မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ဆယ့်ငါး

ဘုရားသခင့် လူမျိုးဘက် သူရပ်တည်ခဲ့

ဘုရားသခင့် လူမျိုးဘက် သူရပ်တည်ခဲ့

၁-၃။ (က) ဧသတာဟာ သူ့​ခင်ပွန်း​နဲ့ သွား​တွေ့​ဖို့ ဘာကြောင့် ဒီလောက်တောင် ကြောက်နေ​ရသလဲ။ (ခ) ဧသတာ​နဲ့ ပတ်သက်ပြီး ဘယ်မေးခွန်းတွေကို သုံးသပ်ကြ​မလဲ။

ဧသတာဟာ ရှုရှန်​နန်းတော်ဝင်းနဲ့ နီး​လာ​လေ စိတ်တည်ငြိမ်​အောင် မနည်း ကြိုးစား​နေရ​လေ​ပဲ။ ရှုရှန်​နန်းတော်ကြီး​ကို မြင်​သူ​တိုင်း အံ့သြ​ချီးမွမ်း​အောင် တည်ဆောက်​ထား​ပုံ ရတယ်။ နန်းတော်​ကြီး​ရဲ့ အုတ်​နံ​ရံ​တွေ​မှာ အတောင်​ပံ​ပါ​တဲ့ နွား​တွေ၊ လေး​သ​မား​တွေ၊ ခြင်္သေ့​တွေ​ရဲ့ ရော​င်​စုံ​ရုပ်​ကြွ​တွေ ပုံ​ဖော်​ထား​တ​ယ်။ အဲဒီ​အပြင် လို​င်း​တွေ​ဖော်​ထား​တဲ့ ကျောက်​တိုင်​ကြီး​တွေ၊ ခံ့​ညား​ထည်​ဝါ​တဲ့ ကျောက်​ဆစ်​ရုပ်​တု​တွေ​လည်း ရှိ​တ​ယ်။ နှင်းဖုံး​နေတဲ့ ဇာဂရော့​တောင်တန်း​အနားက ကုန်းပြင်မြင့်​ကြီး​ပေါ်မှာ တည်ဆောက်​ထားတဲ့ ဒီ​နန်းတော်ကြီး​ကနေ ကြည်လင်​တဲ့ ခို​အက်စ်​ပိ​ဇ်​မြစ်ကို လှမ်းမြင်​နေ​ရတယ်။ ကြီးကျယ်ခမ်းနား​တဲ့ အဲဒီ​နန်းတော်ကြီးဟာ ဧသတာ သွား​တွေ့​ရမယ့် ရှင်ဘုရင် စံမြန်း​ရာ​နေရာ​ဖြစ်ပြီး နန်းတော်​ကို မြင်​တာ​နဲ့ သူ့ကိုယ်သူ “ဘုရင်မင်းမြတ်” လို့​ခေါ်တဲ့ ရှင်ဘုရင်ရဲ့ တန်ခိုး​အာဏာကို အမှတ်​ရစေတယ်။ ဒီ​ပုဂ္ဂိုလ်ဟာ ဧသတာရဲ့ ခင်ပွန်းသည်​လည်း ဖြစ်ပါတယ်။

ဧသတာရဲ့ ခင်ပွန်းတဲ့လား။ ဘုရင်​အာရွှေရုဟာ သစ္စာရှိ ဂျူး​အမျိုးသမီးတွေ မျှော်မှန်းမယ့် ခင်ပွန်း​မျိုး မဟုတ်ဘူး။ * သူဟာ အာဗြဟံ​လို လူမျိုးကို အတုယူမယ့်​လူစား မဟုတ်ဘူး။ အာဗြဟံဟာ ဇနီး​စာရာရဲ့ စကားကို နားထောင်ပါ​ဆိုတဲ့ ဘုရားသခင်ရဲ့ လမ်းညွှန်ချက်ကို နှိမ့်ချ​စွာ လက်ခံခဲ့​တဲ့ ခင်ပွန်း​မျိုး​ဖြစ်တယ်။ (က. ၂၁:၁၂) ဘုရင်​အာရွှေရုဟာ ဧသတာ ကိုးကွယ်တဲ့ ယေဟောဝါ​ဘုရား​အကြောင်း၊ ဘုရားသခင့်​ပညတ်​အကြောင်း ဘာတစ်ခုမှ မသိတဲ့​သူပဲ။ ဒါပေမဲ့ ပါရှန်း​ဥပဒေတွေကို​တော့ သူ​ကောင်းကောင်း သိတယ်။ အဲဒီ​ထဲမှာ အခု ဧသတာ လုပ်တော့မယ့် လုပ်ရပ်​ကို တားမြစ်​တဲ့ ဥပဒေလည်း ပါတယ်။ အဲဒီ​ဥပဒေက ဘာလဲ။ ပါရှန်း​ဘုရင် မ​ဆင့်ခေါ်​ဘဲ ရောက်လာတဲ့ ဘယ်သူ့ကိုမဆို သေဒဏ်​ပေး​နိုင်တယ်​ဆိုတဲ့ ဥပဒေ​ပါပဲ။ ဧသတာဟာ ဘုရင် မ​ဆင့်ခေါ်​ဘဲ ဘုရင်ကို ဝင်​တွေ့​ဖို့ လို​နေတယ်။ ဘုရင်ရဲ့ ပလ္လင်​ပေါ်ကနေ သူ့ကို​လှမ်းမြင်​နိုင်တဲ့ နန်းတော် အတွင်း​တံတိုင်း​နား ရောက်လာတာ​နဲ့ ဧသတာဟာ ကိုယ့်​သေတွင်း ကိုယ်တူး​နေတယ်လို့ ခံစား​နေရ​နိုင်တယ်။ဧသတာ ၄:၁၁။ ၅:၁ ကိုဖတ်ပါ။

ဧသတာ ဘာဖြစ်လို့ ဒီလောက် စွန့်စား​နေရ​သလဲ။ ဒီ​ထူးခြားတဲ့ အမျိုး​သမီးရဲ့ ယုံကြည်ခြင်း​ကနေ ဘာသင်ခန်းစာ ရနိုင်သလဲ။ ဧသတာဟာ ဘယ်လိုလုပ်ပြီး ပါရှား​မိဖုရား ဖြစ်လာတယ်​ဆိုတာ အရင်ဆုံး ကြည့်ကြစို့။

ဧသတာရဲ့ နောက်ခံ

၄။ ဧသတာရဲ့ နောက်ခံ​ကို ပြောပြပါ။ ဝမ်းကွဲ​အစ်ကို မော်ဒကဲ​နဲ့ ဘာကြောင့် အတူ​နေရ​သလဲ။

ဧသတာဟာ မိဘမဲ့​ဖြစ်တယ်။ သူ့​မိဘတွေ​အကြောင်း မသိ​ရ​သ​လောက်​ပဲ။ သူ့​မိဘတွေက သူ့ကို ဟဒဿလို့ နာမည်​ပေးခဲ့တယ်။ ဟီဘရူး​စကားလုံး ဟဒဿရဲ့ အဓိပ္ပာယ်​က “မုရတု” ဖြစ်ပြီး မွှေး​ကြို​င်​တဲ့ အဖြူရောင်​ပန်း လှလှလေး​တွေ ပွင့်​တဲ့ ချုံပင်​တစ်မျိုး​ဖြစ်တယ်။ ဧသတာရဲ့ မိဘတွေ ဆုံးသွား​တော့ သနား​ကြင်နာ​တတ်တဲ့ သူ့​၀​မ်း​ကွဲ​အစ်ကို မော်ဒကဲ​က သူ့ကို ခေါ်ထားတယ်။ မော်ဒကဲဟာ ဧသတာ​ထက် အသက်​ပို​ကြီးတယ်။ သူက ဧသတာ​ကို သမီးအရင်း​လေး​လို ကျွေးမွေး​စောင့်ရှောက်​ထားတယ်။—ဧသ. ၂:၅-၇၊ ၁၅

မော်ဒကဲဟာ မွေးစား​သမီး​အတွက် သိပ်​ကို ဂုဏ်ယူ​ခဲ့​မှာ​ဖြစ်

၅၊ ၆။ (က) မော်ဒကဲ​က ဧသတာ​ကို ဘယ်လို ပြုစု​ပျိုးထောင်ခဲ့​သလဲ။ (ခ) ရှုရှန်​မှာ မော်ဒကဲ​နဲ့ ဧသတာ​တို့ရဲ့ ဘဝက ဘယ်လို​ရှိသလဲ။

မော်ဒကဲ​နဲ့ ဧသတာ​တို့ဟာ ပါရှား​အင်ပါယာရဲ့ မြို့တော်​မှာ ပြည်နှင်ခံ ဂျူးတွေ​အဖြစ် နေထိုင်​ကြတယ်။ အဲဒီမှာ သူတို့ရဲ့ ဝတ်ပြု​ကိုးကွယ်မှုနဲ့ သူတို့​လိုက်လျှောက်တဲ့ ဘုရားသခင့်​ပညတ်ကြောင့် အထင်သေး​ခံရတယ်။ မော်ဒကဲဟာ သနား​ကြင်နာ​တတ်တဲ့ ယေဟောဝါ​ဘုရား​အကြောင်း ဧသတာ​ကို သင်​ပေးခဲ့​လို့ သူတို့​နှစ်ယောက် သိပ်​ရင်းနှီး​ခဲ့​မှာ သေချာတယ်။ ယေဟောဝါ​ဘုရားဟာ အစ္စရေးတွေကို အခက်အခဲ​တွေ​ကနေ အကြိမ်ကြိမ် ကယ်တင်ခဲ့ဖူးသလို နောင်လည်း ကယ်တင်​ပေးမယ်လို့ ဧသတာ​ကို ပြောပြခဲ့မှာ​ပဲ။ (ဝတ်. ၂၆:၄၄၊ ၄၅) ဧသတာ​နဲ့ မော်ဒကဲ​တို့ဟာ တစ်ယောက်ကို​တစ်ယောက် ပို​ချစ်ခင်​ရင်းနှီး​လာပြီး သစ္စာ​နှောင်ကြိုး ပိုခိုင်မြဲ​လာ​မှာ သေချာတယ်။

မော်ဒကဲဟာ  ရှုရှန်​နန်းတော်မှာ  အရာရှိ​တစ်​ယောက်​ဖြစ်နိုင်​ပြီး ဂိတ်​တံခါး​မှာ တခြား ဘုရင့်​အစေအပါး​တွေ​နဲ့​အတူ ထိုင်​လေ့​ရှိတယ်။ (ဧသ. ၂:၁၉၊ ၂၁။ ၃:၃) ဧသတာ ငယ်ငယ်တုန်းက ဘယ်လို ကြီးပြင်း​လာတယ်ဆိုတာ မသိ​ရပေမဲ့ ဝမ်းကွဲ​အစ်ကို မော်ဒကဲ​ကို​ရော အိမ်ကိုပါ ကောင်းကောင်း ကြည့်ရှုခဲ့​မ​ယ်​ဆိုတာ ခန့်မှန်း​လို့ ရ​ပါတယ်။ သူတို့ရဲ့​အိမ်က နန်းတော်ရဲ့ မြစ်​တစ်ဖက်​မှာ​ရှိတဲ့ သာမန်​ရပ်ကွက်​ထဲမှာ ရှိမယ်။ ရွှေထည်​ငွေထည်တွေနဲ့ တခြား​ကုန်ပစ္စည်း​တွေ ရောင်းချ​တဲ့ ရှုရှန်​ဈေး​ထဲ လျှောက်​ကြည့်ရ​တာ​ကို ဧသတာ ပျော်​ခဲ့​မှာ​ပဲ။ ဒါပေမဲ့ အဲဒီ​တန်ဖိုး​ကြီးတဲ့ ပစ္စည်းတွေက နောက်ပိုင်းမှာ သူ သုံး​ရမယ့်​ပစ္စည်း​တွေ ဖြစ်လာလိမ့်မယ်​ဆိုတာ ကြိုတွေး​မိ​မှာ မဟုတ်ဘူး။ အဲဒီတုန်းက သူ့​ဘဝ ဘယ်လောက် ပြောင်းလဲ​သွားမလဲ ဆိုတာကို​လည်း သိ​မှာ​မဟုတ်ဘူး။

“ရုပ်​ချော” သူ

၇။ ဝါရှတိ​ကို မိဖုရား​အဖြစ်ကနေ ဘာကြောင့် ဖယ်ရှား​လိုက်တာလဲ။ နောက်ပိုင်း ဘာ​ဆက်ဖြစ်​ခဲ့သလဲ။

တစ်နေ့​တော့ နန်းတော်​ထဲ​က အဖြစ်အပျက်​တစ်ခုကြောင့် ရှုရှန်​တစ်မြို့လုံး ပွက်လောရိုက်​နေတယ်။ ဘုရင်​အာရွှေရုဟာ သူ့ရဲ့ မှူးမတ်​တွေ​နဲ့​အတူ အကြီးအကျယ် ပွဲခံ​နေတုန်း မိဖုရား​ချော ဝါရှတိ​ကို ဆင့်ခေါ်​လိုက်တယ်။ အဲဒီအချိန်မှာ မိဖုရားကလည်း အမျိုးသမီးတွေနဲ့​အတူ သီးခြား​အဆောင်​မှာ ပွဲခံ​နေတယ်။ ဘုရင်​ဆင့်ခေါ်​တာ​ကို မိဖုရား​က မသွား​ဘဲ​နေတယ်။ အရှက်ခွဲ​ခံ​လိုက်​ရလို့ ဒေါသ​ထွက်နေတဲ့ ဘုရင်ဟာ မိဖုရား​ဝါရှတိ​ကို ဘယ်လို အပြစ်ပေး​ရမလဲ​ဆိုပြီး မှူးမတ်​တွေ​နဲ့ တိုင်ပင်​တ​ယ်။ မှူးမတ်​တွေ အကြံပေး​တဲ့​အတိုင်း ဝါရှတိ​ကို မိဖုရား​အဖြစ်ကနေ ဖယ်ရှား​လိုက်တယ်။ အဲဒီနောက် မိဖုရား​အသစ် ရွေးချယ်​နိုင်ဖို့ ဘုရင့်​အစေအပါး​တွေဟာ ချောမော​လှပတဲ့ အပျို​တွေကို တိုင်းပြည်​အနှံ့ ရှာဖွေ​ကြတော့တယ်။—ဧသ. ၁:၁–၂:၄

၈။ (က) ဧသတာ အရွယ်​ရောက်လာတဲ့​အခါ မော်ဒကဲ ဘာကြောင့် စိုးရိမ်​လာသလဲ။ (ခ) ရုပ်ရည်အလှ​နဲ့ ပတ်သက်ပြီး ကျမ်းစာရဲ့ မျှတတဲ့ အမြင်​ကို ဘယ်လို ကျင့်သုံး​နိုင်သလဲ။ (ပညာအလိမ္မာ ၃၁:၃၀ ကိုလည်း​ကြည့်ပါ။)

ဝမ်းကွဲ​ညီမလေး ဧသတာ​ကို အရိပ်​တ​ကြည့်​ကြည့်​နဲ့ ကြည့်နေ​ရင်း တစ်နေ့​တခြား ချောမော​လှပ​လာတာကို မော်ဒကဲ သတိထား​မိတယ်။ ဧသတာရဲ့​အလှကြောင့် ဂုဏ်ယူ​နေမှာ​ဖြစ်သလို စိုးရိမ်စိတ်လည်း ရှိမှာပဲ။ ဧသတာဟာ “ရုပ်​ချော​ပြီး ဆွဲဆောင်မှု​ရှိတယ်” လို့ ကျမ်းစာက ဆိုတယ်။ (ဧသ. ၂:၇) ရုပ်ရည်ချောမော​လှပ​တာ​က နှစ်သက်စရာ​ကောင်းပေမဲ့ ဉာဏ်ပညာနဲ့ နှိမ့်ချမှု​ရှိဖို့လည်း လိုတယ်​ဆိုပြီး ကျမ်းစာက မျှတတဲ့​အမြင်​ကို ဖော်ပြပေးတယ်။ ဒီလို​မှ​မဟုတ်​ရင် မာနကြီး မောက်မာ​လာပြီး တခြား​ဉာဉ်ဆိုး​တွေ ရှိလာ​နိုင်တယ်။ (ပညာအလိမ္မာ ၁၁:၂၂ ကိုဖတ်ပါ။) အဲဒီလို​လူမျိုးကို တွေ့ဖူးတယ်​မဟုတ်လား။ ဧသတာရဲ့​အလှက သူ့ကို ကောင်းကျိုးပြု​မလား၊ ဆိုးကျိုး​ပေး​မလား​ဆိုတာ အချိန်​က ပြော​လိမ့်မယ်။

၉။ (က) ဘုရင့်​အစေအပါး​တွေ​က ဧသတာ​ကို သတိထား​မိ​တဲ့အခါ ဘာ​ဆက်ဖြစ်​ခဲ့သလဲ။ မောဒကဲနဲ့ ခွဲခွာ​ရတာ ဘာကြောင့် ခက်ခဲ​နိုင်သလဲ။ (ခ) မော်ဒကဲ​က ဧသတာ​ကို ဘာသာခြား​တစ်ယောက်နဲ့ ဘာကြောင့် လက်ထပ်ခွင့်​ပေးခဲ့သလဲ။ (လေးထောင့်ကွက်​ကိုလည်း ကြည့်ပါ။)

ဘုရင်ရဲ့ အစေအပါး​တွေ​က အပျို​ချော​လေး​တွေကို လိုက်ရှာ​တဲ့အခါ ဧသတာ​ကိုလည်း တွေ့​သွားတယ်။ ဒါနဲ့ ဧသတာ​ကို မော်ဒကဲ​ဆီကနေ မြစ်​တစ်ဖက်​ကမ်း​မှာ​ရှိတဲ့ ကြီးကျယ်ခမ်းနား​တဲ့ နန်းတော်​ကို ခေါ်သွား​ကြတယ်။ (ဧသ. ၂:၈) သားအဖ​လို နေ​လာ​ခဲ့​ကြ​တဲ့ သူတို့ဟာ အဲဒီလို ခွဲခွာ​ရလို့ အတော်လေး ဝမ်းနည်း​ကြမှာပဲ။ မော်ဒကဲဟာ သူ့ရဲ့ မွေးစား​သမီးလေးကို ဘုရင်​ပဲ​ဖြစ်​နေပါ​စေ ဘာသာခြား​တစ်ယောက်နဲ့ လက်ထပ်​စေချင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ ဘာမှ မတတ်နိုင်​ခဲ့​ဘူး။ * ဧသတာဟာ အိမ်ကနေ ထွက်​မသွား​ခင် မော်ဒကဲ​ရဲ့ ဆုံးမ​စကားတွေကို ဂရုတစိုက် မှတ်သား​နေမှာ သေချာတယ်။ ရှုရှန်​နန်းတော်​ကို သွား​နေတုန်း သူ့မှာ စဉ်းစားစရာတွေ အများကြီး​ရှိမှာပဲ။ ရှေ့ဆက်​ပြီး ဘာတွေ ကြုံတွေ့ရ​ဦး​မလဲ။

“ဧသတာ​ကို မြင်​သူ​တိုင်း ချစ်ခင်​ကြ”

၁၀၊ ၁၁။ (က) ဧသတာရဲ့ ပတ်ဝန်းကျင်​အသစ်​က သူ့ကို ဘယ်လို ဖြစ်စေ​နိုင်သလဲ။ (ခ) ဧသတာ​အတွက် စိုးရိမ်​ပူပန်​ကြောင်း မော်ဒကဲ ဘယ်လို​ပြခဲ့သလဲ။

၁၀ ဧသတာဟာ သူ့​အတွက် ဘာ​မဆို အသစ်အဆန်း​ဖြစ်နေတဲ့ ဝန်းကျင်​ကို ရောက်​သွားတယ်။ ပါရှား​အင်ပါယာ တစ်ခွင်​ကနေ ခေါ်လာတဲ့ “မိန်းမပျို​လေး​တွေ” ထဲမှာ ဧသတာ​လည်း​ပါတယ်။ သူတို့ရဲ့ ဓလေ့​ထုံးစံတွေ၊ ဘာသာစကားနဲ့ စိတ်ထား​တွေ​က တော်​တော့်​ကို ကွဲပြား​နေမှာ​ပဲ။ ဟေဂဲ​လို့​ခေါ်တဲ့ အပျိုတော်ထိန်းရဲ့ အုပ်ထိန်းမှု​အောက်မှာ ဒီ​အပျို​လေး​တွေ​အားလုံး နဂို​ထက် ပို​ချောမော​လှပ​လာ​အောင် တစ်ကိုယ်လုံး​ကို အမွှေးနံ့သာ​တွေ​နဲ့ နှိပ်​နယ်​တာ အပါအဝင် အထူး​အလှ​ပြုပြင်ပေး​တဲ့ အစီအစဉ်ကို တစ်နှစ်လောက် ခံယူ​ရမှာ​ဖြစ်တယ်။ (ဧသ. ၂:၈၊ ၁၂) အဲဒီလို​ပတ်ဝန်းကျင်​နဲ့ ဘဝ​ပုံစံမျိုး​မှာ ဒီ​အပျို​လေး​တွေဟာ သူတို့ရဲ့ ရုပ်ရည်ကိုပဲ အလွန်အကျွံ အာရုံစိုက်​လာပြီး အလှ​မာန်​တွေ တက်​လာတဲ့​အပြင် အပြိုင်အဆိုင် စိတ်ဓာတ်လည်း ပေါ်လာ​နိုင်တယ်။ ဧသတာ​ကော အဲဒီလို​ဖြစ်ခဲ့​သလား။

၁၁ ဧသတာ​အတွက် မော်ဒကဲ​လောက် စိုးရိမ်မယ့်​သူ ရှိ​မှာ​မဟုတ်ပါဘူး။ ဧသတာရဲ့ အခြေအနေနဲ့ ဘာတွေ ဖြစ်ပျက်​နေတယ်​ဆိုတာ သိနိုင်ဖို့ မော်ဒကဲဟာ အပျိုတော် နန်းဆောင်ဝင်းရှေ့ နေ့တိုင်း ဖြတ်လျှောက်​ပြီး သတင်း​မေးတယ်​လို့ ကျမ်းစာ​ဆိုတယ်။ (ဧသ. ၂:၁၁) နန်းတော်​ဝင်း​ထဲ​က အစေအပါး​တွေ​ဆီကနေ သတင်း​သဲ့သဲ့ ကြားတဲ့​အခါ ဧသတာ​အတွက် မော်ဒကဲ ဂုဏ်ယူ​ခဲ့​မှာ​ပဲ။ ဘာကြောင့်လဲ။

၁၂၊ ၁၃။ (က) ပတ်​၀​န်း​ကျင်​က ဧသတာ​ကို ဘယ်လို ရှုမြင်ကြ​သလဲ။ (ခ) ဧသတာဟာ ဂျူးလူမျိုး​ဖြစ်ကြောင်း မဖော်​ပြတာ​ကို မော်ဒကဲ ဘာကြောင့် ဝမ်းသာ​မိ​နိုင်သလဲ။

၁၂ ဟေဂဲဟာ ဧသတာ​ကို သဘောကျ​ပြီး မျက်နှာသာ​ပေးတယ်။ သူ့​အတွက် အစေခံ​မိန်းကလေး ခုနစ်​ယောက်​ပေးပြီး အပျိုတော်​နန်းဆောင်ရဲ့ အကောင်းဆုံး​နေရာမှာ နေခွင့်​ပေးခဲ့တယ်။ “ဧသတာ​ကို မြင်​သူ​တိုင်း ချစ်ခင်​ကြတယ်” လို့​လည်း ကျမ်းစာမှာ ဖော်ပြတယ်။ (ဧသ. ၂:၉၊ ၁၅) ရုပ်ရည်လှပမှု တစ်ခုတည်း​နဲ့ လူတိုင်း သူ့ကို သဘောကျ​ကြ​ပါ့မလား။ မဖြစ်​နိုင်ပါဘူး။ ဧသတာဟာ ရုပ်ရည်လှ​ရုံ​မ​က တခြား အရည်အသွေးကောင်း​တွေ​လည်း ရှိတယ်။

နှိမ့်ချမှုနဲ့ ဉာဏ်ပညာက ရုပ်ရည်ထက် ပိုပြီး အရေး​ပါတယ်​ဆိုတာ ဧသတာ ကြို​သိထား

၁၃ ဥပမာ၊ ကျမ်းစာထဲမှာ ဒီလို ဖတ်​ရတယ်– “ဧသတာ​လည်း မော်ဒကဲ မှာ​ထားတဲ့​အတိုင်း သူ့​လူမျိုး၊ သူ့​ဆွေမျိုး​အကြောင်း လုံးဝ​မပြော​ဘဲ လျှို့ဝှက်​ထားတယ်။” (ဧသ. ၂:၁၀) ပါရှန်း နန်းတွင်းသား​တွေဟာ ဂျူးတွေကို မုန်း​နေ​ကြောင်း မော်ဒကဲ​သိထားလို့ ဧသတာ​ကို ဂျူး​မှန်း​မသိအောင် သတိရှိရှိ နေထိုင်ဖို့ မှာ​ထားတယ်။ ဧသတာဟာ သူ့​မျက်စိ​အောက်မှာ မရှိတော့​ပေမဲ့ သတိ​ပညာရှိရှိ၊ နာခံမှု​ရှိ​ရှိ မှာ​ထားတဲ့​အတိုင်း လုပ်​နေမှန်း သိရလို့ မော်ဒကဲ ဝမ်းသာ​မှာ​ပဲ။

၁၄။ ဒီနေ့​ခေတ် လူငယ်တွေ ဧသတာ​ကို ဘယ်လို အတုယူ​နိုင်သလဲ။

၁၄ ဒီနေ့​ခေတ် လူငယ်တွေလည်း မိဘတွေ​နဲ့ အုပ်ထိန်း​သူတွေကို ပျော်ရွှင်​စေနိုင်တယ်။ မိဘတွေရဲ့ မျက်စိ​အောက်မှာ မရှိတဲ့​အခါ၊ ဘဝကို အလေးအနက် မထား​သူတွေ၊ အကျင့်​ပျက်​သူတွေ၊ ရက်စက်​ကြမ်းတမ်း​သူတွေ ကြားမှာ ရှိနေတဲ့​အခါမှာ​တောင် မကောင်းတဲ့​သြဇာ​ကို တွန်းလှန်​ပြီး မှန်တဲ့​စံနှုန်းတွေနဲ့အညီ နေထိုင်​နိုင်ပါတယ်။ ဧသတာ​ကို အတု​ယူပြီး အဲဒီလို လုပ်မယ်ဆိုရင် ကောင်းကင်​ဖခင်ရဲ့ စိတ်​ကို ရွှင်လန်း​စေ​နိုင်မယ်။ပညာအလိမ္မာ ၂၇:၁၁ ကိုဖတ်ပါ။

၁၅၊ ၁၆။ (က) ဘုရင့် ချစ်ခင်​မြတ်နိုးမှု​ကို ဧသတာ ဘယ်လို ရလာ​သလဲ။ (ခ) ဘဝ​အသစ်​က ဧသတာ​အတွက် ဘာကြောင့် ခက်ခဲ​နိုင်သလဲ။

၁၅ ဘုရင့်​ဆီ အခစားဝင်​ဖို့ ဧသတာရဲ့​အလှည့် ရောက်လာတဲ့​အခါ အလှ​ဆုံး​ဖြစ်အောင် ခြယ်သ​ဖို့ လိုအပ်တဲ့​ပစ္စည်းတွေကို ကြိုက်​သ​လောက် အသုံးပြုခွင့်​ရထားတယ်။ ဒါပေမဲ့ ဧသတာဟာ ဟေဂဲ အကြံပေး​တာ​က​လွဲလို့ ဘာတစ်ခုမှ ထပ်​မတောင်းဆို​ခဲ့​ပါဘူး။ (ဧသ. ၂:၁၅) ရုပ်ရည်အလှ တစ်မျိုးတည်း​နဲ့ ဘုရင်​က သူ့ကို သဘောကျ​မှာ မဟုတ်ဘူးဆိုတာ ဧသတာ သိထား​ပုံ​ရတယ်။ နန်းတွင်း​မှာ ကျိုးနွံပြီး နှိမ့်ချတဲ့ သဘောထား မရှိသလောက်ပဲ​ဆိုတာ သူ​သတိထားမိမှာ​ပဲ။ သူ ထင်တဲ့ အတိုင်းပဲ။

၁၆ ကျမ်းစာမှာ ဒီလို အဖြေ​ပေးတယ်– “မင်းကြီးလည်း ဧသတာ​ကို တခြား​မိန်းကလေး​တွေ​ထက် ပို​ချစ်မြတ်နိုးတယ်။ ဧသတာ​ကို တခြား အပျိုစင်​တွေ​ထက် မျက်နှာသာ​ပို​ပေးပြီး ပိုနှစ်သက်တဲ့​အတွက် ရာဇ​ခေါင်း​ဆောင်း ဆောင်း​ပေးပြီး ဝါရှတိ​နေရာမှာ မိဖုရား​မြှောက်​လိုက်တယ်။” (ဧသ. ၂:၁၇) နှိမ့်ချတဲ့ ဒီ​ဂျူး​အမျိုးသမီးလေးဟာ အဲဒီ​အချိန်​က ကမ္ဘာပေါ်မှာ တန်ခိုး​အာဏာ အရှိဆုံး​ပုဂ္ဂိုလ်ရဲ့ မိဖုရား​အသစ် ဖြစ်လာတဲ့​အခါ အလိုက်​အ​ထိုက်​နေဖို့ အတော့်​ကို ခက်ခဲ​မှာ​ပဲ။ သူ့​ဘဝ​အခြေအနေ ပြောင်းလဲသွား​လို့ မာနကြီး​သွား​သလား။ မာန​မကြီး​ခဲ့​ပါဘူး။

၁၇။ (က) ဧသတာဟာ မွေးစား​အဖေ မော်ဒကဲ​ရဲ့ စကားကို ဘယ်လို ဆ​က်​နားထောင်ခဲ့သလဲ။ (ခ) ဧသတာ​ရဲ့ စံနမူနာ​က ဘာကြောင့် တန်ဖိုး​ရှိသလဲ။

၁၇ ဧသတာဟာ မွေးစား​အဖေ မော်ဒကဲ​ရဲ့ စကားကို နားထောင်​နေတုန်းပါပဲ။ သူဟာ ဂျူးလူမျိုး​ဖြစ်တယ်ဆိုတာကို ဆက်ပြီး လျှို့ဝှက်​ထားတယ်။ အဲဒီအပြင် ဘုရင်​အာရွှေရု​ကို လုပ်ကြံ​ဖို့ လျှို့ဝှက်​ကြံစည်နေ​ကြတာကို မော်ဒကဲ​သိ​သွားတဲ့အခါ ဧသတာ​ကို ပြောပြ​လိုက်တယ်။ ဧသတာ​လည်း မော်ဒကဲ​ကိုယ်စား မင်းကြီး​ဆီ လျှောက်​တင်ခဲ့တယ်။ ဒါနဲ့ အဲဒီ​အကြံအစည် ပျက်​သွားတယ်။ (ဧသ. ၂:၂၀-၂၃) ဧသတာဟာ နှိမ့်ချ​နာခံပြီး ဘုရားသခင်ကို ယုံကြည်​ကြောင်း ဆ​က်​ဖော်ပြခဲ့တယ်။ ဒီနေ့​ခေတ်မှာ မနာခံ​ဘဲ ပုန်ကန်​တာ​ကို သာမန်​ကိစ္စ​လို့ သဘောထား​နေကြ​ပြီး နာခံမှု​ကို အရည်အသွေးကောင်း​လို့ မသတ်မှတ်​ကြ​တော့​ဘူး။ ဒါကြောင့် ဧသတာရဲ့ စံနမူနာ​က သိပ်​တန်ဖိုး​ရှိပါတယ်။ စစ်မှန်တဲ့ ယုံကြည်ခြင်း ရှိ​သူတွေကတော့ ဧသတာ​လို​ပဲ နာခံမှု​ကို တန်ဖိုးထား​ကြတယ်။

ဧသတာရဲ့ ယုံကြည်ခြင်း စမ်းသပ်ခံရ

၁၈။ (က) မော်ဒကဲ​က ဟာမန်​ကို ဘာကြောင့် ဦး​မချ​တာလဲ။ (အောက်ခြေမှတ်ချက်ကို​လည်း ကြည့်ပါ။) (ခ) ဒီနေ့​အချိန်မှာ သစ္စာရှိ​အမျိုးသား၊ အမျိုးသမီးတွေဟာ မော်ဒကဲ​ရဲ့ စံနမူနာကို ဘယ်လို အတုယူ​နေကြ​သလဲ။

၁၈ ဘုရင်​အာရွှေရုရဲ့ နန်းတော်မှာ ဟာမန်​လို့​ခေါ်တဲ့ လူတစ်ယောက် ထင်ပေါ်​လာတယ်။ ဘုရင်​က သူ့ကို ဝန်ကြီးချုပ်၊ အဓိက အကြံပေး​အရာရှိ​နဲ့ အင်ပါယာရဲ့ ဒုတိယ​အကြီးဆုံး ပုဂ္ဂိုလ်​အဖြစ် ခန့်​ထားတယ်။ ဒီ​အရာရှိကို တွေ့​တဲ့​သူ​တိုင်း ဦးညွှတ်​ပျပ်ဝပ် ရမယ်လို့​တောင် ဘုရင်​က အမိန့်ထုတ်​ထားတယ်။ (ဧသ. ၃:၁-၄) အဲဒီ​အမိန့်​ကြောင့် မော်ဒကဲ အခက်တွေ့​သွားတယ်။ ဘုရင့်​အမိန့်​ကို နာခံရမယ်​ဆိုပေမဲ့ ဘုရားသခင်ကို မလေးစားတဲ့ အထိ​တော့ နာခံ​စ​ရာ​မလိုဘူးလို့ သူ​ခံယူ​ထားတယ်။ ဟာမန်​က အာဂတ်​လူမျိုး ဖြစ်တယ်။ သူဟာ ပရောဖက်​ရှမွေလ ကွပ်မျက်​ခဲ့​တဲ့ အာမလက်​ဘုရင် အာဂတ်​ကနေ ဆင်းသက်လာ​သူ​ဖြစ်တယ်။ (၁ ရှ. ၁၅:၃၃) အာမလက်​လူတွေဟာ ဆိုးသွမ်း​လွန်း​လို့ ယေဟောဝါ​ဘုရားနဲ့ အစ္စရေးတွေရဲ့ ရန်သူ​ဖြစ်လာတယ်။ အာမလက်​လူမျိုးကို သုတ်သင်​ပယ်ရှင်း​ဖို့ ဘုရားသခင်က စီရင်ချက်​ချပြီး​သား ဖြစ်တယ်။ * (တရား. ၂၅:၁၉) ဒါကြောင့် သစ္စာရှိ​ဂျူး​တစ်ယောက်က အာမလက်​လူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး ဦးချ​နိုင်​ပါ့​မလဲ။ အဲဒီ​အတွက် မော်ဒကဲဟာ သတ္တိရှိရှိ ဦး​မချ​ဘဲ​နေတယ်။ ဒီနေ့​ထက်​ထိ သစ္စာရှိ​အမျိုးသား၊ အမျိုးသမီးတွေဟာ “လူ့​စကား​ထက် အုပ်စိုးရှင် ဘုရားသခင်ရဲ့ စကားကို နားထောင်​မှာ​ပဲ” ဆိုတဲ့​မူကို အသက်​စွန့်ပြီး လိုက်နာ​နေကြတုန်းပဲ။—တ. ၅:၂၉

၁၉။ ဟာမန် ဘာလုပ်​ချင်​နေသလဲ။ ဘုရင်ကို သူ​ဘယ်လို အယုံသွင်း​သလဲ။

၁၉ ဟာမန် ဒေါသ​ပေါက်ကွဲ​နေတယ်။ မော်ဒကဲ​တစ်ယောက်တည်း​ကိုပဲ သတ်​ရုံ​လောက်​နဲ့ သူ​မကျေနပ်​ဘူး။ မော်ဒကဲ​ရဲ့ လူမျိုး​တစ်မျိုးလုံးကို ရှင်းပစ်​ချင်​နေတယ်။ ဒါနဲ့ ဟာမန်ဟာ ဂျူးတွေကို အထင်လွဲ​အောင် ဘုရင်ကို အယုံသွင်း​တ​ယ်။ ဘယ်​လူမျိုး​လဲ​ဆိုတာ မဖော်​ပြ​ဘဲ သူတို့ဟာ “ဟို​တစ်စု ဒီ​တစ်စု ပျံ့နှံ့​နေတဲ့ လူမျိုးတစ်မျိုး” ဖြစ်ပြီး တိုင်းပြည်​အတွက် အသုံးမဝင်​တဲ့​သူတွေ​လို့ သွယ်ဝိုက်​ပြောခဲ့တယ်။ ပို​ဆိုး​တာ​က သူတို့ဟာ ဘုရင့်​ဥပဒေတွေကို မနာခံတဲ့​အတွက် အန္တရာယ်​ပေးမယ့် သူပုန်​တွေ​လို့​တောင် ပြောတယ်။ အင်ပါယာ​အတွင်းမှာ နေထိုင်တဲ့ ဂျူး​အားလုံးကို ကွပ်မျက်​ဖို့ ကုန်ကျ​စရိတ်ကို ဘုရင့်​ဘဏ္ဍာတိုက်​ထဲ ငွေ​သွင်း​ပေးမယ်လို့လည်း သူ​အဆို​ပြုတယ်။ * ဘုရင်​အာရွှေရုကလည်း ဟာမန်ရဲ့ အကြံအစည်​အတိုင်း အမိန့်ထုတ်​နိုင်ဖို့ သူ့ရဲ့ တံဆိပ်​လက်စွပ်​ကို ပေး​လိုက်တယ်။—ဧသ. ၃:၅-၁၀

၂၀၊ ၂၁။ (က) ဟာမန်ရဲ့ ကြေညာချက်​က မော်ဒကဲ​အပါအဝင် ပါရှား​အင်ပါယာ တစ်ခုလုံး​မှာ​ရှိတဲ့ ဂျူး​လူမျိုးတွေကို ဘယ်လို ဖြစ်သွား​စေ​သလဲ။ (ခ) မော်ဒကဲ​က ဧသတာ​ကို ဘာလုပ်ဖို့ မေတ္တာ​ရပ်ခံ​သလဲ။

၂၀ မကြာခင်မှာပဲ မြင်း​စီး​စေတမန်​တွေဟာ ဂျူးတွေကို မျိုး​ဖြုတ်​သတ်မယ့် အမိန့်​ကို အင်ပါယာ​အနှံ့ လိုက်​ကြေညာ​ကြတယ်။ အဲဒီ​အမိန့်​ကို အဝေး​မှာ​ရှိတဲ့ ဂျေရုဆလင်​မြို့​က ဂျူး​အကြွင်းအကျန်​တွေ ကြားတဲ့​အခါ ဘယ်လို ခံစား​ရမလဲ​ဆိုတာ မြင်ယောင်​ကြည့်​လိုက်ပါ။ သူတို့တွေ​ဟာ ဗာဗုလုန် နယ်နှင်ခံ​ဘဝကနေ ပြန်​ရောက်လာကြပြီး ဂျေရုဆလင်​မြို့ရိုး​ကိုတောင် ပြန်​မ​ဆောက်​ရ​သေး​ဘူး။ အဲဒီ​သတင်းဆိုး​ကို မော်ဒကဲ ကြားတဲ့​အခါ ဂျေရုဆလင်​မြို့မှာ ရှိသူတွေ​အပြင် ရှုရှန်​မှာ​ရှိတဲ့ မိတ်ဆွေတွေနဲ့ ဆွေမျိုးတွေ​အတွက်ပါ စိုးရိမ်​မိ​မှာ​ပဲ။ စိတ်ကယောက်ကယက်​ဖြစ်နေတဲ့ မော်ဒကဲဟာ သူ့​အဝတ်တွေကို ဆွဲဖြဲ၊ လျှော်တေ​အဝတ်ကို​ဝတ်၊ ခေါင်း​ပေါ် ပြာတွေ​လူးပြီး မြို့လယ်ခေါင်​မှာ အသံ​ကျယ်ကျယ်​နဲ့ ငိုကြွေး​နေတော့တယ်။ ဟာမန်​ကတော့ သူ့​ကြောင့် ဂျူးတွေ ပူဆွေး​သောက ရောက်​နေတာကို အရေး​တောင်​မလုပ်ဘဲ ဘုရင်​နဲ့​အတူ သောက်​စား​နေတယ်။ဧသတာ ၃:၁၂–၄:၁ ကိုဖတ်ပါ။

၂၁ တစ်ခုခု​လုပ်​မှ ဖြစ်တော့မယ်​ဆိုတာ မော်ဒကဲ သိလိုက်တယ်။ ဒါပေမဲ့ ဘာလုပ်​နိုင်မလဲ။ မော်ဒကဲ စိတ်သောက ရောက်​နေတာကို ဧသတာ သိ​သွားတဲ့အခါ အဝတ်အစား​တွေ ပို့ပေး​ပြီး နှစ်သိမ့်​ခဲ့​ပေမဲ့ မော်ဒကဲ လက်မခံ​ဘူး။ ယေဟောဝါ​ဘုရားဟာ သူ​ချစ်​ရတဲ့ ဧသတာ​ကို ဒီ​တိတ္ထိ​ဘုရင်ရဲ့ မိဖုရား​ဖြစ်စေတာ ဘာကြောင့်လဲ​လို့ သူ​အရင်​ကတည်းက သိချင်​နေပါလိမ့်မယ်။ အခုတော့ တဖြည်းဖြည်း သိလာ​ပါပြီ။ ဒီ​အခါ မော်ဒကဲဟာ မိဖုရား​ဧသတာ​ဆီ လူ​လွှတ်​ပြီး “ကိုယ့်လူမျိုး​အတွက်” ဘုရင့်​ဆီမှာ အသနား​ခံဖို့ မေတ္တာ​ရပ်ခံတယ်။—ဧသ. ၄:၄-၈

၂၂။ ခင်ပွန်း​ဖြစ်တဲ့ ဘုရင်ကို သွား​တွေ့​ဖို့ ဧသတာ ဘာကြောင့် စိုးရိမ်​နေသလဲ။ (အောက်ခြေမှတ်ချက်ကို​လည်း ကြည့်ပါ။)

၂၂ အဲဒီ မေတ္တာ​ရပ်ခံ​ချက်​ကို ဧသတာ ကြားတဲ့​အခါ တော်​တော်​စိုးရိမ်​သွားမှာ သေချာတယ်။ ဒါက သူ့​ယုံကြည်ခြင်း​အတွက် အခက်ခဲဆုံး စမ်းသပ်မှု​ပဲ။ မော်ဒကဲ​ကို အကြောင်း​ပြန်​လိုက်တဲ့ စကားမှာ သူ့ရဲ့ စိုးရိမ်မှုကို မကွယ်မဝှက် ဖော်ပြခဲ့တယ်။ ဘုရင် မ​ဆင့်ခေါ်​ဘဲ ရှေ့တော်မှောက် ဝင်​ရင် သေဒဏ် ပေးခံ​ရမယ်ဆိုတဲ့ ဥပဒေ​ကိုလည်း ပြန်​ပြော​ပြခဲ့တယ်။ ဘုရင်ဟာ သူ့ရဲ့ ရွှေ​ရာဇ​လှံတံ​ကို ကမ်းပေး​မှ​သာ ဥပဒေ​ချိုးဖောက်သူ အသက်ချမ်းသာ ရမယ်။ ဘုရင့်​ဆင့်ခေါ်မှု​ကို ငြင်းပယ်ခဲ့​တဲ့ ဝါရှတိ ဘယ်လို​ဖြစ်ခဲ့သလဲ။ ဧသတာ​ကော ရှင်ဘုရင်ရဲ့ သက်ညှာမှု​ကို ခံရဖို့ မျှော်လင့်​နိုင်​ပါ့မလား။ သူ့ကို ရှင်ဘုရင် မ​ဆင့်ခေါ်​တာ ရက်​ပေါင်း ၃၀ ရှိသွား​ပြီလို့ ဧသတာ​က မော်ဒကဲ​ကို ပြော​ပြတယ်။ အဲဒီ​အကြောင်းကြောင့် ဘုရင်​က သူ့ကို မချစ်​တော့​ဘူး​လားလို့ ဧသတာ စဉ်းစား​နေ​မိ​နိုင်တယ်။ *ဧသ ၄:၉-၁၁

၂၃။ (က) ဧသတာရဲ့ ယုံကြည်ခြင်း ခိုင်ခံ့​လာ​အောင် မော်ဒကဲ ဘာ​ပြောသလဲ။ (ခ) မော်ဒကဲ​ကို ဘာကြောင့် အတုယူ​ထိုက်​သလဲ။

၂၃ မော်ဒကဲ​က ဧသတာ​ကို ယုံကြည်ခြင်း ခိုင်ခံ့​စေဖို့ ပြတ်ပြတ်သားသား ဒီလို​အကြောင်း​ပြန်တယ်။ ဧသတာ ဘာမှ​မ​လုပ်ရင်လည်း တစ်နည်းနည်းနဲ့​တော့ ဂျူးတွေ ကယ်တင်ခံရ​မှာ​ပဲ။ အကယ်၍ နှိပ်စက်​ညှဉ်းပန်းမှု ပြင်းထန်လာ​ရင် ဧသတာ​ကော လွတ်​ပါ့မလား​လို့ ပြောတယ်။ ဘုရားသခင်ဟာ သူ့​လူမျိုးကို မျိုး​ပြုတ်​သွား​စေမှာ မဟုတ်သလို ကတိ​တွေကို​လည်း မပြည့်စုံ​ဘဲ မနေ​စေ​ဘူးဆို​တာ​ကို မော်ဒကဲ အခိုင်အမာ ယုံကြည်တယ်။ (ယောရှု ၂၃:၁၄) အဲဒီနောက် မော်ဒကဲ​က ဧသတာ​ကို “မင်း မိဖုရား​ဖြစ်လာတာ​ဟာ အခုလို အန္တရာယ် ကြုံရချိန်​အတွက်​များလား​ဆိုတာ ဘယ်သူ​ပြောနိုင်​မှာ​လဲ” လို့ မေးလိုက်တယ်။ (ဧသ. ၄:၁၂-၁၄) မော်ဒကဲ​ကို အတုယူ​ထိုက်တယ် မဟုတ်လား။ မော်ဒကဲဟာ သူ့​ဘုရား ယေဟောဝါကို အပြည့်အဝ ယုံကြည်​ကိုး​စားတယ်။ ကျွန်တော်တို့​ကော ယုံကြည်​ကိုးစား​သလား။—ပညာ. ၃:၅၊ ၆

သေ​ရမှာ​ကို ကြောက်တဲ့​စိတ်​ထက် ပို​အားကြီးတဲ့ ယုံကြည်ခြင်း

၂၄။ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိ​ကို ဧသတာ ဘယ်လို​ပြခဲ့သလဲ။

၂၄ ဧသတာ ဆုံးဖြတ်ချက်​ချပြီး လုပ်ဆောင်​ရမယ့်​အချိန် တန်ပြီ။ ဒါနဲ့ ဂျူးတွေကို သူနဲ့အတူ သုံးရက် အစာရှောင်​ကြဖို့ မော်ဒကဲ​ကို မှာ​လိုက်တယ်။ ပြီးတော့ “သေ​ရမယ်ဆို​ရင်​လည်း အသေခံ​ပါ့​မ​ယ်” လို့​လည်း ပြော​လိုက်တယ်။ အဲဒီ​စကား ရိုးရိုးလေးမှာ သူ့ရဲ့ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိ ထင်ရှား​နေလို့ အခုထက်ထိ လူတွေ အမှတ်ရ​နေကြတုန်းပဲ။ (ဧသ. ၄:၁၅-၁၇) ဧသတာဟာ အဲဒီ​သုံးရက်​အတွင်းမှာ ခါတိုင်းထက် ပိုပြီး ထက်ထက်သန်သန် ဆုတောင်း​ခဲ့​မှာ​ပဲ။ အချိန်​ကျ​ပါပြီ။ ဘုရင့်​မျက်နှာသာ​ရဖို့ ဧသတာဟာ အလှ​ဆုံး ဝတ်ဆင်​ပြီး ဘုရင်ကို သွား​တွေ့​ပါ​တော့​တ​ယ်။

ဘုရားသခင့်​လူမျိုးကို ကာကွယ်ဖို့ ဧသတာ စွန့်စား​ခဲ့

၂၅။ ဧသတာဟာ သူ့​ခင်ပွန်း​ဆီ သွားတဲ့အခါ ဘာတွေ​ဖြစ်ခဲ့သလဲ​ဆိုတာ ပြောပြပါ။

၂၅ ဒီ​ဆောင်းပါးရဲ့​အစမှာ ဖော်ပြ​ထားတဲ့​အတိုင်း ဘုရင့်​နန်းတော်​ထဲ​ကို ဧသတာ ဝင်​သွား​လိုက်တယ်။ သူ ဘယ်လောက်​များ စိုးရိမ်​နေပြီး အပြင်းအထန် ဆုတောင်း​နေမယ်​ဆိုတာ မြင်ယောင်​ကြည့်နိုင်တယ်။ ရာဇ​ပလ္လင်​ပေါ်မှာ ထိုင်​နေတဲ့ ဘုရင်​အာရွှေရု​ကို မြင်ရတဲ့​နေရာ​နား​အထိ သူ​ဝင်​သွားတယ်။ ဘုရင်ရဲ့ မျက်နှာ​ရိပ် မျက်နှာ​ကဲ​ကို ကြည့်ပြီး သူ့​စိတ်​အခြေအနေကို ဧသတာ ခန့်မှန်း​နေမှာ​ပဲ။ အကယ်၍ စောင့်နေ​ရမယ်​ဆိုရင် သူ့​အတွက် အချိန် ကုန်​ခဲ​ပါလိမ့်မယ်။ ဒါပေမဲ့ မကြာ​ပါဘူး၊ ခင်ပွန်းသည်​က သူ့ကို မြင်​သွားတယ်။ အံ့သြ​သွား​ပေမဲ့ မျက်နှာထား ပြေလျော့​သွားပြီး ရွှေ​ရာဇ​လှံတံ​ကို ကမ်းပေး​လိုက်တယ်။—ဧသ. ၅:၁၊ ၂

၂၆။ စစ်မှန်တဲ့ ခရစ်ယာန်တွေဟာ ဧသတာ​လို ရဲစွမ်းသတ္တိ​ရှိဖို့ ဘာကြောင့် လိုအပ်​သလဲ။ သူ​လုပ်​ရမယ့် အလုပ်တွေ​က ဘာကြောင့် အခု​မှ အစ​ပဲ​ရှိသေး​သလဲ။

၂၆ ဧသတာဟာ အခစားဝင်​ခွင့်​ရပြီး ဘုရင်ကို လျှောက်တင်​လိုက်တယ်။ ဘုရားသခင်နဲ့ ဘုရား​လူမျိုး​ဘက် ဧသတာ ကြံ့ကြံ့ခံ ရပ်တည်ခဲ့တယ်။ သူဟာ အခု​အချိန်အထိ ဘုရားသခင့်​ကျေးကျွန် အားလုံး​အတွက် တကယ်​ကောင်းတဲ့ ယုံကြည်ခြင်း စံနမူနာရှင်​ပဲ။ ဒီနေ့​ခေတ် ခရစ်ယာန်တွေဟာ ဒီလို စံနမူနာကောင်း​သူတွေကို တန်ဖိုးထား​ကြတယ်။ ကိုယ်ကျိုးစွန့်​မေတ္တာ တင်ပြတာဟာ စစ်မှန်တဲ့ နောက်လိုက်​တွေရဲ့ အမှတ်အသား​ဖြစ်တယ်လို့ ယေရှု​ပြောခဲ့တယ်။ (ယောဟန် ၁၃:၃၄၊ ၃၅ ကိုဖတ်ပါ။) အဲဒီလို မေတ္တာ​တင်ပြဖို့ ဧသတာ​လို သတ္တိ​မျိုး ရှိဖို့​လိုတယ်။ အဲဒီ​နေ့မှာ ဘုရား​လူမျိုး​ဘက် သူ​ရပ်တည်ခဲ့တာဟာ အစ​ပဲ​ရှိပါ​သေးတယ်။ ဘုရင် မျက်နှာသာ​ပေးနေတဲ့ အကြံပေး​ပုဂ္ဂိုလ် ဟာမန်ဟာ လူ​ယုတ်မာ ဖြစ်တယ်ဆိုတာ ဘုရင်​နား​ဝင်​အောင် ဧသတာ ဘယ်လို ပြော​ရမလဲ။ သူ့ရဲ့​လူမျိုး အသက်​ချမ်းသာရ​အောင် သူ ဘယ်လို ကူညီ​ပေးနိုင်​မလဲ။ ဒီ​မေးခွန်းတွေကို နောက်​အခန်းမှာ သုံးသပ်​ကြမယ်။

^ အပိုဒ်၊ 2 အာရွှေရုဟာ ဘီစီ ငါးရာစု​အစောပိုင်းမှာ ပါရှား​အင်ပါယာ​ကို အုပ်ချုပ်​ခဲ့​တဲ့ ဇားဇိခ် ၁ ဖြစ်နိုင်တယ်လို့ လူအများ ယူမှတ်တယ်။

^ အပိုဒ်၊ 9 အခန်း ၁၆ ပါ “ဧသတာ​ကျမ်းနဲ့ ပတ်သက်တဲ့ မေးခွန်းများ” လေးထောင့်ကွက်​ကို ကြည့်ပါ။

^ အပိုဒ်၊ 18 ဘုရင်​ဟေဇကိ​လက်ထက်မှာ အာမလက်​လူ “အကြွင်းအကျန်” ကို ချေမှုန်း​ပြီးပြီ​ဖြစ်လို့ ဟာမန်ဟာ နောက်ဆုံး​ကျန်ရစ်​တဲ့ အာမလက် လူနည်းစု​ထဲ​က တစ်ယောက်​ဖြစ်နိုင်တယ်။—၁ ရာ. ၄:၄၃

^ အပိုဒ်၊ 19 ဟာမန် ပေးမယ်လို့​ပြောတဲ့ ငွေ​တဲ​လင့် ၁၀,၀​၀​၀ ဟာ ဒီနေ့​ခေတ် ပေါက်​ဈေး​အရ အမေရိကန်​ဒေါ်လာ သန်းပေါင်း​ရာနဲ့ချီ တန်တယ်။ အာရွှေရုဟာ ဇားဇိခ် ၁ ဖြစ်မယ်ဆိုရင် ဟာမန်​ပေးမယ်လို့ ပြောတဲ့​ငွေဟာ သူ့​အတွက် မက်မော​စ​ရာ​ဖြစ်နိုင်တယ်။ အဲဒီအချိန်မှာ ဂရိ​လူတွေနဲ့ စစ်​ဆင်နွှဲ​ဖို့ သူ့​ရည်ရွယ်ချက်​အတွက် ငွေ​အများကြီး လိုအပ်​နေတယ်။ ဒါပေမဲ့လည်း အဲဒီ​စစ်ပွဲမှာ သူ​အကြီးအကျယ် ရှုံးနိမ့်​သွား​ပါတယ်။

^ အပိုဒ်၊ 22 ဇားဇိခ် ၁ ဟာ ဒေါသကြီး​ပြီး စိတ်​အပြောင်းအလဲ​မြန်​သူ ဖြစ်တယ်​ဆိုပြီး နာမည်​ကြီးတယ်။ ဂရိ​နိုင်ငံ​ကို ဇားဇိခ် စစ်တိုက်​ချိန်​နဲ့ ပတ်သက်ပြီး သာဓက​တချို့ကို ဂရိ​သမိုင်း​ပညာရှင် ဟီရိုဒိုးတပ်စ် မှတ်တမ်း​တင်ခဲ့တယ်။ ဟယ်လီစပွန့် ရေလက်ကြား​ကို ဖြတ်ကူး​နိုင်ဖို့ သင်္ဘော​တွေကို တန်းစီ​ပြီး တံတား​ဆောက်လုပ်​ကြ​လို့ ဘုရင်​က အမိန့်​ပေးခဲ့တယ်။ လေမုန်တိုင်း​ကြောင့် အဲဒီ​တံတား ပျက်စီး​သွားတဲ့အခါ တံတား​ဆောက်​တဲ့​သူတွေကို ခေါင်းဖြတ်​သတ်ဖို့ အမိန့်​ပေးခဲ့တယ်။ ပြီးတော့ ကျိန်စာကို အသံ​ကျယ်ကျယ်​နဲ့ ဖတ်ပြ​နေချိန်မှာ ဟယ်လီစပွန့် ရေလက်ကြား​ကို “အပြစ်ပေး” တဲ့​အနေနဲ့ ရေ​ကို ကြာပွတ်​နဲ့ ရိုက်​ခိုင်းတယ်။ အဲဒီ​တိုက်ပွဲ​မှာ​ပဲ သူဌေး​တစ်ယောက်က သူ့​သားကို စစ်တပ်​ထဲ မ​ထည့်​ဖို့ တောင်းပန်တဲ့​အခါ ဇားဇိခ်​က အဲဒီ​လူရဲ့​သားကို ထက်​ပိုင်း​ပိုင်း​ခိုင်း​ပြီး သတိ​ပေးတဲ့​အနေနဲ့ အသေကောင်​ကို ပြသ​ထားတယ်။