။ ပေတရုရဲ့ ယုံကြည်ခြင်း​ကြောင့် ယေရှု အဲဒီလို လုပ်ဆောင်​ပေး​နေတာ ဖြစ်တယ်။ ဒါပေမဲ့ ပေတရု အာရုံ​ပျံ့လွင့်​သွားတယ်။ “မုန်တိုင်းထန်​နေတာကို မြင်​တော့ ကြောက်စိတ်ဝင်” လာတယ်လို့ ဖတ်​ရတယ်။ လှေ​ကို တ​ဝုန်း​ဝုန်း ရိုက်ခတ်​နေတဲ့ ရေလှိုင်း​တွေ၊ လေ​ထဲ လွင့်စဉ်​သွားတဲ့ ရေမှုန်ရေမွှား​တွေကို မျက်လုံး​အဝိုင်း​သားနဲ့ ကြည့်ရင်း သူ အရမ်း​ထိတ်လန့်​သွားတယ်။ ရေနစ်တော့မယ်လို့ သူ တွေး​ကောင်း​တွေးမိမယ်။ ကြောက်စိတ် ဝင်​လာတာ​နဲ့ သူ့ရဲ့ ယုံကြည်ခြင်းလည်း လျော့နည်း​သွားတော့တယ်။ ကြံ့ခိုင်​တည်ငြိမ်​ပုံ​ပေါက်​လို့ ကျောက်ဆောင်လို့ နာမည်​ရထား​သူဟာ ယုံကြည်ခြင်း မခိုင်မြဲ​တော့ဘဲ ကျောက်တုံး​တစ်တုံး​လို စပြီး နစ်မြုပ်​လာတယ်။ ပေတရုဟာ ရေကူး​ကျွမ်းကျင်​ပေမဲ့ အဲဒီ​ကျွမ်းကျင်မှု​ကို အခု သူ အားမကိုး​တော့​ဘူး။ “သခင်၊ ကယ်ပါဦး” လို့ အော်ဟစ် အကူအညီ​တောင်း​လိုက်​တော့ ယေရှု​က လက်ကို​ဆန့်​ပြီး သူ့ကို ဆွဲ​တင်တယ်။ အဲဒီနောက် ရေပေါ်​မှာ​ပဲ ပေတရု​ကို ယေရှု​က “ယုံကြည်ခြင်း​နည်းတဲ့​သူ၊ ဘာလို့ သံသယဝင်​တာလဲ” လို့​ပြောပြီး အရေးကြီးတဲ့ သင်ခန်းစာ ပေးလိုက်​ပါတယ်။—မ. ၁၄:၃၀၊ ၃၁

၂၁။ သံသယစိတ်​က ဘာကြောင့် အန္တရာယ်​ရှိသလဲ။ ဒါကို ဘယ်လို တိုက်ထုတ်​နိုင်မလဲ။

၂၁ “ဘာလို့ သံသယဝင်​တာလဲ” ဆိုတဲ့ စကားက တကယ် သင့်တော်တယ်။ သံသယစိတ်​ဟာ ပြင်းထန်တဲ့ အဖျက်​စွမ်းအား​တစ်ခု ဖြစ်နိုင်တယ်။ သံသယစိတ် ဝင်​လာမယ်​ဆိုရင် ကိုယ့်ရဲ့​ယုံကြည်ခြင်း တဖြည်းဖြည်း အားနည်း​ပြီး ပျက်စီး​သွားနိုင်တယ်။ ဒါကို အားသွန်ခွန်စိုက် ပြန်​တိုက်ထုတ်​ဖို့ လိုတယ်။ ဘယ်လို​နည်းနဲ့လဲ။ မှန်ကန်တဲ့​အရာ​ပေါ် ဆက်ပြီး အာရုံစိုက်​နေခြင်း​အားဖြင့် ဖြစ်တယ်။ ကြောက်လန့်​စေ၊ စိတ်ပျက်​အားလျော့​စေ၊ ယေဟောဝါ​ဘုရားနဲ့ ကိုယ်တော့်​သားတော်​ဆီကနေ သွေဖည်​သွား​စေတဲ့ အရာတွေကိုပဲ အာရုံစိုက်​နေမယ်​ဆိုရင် သံသယစိတ် ပို​များ​လာပါလိမ့်မယ်။ ယေဟောဝါ​ဘုရားနဲ့ ယေရှုကို အာရုံစိုက်​မ​ယ်၊ ဘုရားသခင်နဲ့ သားတော်ကို ချစ်​မြတ်နိုး​သူတွေ​အတွက် သူတို့​လုပ်ဆောင်​ပေးခဲ့​ရာ၊ လုပ်ဆောင်​ပေးနေတဲ့​အရာနဲ့ လုပ်ဆောင်​ပေးတော့မယ့် အရာတွေကိုပဲ အာရုံစိုက်​မ​ယ်​ဆိုရင် ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း ဆ​က်​ခိုင်ခံ့​နေပါလိမ့်မယ်။

၂၂။ ပေတရုရဲ့ ယုံကြည်ခြင်းဟာ ဘာကြောင့် အတုယူ​ထိုက်​သလဲ။

၂၂ ပေတရုဟာ ယေရှုနဲ့အတူ လှေပေါ်​ပြန်​တက်တဲ့အခါ မုန်တိုင်း​စဲသွားပြီ​ဆိုတာ သိလိုက်တယ်။ ဂါလိလဲအိုင်ဟာ ငြိမ်သက်​သွားပါပြီ။ ပေတရု​က “သခင်ဟာ တကယ်ပဲ ဘုရားသခင်ရဲ့​သားပါ” လို့ တခြား​တပည့်​တွေ​လို​ပဲ ပြော​လိုက်တယ်။ (မ. ၁၄:၃၃) တဖြည်းဖြည်းနဲ့ မိုးလင်း​လာ​ပါပြီ။ ပေတရု​ရင်ထဲမှာလည်း ကျေးဇူးတင်စိတ်​တွေ ပြည့်နေမှာ သေချာတယ်။ ကြောက်ရွံ့​စိတ်ကြောင့် ယေဟောဝါ​ဘုရားနဲ့ ယေရှုကို သံသယ​မဝင်​ဖို့ သူ သင်ခန်းစာ​ရခဲ့တယ်။ ဒါပေမဲ့ ပေတရုဟာ ယေရှု​ကြိုမြင်​ခဲ့​တဲ့​အတိုင်း ကျောက်ဆောင်​လို ကြံ့ခိုင်​တဲ့ ခရစ်ယာန်​မဖြစ်​လာခင် အများကြီး ပြောင်းလဲ​ရဦးမယ်။ သူကတော့ ဆက်ကြိုးစား​ဖို့၊ ဆ​က်​တိုးတက်နေဖို့ ဆုံးဖြတ်​ထားတယ်။ သင်​ကော အဲဒီလိုပဲ ဆုံးဖြတ်​ထားပါ​သလား။ ပေတရုရဲ့ ယုံကြည်ခြင်းဟာ တကယ်ပဲ အတုယူ​ထိုက်​ပါတယ်။