မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း​တစ်

“သူ သေသွားပေမဲ့ ယုံကြည်ခြင်းအားဖြင့် အခုထိ ဟောနေတုန်းပဲ”

“သူ သေသွားပေမဲ့ ယုံကြည်ခြင်းအားဖြင့် အခုထိ ဟောနေတုန်းပဲ”

၁။ အာဒံနဲ့ ဧဝတို့ရဲ့ မိသားစု ဧဒင်ဥယျာဉ်​ထဲ ဝင်​လို့​မရအောင် ဘာက တားဆီး​ထားသလဲ။ အာဗေလ အလိုချင်ဆုံး​က ဘာလဲ။

တောင်ကုန်း​ပေါ်မှာ အေးအေးဆေးဆေး မြက်​စား​နေတဲ့ သိုး​တွေကို အာဗေလ လှမ်းကြည့်​နေတယ်။ အဲဒီနောက် သိုးအုပ် အနောက်ဘက် တော်​တော်​လှမ်း​တဲ့ နေရာမှာ​ရှိတဲ့ အရာတစ်ခုဆီ သူ့​အကြည့် ရောက်​သွားတယ်။ အဲဒီ​အရာက​တော့ ခပ်​ရေး​ရေး မြင်​နေရတဲ့ မှိန်​ပျ​ပျ အလင်းရောင်​လေး​ပါပဲ။ အဲဒါက ဧဒင်ဥယျာဉ်​ဆီ သွားတဲ့​လမ်း​ကို ပိတ်​ထားတဲ့ မီး​ဓား​စက်​ဆိုတာ သူ​သိထားတယ်။ မီး​ဓား​စက်​ဆိုတာ မီး​တော​က်​နေပြီး အဆက်မပြတ် လ​ည်​နေတဲ့​ဓား ဖြစ်တယ်။ တစ်ချိန်က သူ့​မိဘတွေ အဲဒီမှာ နေခဲ့​ဖူး​ပေမဲ့ အခုတော့ ဘယ်သူမှ ဝင်ခွင့် မရှိတော့ဘူး။ ညနေခင်း လေ​ပြည်​လေ​ည​င်း တိုက်ခတ်​နေချိန်မှာ ကောင်းကင်ကို အာဗေလ မော့ကြည့်ပြီး ဖန်ဆင်းရှင်​အကြောင်း စဉ်းစား​နေတာကို မြင်ယောင်​ကြည့်ပါ။ ဘုရားနဲ့ လူသားတွေ​စပ်ကြား ပြတ်တောက်​သွားတဲ့ ဆက်ဆံရေးကို ပြန်ကောင်း​လာ​အောင် လုပ်လို့ မရနိုင်​တော့​ဘူး​လား။ အဲဒါကို အာဗေလ အလိုချင်ဆုံး​ပဲ။

၂-၄။ ဒီနေ့​အထိ အာဗေလ ဘယ်လို ဟောပြောနေ​သလဲ။

ဒီနေ့​အထိ အာဗေလ ဟော​နေတုန်းပဲ။ သူ​ဟောပြောတာကို ကြားရ​သလား။ မဖြစ်နိုင်ဘူးလို့ ပြောကောင်း ပြောပါ​လိမ့်မယ်။ မှန်ပါတယ်၊ အာဒံရဲ့ ဒုတိယ​သား​ဖြစ်တဲ့ အာဗေလ သေဆုံး​သွားတာ ကြာ​လှ​ပြီ။ သူ့ရဲ့ ရုပ်ကြွင်း​လ​ည်း ဆွေး​မြ​ည့်​ပျောက်ကွယ်​သွား​ပါပြီ။ သေလွန်သူတွေ​နဲ့ ပတ်သက်ပြီး ကျမ်းစာ ဒီလို​သင်ပေးတယ်– “သေလွန်​သူကတော့ ဘာမှ​မသိ​ဘူး။” (ဒေ. ၉:၅၊ ၁၀) ဒါ့အပြင် ကျမ်းစာထဲမှာ အာဗေလ ပြောခဲ့တဲ့​စကား တစ်ခွန်း​မှ မပါဘူး။ ဒါဆိုရင် ဘယ်လိုနည်းနဲ့ သူ ဟောပြောနေ​သလဲ။

တမန်တော်​ပေါလုဟာ စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ အာဗေလ​အကြောင်း ဒီလို​ပြော​ပြတယ်– “သူ သေသွားပေမဲ့ ယုံကြည်ခြင်း​အားဖြင့် အခုထိ ဟော​နေတုန်းပဲ။” (ဟီဘရူး ၁၁:၄ ကိုဖတ်ပါ။) ဘယ်လိုနည်းနဲ့ အာဗေလ ဟောပြောနေ​သလဲ။ ယုံကြည်ခြင်း​အားဖြင့်​ပါပဲ။ သူဟာ အဲဒီ​အရည်အသွေးကောင်း​ကို မွေးမြူ​ခဲ့​တဲ့ ပထမဆုံး လူသား​ဖြစ်တယ်။ ခိုင်မာတဲ့​ယုံကြည်ခြင်း တင်ပြရာမှာ သူ့ရဲ့​စံနမူနာ အလွန်​ကောင်း​လို့ ဒီနေ့​ထက်​ထိ အတုယူ​စ​ရာ ဖြစ်နေ​ပါတယ်။ အာဗေလ​ရဲ့ ယုံကြည်ခြင်းကို တုပ​ဖို့ ကြိုးစားမယ်​ဆိုရင် သူ့ရဲ့​ဟောပြော​သံ​ကို ကြားရ​သလို​ပါပဲ။

ကျမ်းစာထဲမှာ အာဗေလ​အကြောင်း နည်းနည်း​ပဲ ဖော်ပြ​ထားလို့ သူနဲ့ သူ့ရဲ့​ယုံကြည်ခြင်းက​နေ ဘာတွေ သင်ယူ​နိုင်ပါသလဲ။ ကြည့်ကြစို့။

“လူ့​လောက အစပြုချိန်” မှာ ကြီးပြင်းလာ

၅။ “လူ့​လောက အစပြုချိန်” မှာ အာဗေလ အသက်ရှင်​ခဲ့​တ​ယ်​လို့ ယေရှု​ပြောတဲ့အခါ ဘာကို​ဆိုလိုသလဲ။ (အောက်ခြေမှတ်ချက်​ကိုလည်း ကြည့်ပါ။)

ပထမဆုံး လူသား​မောင်နှံ ဖန်ဆင်း​ခံရပြီး မကြာခင်မှာ အာဗေလ မွေးလာတယ်။ နောက်ပိုင်းမှာ ယေရှု​က “လူ့​လောက အစပြုချိန်” မှာ အာဗေလ အသက်ရှင်​ခဲ့​တ​ယ်​လို့ ပြောခဲ့တယ်။ (လုကာ ၁၁:၅၀၊ ၅၁ ကိုဖတ်ပါ။) ယေရှု အဲဒီလို​ပြောတဲ့အခါ အပြစ်​ကနေ ရွေးနုတ်​ခံရမယ့် လူ့​လောက​ကို ဆိုလို​နေတာ ဖြစ်နိုင်တယ်။ အသက်ရှင်​ခဲ့​သ​မျှ လူသားတွေ​ထဲမှာ အာဗေလဟာ စတုတ္ထမြောက် ဖြစ်ပေမဲ့ အပြစ်​ကနေ ရွေးနုတ်​ခံရမယ့် ပထမဆုံး​လူသား​အဖြစ် သူ့ကို ဘုရားသခင် ရှုမြင်ခဲ့​ပုံ​ရတယ်။ * အာဗေလဟာ အတုယူ​စ​ရာ စံနမူနာ​ကောင်းတဲ့​သူတွေ ကြားမှာ ကြီးပြင်းလာတာ​တော့ မဟုတ်ပါဘူး။

၆။ အာဗေလ​ရဲ့ မိဘတွေဟာ ဘယ်လို​လူစားမျိုး​လဲ။

လူသားတွေ တည်ရှိ​လာတာ မကြာသေး​ပေမဲ့ ဝမ်းနည်းစရာ အခြေအနေတွေကို သူတို့ ရင်ဆိုင်​နေရ​ပါပြီ။ အာဗေလ​ရဲ့ မိဘတွေ​ဖြစ်တဲ့ အာဒံနဲ့ ဧဝဟာ ကျန်းမာသန်စွမ်း​တဲ့ လူသားတွေ ဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ မှား​ခဲ့တာကို သူတို့ ကောင်းကောင်း​သိတယ်။ သူတို့ဟာ တစ်ချိန်က စုံလင်တဲ့​လူသားတွေ​ဖြစ်ပြီး ထာဝစဉ် အသက်ရှင်​မ​ယ့် အလားအလာ ရှိသူတွေ ဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ ယေဟောဝါ​ဘုရားကို ပုန်ကန်​လို့ ဧဒင်ဥယျာဉ်​ကနေ မောင်းထုတ်​ခံ​လိုက်ရတယ်။ အာဒံနဲ့ ဧဝဟာ သားစဉ်မြေးဆက်​တွေရဲ့ လိုအပ်ရာ​နဲ့ တခြား​အရာအားလုံး​ထက် သူတို့ရဲ့​ဆန္ဒ​ကို ဦးစား​ပေးတဲ့​အတွက် စုံလင်ခြင်း​နဲ့ ထာဝရ​အသက်ကိုပါ ဆုံးရှုံး​ခဲ့​ရတယ်။—က. ၂:၁၅–၃:၂၄

၇၊ ၈။ ကာအိန​ကို မွေးဖွား​တဲ့အခါ ဧဝ ဘာ​ပြောခဲ့​သလဲ။ သူ ဘာကို သတိ​ရပြီး ပြောတာ ဖြစ်နိုင်သလဲ။

အာဒံနဲ့ ဧဝဟာ ဥယျာဉ်​အပြင်ဘက်​ကို နှင်ထုတ်​ခံရ​ပြီးနောက် ခက်ခဲ​ကြမ်းတမ်းတဲ့ ဘဝကို ရင်ဆိုင်​ရတော့​တ​ယ်။ ဒါတောင်မှ ကာအိန မွေးလာတဲ့​အခါ “ယေဟောဝါ​ဘုရားရဲ့ အကူအညီ​နဲ့ သားလေး​မွေး​ပြီ” လို့ ဧဝ ပြောခဲ့တယ်။ သူ့​စကား​အရ ဥယျာဉ်​ထဲမှာ ယေဟောဝါ ပေးတဲ့​ကတိ​ကို သူ သတိရ​သွားတာ ဖြစ်နိုင်တယ်။ အဲဒီ​ကတိအတိုင်း​ဆိုရင် အာဒံနဲ့ ဧဝကို လမ်းလွဲ​စေခဲ့တဲ့ ဆိုးညစ်သူ​ကို တစ်နေ့ကျရင် မိန်းမ​ရဲ့ “မျိုးနွယ်” က ဖျက်ဆီး​ပစ်​မှာ ဖြစ်တယ်။ (က. ၃:၁၅။ ၄:၁) အဲဒီ ပရောဖက်ပြုချက်မှာ ပါတဲ့ မိန်းမ​က သူ​ဖြစ်ပြီး “မျိုးနွယ်” က ကာအိန ဖြစ်မယ်လို့​များ ဧဝ ထင်နေ​သလား။

အဲဒီလို ထင်တယ်​ဆိုရင် အမှား​ကြီး မှားသွား​ပါလိမ့်မယ်။ ဒီ့အပြင် အဲဒီလို အတွေးမျိုး ဝင်လာ​အောင် သားကို သင်ပေးခဲ့တယ်​ဆိုရင် ကာအိန မာနကြီး​ခဲ့​မှာ အမှန်​ပဲ။ နောက်ပိုင်းမှာ ဒုတိယ​သားကို ဧဝ ထပ်​မွေးတယ်။ ဒီ​သားကို​တော့ အမွှမ်းတင်​ခဲ့​ပုံ မရဘူး။ ဒီ​ကလေးကို “အသက်ရှူထုတ်​ခြင်း” ဒါမှမဟုတ် “အသုံးမဝင်​ခြင်း” လို့ အဓိပ္ပာယ်​ရှိ​နိုင်တဲ့ အာဗေလ​ဆိုတဲ့​နာမည် ပေးလိုက်​တယ်။ (က. ၄:၂) အဲဒီ​နာမည် ပေးခဲ့တာ​က အာဗေလ​ကို ကာအိန​လောက် မမျှော်လင့်​ဘူးဆိုတဲ့ သဘော​လား။ သေသေချာချာ​တော့ မသိနိုင်​ပါဘူး။

၉။ ဒီနေ့​ခေတ် မိဘတွေ အာဒံနဲ့ ဧဝ​ဆီကနေ ဘာတွေ သင်ယူ​နိုင်သလဲ။

ဒီနေ့​ခေတ် မိဘတွေ အာဒံနဲ့ ဧဝ​ဆီကနေ သင်ယူစရာ အများကြီး ရှိပါတယ်။ ကိုယ့်ရဲ့ အပြောအဆို၊ အ​ပြု​အမူ​အားဖြင့် ကလေးတွေကို မာနကြီး​အောင်၊ ရည်မှန်းချက်​ကြီး​အောင်၊ တစ်ကိုယ်ကောင်းဆန်​အောင် သင်ပေး​မလား။ ဒါမှမဟုတ် ယေဟောဝါ​ဘုရားကို ချစ်​ဖို့၊ ဘုရားရဲ့​မိတ်ဆွေ​ဖြစ်ဖို့ သင်ပေး​မလား။ ဝမ်းနည်းစရာက အာဒံနဲ့ ဧဝတို့ တာဝန် ပျက်ကွက်​ခဲ့​ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ သားစဉ်မြေးဆက် အတွက်တော့ မျှော်လင့်ချက်​ရှိပါတယ်။

ယုံကြည်ခြင်းကို အာဗေလ ပျိုးထောင်ခဲ့​ပုံ

၁၀၊ ၁၁။ ကာအိန​နဲ့ အာဗေလ​တို့ ဘာ​အလုပ် လုပ်ခဲ့ကြသလဲ။ ဘယ်အရည်အသွေးကို အာဗေလ ပျိုးထောင်ခဲ့​သလဲ။

၁၀ အာဒံဟာ သား​နှစ်ယောက် ကြီးပြင်းလာတဲ့​အခါ မိသားစုကို ထောက်ပံ့ဖို့ အလုပ် သင်ပေးခဲ့​မှာ သေချာတယ်။ ကာအိန​က လယ်​လုပ်ပြီး အာဗေလ​က သိုးထိန်း​တ​ယ်။

၁၁ ဒါပေမဲ့ အာဗေလဟာ သိုးထိန်း​တာ​ထက် ပို​အရေးကြီးတဲ့ အလုပ်​တစ်ခုကို လုပ်​သေးတယ်။ နှစ်တွေ​တစ်လျှောက် သူ့​ယုံကြည်ခြင်းကို တဖြည်းဖြည်း ပြုစု​ပျိုးထောင်ခဲ့​တ​ယ်။ နောက်ပိုင်းမှာ ချီးကျူး​စ​ရာ​ကောင်းတဲ့ ဒီ​အရည်အသွေး​အကြောင်း ပေါလု ရေးခဲ့တယ်။ စဉ်းစား​ကြည့်ပါ။ အာဗေလ​မှာ အတုယူ​စ​ရာ ပုံသက်သေ​ကောင်းတဲ့​လူ တစ်ယောက်မှ မရှိဘူး။ ဒါဆိုရင် ယေဟောဝါ​ဘုရားကို သူ​ဘယ်လိုလုပ်ပြီး ယုံကြည်​လာသလဲ။ ခိုင်ခံ့တဲ့ ယုံကြည်ခြင်း ရှိလာဖို့ သူ့ကို ကူညီ​ပေးခဲ့တဲ့​အရာ သုံးခုကို သုံးသပ်​ကြည့်ကြစို့။

၁၂၊ ၁၃။ ယေဟောဝါ​ဘုရားရဲ့ ဖန်ဆင်းခြင်း လက်ရာ​တွေကို ကြည့်ပြီး အာဗေလ​ရဲ့ ယုံကြည်ခြင်း ဘယ်လို တိုးများလာ​သလဲ။

၁၂ ယေဟောဝါ​ဘုရားရဲ့ ဖန်ဆင်းခြင်း​လက်ရာ။ ယေဟောဝါ​ဘုရားက မြေကြီးကို​ကျိန်​ပြီး စိုက်ပျိုး​ဖို့ ခက်​အောင် ဆူးပင်တွေ၊ ချုံပင်​တွေ ပေါက်​စေ​တာ မှန်ပါတယ်။ ဒါပေမဲ့ အာဗေလ​တို့ မိသားစု ဆ​က်​အသက်ရှင်​နိုင်ဖို့ မြေကြီး​ကနေ ထွက်​တဲ့ စားစရာတွေ အလျှံပယ် ရရှိခဲ့တယ်။ ငှက်တွေ၊ ငါး​တွေ အပါအဝင် တခြား​တိရစ္ဆာန်တွေ၊ တောတောင်​တွေ၊ ရေကန်​တွေ၊ မြစ်တွေ၊ ပင်လယ်​တွေ၊ တိမ်​တွေ​နဲ့ ကောင်းကင်၊ နေ၊ လ ကြယ်​တို့ကို​တော့ မ​ကျိန်​ခဲ့​ပါဘူး။ ဒါကြောင့် အာဗေလ ဘယ်​ကိုပဲ​ကြည့်​ကြည့် အရာခပ်သိမ်း​ကို ဖန်ဆင်းတဲ့အရှင် ယေဟောဝါ​ဘုရားရဲ့ မေတ္တာ၊ ဉာဏ်ပညာနဲ့ ကောင်းမြတ်ခြင်း​တို့ကို တွေ့မြင်​နေ​ရတယ်။ (ရောမ ၁:၂၀ ကိုဖတ်ပါ။) အဲဒီ ဖန်ဆင်းခြင်း လက်ရာ​တွေ​နဲ့ ဘုရားသခင်ရဲ့ အရည်အသွေးတွေကို အာဗေလ တွေးတော​ဆင်ခြင်​လေ သူ့ရဲ့​ယုံကြည်ခြင်း ပိုပြီး​ခိုင်မာ​လေ​ပဲ​ဆိုတာ သေချာ​ပါတယ်။

ဖန်ဆင်းခြင်း​လက်ရာ​တွေကို ကြည့်ပြီး မေတ္တာ​ပြည့်ဝတဲ့ ဖန်ဆင်းရှင်ကို အာဗေလ​ပို​ယုံကြည်​လာ

၁၃ အာဗေလဟာ ယေဟောဝါ​ဘုရား​အကြောင်း စဉ်းစားဖို့ အချိန်​ယူ​ခဲ့​မှာ​ပဲ။ သူ သိုးထိန်း​နေတာကို မြင်ယောင်​ကြည့်ပါ။ သိုးထိန်း​ဟာ လမ်း​အများကြီး လျှောက်​ရတယ်။ အားနည်း​တဲ့ ဒီသိုးလေးတွေကို အ​စိမ်းလန်း​ဆုံး မြက်ခင်း​တွေ၊ ရေ​ပေါတဲ့ စမ်း​ချောင်း​တွေ၊ အရိပ်​အကောင်းဆုံး နေရာ​တွေ​ဆီ ပို့ဆောင်ပေး​ဖို့ တောင်ကုန်း​တွေ၊ ချိုင့်ဝှမ်း​တွေ၊ စမ်း​ချောင်း​တွေကို ဖြတ်ကျော်​ရတယ်။ ဘုရား​ဖန်ဆင်း​ထားတဲ့ တိရစ္ဆာန်တွေ​ထဲမှာ သိုး​တွေဟာ ကိုယ့်ဘာသာကိုယ် ရပ်တည်​နိုင်စွမ်း မရှိဘဲ လူတွေရဲ့ ထိန်းကျောင်း​ကာကွယ်မှု လိုအပ်တဲ့ တိရစ္ဆာန်တွေ ဖြစ်ပုံရ​တ​ယ်။ ဒါကို​ကြည့်ပြီး အာဗေလလည်း လူသားတွေ​ထက် ပို​အသိဉာဏ်​ရှိ၊ ပို​တန်ခိုး​ကြီးတဲ့ ဘုရားသခင်​ဆီကနေ လမ်းညွှန်မှု၊ ကာကွယ်မှု​နဲ့ ဂရုစိုက်မှု​တို့ လိုအပ်တယ်​ဆိုတာကို သဘောပေါက်​ခဲ့​ပါသလား။ အဲဒီလို အတွေးမျိုး​ကို သူ အကြိမ်ကြိမ် ဆုတောင်း ဖော်ပြခဲ့​မှာ​ပဲ။ ဒီလို​နည်းနဲ့ သူ့ရဲ့ ယုံကြည်ခြင်း တိုးများ​သည်ထက် တိုးများလာ​မှာ သေချာတယ်။

၁၄၊ ၁၅။ ယေဟောဝါ​ဘုရားရဲ့ ကတိ​တွေ​က အာဗေလ​အတွက် ဘာကြောင့် စဉ်းစားစရာတွေ ဖြစ်စေ​သလဲ။

၁၄ ယေဟောဝါ​ဘုရားရဲ့ ကတိတော်​များ။ ဧဒင်ဥယျာဉ်​ကနေ နှင်ထုတ်​ခံရတဲ့ အဖြစ်အပျက်​တွေ​အကြောင်း သားတွေကို အာဒံနဲ့ ဧဝ ပြောပြခဲ့မှာ​ပဲ။ ဒါကြောင့် အာဗေလ​မှာ စဉ်းစားစရာ အများကြီး​ရှိမယ်။

၁၅ မြေကြီးဟာ ကျိန်ခြင်းခံရ​လိမ့်မယ်လို့ ယေဟောဝါ​ဘုရား မိန့်ဆိုခဲ့တယ်။ မြေပေါ်မှာ ပေါက်​နေတဲ့ ဆူးပင်၊ ချုံပင်​တွေကို ကြည့်ပြီး အဲဒီ​စကား ပြည့်စုံမှန်း အာဗေလ ရှင်းရှင်းလင်းလင်း သိမြင်​နိုင်တယ်။ ဧဝဟာ သားဖွားခြင်း​ဝေဒနာ​ကို ခံရမယ်လို့​လ​ည်း ယေဟောဝါ​ဘုရား ကြိုဟောခဲ့တယ်။ အာဗေလ​ရဲ့ မောင်နှမ​တွေကို မွေးတဲ့​အခါ ဘုရား​စကား မှန်တယ်​ဆိုတာ သူ ထပ်​သိလာ​ရတယ်။ ဧဝဟာ ခင်ပွန်းသည်ရဲ့ မေတ္တာနဲ့ ဂရုစိုက်မှုကို အလွန်အမင်း တောင့်တ​မှာ​ဖြစ်ပြီး အာဒံ​က​လ​ည်း ဧဝကို ကြီးစိုးခြယ်လှယ်​မ​ယ် ဆိုတာကို ယေဟောဝါ​ဘုရား ကြို​မြင်တယ်။ မိဘ​နှစ်ပါး အဲဒီအတိုင်း ဖြစ်နေတာကို အာဗေလ တွေ့မြင်ရတယ်။ ဘယ်​ကိစ္စမှာ​မဆို ယေဟောဝါရဲ့​စကားကို လုံးလုံး ယုံကြည်​စိတ်ချ​နိုင်တယ်ဆိုတာ သူသိ​မြင်ခဲ့တယ်။ ဒါကြောင့် ဧဒင်မှာ အစပြုခဲ့တဲ့ ပြဿနာကို ဖြေရှင်း​ပေးမယ့် “မျိုးနွယ်” ပေါ်ထွန်း​လာမယ်​ဆိုတဲ့ ဘုရားသခင်ရဲ့ ကတိတော်ကို အာဗေလ အခိုင်အမာ ယုံကြည်တာ ဖြစ်တယ်။—က. ၃:၁၅-၁၉

၁၆၊ ၁၇။ ယေဟောဝါရဲ့ ခေရုဗိမ်​တွေ​ဆီကနေ အာဗေလ ဘာ​သင်ယူ​နိုင်​ခဲ့​ပုံ ရသလဲ။

၁၆ ယေဟောဝါ​ဘုရားရဲ့ အမှုဆောင်​များ။ မိသားစု​ထဲမှာ ပုံသက်သေ​ကောင်းတဲ့​သူ တစ်ယောက်မှ အာဗေလ မ​တွေ့ခဲ့​ဘူး။ ဒါပေမဲ့ အဲဒီ​အချိန်တုန်းက ကမ္ဘာပေါ်မှာ အသိဉာဏ်​ရှိတဲ့ သက်ရှိ​ဆိုတာ လူသားတွေ​ပဲ မဟုတ်ဘူး။ အာဒံနဲ့ ဧဝကို ဥယျာဉ်​ထဲ​ကနေ မောင်းထုတ်​ပြီးနောက် သူတို့​ရော၊ သူတို့ရဲ့ မျိုးနွယ်​ပါ ဧဒင်ဥယျာဉ်​ထဲ ဝင်​လို့​မရအောင် ယေဟောဝါ​ဘုရား လုပ်ခဲ့တယ်။ ဥယျာဉ်​အဝင်​လမ်း​ကို စောင့်ကြပ်​ဖို့ အဆက်မပြတ် လ​ည်​နေတဲ့ မီး​ဓား​စက်​နဲ့ ခေရုဗိမ်​လို့​ခေါ်တဲ့ ကောင်းကင်တမန်တွေကို တာဝန်​ပေးထားတယ်။ကမ္ဘာဦး ၃:၂၄ ကိုဖတ်ပါ။

၁၇ အာဗေလ ငယ်ငယ်တုန်းက အဲဒီ​ခေရုဗိမ်​တွေကို မြင်တဲ့အခါ ဘယ်လို နေ​မလဲ​ဆိုတာ မြင်ယောင်​ကြည့်ပါ။ လူ​ပုံသဏ္ဌာန်​ယူ​ထားတဲ့ ကောင်းကင်တမန်တွေရဲ့ တန်ခိုးကြီး​မား​မှု​ကို အာဗေလ တွေ့မြင်ရ​မှာ​ဖြစ်တယ်။ အမြဲ​မီး​တော​က်​နေတဲ့ “ဓား” ဟာ​လ​ည်း သူ့​အတွက် အံ့ဩစရာ​ဖြစ်မှာ​ပဲ။ အာဗေလ ကြီးပြင်းလာတဲ့​အခါ အဲဒီ​ကောင်းကင်တမန်တွေ ငြီးငွေ့​လာပြီး သူတို့​စောင့်ကြပ်​နေတဲ့ နေရာ​ကနေ ထွက်သွား​တာ​ကို သူ​တွေ့ဖူး​ပါသလား။ မတွေ့ဖူး​ပါဘူး။ အစွမ်း​ခွန်အား​ရှိပြီး အသိဉာဏ်​မြင့်မားတဲ့ အဲဒီ​ကောင်းကင်တမန်တွေဟာ စောင့်ကြပ်​ရတဲ့ နေရာ​ကနေ တစ်​ဖဝါး​မှ မခွာ​ဘဲ ရှိနေကြတယ်။ ဒါကြောင့် ယေဟောဝါ​ဘုရားမှာ ဖြောင့်မတ်​ပြီး တည်ကြည်​တဲ့ အမှုဆောင်​တွေ​ရှိတယ်ဆိုတာ အာဗေလ သိခဲ့တယ်။ ယေဟောဝါ​ဘုရား​အပေါ် သစ္စာစောင့်သိမှု​နဲ့ နာခံမှု​ကို မိသားစုမှာ မ​တွေ့ရ​ပေမဲ့ အဲဒီ​ခေရုဗိမ်​တွေ​ဆီမှာ သူ​တွေ့မြင်ခဲ့​ရတယ်။ အဲဒီ​ကောင်းကင်တမန်တွေရဲ့ စံနမူနာ​က သူ့ရဲ့ ယုံကြည်ခြင်းကို သေချာပေါက် ခိုင်ခံ့​စေခဲ့မှာပဲ။

ခေရုဗိမ်​တွေဟာ ယေဟောဝါ​ဘုရား​အပေါ် သစ္စာ​ရှိပြီး နာခံတဲ့ အမှုဆောင်​တွေ​ဖြစ်ကြောင်း အာဗေလ​ရဲ့​အသက်တာ တစ်လျှောက် တွေ့မြင်ခဲ့

၁၈။ အခု​အချိန်မှာ ယုံကြည်ခြင်း ခိုင်ခံ့​စေဖို့ ကူညီ​ပေးတဲ့ ဘယ်​အရာတွေ ရှိသလဲ။

၁၈ ယေဟောဝါ​ဘုရားရဲ့ ဖန်ဆင်းခြင်း​လက်ရာ​တွေ၊ ကတိ​တွေ​အပါအဝင် ကိုယ်တော့်​အမှုတော်ကို ဆောင်ရွက်​နေကြ​တဲ့ ကောင်းကင်တမန်တွေရဲ့ စံနမူနာ​တွေကို တွေးတော​ဆင်ခြင်​တာ​က အာဗေလ​ရဲ့ ယုံကြည်ခြင်းကို ပို​ခိုင်ခံ့​လာ​စေ​ပါတယ်။ သူ့ရဲ့ စံနမူနာ​ကနေ သင်ယူစရာ အများကြီး​ရှိပါတယ်။ အထူးသဖြင့် လူငယ်တွေဟာ မိသားစု​ထဲမှာ အတုယူ​စ​ရာ စံနမူနာ​ကောင်း မရှိရင်တောင် ယေဟောဝါ​ဘုရား​အပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်း​ရှိဖို့ လုပ်ဆောင်​နိုင်ကြောင်း သင်ယူ​နိုင်ပါတယ်။ ပတ်ဝန်းကျင်မှာ​ရှိတဲ့ အံ့ဖွယ်​ဖန်ဆင်းရာတွေ၊ သမ္မာကျမ်းစာ​နဲ့ ယုံကြည်ခြင်း စံနမူနာရှင်တွေ အများကြီး​ရှိတဲ့​အတွက် အခု​အချိန်မှာ ခိုင်ခံ့တဲ့ ယုံကြည်ခြင်း​ရှိဖို့ ကူညီ​ပေးတဲ့​အရာတွေ အလျှံပယ် ရှိတယ်။

အာဗေလ​ရဲ့ ပူဇော်သက္ကာ သာလွန် ကောင်းမြတ်​ရတဲ့​အကြောင်း

၁၉။ ဘယ်​အရေးကြီးတဲ့ အမှန်တရားကို အာဗေလ သဘောပေါက်​လာသလဲ။

၁၉ ယေဟောဝါ​ဘုရား​အပေါ် ထားရှိတဲ့ အာဗေလ​ရဲ့ ယုံကြည်ခြင်း ခိုင်ခံ့​လာ​လေ ယုံကြည်ခြင်းကို လုပ်ရပ်​နဲ့ တင်ပြ​ချင်စိတ် ပြင်းပြ​လာ​လေ​ပဲ။ ဒါပေမဲ့ စကြဝဠာ ဖန်ဆင်းရှင်ကို သာမန်​လူတစ်ယောက်က ဘာ​ပေးနိုင်​မှာ​လဲ။ ဘုရားသခင်ဟာ လူသားတွေ​ဆီကနေ ဘာ​လက်ဆောင်၊ ဘာအကူအညီ​မှ မလို​အပ်​ပါဘူး။ ဒါပေမဲ့ ကိုယ့်မှာ​ရှိတဲ့ အကောင်းဆုံး​အရာကို စိတ်ရင်းမှန်နဲ့​ပေးရင် မေတ္တာရှင်​ဖခင်ရဲ့ နှစ်သက်မှု​ရမယ်ဆိုတဲ့ အရေးကြီးတဲ့ အမှန်တရားကို အာဗေလ သဘောပေါက်​လာတယ်။

အာဗေလ​က ကာအိန​လို မဟုတ်ဘဲ ယုံကြည်ခြင်းနဲ့ ပူဇော်​ခဲ့

၂၀၊ ၂၁။ ကာအိန​နဲ့ အာဗေလ​တို့ဟာ ယေဟောဝါ​ဘုရားကို ဘာတွေ ပူဇော်ကြ​သလဲ။ ဘုရားသခင် ဘယ်လို​တုံ့ပြန်​သလဲ။

၂၀ ဒါနဲ့ အာဗေလဟာ သူ့ရဲ့​သိုးအုပ်​ထဲ​က သိုး​တချို့ကို ပူဇော်​ဖို့ ပြင်ဆင်​တော့​တ​ယ်။ သိုးအုပ်​ထဲ​က အရင်ဆုံး​ပေါက်​တဲ့ အကောင်းဆုံး​သိုး​တချို့ကို ရွေးထုတ်​လိုက်တယ်။ သူ့ရဲ့ ပူဇော်သက္ကာ​ထဲမှာ အဲဒီ​သိုး​တွေရဲ့ အကောင်းဆုံး​အပိုင်း​လို့ ယူဆ​တဲ့​အပိုင်း​တွေ​လ​ည်း ပါတယ်။ တစ်ချိန်တည်းမှာ ကာအိန​က​လ​ည်း ဘုရားသခင်ရဲ့ မျက်နှာသာ​နဲ့ ကောင်းချီး ရ​ချင်​လို့ သူ့ခြံထွက် အသီးအနှံ​တွေ​ထဲ​က ပူဇော်​စ​ရာ​ကို ပြင်ဆင်​တ​ယ်။ ဒါပေမဲ့ သူ့​စိတ်ရင်း​က အာဗေလ​လို မဟုတ်ဘူး။ အလှူ​တွေကို သူတို့ ဆက်သ​တဲ့အခါ ကွာခြား​ကြောင်း ထင်ရှား​လာတယ်။

၂၁ အာဒံရဲ့​သား နှစ်ယောက်စလုံးဟာ ပူဇော်ရာ​ပလ္လင်​တွေ​နဲ့ မီးကို အသုံးပြုပြီး သူတို့ရဲ့ အလှူ​တွေကို ဆက်သ​ခဲ့​ပုံ​ရတယ်။ အဲဒီ​အချိန်​က မြေကြီး​ပေါ်မှာ ယေဟောဝါရဲ့ သက်ရှိ​ကိုယ်စားလှယ်​ဆိုလို့ ခေရုဗိမ်​တွေ​ပဲ​ရှိ​တော့ သူတို့ရဲ့​မြင်ကွင်း​မှာ ဆက်သခဲ့တယ်။ ယေဟောဝါရဲ့ တုံ့ပြန်ပုံကို ဒီလို​ဖတ်​ရတယ်– “ယေဟောဝါ​က အာဗေလ​နဲ့ သူ​ပူဇော်​တဲ့ အလှူ​ကို နှစ်သက်” တ​ယ်။ (က. ၄:၄) ဘုရားသခင်​နှစ်သက်​ကြောင်း ဘယ်လို​ပြသ​တ​ယ် ဆိုတာကို​တော့ ကျမ်းစာမှာ မဖော်ပြထားဘူး။

၂၂၊ ၂၃။ အာဗေလ ပူဇော်​တဲ့​အလှူ​ကို ယေဟောဝါ​ဘုရား ဘာကြောင့် နှစ်သက်တာ​လဲ။

၂၂ အာဗေလ​ရဲ့ အလှူ​ကို ဘုရားသခင် ဘာကြောင့် နှစ်သက်တာ​လဲ။ အလှူ​ပစ္စည်း​ကို နှစ်သက်တာ​လား။ အာဗေလဟာ သက်ရှိ​တိရစ္ဆာန်​ကို ပူဇော်ပြီး တိရစ္ဆာန် အသွေးကို သွန်းလောင်း​ခဲ့​တ​ယ်။ အဲဒီ​ပူဇော်​သကာ​ဟာ ဘယ်လောက် တန်ဖိုးရှိ​မှန်း သူ သိရဲ့လား။ အာဗေလ သေပြီး ရာစုနှစ်ချီ​ကြာပြီးနောက် ဘုရားသခင်ဟာ အပြစ်​အနာအဆာ​ကင်းတဲ့ သိုးသငယ်​ကို ပူဇော်ရာယဇ်​အဖြစ် ပူဇော်​ဖို့ မိန့်မှာ​ခဲ့​ပါတယ်။ အဲဒီ​ပူဇော်ရာယဇ်​က “ဘုရားသခင်၏ သိုးသငယ်” ဖြစ်တဲ့ စုံလင်တဲ့ သားတော်ရဲ့ ပူဇော်သက္ကာ​ကို ကိုယ်စားပြု​တ​ယ်။ (ယော. ၁:၂၉။ ထွ. ၁၂:၅-၇) အဲဒါကို အာဗေလ သိခဲ့မှာ မဟုတ်ဘူး။

၂၃ သေချာ​တာ​ကတော့ အာဗေလဟာ သူ့မှာ​ရှိတဲ့ အကောင်းဆုံး​ကို ပူဇော်​ခဲ့​တ​ယ်။ အဲဒါကြောင့် ယေဟောဝါ​ဘုရားဟာ သူ့ကို​ရော၊ သူ့ရဲ့ ပူဇော်သက္ကာ​ကို​ပါ နှစ်သက်​ခဲ့​တ​ယ်။ အာဗေလ​ဟာ ယေဟောဝါ​ဘုရားကို ချစ်မြတ်နိုးပြီး တကယ်​ယုံကြည်လို့ ပူဇော်​ခဲ့​တာ ဖြစ်တယ်။

၂၄။ (က) ကာအိန​ရဲ့ အလှူ​က အပြစ်​အနာအဆာ​ရှိလို့ မဟုတ်မှန်း ဘာကြောင့်​ ပြောနိုင်သလဲ။ (ခ) ကာအိနဟာ ဒီနေ့​ခေတ် လူအများစု​နဲ့ ဘယ်လို​တူသလဲ။

၂၄ ကာအိန​ကိစ္စမှာ​တော့ အဲဒီလို မဟုတ်ဘူး။ ယေဟောဝါ​ဘုရားက “ကာအိန​နဲ့ သူ​ပူဇော်​တဲ့ အလှူ​ကို​တော့ မနှစ်သက်ဘူး။” (က. ၄:၅) ကာအိန​ရဲ့ အလှူ​က အပြစ်​အနာအဆာ​ရှိလို့ မဟုတ်ပါဘူး။ နောက်ပိုင်းမှာ ဘုရားသခင့်​ပညတ်​က မြေ​ထွက်​သီးနှံ​တွေကို ပူဇော်​ဖို့ ခွင့်ပြု​ခဲ့​တာ​ပဲ။ (ဝတ်. ၆:၁၄၊ ၁၅) ကာအိန​ရဲ့ “အကျင့်​က ဆိုးညစ်” တ​ယ်​လို့ ကျမ်းစာမှာ ပြောတယ်။ (၁ ယောဟန် ၃:၁၂ ကိုဖတ်ပါ။) ဒီနေ့​ခေတ် လူအများစု​လို​ပဲ ဘုရားသခင်ကို အပေါ်ယံ ဆည်းကပ်​ဝတ်ပြု​ရုံ​နဲ့ လုံလောက်​ပြီလို့ ကာအိန ယူဆ​ခဲ့​ပုံ​ရတယ်။ ယေဟောဝါ​ဘုရား​အပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်း​မေတ္တာ မရှိမှန်း သူ့​လုပ်ရပ်တွေ​က ဖော်ပြတယ်။

၂၅၊ ၂၆။ ယေဟောဝါ​ဘုရားက ကာအိန​ကို ဘယ်လို​သတိပေး​သလဲ။ ဒါပေမဲ့ ကာအိန ဘာလုပ်ခဲ့သလဲ။

၂၅ ယေဟောဝါ​ဘုရားရဲ့ နှစ်သက်​လက်ခံမှုကို မရဘူး​ဆိုတာ ကာအိန သိလာတဲ့​အခါ အာဗေလ​ရဲ့ စံနမူနာကို သင်ယူဖို့ ကြိုးစား​ခဲ့​သလား။ မကြိုးစား​တဲ့​အပြင် ဒေါသ​ထွက်ပြီး သူ့​ညီ​ကို မုန်းတီး​လာတယ်။ ကာအိန စိတ်ထဲမှာ ဘာတွေ​ဖြစ်နေတယ်​ဆိုတာ ယေဟောဝါ​ဘုရား သိတဲ့​အတွက် စိတ်ရှည်ရှည်​နဲ့ သူ့ကို ဖျောင်းဖျတယ်။ ကာအိန​ရဲ့​လုပ်ရပ်​က ကြီးလေး​တဲ့​အပြစ် လုပ်ဖို့ တာ​စူ​နေတယ်လို့ ဘုရားသခင် သတိ​ပေးတယ်။ ကာအိန​သာ သူ့ရဲ့ လမ်းစဉ်​ကို ပြောင်းလဲ​မ​ယ်​ဆိုရင် “မျက်နှာသာ​ပြန်​ရ” မယ်လို့လည်း ပြောတယ်။—က. ၄:၆၊ ၇

၂၆ ဘုရားသခင်ရဲ့ သတိပေး​ချက်​ကို ကာအိန ဂရုမစိုက်​ခဲ့​ဘူး။ သူ့ကို ယုံကြည်​စိတ်ချ​တဲ့ ညီအာဗေလ​ကို လယ်ထဲ သွား​ရအောင်​လို့ ခေါ်ပြီး သတ်ပစ်​လိုက်တယ်။ (က. ၄:၈) ဒီ​နည်းနဲ့ အာဗေလဟာ ဘာသာရေး​ယုံကြည်ချက်​ကြောင့် ညှဉ်းပန်း​နှိပ်စက်​ခံရတဲ့ ဦးဆုံး​ပုဂ္ဂိုလ် ဖြစ်လာတယ်။ သူ​သေ​ဆုံးသွား​ပေမဲ့ ယေဟောဝါ​ဘုရား သူ့ကို မမေ့​ပါဘူး။

၂၇။ (က) အာဗေလ ပြန်​အသက်ရှင်​လာမယ်​ဆိုတာ ဘာကြောင့် ယုံကြည်​စိတ်ချ​နိုင်သလဲ။ (ခ) ဘာလုပ်​ရင် အာဗေလ​ကို တွေ့​ဖို့ သေချာ​သလဲ။

၂၇ ပုံဆောင်​သဘော​အရ အာဗေလ​ရဲ့​အသွေး​က လက်စားချေ​ပေးဖို့ ဒါမှမဟုတ် တရား​မျှတ​စွာ စီရင်​ပေးဖို့ ယေဟောဝါ​ဘုရားကို အော်ဟစ်​နေတယ်။ ဘုရားသခင်က ဆိုးညစ်​တဲ့ ကာအိန​ကို အပြစ်ပေး​ပြီး တရား​သဖြင့် စီရင်​ခဲ့​တ​ယ်။ (က. ၄:၉-၁၂) အရေးကြီးတာက​တော့ အာဗေလဟာ သူ့ရဲ့ ယုံကြည်ခြင်း မှတ်တမ်း​အားဖြင့် ဒီနေ့​အထိ ကျွန်တော်တို့ကို ဟောပြောနေ​တုန်း​ပါပဲ။ သူဟာ ရာစုနှစ်​တစ်ခုလောက်​ပဲ အသက်ရှင်​ခဲ့လို့ အဲဒီခေတ်​က လူတွေနဲ့ နှိုင်း​ရင် သက်တမ်း​တို​တ​ယ်။ ဒါပေမဲ့ ဘုရားသခင်ရှေ့ တန်ဖိုးရှိ​သူ​အဖြစ် အသက်ရှင်​ခဲ့​တ​ယ်။ သူဟာ ကောင်းကင်ဖခင် ယေဟောဝါရဲ့ မေတ္တာနဲ့ မျက်နှာသာ ရရှိတယ်​ဆိုတာကို သိ​ပြီး သေဆုံးသွားတယ်။ (ဟီ. ၁၁:၄) အဲဒါကြောင့် သူဟာ ယေဟောဝါ​ဘုရားရဲ့ အကန့်အသတ်မဲ့ မှတ်ဉာဏ်​ထဲမှာ လုံလုံခြုံခြုံ ရှိနေတာ သေချာတယ်။ သာယာ​လှပတဲ့ ပရဒိသု​ကမ္ဘာမြေမှာ သူ​ပြန်ရှင်​လာမယ်​ဆိုတာ ယုံကြည်​စိတ်ချ​နိုင်ပါတယ်။ (ယော. ၅:၂၈၊ ၂၉) အဲဒီမှာ သူ့ကို သင် တွေ့ရ​မလား။ အာဗေလ ဟောပြောတာကို နားထောင်ပြီး သူ့ရဲ့ ထူးခြားတဲ့ ယုံကြည်ခြင်းကို တုပ​ဖို့ ဆုံးဖြတ်​ထားရင် သူ့ကို တွေ့ရ​ပါလိမ့်မယ်။

^ အပိုဒ်၊ 5 “လူ့​လောက အစပြုချိန်” ဆိုတဲ့ အသုံးအနှုန်း​က မွေးဖွားချိန်​ဆိုတဲ့ အဓိပ္ပာယ်လည်း ရှိတဲ့​အတွက် အစောဆုံး မွေးလာ​တဲ့ လူသား​နဲ့ ဆက်နွှယ်​နေ​ပါတယ်။ ဒါပေမဲ့ ယေရှု​က ဘာကြောင့် ပထမဆုံး မွေးဖွား​လာတဲ့ ကာအိန​ကို မဟုတ်ဘဲ အာဗေလ​ကို “လူ့​လောက အစပြုချိန်” နဲ့ ဆက်စပ် ပြောဆို​ခဲ့​တာလဲ။ ကာအိန​ရဲ့ ဆုံးဖြတ်ချက်တွေ​နဲ့ လုပ်ရပ်တွေ​က ယေဟောဝါ​ဘုရားကို တမင်တကာ ပုန်ကန်တဲ့​သဘော ရှိတယ်။ ကာအိနဟာ သူ့ရဲ့​မိဘတွေ​လို​ပဲ အသက်ပြန်ရှင်​ခွင့်နဲ့ အပြစ်​ကနေ ရွေးနုတ်​ခံရ​ခွင့် မရှိတော့ဘူး​လို့ ကောက်ချက်​ချတာ ကျိုးကြောင်း​ညီညွတ်​ပါတယ်။