မာတိကာဆီ ကျော်သွား

စစ်မှန်တဲ့ဘာသာကို ဘယ်လို ရှာတွေ့နိုင်မလဲ

စစ်မှန်တဲ့ဘာသာကို ဘယ်လို ရှာတွေ့နိုင်မလဲ

ကျမ်းစာအဖြေ

 စစ်မှန်တဲ့ဘာသာကို ကိုးကွယ်သူနဲ့ မကိုးကွယ်သူတွေရဲ့ ကွာခြားချက်ကိုသိနိုင်အောင် ကျမ်းစာမှာ အခုလို ပုံဥပမာပေးထားတယ်– “သူတို့ရဲ့ အသီးကို ကြည့်ပြီး သူတို့ကို ခွဲခြားသိလိမ့်မယ်။ ဆူးပင်ကနေ စပျစ်သီး ခူးလို့မှ မရတာ။ ဆူးလေပင်ကနေ သဖန်းသီး ခူးလို့မှ မရတာ။” (မဿဲ ၇:၁၆) အသီးတွေကိုကြည့်ပြီး ဆူးပင်နဲ့ စပျစ်ပင်ကို ခွဲခြားနိုင်သလို ဘာသာတရားရဲ့ အသွင်အပြင်တွေ တစ်နည်းအားဖြင့် အကျင့်အကြံတွေကိုကြည့်ပြီး စစ်မှန်တဲ့ဘာသာနဲ့ မှားယွင်းတဲ့ဘာသာကို ခွဲခြားနိုင်ပါတယ်။

  1.  ၁။ စစ်မှန်တဲ့ဘာသာက လူ့အတွေးအခေါ်ကိုမဟုတ်ဘဲ သမ္မာကျမ်းစာအပေါ် အခြေခံတဲ့ အမှန်တရားကိုပဲ သွန်သင်ပေးတယ်။ (ယောဟန် ၄:၂၄။ ၁၇:၁၇) အဲဒီထဲမှာ လူသေတွေရဲ့ ဝိညာဉ်အကြောင်းနေချင်စရာကောင်းတဲ့ မြေကြီးပေါ်မှာ ထာဝရအသက် မျှော်လင့်ချက်အကြောင်းနဲ့ပတ်သက်တဲ့ အမှန်တရားတွေ ပါဝင်တယ်။ (ဆာလံ ၃၇:၂၉။ ဟေရှာယ ၃၅:၅၊ ၆။ ယေဇကျေလ ၁၈:၄) ဒီအပြင် ဘာသာရေး လိမ်လည်လှည့်ဖြားမှုတွေကိုလည်း မထိမ်ချန်ဘဲ ဖော်ပြတယ်။—မဿဲ ၁၅:၉။ ၂၃:၂၇၊ ၂၈

  2.  ၂။ စစ်မှန်တဲ့ဘာသာက လူတွေ ဘုရားသခင်အကြောင်း သိလာဖို့၊ ကိုယ်တော့်နာမည်ဟာ ယေဟောဝါဖြစ်မှန်း သိလာဖို့ ကူညီပေးတယ်။ (ဆာလံ ၈၃:၁၈။ ဟေရှာယ ၄၂:၈။ ယောဟန် ၁၇:၃၊) ဘုရားသခင်ဟာ လူတွေနားမလည်နိုင်အောင် လျှို့ဝှက်နက်နဲလွန်းတယ်၊ အေးတိအေးစက်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ပါးလို့ စစ်မှန်တဲ့ဘာသာက မသွန်သင်ပေးဘူး။ အဲဒီအစား ကိုယ်တော်ဟာ ကျွန်ုပ်တို့နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိချင်တယ်ဆိုတဲ့အကြောင်း သွန်သင်ပေးတယ်။—ယာကုပ် ၄:၈

  3.  ၃။ ကယ်တင်ခြင်းရဖို့ ဘုရားသခင် ခန့်အပ်ထားသူဟာ ယေရှုခရစ်ဖြစ်တယ်လို့ စစ်မှန်တဲ့ဘာသာက လက်ခံယုံကြည်ထားတယ်။ (တမန်တော် ၄:၁၀၊ ၁၂) နောက်လိုက်အစစ်အမှန်တွေဟာ ယေရှုရဲ့ မိန့်မှာချက်တွေကို လိုက်နာကြပြီး ကိုယ်တော့်လမ်းစဉ်အတိုင်း ကြိုးစားလိုက်လျှောက်ကြတယ်။—ယောဟန် ၁၃:၁၅။ ၁၅:၁၄

  4.  ၄။ လူသားထုတစ်ရပ်လုံးအတွက် တစ်ခုတည်းသော မျှော်လင့်ချက်က ဘုရားသခင့်နိုင်ငံတော်ဖြစ်တယ်ဆိုတာ စစ်မှန်တဲ့ဘာသာက လက်ခံယုံကြည်ထားတယ်။ ဒါကြောင့် သူတို့က တခြားသူတွေကို ဘုရားနိုင်ငံတော်အကြောင်း အားတက်သရော ပြောပြကြတယ်။—မဿဲ ၁၀:၇။ ၂၄:၁၄

  5.  ၅။ စစ်မှန်တဲ့ဘာသာက ကိုယ်ကျိုးမရှာတဲ့ မေတ္တာပြဖို့ အားပေးတယ်။ (ယောဟန် ၁၃:၃၅) ဒါ့အပြင် ဘယ်လူမျိုး၊ ဘယ်ဘာသာကိုမဆို လေးစားဖို့၊ ယဉ်ကျေးမှု၊ ဘဝနောက်ခံ၊ ဘာသာစကားမတူတဲ့ လူတွေကိုလည်း တန်းတူညီမျှဆက်ဆံဖို့ သွန်သင်ပေးတယ်။ (တမန်တော် ၁၀:၃၄၊ ၃၅) စစ်မှန်တဲ့ဘာသာဝင်တွေက မေတ္တာတရားလက်ကိုင်ထားလို့ စစ်ပွဲတွေမှာ မပါဝင်ကြဘူး။—မာလခိ ၄:၃။ ၁ ယောဟန် ၃:၁၁၊ ၁၂

  6.  ၆။ စစ်မှန်တဲ့ဘာသာမှာ လခစား တရားဟောဆရာတွေ မရှိဘူး။ အမှုဆောင်သူတွေကို ဘာသာရေး ဘွဲ့ထူးဂုဏ်ထူးတွေ ပေးအပ်တာမျိုး မရှိဘူး။—မဿဲ ၂၃:၈–၁၂။ ၁ ပေတရု ၅:၂၊ ၃

  7.  ၇။ စစ်မှန်တဲ့ဘာသာက နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ်။ (ယောဟန် ၁၇:၁၆။ ၁၈:၃၆) ဒါပေမဲ့ နောက်လိုက် အစစ်အမှန်တွေဟာ ဘယ်နေရာမှာပဲနေနေ အစိုးရဥပဒေတွေကို လေးစားလိုက်နာပါဆိုတဲ့ ကျမ်းစာမိန့်မှာချက်ကို လိုက်လျှောက်ကြတယ်။ ဒါနဲ့ပတ်သက်ပြီး ကျမ်းစာမှာ အခုလိုဖော်ပြထားတယ်– “ဆီဇာနဲ့ဆိုင်တာ ဆီဇာကို ပေးပါ။ ဘုရားသခင်နဲ့ဆိုင်တာ ဘုရားသခင်ကို ပေးပါ။”—မာကု ၁၂:၁၇။ ရောမ ၁၃:၁၊ ၂

  8.  ၈။ စစ်မှန်တဲ့ဘာသာဆိုတာ ဘဝလမ်းစဉ်တစ်ခုဖြစ်ပြီး မိရိုးဖလာ၊ ထုံးတမ်းစဉ်လာတစ်ခုလောက်သာ မဟုတ်ဘူး။ နောက်လိုက်အစစ်အမှန်တွေဟာ ဘဝကဏ္ဍတိုင်းမှာ ကျမ်းစာရဲ့မြင့်မားတဲ့ ကိုယ်ကျင့်တရားစံနှုန်းအတိုင်း နေထိုင်ကြတယ်။ (ဧဖက် ၅:၃–၅။ ၁ ယောဟန် ၃:၁၈) အဲဒါကြောင့် သူတို့ဟာ ပျော်ရွှင်မှုကင်းမဲ့ပြီး သုန်မှုန်နေတယ်လို့ မဆိုလိုပါဘူး။ အဲဒီအစား “ပျော်ရွှင်သောဘုရားသခင်” ကို ကိုးကွယ်ကြလို့ ရွှင်လန်းဝမ်းမြောက်နေကြပါတယ်။—၁ တိမောသေ ၁:၁၁

  9.  ၉။ စစ်မှန်တဲ့ဘာသာကို ကိုးကွယ်သူက လူနည်းစုလောက်သာ ရှိပါလိမ့်မယ်။ (မဿဲ ၇:၁၃၊ ၁၄) နောက်လိုက်အစစ်အမှန်တွေဟာ ဘုရားသခင့်အလိုတော်ကို လုပ်ဆောင်ကြလို့ အထင်မြင်သေးခံရတာ၊ ကဲ့ရဲ့လှောင်ပြောင်ခံရတာ၊ နှိပ်စက်ညှဉ်းပန်းခံရတာတွေ ကြုံရနိုင်ပါတယ်။—မဿဲ ၅:၁၀–၁၂

စစ်မှန်တဲ့ဘာသာဆိုတာ ကိုယ့်အကြိုက်နဲ့ကိုက်ညီတဲ့ ဘာသာကို ဆိုလိုတာမဟုတ်

 ကိုယ့်အကြိုက်တစ်ခုတည်းနဲ့ ဘာသာတစ်ခုကို ရွေးချယ်တာက အန္တရာယ်ရှိတယ်။ လူတွေဟာ “အကျိုးဖြစ်ထွန်းတဲ့ သွန်သင်ချက်ကို နားမထောင်ချင်တော့ဘဲ ကိုယ်ကြားချင်တာကို ဟောပြောပေးမယ့် ဆရာတွေကို ရှာဖွေမယ့်အချိန် ရောက်လာ” မယ်လို့ ကျမ်းစာမှာ ကြိုပြောထားပါတယ်။ (၂ တိမောသေ ၄:၃) လူအများကြိုက်တဲ့ ဝတ်ပြုမှု မဟုတ်ရင်တောင် “အဖဘုရားသခင်ရဲ့ အမြင်မှာ စင်ကြယ်ပြီး အညစ်အကြေးကင်းစင်တဲ့ ဝတ်ပြုမှု” ဖြစ်ဖို့ ကျမ်းစာမှာ အားပေးထားတယ်။—ယာကုပ် ၁:၂၇။ ယောဟန် ၁၅:၁၈၊ ၁၉