မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး

ညစ်ညမ်းရုပ်ပုံစာပေ—အန္တရာယ်ရှိသလား၊ မရှိဘူးလား

ညစ်ညမ်းရုပ်ပုံစာပေ—အန္တရာယ်ရှိသလား၊ မရှိဘူးလား

ဒီနေ့ခေတ်မှာ ညစ်ညမ်းရုပ်ပုံစာပေတွေ နေရာတကာ ပျံ့နှံ့နေတယ်။ a ကြော်ငြာ၊ ဖက်ရှင်၊ ရုပ်ရှင်၊ မဂ္ဂဇင်း၊ တီဗွီ၊ ဗီဒီယိုဂိမ်း၊ ဉာဏ်ရည်မြင့်ဖုန်း (စမတ်ဖုန်း)၊ အီလက်ထရောနစ်ပစ္စည်းနဲ့ ဝက်ဘ်ဆိုက်တွေမှာ တွေ့နိုင်တယ်။ ဒီနေ့ခေတ် လူ့အဖွဲ့အစည်းက ညစ်ညမ်းရုပ်ပုံစာပေတွေကို လက်ခံလာပုံရတယ်။ ညစ်ညမ်းရုပ်ပုံစာပေတွေက တစ်ချိန်တစ်ခါနဲ့မှမတူအောင် များပြားလာသလို နေရာအနှံ့က လူတွေလည်း ကြည့်ရှုတာ ပိုများလာတယ်။— “ညစ်ညမ်းရုပ်ပုံစာပေတွေနဲ့ပတ်သက်တဲ့ အချက်အလက်များ” လေးထောင့်ကွက်ကို ကြည့်ပါ။

ညစ်ညမ်းရုပ်ပုံစာပေတွေကလည်း အရင်ကထက် ပိုဆိုးလာတယ်။ ပါမောက္ခ ဂဲလ်ဒိုင်စ်က ဒီလိုရေးခဲ့တယ်– “ဒီနေ့ခေတ် ညစ်ညမ်းရုပ်ပုံတွေက အလွန့်အလွန် ဆိုးရွားလာတယ်။ အရင်က အပြင်းစားအဖြစ် သတ်မှတ်ထားရာက ဒီနေ့အချိန်မှာ သာမန်အရာဖြစ်လာတယ်။”

ညစ်ညမ်းရုပ်ပုံစာပေ များပြားလာမှုနဲ့ ဒီအရာတွေအပေါ် လူတွေရဲ့ သဘောထားတွေကို သင် ဘယ်လိုမြင်ပါသလဲ။ ညစ်ညမ်းရုပ်ပုံစာပေတွေက အန္တရာယ်ရှိသလား၊ မရှိဘူးလား။ ယေရှု ဒီလိုပြောခဲ့တယ်– “ကောင်းသောအပင်တိုင်းသည် ကောင်းသောအသီးကို သီးတတ်ကြ၏။ မကောင်းသောအပင်မူကား မကောင်းသောအသီးကို သီးတတ်၏။” (မဿဲ ၇:၁၇) ညစ်ညမ်းရုပ်ပုံစာပေတွေက ဘယ်လိုအသီး၊ နောက်တစ်နည်းပြောရရင် ဘယ်လိုအကျိုးဆက်ကို ဖြစ်ပေါ်စေသလဲ။ အဖြေရဖို့ အခြေခံမေးခွန်းတချို့ကို သုံးသပ်ကြည့်ရအောင်။

ညစ်ညမ်းရုပ်ပုံစာပေက လူတစ်ဦးချင်းစီအပေါ် ဘယ်လိုအကျိုးဆက် ဖြစ်ပေါ်စေသလဲ

ပညာရှင်တွေရဲ့ အဆို– ညစ်ညမ်းရုပ်ပုံစာပေတွေဟာ တော်ရုံနဲ့ ဖြတ်မရတဲ့ ဘိန်းလိုပဲ စွဲသွားနိုင်တယ်လို့ တချို့သုတေသီတွေနဲ့ သမားတော်တွေ ပြောကြတယ်။

အင်တာနက်မှာရှိတဲ့ အညှီအဟောက်ရုပ်ပုံစာပေတွေကို တမ်းတမ်းစွဲခဲ့သူ ဘရိုင်ယန်က b ခုလိုပြောပြတယ်– “ကျွန်တော် ဖမ်းစားခံထားရသလိုပဲ။ မကြည့်ရရင် မနေနိုင်ဘူး။ ကြည့်ပြီးနောက်မှာလည်း တုန်တုန်ရီရီဖြစ်လာတယ်၊ ခေါင်းတွေကိုက်လာတယ်။ ဒါကို မကြည့်တော့ဘူးလို့ ကြိုးစားပေမဲ့ နှစ်တွေကြာတဲ့အထိ စွဲစွဲလမ်းလမ်း ကြည့်နေတုန်းပဲ။”

ညစ်ညမ်းရုပ်ပုံစာပေကို နှစ်သက်တဲ့သူတွေက သူတို့ရဲ့ အကျင့်ကို ဖုံးကွယ်တတ်ကြတယ်။ သူတို့ဟာ ပုန်းလျှိုးကွယ်လျှိုးလုပ်ပြီး လှည့်စားတတ်တယ်။ ဒါကြောင့်လည်း အထီးကျန်တယ်လို့ ခံစားရတာ၊ ရှက်စိတ်၊ စိုးရိမ်စိတ်တွေ ဖြစ်ပေါ်လာတာ၊ စိတ်ကျဝေဒနာခံစားရတာ၊ ဒေါသကြီးလာတာ အံဩစရာမဟုတ်ပါဘူး။ တစ်ခါတလေမှာ သူတို့ကိုယ်သူတို့ သတ်သေချင်တဲ့စိတ်တောင် ဖြစ်ပေါ်လာတတ်ကြတယ်။ အင်တာနက်က အညှီအဟောက်ရုပ်ပုံစာပေတွေကို ဖုန်းနဲ့ နေ့တိုင်းလိုလို ကူးယူခဲ့တဲ့ ဆာ့ဂျ် ဒီလိုပြောပြတယ်– “ကျွန်တော် အတ္တကြီးပြီး ကြမ်းတမ်းလာတယ်။ တန်ဖိုးမရှိတဲ့သူ၊ အပြစ်ရှိတဲ့သူ၊ အဖော်မရှိတဲ့သူ၊ ထောင်ချောက်မိနေတဲ့သူလို့ ခံစားလာရတယ်။ ကျွန်တော် ရှက်လွန်းလို့ ဘယ်သူ့ကိုမှ အကူအညီမတောင်းရဲဘူး။”

ညစ်ညမ်းရုပ်ပုံစာပေတွေကို မတော်တဆ တွေ့ခဲ့ရင်တောင် ဆိုးကျိုးတွေရှိနိုင်တယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး သုတေသနပြုရာမှာ ကျော်ကြားတဲ့ ဒေါက်တာ ဂျူဒီရိုက်စ်မဲန်က အမေရိကန်နိုင်ငံရဲ့ ဥပဒေပြုအထက်လွှတ်တော်ရှေ့မှာ အခုလိုလျှောက်လဲခဲ့တယ်– ‘ညစ်ညမ်းရုပ်ပုံကို မြင်လိုက်တာနဲ့ ဓာတ်ပုံရိုက်သလိုမျိုး ဦးနှောက်ထဲမှာ အလိုအလျောက် စွဲထင်သွားတယ်။ တော်ရုံနဲ့ဖျောက်လို့မရ ဒါမှမဟုတ် လုံးဝဖျောက်လို့မရတော့တဲ့ ပုံရိပ်တွေ ဖြစ်ပေါ်လာတယ်။’ အညှီအဟောက်ဝက်ဘ်ဆိုက်ကို မတော်တဆ တွေ့ခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် ဆူဆန်က အခုလိုပြောတယ်– “ပုံရိပ်တွေဟာ ကျွန်မစိတ်ထဲမှာ စွဲထင်သွားပြီး တစ်ချက်တစ်ချက် ပြန်ပေါ်လာတတ်တယ်။ ဒါတွေကို လုံးဝဖျောက်ဖျက်နိုင်တော့မှာမဟုတ်ဘူးလို့ ကျွန်မ ခံစားရတယ်။”

အချက်အလက်မှန်– ညစ်ညမ်းရုပ်ပုံစာပေက လူတစ်ယောက်ကို ဖမ်းစားထားပြီး ဘဝကို ပျက်စီးစေနိုင်တယ်။—၂ ပေတရု ၂:၁၉

ညစ်ညမ်းရုပ်ပုံစာပေတွေက မိသားစုအပေါ် ဘယ်လိုအကျိုးဆက် ဖြစ်ပေါ်စေသလဲ

ပညာရှင်တွေရဲ့ အဆို– “ညစ်ညမ်းရုပ်ပုံစာပေတွေကြောင့် လင်မယားတွေ ကွာရှင်းပြီး မိသားစုတွေ ပြိုကွဲနေကြတယ်။”—ဝင်ဒီနဲ့ လယ်ရီ မို့စ်တို့ ရေးတဲ့စာအုပ် (The Porn Trap) မှကောက်နုတ်ချက်။

အညှီအဟောက်ရုပ်ပုံစာပေတွေကြောင့် လင်မယားတွေ ကွာရှင်းနေပြီး မိသားစုတွေ ပြိုကွဲနေတယ်။ အကြောင်းကတော့ အဲဒီရုပ်ပုံစာပေတွေဟာ–

  • လင်မယားကြားမှာရှိတဲ့ ယုံကြည်စိတ်ချမှု၊ ရင်းနှီးမှုနဲ့ မေတ္တာကို တိုက်စားပစ်တယ်။—သုတ္တံ ၂:၁၂-၁၇

  • တစ်ကိုယ်ကောင်းစိတ် ဖြစ်ပေါ်စေပြီး အချင်းချင်း စိမ်းကားလာစေတဲ့အပြင် အိမ်ထောင်ဖက်အပေါ် စိတ်ကျေနပ်မှုလည်း ပျောက်ဆုံးစေတယ်။—ဧဖက် ၅:၂၈၊ ၂၉

  • မတော်လျော်တဲ့ လိင်ဆိုင်ရာ စိတ်ကူးစိတ်သန်းတွေနဲ့ အငမ်းမရတဲ့ စိတ်ဆန္ဒတွေ ဖြစ်ပေါ်လာစေတယ်။—၂ ပေတရု ၂:၁၄

  • အိမ်ထောင်ဖက်အပေါ် မဖွယ်မရာပြုဖို့ လှုံ့ဆော်ပေးတယ်။—ဧဖက် ၅:၃၊ ၄

  • စိတ်နဲ့ဖြစ်ဖြစ်၊ ကိုယ်ထိလက်ရောက်ဖြစ်ဖြစ် အိမ်ထောင်ရေးဖောက်ပြန်ဖို့ တွန်းအားဖြစ်စေတယ်။—မဿဲ ၅:၂၈

အိမ်ထောင်သည်တွေကို တစ်ဦးနဲ့တစ်ဦး ‘သစ္စာမဖျက်ကြ’ ဖို့ သမ္မာကျမ်းစာမှာ မိန့်မှာထားတယ်။ (မာလခိ ၂:၁၆) ဖောက်ပြန်တယ်ဆိုတာက သစ္စာမဲ့ခြင်းတစ်မျိုးပါပဲ။ အဲဒါက အိမ်ထောင်ကို ပြိုကွဲစေနိုင်ပြီး လင်မယားတွေကို ခွဲနေဖို့၊ ကွာရှင်းဖို့ ဖြစ်စေတယ်။ အိမ်ထောင် ပြိုကွဲတဲ့အခါ သားသမီးတွေကို ထိခိုက်နိုင်တယ်။

ညစ်ညမ်းရုပ်ပုံစာပေတွေဟာ ကလေးတွေကို တိုက်ရိုက်လည်း ထိခိုက်နိုင်ပါတယ်။ အစပိုင်းမှာ ဖော်ပြခဲ့တဲ့ ဘရိုင်ယန်က ဒီလိုရှင်းပြတယ်– “ကျွန်တော်အသက် ၁၀ နှစ်လောက်တုန်းက တူတူပုန်းတမ်းကစားရင်းနဲ့ အဖေ့ရဲ့ အပြာမဂ္ဂဇင်းတွေကို တွေ့မိတယ်။ အဲဒီအချိန်ကစပြီးတော့ အဲဒါတွေကို ခိုးခိုးကြည့်တယ်။ ဘာကြောင့် အဲဒီပုံတွေကို စွဲလမ်းသွားတယ်ဆိုတာ ကျွန်တော်မသိဘူး။ အဲဒီအချိန်ကစပြီး ညစ်ညမ်းရုပ်ပုံစာပေတွေကို ကြည့်တဲ့အကျင့်ဆိုးဖြစ်ပေါ်လာတာ ကြီးလာတဲ့အထိပဲ။” လေ့လာမှုတွေအရ အညှီအဟောက် ရုပ်ပုံစာပေတွေဟာ ဆယ်ကျော်သက်တွေကို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်စိတ်ကြွလာစေတယ်။ ဒါ့အပြင် လူတကာနဲ့ သောင်းပြောင်းလိင်ဆက်ဆံတာ၊ လိင်ဆိုင်ရာအကြမ်းဖက်တာနဲ့ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်တာတွေ ဖြစ်ပေါ်စေတယ်။

အချက်အလက်မှန်– ညစ်ညမ်းရုပ်ပုံစာပေတွေဟာ ချစ်ခင်ရင်းနှီးမှုကို ပြတ်တောက်စေပြီး နောက်ဆုံးမှာ စိတ်ထိခိုက်နာကြည်းမှုတွေကို ဖြစ်ပေါ်စေတယ်။—သုတ္တံ ၆:၂၇

ညစ်ညမ်းရုပ်ပုံစာပေတွေကို ဘုရားသခင် ဘယ်လိုရှုမြင်သလဲ

သမ္မာကျမ်းစာအဆို– “မတရားမေထုန်ပြုခြင်း၊ မသန့်ရှင်းခြင်း၊ သွေးသားဆန္ဒပြင်းပြခြင်း၊ မကောင်းသောတောင့်တခြင်း၊ ရုပ်တုကိုးကွယ်ခြင်းဖြစ်သော တပ်မက်ခြင်းနှင့်ဆိုင်သည့် . . . သင်တို့၏ ကိုယ်အင်္ဂါများကို သေစေကြလော့။”—ကောလောသဲ ၃:၅

ရှင်းရှင်းပြောရရင် ယေဟောဝါ c ဘုရားသခင်က ညစ်ညမ်းရုပ်ပုံစာပေတွေကို မုန်းတီးတယ်။ အဲဒီလိုမုန်းရတဲ့အကြောင်းရင်းက ကိုယ်တော်ဟာ လိင်ကိစ္စကို လုံးဝလက်မခံလို့မဟုတ်ဘူး။ လူသားတွေရဲ့ ဖိုမဆက်ဆံနိုင်စွမ်းကို ကိုယ်တော်ပဲ ဖန်ဆင်းပေးထားတာဖြစ်တယ်။ ရည်ရွယ်ချက်က အိမ်ထောင်ဖက်အချင်းချင်း စိတ်ကျေနပ်ပျော်ရွှင်စေဖို့၊ ပိုရင်းနှီးလာစေဖို့နဲ့ ကလေးမွေးဖွားနိုင်ဖို့ ဖြစ်ပါတယ်။—ယာကုပ် ၁:၁၇

ဒါဆိုရင် ညစ်ညမ်းရုပ်ပုံစာပေတွေကို ယေဟောဝါဘုရားသခင် လုံးဝမကြိုက်ဘူးလို့ ဘာကြောင့်ပြောနိုင်တာလဲ။ အောက်မှာ အကြောင်းရင်းတချို့ကို ဖော်ပြထားပါတယ်။

  • ညစ်ညမ်းရုပ်ပုံစာပေတွေက လူတွေရဲ့ဘဝကို ပျက်စီးစေတယ်ဆိုတာ ကိုယ်တော် သိထားတယ်။—ဧဖက် ၄:၁၇-၁၉

  • ကိုယ်တော်က ကျွန်ုပ်တို့ကို ချစ်တဲ့အတွက် ထိခိုက်နာကျင်စေတဲ့အရာတွေကနေ ကာကွယ်ပေးချင်တယ်။—ဟေရှာယ ၄၈:၁၇၊ ၁၈

  • ဘုရားသခင်က အိမ်ထောင်နဲ့ မိသားစုတွေကို မပြိုကွဲစေချင်ဘူး။—မဿဲ ၁၉:၄-၆

  • ကျွန်ုပ်တို့ကို ကိုယ်ကျင့်တရား စင်ကြယ်စေချင်တယ်၊ တခြားသူတွေရဲ့ အခွင့်အရေးကို လေးစားစေချင်တယ်။—၁ သက်သာလောနိတ် ၄:၃-၆

  • ကျွန်ုပ်တို့ရဲ့ မျိုးပွားနိုင်စွမ်းကို လေးစားပြီး သိက္ခာရှိရှိ အသုံးပြုစေချင်တယ်။—ဟေဗြဲ ၁၃:၄

  • ညစ်ညမ်းရုပ်ပုံစာပေတွေကြောင့် လိင်ကိစ္စကို လွဲမှားစွာရှုမြင်လာပြီး တစ်ကိုယ်ကောင်းဆန်တဲ့အမြင်နဲ့ စာတန်ရဲ့ အမြင်တွေ ဖြစ်ပေါ်လာစေတယ်ဆိုတာ ကိုယ်တော် သိတယ်။—ကမ္ဘာဦး ၆:၂; ယုဒ ၆၊ ၇

အချက်အလက်မှန်– ညစ်ညမ်းရုပ်ပုံစာပေတွေဟာ ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ ဆက်ဆံရေးကို ပျက်စီးစေတယ်။—ရောမ ၁:၂၄

ဒါပေမဲ့ ညစ်ညမ်းရုပ်ပုံစာပေ စွဲလမ်းနေတာကို ဖြတ်ချင်တဲ့သူတွေအပေါ် ယေဟောဝါဘုရားသခင် သနားကြင်နာပါတယ်။ သမ္မာကျမ်းစာမှာ ဒီလိုဖော်ပြထားပါတယ်– “ထာဝရဘုရားသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ စိတ်ရှည်၍ ကရုဏာကြွယ်ဝသောသဘောရှိတော်မူ၏။ အကြောင်းမူကား ငါတို့ကိုယ်ခန္ဓာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။” (ဆာလံ ၁၀၃:၈၊ ၁၄) ဘုရားသခင်ဟာ စိတ်နှိမ့်ချတဲ့သူတွေ “အကူအညီလိုအပ်ချိန်တွင် သနားကြင်နာမှုနှင့် မဟာကရုဏာတော်ကို ခံစားနိုင်” ဖို့ မိမိဆီပြန်လာပါဆိုပြီး ဖိတ်ခေါ်ထားတယ်။—ဟေဗြဲ ၄:၁၆; “ ညစ်ညမ်းရုပ်ပုံစာပေ စွဲလမ်းမှုကို ဖြတ်ပစ်နိုင်ပုံ” လေးထောင့်ကွက်ကို ဖတ်ပါ။

လူများစွာက ဘုရားသခင်ရဲ့ အကူအညီကို ရယူခဲ့ကြတယ်။ ဘုရားသခင်ရဲ့ အကူအညီက အကျိုးရှိရဲ့လား။ အကျင့်ဆိုးတွေကို ဖြတ်ခဲ့တဲ့ တချို့သူတွေအကြောင်း သမ္မာကျမ်းစာ ပြောဆိုရာကို သုံးသပ်ကြည့်ပါ– “ယခုတွင် သခင်ယေရှုခရစ်၏နာမအားဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ စွမ်းအားတော် အားဖြင့်လည်းကောင်း သင်တို့သည် ဆေးကြောသန့်စင်ခြင်းခံရ၍ ဖြောင့်မတ်ရာသို့ ရောက်ကြပြီ။” (၁ ကောရိန္သု ၆:၁၁) တမန်တော်ပေါလုလိုပဲ သူတို့ အခုလိုကြွေးကြော်နိုင်ကြတယ်– “ငါ့ကို တန်ခိုးပေးတော်မူသော ကိုယ်တော်အားဖြင့် အရာခပ်သိမ်းကို ငါတတ်စွမ်းနိုင်၏။”—ဖိလိပ္ပိ ၄:၁၃

ညစ်ညမ်းရုပ်ပုံစာပေ စွဲလမ်းမှုကို ဖျောက်ဖျက်နိုင်ခဲ့တဲ့ ဆူဆန်က ဒီလိုပြောတယ်– “ဒီအကျင့်ကို ဖျောက်နိုင်ဖို့ ယေဟောဝါဘုရားသခင်ပဲ ကူညီပေးနိုင်တယ်။ ကိုယ်တော့်ဆီက အကူအညီနဲ့ လမ်းညွှန်ချက်ကို တောင်းမယ်ဆိုရင် ကိုယ်တော့်ရှေ့ သန့်ရှင်းတဲ့အနေအထားကို ပြန်ရရှိနိုင်တယ်။ သင်တောင်းတဲ့အတိုင်း ဘုရားသခင်ကူညီပေးမှာ သေချာတယ်။”

a “ညစ်ညမ်းရုပ်ပုံစာပေ” လို့ပြောတဲ့အခါ လိင်အကြောင်း ကွက်ကွက်ကွင်းကွင်း ဖော်ပြထားတဲ့ အရာတွေကို ရည်ညွှန်းခြင်းဖြစ်တယ်။ အဲဒီအရာတွေက ကြည့်ရှုသူ၊ ဖတ်ရှုသူ၊ နားထောင်သူကို လိင်စိတ်ကြွလာစေဖို့ ရည်ရွယ်ထားပြီး ရုပ်ပုံတွေဖြစ်နိုင်သလို ရေးသားထားရာ၊ အသံသွင်းထားရာတွေလည်း ဖြစ်နိုင်တယ်။

b ဒီဆောင်းပါးမှာ နာမည်တွေကို ပြောင်းထားပါတယ်။

c ယေဟောဝါဆိုတာ သမ္မာကျမ်းစာမှာပါတဲ့ ဘုရားသခင်ရဲ့နာမည်ဖြစ်ပါတယ်။