မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်

“ကျွန်တော့်ဘဝက ဘယ်ကိုဦးတည်နေသလဲဆိုတာ လေးလေးနက်နက် စဉ်းစားလာမိတယ်”

“ကျွန်တော့်ဘဝက ဘယ်ကိုဦးတည်နေသလဲဆိုတာ လေးလေးနက်နက် စဉ်းစားလာမိတယ်”
  • မွေးဖွားတဲ့နှစ်– ၁၉၄၁

  • နေရင်းနိုင်ငံ– ဩစတြေးလျ

  • နောက်ခံ– ဆေးလိပ်ချိုး၊ အရက်ချိုး

အတိတ်–

နယူးဆောက်ဝဲလ်ပြည်နယ်က ဝေရီအာဒါဆိုတဲ့ တောမြို့လေးမှာ ကျွန်တော် ကြီးပြင်းလာခဲ့တယ်။ အဲဒီတောမြို့လေးက လူတွေဟာ သိုး၊ နွားတွေကို မွေးမြူပြီး ကောက်ပဲသီးနှံနဲ့ ဂျုံစပါးတွေကို စိုက်ပျိုးကြတယ်။ သန့်ရှင်းသပ်ရပ်တဲ့အပြင် ရာဇဝတ်မှုတွေလည်းနည်းတဲ့ အေးချမ်းသာယာတဲ့မြို့လေးပါ။

မောင်နှမဆယ်ယောက်ထဲမှာ အကြီးဆုံးဖြစ်တဲ့ ကျွန်တော်ဟာ အသက် ၁၃ နှစ်ကစပြီး မိသားစုကို ထောက်ပံ့ဖို့ အလုပ်လုပ်ရတယ်။ ကျောင်းပညာနည်းတဲ့အတွက် စိုက်ပျိုးမွေးမြူရေးအလုပ်ကိုပဲ လုပ်ခဲ့ရတယ်။ အသက် ၁၅ နှစ်မှာ ကျွန်တော်ဟာ မြင်းရိုင်းတွေကို ယဉ်ပါးအောင်လုပ်ရတဲ့ မွေးမြူရေးခြံလုပ်သားဖြစ်လာပါတယ်။

ခြံလုပ်သားဘဝဟာ အကောင်းရှိသလို အဆိုးလည်းရှိတယ်။ ဒီအလုပ်နဲ့ ဒီဝန်းကျင်လေးကို ကျွန်တော် အရမ်းကြိုက်တယ်။ ညဆိုရင် မီးပုံဘေးမှာထိုင်ပြီး တောမြေရနံ့လေးကို သယ်ဆောင်လာတဲ့ လေပြည်လေညင်းလေးကိုရှူရှိုက်ရင်း မိုးကောင်းကင်က လနဲ့ ကြယ်တွေကို ကျွန်တော် ငေးကြည့်နေတတ်တယ်။ အံ့သြဖွယ်ကောင်းတဲ့ အဲဒီအရာတွေကို ဖန်ဆင်းတဲ့သူရှိရမယ်လို့ စဉ်းစားမိတာကိုလည်း သတိရသေးတယ်။ ဒါပေမဲ့ ဆဲဆိုသံတွေကို ကြားနေရပြီး ဆေးလိပ်တွေကိုလည်း နေရာတကာမှာ ရနိုင်တယ်။ ဒီလိုနဲ့ ကျွန်တော်လည်း နေ့တိုင်းလိုလို ဆေးလိပ်သောက်တတ်လာတယ်။ ဆဲဆိုတတ်လာတယ်။

ကျွန်တော့်အသက် ၁၈ နှစ်မှာ ဆစ်ဒနီမြို့ကို ပြောင်းရွှေ့ခဲ့တယ်။ စစ်တပ်ထဲဝင်ဖို့ ကြိုးစားပေမဲ့ ကျောင်းပညာမရှိတဲ့အတွက် ဝင်ခွင့်မရခဲ့ဘူး။ ဆစ်ဒနီမြို့မှာ အလုပ်တစ်ခုရပြီး တစ်နှစ်နေခဲ့တယ်။ အဲဒီအချိန်မှာ ယေဟောဝါသက်သေတွေနဲ့ စတွေ့ခဲ့တယ်။ သူတို့ရဲ့ဝတ်ပြုစည်းဝေး လာတက်ဖို့ ဖိတ်ခေါ်တာကို လက်ခံပြီး သွားတက်တဲ့အခါ သူတို့ရဲ့သွန်သင်ချက်တွေက အမှန်တရားပဲလို့ ကျွန်တော် ချက်ချင်း သိလိုက်တယ်။

သိပ်မကြာခင်မှာ တောမြို့လေးကို ပြန်သွားဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ ကွင်းစလန်းပြည်နယ်၊ ကွန်ဒါဝင်ဒီမြို့မှာ အခြေချလိုက်တယ်။ အဲဒီမှာ ကျွန်တော် အလုပ်ရပြီး အိမ်ထောင်ကျသွားတယ်။ အရက်လည်းသောက်တတ်လာတယ်။

သားနှစ်ယောက် ရပြီးနောက်မှာ ကျွန်တော့်ဘဝက ဘယ်ကိုဦးတည်နေသလဲဆိုတာ လေးလေးနက်နက် စဉ်းစားလာမိတယ်။ ဒါနဲ့ ဆစ်ဒနီမြို့က သက်သေခံတွေရဲ့ ဝတ်ပြုစည်းဝေးမှာ ကျွန်တော်ကြားခဲ့ရတာတွေကို ပြန်သတိရပြီး တစ်ခုခုလုပ်မှဖြစ်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။

ယေဟောဝါသက်သေတွေရဲ့ ဩစတြေးလျဌာနခွဲရုံးလိပ်စာပါတဲ့ ကင်းမျှော်စင်အဟောင်းတစ်အုပ်ကို ကျွန်တော် ရှာတွေ့ခဲ့တယ်။ ကျွန်တော့်ကို ကူညီပေးနိုင်မလားဆိုတဲ့ စာတစ်စောင်ပို့လိုက်တယ်။ ဒါနဲ့ ကြင်နာပြီး ချစ်ခင်တတ်တဲ့ သက်သေခံတစ်ယောက် ကျွန်တော့်ဆီရောက်လာတယ်။ မကြာခင်မှာပဲ ကျွန်တော် သူနဲ့အတူ ကျမ်းစာလေ့လာခဲ့တယ်။

သမ္မာကျမ်းစာက ကျွန်တော့်ဘဝပုံစံကို ပြောင်းလဲပေးခဲ့ပုံ–

ကျမ်းစာလေ့လာရင်းနဲ့ ကျွန်တော့်ဘဝမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုတယ်ဆိုတာ သိလာတယ်။ အထူးသဖြင့် ၂ ကောရိန္သု ၇:၁ မှာပါတဲ့ စာသားတွေကို ကျွန်တော့်စိတ်ထဲ စွဲသွားတယ်။ အဲဒီကျမ်းချက်က “ညစ်ညူးစေသောအရာရှိသမျှတို့နှင့် ကိုယ်ကိုကင်းစင်စေ” ဖို့အတွက် တိုက်တွန်းထားတယ်။

ဆေးလိပ်သောက်တာ၊ အရက်အလွန်အကျွံသောက်တာတွေကို ရပ်ပစ်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ နှစ်ပေါင်းများစွာ စွဲနေတဲ့ အဲဒီအကျင့်တွေကို လွယ်လွယ်နဲ့ ဖြတ်လို့မရခဲ့ဘူး။ ဒါပေမဲ့ ဘုရားနှစ်သက်တဲ့ လမ်းစဉ်အတိုင်း အသက်ရှင်နေထိုင်ဖို့ ကျွန်တော် စိတ်ပိုင်းဖြတ်လိုက်တယ်။ ရောမ ၁၂:၂ မှာပါတဲ့ “လောကစနစ်၏ပုံစံကို မလိုက်ကြနှင့်တော့။ . . . သင်တို့၏စိတ်သဘောကို ပြုပြင်ပြောင်းလဲကြလော့” ဆိုတဲ့ ကျမ်းစာမူကို ကျွန်တော် လိုက်လျှောက်တဲ့အခါ ပြောင်းလဲမှုတွေလုပ်ဖို့ လွယ်ကူသွားပါတယ်။ အကျင့်ဆိုးတွေကို စွန့်ပစ်နိုင်အောင် ကျွန်တော့်ရဲ့ စဉ်းစားတွေးခေါ်ပုံကို ပြုပြင်ဖို့၊ အဲဒီအကျင့်တွေဟာ အန္တရာယ်ရှိတယ်လို့ ဘုရားသခင်ရှုမြင်သလို ရှုမြင်တတ်ဖို့ လိုအပ်တယ်ဆိုတာ သဘောပေါက်ပါပြီ။ ဘုရားသခင်ရဲ့အကူအညီနဲ့ ဆေးလိပ်သောက်တာ၊ အရက်အလွန်အကျွံသောက်တာတွေကို ဖြတ်ပစ်နိုင်ခဲ့ပါတယ်။

“အကျင့်ဆိုးတွေကို စွန့်ပစ်နိုင်အောင် ကျွန်တော့်ရဲ့ စဉ်းစားတွေးခေါ်ပုံကို ပြုပြင်ဖို့ လိုအပ်တယ်ဆိုတာ သဘောပေါက်ပါပြီ”

ကျွန်တော့်အတွက် ဖျောက်ဖို့အခက်ဆုံးက ဆဲတတ်တဲ့အကျင့်ဖြစ်တယ်။ ဧဖက် ၄:၂၉ မှာပါတဲ့ “သင်တို့၏နှုတ်ထဲမှ မကောင်းသော စကားတစ်ခွန်းမျှ မထွက်ပါစေနှင့်” ဆိုတဲ့ ကျမ်းစာအကြံပြုချက်ကို ကျွန်တော် သိထားတယ်။ ဒါတောင်မှ ဆဲတတ်တဲ့အကျင့်ကို ချက်ချင်း မဖျောက်နိုင်ခဲ့ဘူး။ ဟေရှာယ ၄၀:၂၆ မှာပါတဲ့ စကားတွေကို စဉ်းစားတွေးတောတဲ့အခါ ကျွန်တော် အားရှိလာတယ်။ ကြယ်အတိပြီးတဲ့ မိုးကောင်းကင်အကြောင်း အဲဒီကျမ်းချက်ထဲမှာ ဒီလိုပြောပြထားတယ်– “အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့်ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့်ပြည့်စုံတော်မူသောကြောင့် တစ်စုံတစ်ခုမျှ မပေါ်ဘဲမနေရ။” ဘုရားသခင်ဟာ ကျွန်တော် ငေးမောကြည့်ရှုတတ်တဲ့ ကြီးမားကျယ်ပြောတဲ့ ဒီစကြဝဠာကြီးကို ဖန်ဆင်းနိုင်တယ်ဆိုရင် ကိုယ်တော့်စိတ်တော်နဲ့တွေ့အောင် ကျွန်တော် ကြိုးစားပြောင်းလဲနေတာကိုလည်း ကူညီပေးနိုင်မှာ သေချာတယ်။ ခဏခဏဆုတောင်းပြီး ကြိုးစားအားထုတ်တဲ့အခါ ဆဲဆိုတတ်တဲ့အကျင့် တဖြည်းဖြည်း ပျောက်သွားတယ်။

အကျိုးကျေးဇူးရရှိခဲ့ပုံ–

ကျွန်တော်အလုပ်လုပ်တဲ့ မွေးမြူရေးခြံနားတစ်ဝိုက်မှာ လူတွေသိပ်မရှိတဲ့အတွက် လူတွေနဲ့စကားဖောင်ဖွဲ့ ပြောတာလည်း မရှိဘူး။ ဒါပေမဲ့ ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုစည်းဝေးမှာ လေ့ကျင့်ပေးမှုကြောင့် လူတွေနဲ့ဘယ်လိုစကားပြောရမယ်ဆိုတာကို ကျွန်တော်သိရှိလာတယ်။ အဲဒီလေ့ကျင့်ပေးမှုကြောင့် ဘုရားသခင့်နိုင်ငံတော်အကြောင်းကို ပြောပြတတ်လာပြီ။—မဿဲ ၆:၉၊ ၁၀; ၂၄:၁၄

လွန်ခဲ့တဲ့ နှစ်တွေကနေစပြီး အသင်းတော်အကြီးအကဲတစ်ဦးအဖြစ် ကျွန်တော် အမှုဆောင်နေပါတယ်။ ယုံကြည်သူချင်းဖြစ်တဲ့ ညီအစ်ကို၊ ညီအစ်မတွေအတွက် ကျွန်တော် တတ်နိုင်သမျှ ကူညီပေးရတာကို အခွင့်ထူးလို့ ယူမှတ်ပါတယ်။

ကျောင်းပညာသိပ်မရှိတဲ့ ကျွန်တော့်ကို ဘုရားသခင် သွန်သင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ (ဟေရှာယ ၅၄:၁၃) “ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏” လို့ဆိုတဲ့ ကျမ်းစကားကို ကျွန်တော် အပြည့်အဝ လက်ခံပါတယ်။—သုတ္တံ ၁၀:၂၂