မာကု ၁:၁-၄၅

  • နှစ်ခြင်း​ပေး​သူ ယောဟန် ဟော​ပြော (၁-၈)

  • ယေရှု နှစ်ခြင်း​ခံ (၉-၁၁)

  • ယေရှု​ကို စာ​တန် သွေး​ဆောင် (၁၂၊ ၁၃)

  • ဂါ​လိ​လဲ​ပြည်​မှာ ယေရှု စတင်​ဟော​ပြော (၁၄၊ ၁၅)

  • တ​ပည့်တွေ​ကို စတင်​ဖိတ်​ခေါ် (၁၆-၂၀)

  • နတ်​ဆိုး​ကို နှင်​ထုတ် (၂၁-၂၈)

  • က​ပေရ​နောင်​မြို့​မှာ လူ​များ​စွာ​ကို​ယေရှု​ကုသ (၂၉-၃၄)

  • လူ​သူ​ကင်း​ဝေး​တဲ့ နေ​ရာ​မှာ ဆုတောင်း (၃၅-၃၉)

  • အနာ​ကြီး​ရော​ဂါသ​ည်​ကို ကု​သ (၄၀-၄၅)

 ဘုရား​သခင်​ရဲ့​သား ယေရှု​ခ​ရစ်​အကြောင်း သတင်း​ကောင်း​အစ​က​တော့– ၂  ပရော​ဖက် ဟေရှာယ​က “(ငါ့​စေ​တ​မန်​ကို မင်း​ရှေ့​မှာ စေ​လွှတ်​မယ်။ သူ​က မင်း​သွား​မယ့်​လမ်း​ကို ရှေ့​က​နေ အသင့်​ပြင်​ပေး​မယ်။)+ ၃  ‘ယေဟောဝါ* ဘု​ရားရဲ့​လမ်း​ကို အသင့်​ပြင်​ကြ။ လမ်း​တွေ ဖြောင့်​ဖြူး​အောင် လုပ်​ကြ’ ဆို​ပြီး တော​ထဲ​မှာ လူ​တစ်​ယောက် ကြွေး​ကြော်​နေ​တယ်”+ လို့ရေးခဲ့​တယ်။ ၄  နှစ်ခြင်း​ပေး​သူ ယောဟန်​က နောင်​တ​ရ​တဲ့ အထိမ်း​အမှတ်​အဖြစ် နှစ်ခြင်း​ခံ​ကြ​ပါ၊ ဒါ​မှ အပြစ်​ခွင့်​လွှတ်​ခံ​ရ​မယ်​ဆို​ပြီး လူ​တွေ​ကို တော​ထဲ​မှာ ဟော​ပြော​နေ​တယ်။+ ၅  ယုဒ​နယ်​တစ်​ဝန်း​လုံး​မှာ​ရှိတဲ့ လူ​တွေ၊ ဂျေရု​ဆ​လင် မြို့​သူ​မြို့​သား​တွေ လာ​တဲ့​အခါ ယောဟန်​က ဂျော်​ဒန်​မြစ်​မှာ နှစ်ခြင်း​ပေး​တယ်။ သူတို့​လည်း လူ​အများ​ရှေ့​မှာ ကိုယ့်​အပြစ်​တွေ​ကို ဝန်​ခံ​ကြ​တယ်။+ ၆  ယောဟန်​ဟာ ကု​လား​အုတ်​မွေး​နဲ့​ရက်​တဲ့ အဝတ်​ကို​ဝတ်​ပြီး သား​ရေ​ခါး​ပတ် ပတ်​တယ်။+ ကျိုင်း​ကောင်​နဲ့ တော​ထဲ​က ပျား​ရည်​ကို စား​တယ်။+ ၇  သူ​က “ကျွန်​တော့်​ထက် ကြီးမြတ်​တဲ့​သူ​ဟာ ကျွန်​တော့်​နောက်​မှာ လာ​နေ​တယ်။ သူ့​ဖိ​နပ်​ကြိုး​ကို ဖြေပေး​ဖို့​တောင် ကျွန်​တော် မထိုက်​တန်​ဘူး။+ ၈  ကျွန်​တော်​က ခင်​ဗျား​တို့​ကို ရေ​နဲ့​နှစ်ခြင်း​ပေး​တယ်။ သူ​က​တော့ ခင်​ဗျား​တို့​ကို သန့်​ရှင်း​သော စွမ်းအား​တော်​နဲ့ နှစ်ခြင်း​ပေး​လိမ့်​မယ်”+ လို့​ဟော​တယ်။ ၉  အဲဒီ​အချိန်​မှာ ယေရှု​က ဂါ​လိ​လဲ​ပြည်၊ နာ​ဇ​ရက်​မြို့​က​နေ ဂျော်​ဒန်​မြစ်​ကို လာ​ပြီး ယောဟန်​ဆီ​မှာ နှစ်ခြင်းခံ​တယ်။+ ၁၀  ရေ​ထဲ​က​နေ ပေါ်​လာ​တာ​နဲ့ ကောင်း​ကင်​ပွင့်​လာ​ပြီး စွမ်းအား​တော်​က ချိုး​ငှက်​သဏ္ဌာန်​နဲ့ သူ့​အပေါ် ဆင်း​သက်​တာ​ကို သူ​မြင်​ရ​တယ်။+ ၁၁  ပြီး​တော့ “မင်း​ဟာ ငါမြတ်​နိုး​တဲ့ ငါ့​ရဲ့​ချစ်​သား​ပဲ” ဆို​တဲ့​အသံ ကောင်း​ကင်​က​ ထွက်​လာ​တယ်။+ ၁၂  ချက်​ချင်း​ပဲ စွမ်းအား​တော်​က ယေရှု​ကို တော​ထဲ​သွား​ဖို့ လှုံ့​ဆော်​တယ်။ ၁၃  တော​မှာ ရက်​ပေါင်း ၄၀ နေ​ပြီး စာ​တန်​ရဲ့ သွေး​ဆောင်​မှု​ကို ခံ​ရ​တယ်။+ အဲဒီ​မှာ သား​ရဲတွေ​လည်း ရှိ​တယ်။ ဒါ​ပေမဲ့ ကောင်း​ကင်​တ​မန်​တွေ​က ယေရှု​ကို အလုပ်​အကျွေး​ပြု​ကြ​တယ်။+ ၁၄  ယောဟန် ထောင်​ချ​ခံ​ရ​ပြီး​နောက် ယေရှု​က ဂါ​လိ​လဲ​ပြည်​ကို သွား​ပြီး+ ဘု​ရား​သခင်​ရဲ့ သတင်း​ကောင်း​ကို ဟော​ပြော​တယ်။+ ၁၅  “သတ်​မှတ်​ထား​ချိန် ရောက်​ပြီ။ ဘု​ရား​သခင်​ရဲ့ နိုင်​ငံ​တော် နီး​နေ​ပြီ။ နောင်​တ​ရ​ကြ​ပါ။+ သတင်း​ကောင်း​ကို ယုံ​ကြည်​ကြ​ပါ” လို့​ဟော​တယ်။ ၁၆  ယေရှု​က ဂါ​လိ​လဲ​အိုင်​တစ်​လျှောက် သွား​နေ​တုန်း ရှိ​မုန်​နဲ့ သူ့​ညီ​အန္ဒြေကို+ တွေ့​တယ်။ အဲဒီ​တံ​ငါ​သည်​နှစ်ယောက် ပိုက်​ကွန်​ချ​နေ​တာ​ကို မြင်​တော့၊+ ၁၇  “ကျွန်​တော့်​နောက်​ကို လိုက်​ခဲ့​ပါ။ ခင်​ဗျား​တို့​ကို လူ​ဖမ်း​တဲ့​တံ​ငါ​သည်​တွေ ဖြစ်​စေ​မယ်”+ လို့​ပြော​တယ်။ ၁၈  သူတို့​လည်း ပိုက်​ကွန်​တွေ​ကို ချက်​ချင်း​ထား​ရစ်​ပြီး ယေရှု​နောက်​ကို လိုက်​လာ​တယ်။+ ၁၉  အဲဒီ​က​နေ ဆက်​သွား​တော့ ဇေဗေဒဲရဲ့​သား ယာကုပ်​နဲ့ သူ့​ညီ​ယောဟန်​က လှေ​ပေါ်​မှာ ပိုက်​ကွန်​တွေ ဖာ​နေ​တာ​ကို တွေ့​တယ်။+ ၂၀  ယေရှု​လည်း ခေါ်​လိုက်​ရော သူတို့​က ဖခင်​ဇေဗေဒဲ​ကို အလုပ်​သမား​တွေ​နဲ့​အတူ လှေ​ပေါ်​မှာ ထား​ရစ်​ပြီး လိုက်​လာ​တယ်။ ၂၁  အဲဒီ​နောက် က​ပေရ​နောင်​မြို့​ကို သူတို့​ထွက်​သွား​ကြ​တယ်။ ဥ​ပုသ်​နေ့​ရောက်​တာ​နဲ့ ယေရှု​က တရား​ဇ​ရပ်​ထဲ​ဝင်​ပြီး သွန်သင်​တယ်။+ ၂၂  ကျမ်း​တတ်​တွေ​လို မဟုတ်​ဘဲ အခွင့်​အာ​ဏာ​ရှိ​သူ​လို သွန်သင်​တဲ့​အတွက် လူ​တွေ​က သူ့​ရဲ့​သွန်သင်​ပုံ​ကို အံ့​သြကြ​တယ်။+ ၂၃  အဲဒီ​အချိန်​မှာ​ပဲ တ​ရား​ဇရပ်​မှာ​ရှိ​တဲ့ နတ်​ဆိုး​ပူး​သူ​တစ်​ယောက်​က၊ ၂၄  “နာ​ဇ​ရက်​မြို့​သား ယေရှု၊ ခင်​ဗျား​က ကျုပ်​တို့​နဲ့ ဘာ​ဆိုင်​လို့​တုံး။+ ကျုပ်​တို့​ကို ဖျက်​ဆီး​ဖို့ လာ​တာ​လား။ ခင်ဗျား​ဟာ ဘု​ရား​သခင်​ဆီ​က​လာ​တဲ့ သန့်​ရှင်း​သူ​ဆို​တာ ကျုပ်​သိ​တာ​ပေါ့”+ လို့အော်​ပြော​တယ်။ ၂၅  ယေရှု​က “တိတ်​စမ်း။ သူ့​အထဲ​က​နေ ထွက်​သွား” ဆို​ပြီး အဲဒီ​နတ်​ဆိုး​ကို ဆုံးမ​တယ်။ ၂၆  နတ်​ဆိုး​က အဲဒီ​လူ​ကို တုန်​တက်​စေ​ပြီး​နောက် အသံ​ကုန်​အော်​ပြီး ထွက်​သွား​တယ်။ ၂၇  လူ​တွေ​က အံ့​သြပြီး “ဘယ်​လို​ကြီး​ပါ​လိမ့်။ သူ့​ရဲ့​သွန်သင်​ပုံ​က ထူး​ခြား​လိုက်​တာ။ အာ​ဏာ​နဲ့ အမိန့်​ပေး​လိုက်​တာ နတ်​ဆိုး​တွေ​တောင် နာ​ခံ​ကြ​ပါ​လား” လို့ အချင်း​ချင်း ပြော​ကြ​တယ်။ ၂၈  ယေရှု​ရဲ့​သတင်း​ဟာ ချက်​ချင်း​ပဲ ဂါလိ​လဲ​ပြည်​တစ်​ခု​လုံး​ကို ပျံ့​နှံ့​သွား​တယ်။ ၂၉  တ​ရား​ဇ​ရပ်​က​နေ ထွက်​လာ​ပြီး​နောက် ရှိ​မုန်​နဲ့ အန္ဒြေတို့​ရဲ့​အိမ်​ကို သွား​တယ်။ ယာကုပ်​နဲ့ ယောဟန်​လည်း​ပါ​တယ်။+ ၃၀  ရှိ​မုန်​ရဲ့​ယောက္ခ​မ+ ဖျား​ပြီး အိပ်​ရာ​ထဲ လဲ​နေ​တယ်​ဆို​တာ​ကို ရောက်ရောက်​ချင်း ပြော​ပြတော့၊ ၃၁  ယေရှု​က သူ့​ဆီ​ကို သွား၊ လက်​ကို​ကိုင်​ပြီး ဆွဲ​ထူ​လိုက်​တယ်။ သူ​အဖျား​ပျောက်​သွား​တဲ့​အတွက် သူတို့​ကို ဧည့်​ဝတ်​ပြု​တယ်။ ၃၂  နေ​ဝင်​လို့ ည​ဦး​ပိုင်း​ရောက်​တဲ့​အခါ လူ​နာ​တွေ၊ နတ်​ဆိုး​ပူး​သူ​တွေ​ကို ယေရှု​ဆီ ခေါ်​လာ​ကြ​တယ်။+ ၃၃  မြို့​သား​အားလုံး အိမ်​တံခါး​နား​မှာ စု​ဝေး​ကြ​တယ်။ ၃၄  ယေရှု​က ရော​ဂါ​ဝေ​ဒ​နာ​အမျိုး​မျိုး​ကို ကု​ပေး​ပြီး+ နတ်​ဆိုး​အများ​ကြီး​ကို နှင်​ထုတ်​တယ်။ သူ​ဟာ ခရစ်​တော်​ဖြစ်​မှန်း နတ်​ဆိုး​တွေ သိ​တဲ့​အတွက် သူတို့​ကို စကား​တစ်​ခွန်း​မှ ပြော​ခွင့်​မပေး​ဘူး။ ၃၅  ယေရှု​က မိုး​မလင်း​ခင် ခပ်​စော​စော​ထ၊ လူ​သူ​ကင်း​ဝေး​တဲ့ နေ​ရာ​ဆီ ထွက်​သွား​ပြီး ဆုတောင်း​တယ်။+ ၃၆  ရှိမုန်​နဲ့ အပေါင်း​ပါ​တွေ​က ယေရှု​ကို လိုက်​ရှာ​ပြီး၊ ၃၇  တွေ့​တဲ့​အခါ “ဆ​ရာ့​ကို လူ​တွေ​ရှာ​နေ​တယ်” လို့​ပြော​တယ်။ ၃၈  ဒါ​ပေမဲ့ ယေရှု​က “အနီး​အနား မြို့​ရွာ​တွေ​ကို သွား​ဟော​ကြ​ရ​အောင်။ ဒီ​အတွက်​ပဲ ကျွန်​တော်​လာ​တာ”+ လို့​ပြော​တယ်။ ၃၉  အဲဒီ​နောက် ထွက်​သွား​ပြီး ဂါ​လိ​လဲ​နယ် တစ်​လျှောက်​လုံး​မှာ​ရှိ​တဲ့ တ​ရား​ဇ​ရပ်တွေ​မှာ ဟော​ပြော​တယ်။ နတ်​ဆိုး​တွေ​ကို​လည်း နှင်​ထုတ်​တယ်။+ ၄၀  အနာ​ကြီး​ရော​ဂါသ​ည် တစ်​ယောက်​က ယေရှု​ရှေ့​မှာ လာ​ဒူး​ထောက်​ပြီး “သခင်၊ ဆန္ဒ​ရှိ​ရင် ကျွန်​တော့်​ကို သန့်​ရှင်း​သွား​အောင် လုပ်​ပေး​ပါ​လား”+ လို့​အသနား​ခံ​တယ်။ ၄၁  ယေရှု​က သနား​စိတ် ယို​ဖိတ်​လာ​တဲ့​အတွက် သူ့​ကို လှမ်း​ကိုင်​ပြီး “ဆန္ဒ​ရှိ​တာ​ပေါ့။ သန့်​ရှင်း​စေ”+ လို့​ပြော​တယ်။ ၄၂  ချက်​ချင်း​ပဲ အနာ​ကြီး​ရော​ဂါ​ပျောက်​ပြီး သန့်​ရှင်း​သွား​တယ်။ ၄၃  အဲဒီ​လူ မပြန်​ခင်​လေး​မှာ ယေရှု​က၊ ၄၄  “ဒီ​အကြောင်း ဘယ်​သူ့​ကို​မှ မပြော​ပါ​နဲ့။ ရော​ဂါ​ပျောက်​ပြီဆို​တဲ့ အထောက်​အထား​အဖြစ်+ ပု​ရော​ဟိတ်​ဆီ​သွား​ပြီး ကိုယ်​ကို​ပြပါ။ မောရှေ​ ညွှန်​ကြား​ထား​တဲ့​အတိုင်း+ အလှူ​ကို ဆက်​သပါ” လို့ အသေအချာ မှာ​လိုက်​တယ်။ ၄၅  သူ​ထွက်​သွား​ပြီး လူ​တွေ​ကို လိုက်​ပြော​ပြတဲ့​အတွက် အဲဒီ​သတင်း ပျံ့​သွား​တယ်။ ဒါ​ကြောင့် ယေရှု​က မြို့​ထဲ ပေါ်​ပေါ်​ထင်​ထင် မဝင်​လာ​နိုင်​ဘဲ မြို့​ပြင် လူ​သူ​မရှိ​တဲ့​နေ​ရာတွေ​မှာ နေ​ရ​တယ်။ ဒါ​ပေမဲ့ အရပ်ရပ်​က​လူ​တွေ ယေရှု​ဆီ တ​ဖွဲ​ဖွဲ ရောက်​လာ​ကြ​တယ်။+

အောက်ခြေမှတ်ချက်များ