မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၄

ယေရှုခရစ်က ဘယ်သူလဲ

ယေရှုခရစ်က ဘယ်သူလဲ

၁။ ယေရှု မြေကြီး​ပေါ်​မလာခင် ဘယ်မှာ ရှိခဲ့​သလဲ။

ဘယ်အရည်အသွေးတွေက ယေရှုကို ချဉ်းကပ်ရလွယ်ကူသူ ဖြစ်စေတာလဲ။—မဿဲ ၁၁:၂၉။ မာကု ၁၀:၁၃-၁၆

ယေရှုဟာ မြေကြီး​ပေါ် မမွေးဖွား​ခင် ကောင်းကင်မှာ နာမ်ဝိညာဉ်​ပုဂ္ဂိုလ်​အဖြစ် အသက်​ ရှင်​ခဲ့​ပါတယ်။ ဒီ​အချက်​ကြောင့် ယေရှုဟာ တခြား​လူသားတွေ​ထက် ထူးခြား​တယ်။ (ယောဟန် ၈:၂၃) ဘုရား​သခင်​က ယေရှု​ကို ဦးဆုံး​ဖန်ဆင်း​ခဲ့တယ်။ တခြား​အရာ​တွေကို ဘုရား​သခင် ဖန်ဆင်း​တဲ့အခါ ယေရှု ကူညီပေး​ခဲ့​ပါတယ်။ ယေရှုဟာ ဘုရား​သခင် တိုက်ရိုက် ဖန်ဆင်း​တဲ့ တစ်ဦးတည်း​သော​ပုဂ္ဂိုလ်​ဖြစ်တဲ့​အတွက် ဘုရားသခင့် “တစ်ဦးတည်း​သော​သား” လို့ ခေါ်ဆို​တာ သင့်လျော်ပါတယ်။ (ယောဟန် ၁:၁၄) ယေရှုဟာ ဘုရားသခင့် ပြောရေး​ဆို​ခွင့်​ရှိသူ​အဖြစ် အမှုဆောင်​ခဲ့တဲ့​အတွက် “နှုတ်ကပတ်တော်” လို့လည်း ခေါ်ဆို​ပါတယ်။​—ပညာအလိမ္မာ ၈:၂၂၊ ၂၃၊ ၃၀။ ကောလောသဲ ၁:၁၅၊ ၁၆ တို့ကိုဖတ်ပါ။

၂။ မြေကြီး​ပေါ်​ကို ယေရှု ဘာကြောင့် လာ​ရသလဲ။

ဘုရား​သခင်​က ယေရှုရဲ့​အသက်​ကို ဂျူး​အပျိုစင် မာရိ​ရဲ့​သား​အိမ်ထဲ ပြောင်းရွှေ့ ပေးလိုက်​ပြီး မြေကြီး​ပေါ် စေလွှတ်​ခဲ့​ပါတယ်။ ဒါကြောင့် ယေရှု​မှာ လူသားဖခင် မရှိ​ပါဘူး။ (လုကာ ၁:၃၀-၃၅) ယေရှု မြေကြီး​ပေါ်လာ​ရတဲ့ အကြောင်းရင်း ၃ ခု ရှိ​ပါတယ်။ (၁) ဘုရား​သခင်​နဲ့ပတ်သက်တဲ့ အမှန်တရားကို သွန်သင်​ပေးဖို့၊ (၂) အခက်အခဲ​တွေ ကြုံရ​ရင်တောင် ဘုရားသခင့်​အလိုတော် ထမ်းဆောင်​နိုင်​ပုံကို စံနမူနာ​အနေနဲ့ လုပ်ဆောင်​ပြဖို့ (၃) စုံလင်​တဲ့​အသက်​ကို “ရွေးဖိုး” အနေနဲ့ ပေးဆက်​ဖို့ ဖြစ်ပါတယ်။​—မဿဲ ၂၀:၂၈ ကိုဖတ်ပါ။

၃။ ရွေးဖိုး ဘာကြောင့် လိုအပ်​ရသလဲ။

ရွေးဖိုး​ဆိုတာ လူတစ်ဦး​ကို သေခြင်း​ရဲ့​ချုပ်နှောင်မှု​အောက်​က​နေ လွတ်မြောက်​စေဖို့ ပေး​ရတဲ့ အဖိုးအခ ဖြစ်ပါတယ်။ (ထွက်မြောက်ရာ ၂၁:၂၉၊ ၃၀) ဘုရား​သခင် လူတွေ​ကို ဖန်ဆင်း​ရတဲ့ ရည်ရွယ်ချက်​ထဲမှာ အိုမင်း​ရင့်ရော်​ပြီး သေဆုံး​သွားဖို့ မပါဘူး။ ဒါကို ဘယ်လို သိရ​သလဲ။ “အပြစ်” လို့ခေါ်တဲ့​အရာ​ကို ပထမ​လူသား အာဒံ ကျူးလွန်မယ် ဆိုရင် သေ​ရမယ်​ဆိုပြီး ဘုရား​သခင် ပြောခဲ့တယ်။ အာဒံ​သာ အပြစ်​မကျူးလွန်​ရင် ဘယ်တော့မှ သေ​ရမှာ​မဟုတ်ဘူး​ဆိုတဲ့ အဓိပ္ပာယ်​ပဲ။ (ကမ္ဘာဦး ၂:၁၆၊ ၁၇။ ၅:၅) ကျမ်းစာ​အရ အာဒံ​က​နေ​တစ်ဆင့် လူသား​အားလုံး​ဆီ သေခြင်း “ပေါ်ပေါက်​လာ” ခဲ့တယ်။ အာဒံ​ဟာ သား​မြေး​အား​လုံး​ကို အပြစ်​နဲ့ အပြစ်​ရဲ့​အခ သေခြင်း​ကို အမွေ​အဖြစ် ပေး​ခဲ့တယ်။ အာဒံ​ဆီကနေ အမွေ​ရထားတဲ့ သေခြင်း​ရဲ့​ချုပ်နှောင်မှု​အောက်​က​နေ ကျွန်တော်တို့ လွတ်မြောက်​ဖို့ တန်ဖိုး​တူ​အဖိုးအခ ဒါမှမဟုတ် ရွေးဖိုး လိုအပ်​နေပါတယ်။​—ရောမ ၅:၁၂၊ ၆:၂၃ ကိုဖတ်ပါ။

ဒါဆိုရင် ဘယ်သူက ရွေးဖိုး ပေးနိုင်​ပါသလဲ။ ကျွန်တော်တို့ သေဆုံး​ရတာက ကိုယ်တိုင်​ရဲ့​အပြစ်​အတွက် အဖိုးအခ​အဖြစ် ပေးလိုက်​ရတာ​ဖြစ်တယ်။ ဒါကြောင့် ဘယ်သူက​မှ တခြား​သူတွေ​ရဲ့​အပြစ်​အတွက် အဖိုးအခ​အဖြစ် မပေး​ဆက်​နိုင်​ပါဘူး။​—ဆာလံ ၄၉:၇-၉ ကိုဖတ်ပါ။

၄။ ယေရှု ဘာဖြစ်​လို့ အသေခံ​ရသလဲ။

ကျွန်တော်တို့​နဲ့​မတူ​တာ​က ယေရှုဟာ စုံလင်သူ ဖြစ်ပါတယ်။ အပြစ်​တစ်ခါ​မှ မကျူးလွန်​ခဲ့တဲ့ ယေရှုဟာ မိမိ​အပြစ်​အတွက် သေ​စရာ​မလို​ပါဘူး။ တခြား​သူတွေ​ရဲ့​အပြစ်​အတွက် ယေရှု အသေခံ​ခဲ့တာပါ။ ဒီ​ကိစ္စ​မှာ၊ ကျွန်တော်တို့​အတွက် အသေခံပေး​ဖို့ သားတော်​ကို စေလွှတ်​ခဲ့တဲ့ ဘုရားသခင်ရဲ့​မေတ္တာ ဘယ်လောက်​ကြီးမား​တယ်ဆိုတာ ထင်ရှားပေါ်လွင်​နေတယ်။ ယေရှု​လည်း အဖ​ဘုရားရဲ့​စကားကို နားထောင်ပြီး ကျွန်တော်တို့​အပြစ်​အတွက် မိမိ​အသက်​ကို ပေးဆက်ခြင်း​ဖြင့် ကျွန်တော်တို့ကို ချစ်ကြောင်း ဖော်ပြ​ခဲ့​ပါတယ်။​—ယောဟန် ၃:၁၆။ ရောမ ၅:၁၈၊ ၁၉ တို့ကိုဖတ်ပါ။

ယေရှု ဘာဖြစ်​လို့ အသေခံ​ရသလဲ ဗီဒီယိုကိုကြည့်ပါ။

၅။ အခု ယေရှု ဘာ​လုပ်​နေသလဲ။

ယေရှု မြေကြီး​ပေါ် ရှိ​တုန်းက နေမကောင်း​တဲ့​သူတွေ​ကို ကုသ​ပေး​ခဲ့တယ်၊ သေ​တဲ့​သူ​ကို ပြန်ရှင်​အောင်​လုပ်ပေး​ခဲ့တယ်၊ ပြီးတော့ ဆင်းရဲခက်ခဲ​နေ​သူတွေ​ကို သက်သာမှု​ရ​အောင် လုပ်ပေး​ခဲ့တယ်။ အဲဒါက အနာဂတ်မှာ နာခံမှု​ရှိတဲ့​သူတွေ​အတွက် လုပ်ပေး​မယ့်​အရာ​တွေကို လုပ်ပြခဲ့​တာပါ။ (မဿဲ ၁၅:၃၀၊ ၃၁။ ယောဟန် ၅:၂၈) ယေရှု​သေပြီး​နောက် ယေဟော​ဝါ​ဘုရားက သူ့ကို နာမ်ဝိညာဉ်​ပုဂ္ဂိုလ်​အနေနဲ့ ရှင်ပြန်ထမြောက်​ပေးခဲ့ပါ​တယ်။ (၁ ပေတရု ၃:၁၈) အဲဒီနောက် ယေရှုဟာ ဘုရားသခင့်​လက်ယာဘက်​မှာ ထိုင်ပြီး ဒီ​ကမ္ဘာ​ကို ဘုရင်​အနေနဲ့ အုပ်ချုပ်ခွင့်​ရမယ့် အချိန်​အထိ စောင့်နေ​ခဲ့​ပါတယ်။ (ဟီဘရူး ၁၀:၁၂၊ ၁၃) အခုအချိန်မှာ ယေရှုဟာ ဘုရင်​အနေနဲ့ ကောင်းကင်​ပေါ်မှာ အုပ်ချုပ်​နေ​ပြီ​ဖြစ်လို့ နောက်လိုက်​တွေ​က ဒီ​သတင်းကောင်းကို ကမ္ဘာ​တစ်ဝန်း​မှာ ကြေညာ​နေကြ​ပါတယ်။​—ဒံယေလ ၇:၁၃၊ ၁၄။ မဿဲ ၂၄:၁၄ တို့ကိုဖတ်ပါ။

မကြာခင် ယေရှုဟာ မိမိရဲ့​အခွင့်အာဏာ​ကိုသုံးပြီး ဒီ​မြေကြီး​ပေါ်​က ဆင်းရဲဒုက္ခ​တွေနဲ့ ဆင်းရဲဒုက္ခ ဖြစ်ပေါ်​စေ​သူ​အားလုံး​ကို ဖယ်ရှားပစ်​ပါ​တော့မယ်။ ယေရှု​ကို ယုံကြည်​ကြောင်း နာခံမှုလုပ်ရပ်​နဲ့ တင်ပြ​သူ​အားလုံး​ဟာ သာယာလှပ​လာမယ့် ပရဒိသု​မြေကြီး​ပေါ် အသက်ရှင်ခွင့် ရရှိ​ကြပါ​လိမ့်မယ်။​—ဆာလံ ၃၇:၉-၁၁ ကိုဖတ်ပါ။