မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ | နောဧ

“နောဧနှင့် လူခုနစ်ဦးတို့ကို ကယ်တင်”

“နောဧနှင့် လူခုနစ်ဦးတို့ကို ကယ်တင်”

အပြင်ဘက်မှာ မိုးတွေတဝေါဝေါနဲ့ သဲကြီးမဲကြီး ရွာနေတယ်။ နောဧနဲ့ သူ့မိသားစုကတော့ သင်္ဘောထဲမှာ အတူတူ ပူးပူးကပ်ကပ်လေး ထိုင်နေကြတယ်။ မှိတ်တုတ်မှိတ်တုတ် ဆီမီးရောင်မှိန်မှိန်လေးအောက်မှာ သူတို့ရဲ့မျက်နှာတွေ ဘယ်လိုဖြစ်နေမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ သင်္ဘောအမိုးပေါ် မိုးရေတွေ ဝေါကနဲ ဝေါကနဲ ရွာချနေသံတွေ၊ သင်္ဘောနံဘေးကို ရေတွေ ဝုန်းကနဲ ဝုန်းကနဲ လာရိုက်သံတွေကို ကြားရတဲ့အခါ သူတို့ရဲ့မျက်လုံးတွေ အပြူးသားဖြစ်နေတယ်။ အပြင်ကအသံတွေကို ကြားရတာ ကျောချမ်းစရာပဲ။

သစ္စာရှိတဲ့ ဇနီး၊ အားကိုးရတဲ့သားသုံးယောက်နဲ့ ချွေးမသုံးယောက်ကို ကြည့်မိတိုင်း နောဧရဲ့စိတ်ထဲ ကျေးဇူးတင်စိတ်တွေ တဖွားဖွားပေါ်လာမှာ သေချာတယ်။ အဲဒီအချိန်မှာ အပြင်မှာရှိတဲ့လူတွေက ဒုက္ခအကြီးအကျယ်ရောက်နေပေမဲ့ ချစ်မြတ်နိုးရတဲ့သူတွေနဲ့ အတူရှိနေတဲ့ နောဧကတော့ စိတ်ချမ်းသာနေမှာပဲ။ နောဧတို့အားလုံး ဘေးမသီရန်မခ ရှိနေကြတယ်။ နောဧဟာ ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း မိသားစုအားလုံး ကြားနိုင်လောက်တဲ့အထိ အသံကျယ်ကျယ်နဲ့ ဦးဆောင်ဆုတောင်းပေးမယ်ဆိုတာ သေချာပါတယ်။

နောဧဟာ ယုံကြည်ခြင်း ခိုင်ခံ့သူတစ်ဦးဖြစ်တယ်။ သူ့ရဲ့ယုံကြည်ခြင်းကြောင့်လည်း ဘုရားသခင်က သူနဲ့ သူ့မိသားစုကို ကယ်တင်ခဲ့တယ်။ (ဟေဗြဲ ၁၁:၇) ဒါပေမဲ့ မိုးရွာမယ်လို့ ဘုရားသခင်ကြိုဟောထားတဲ့အတိုင်း မိုးစရွာပြီဆိုတာနဲ့ သူတို့ ယုံကြည်ခြင်းဆက်ရှိစရာ မလိုတော့ဘူးလား။ မဟုတ်ပါဘူး။ ရှေ့ဆက်ဖြတ်သန်းရမယ့် ခက်ခဲတဲ့နေ့တွေအတွက် ယုံကြည်ခြင်း အထူးလိုအပ်နေတုန်းပါ။ ဒုက္ခများပြားတဲ့ ဒီနေ့အချိန်မှာ ကျွန်ုပ်တို့လည်း ယုံကြည်ခြင်း အထူးလိုအပ်ပါတယ်။ ဒါကြောင့် နောဧဆီကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်မလဲဆိုတာ ကြည့်ကြရအောင်။

“အရက်လေးဆယ်ပတ်လုံး”

အပြင်ဘက်မှာ “အရက်လေးဆယ်ပတ်လုံး” ဆက်တိုက် မိုးရွာနေတယ်။ (ကမ္ဘာဦး ၇:၄၊ ၁၁၊ ၁၂) ရေပြင်ဟာ တဖြည်းဖြည်း မြင့်တက်လာလေလေ ဘုရားသခင်ဟာ ဆိုးယုတ်တဲ့သူတွေကို ဒဏ်ခတ်ပြီး ဖြောင့်မတ်တဲ့သူတွေကို ကာကွယ်ပေးတယ်ဆိုတာ နောဧ သိလာလေလေပဲ။

ရေလွှမ်းမိုးမှုလည်းဖြစ်ရော ကောင်းကင်တမန်ဆိုးတွေရဲ့ မကောင်းတဲ့လုပ်ရပ်တချို့လည်း အဆုံးသတ်သွားတယ်။ အဲဒီအချိန်မတိုင်ခင်က စာတန်မာရ်နတ်ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်သဘောထား ကူးစက်ခံရတဲ့ ကောင်းကင်တမန်များစွာဟာ သူတို့ရဲ့ “နေသင့်ရာအရပ်” ဖြစ်တဲ့ ကောင်းကင်ကိုစွန့်ပြီး လူ့အမျိုးသမီးတွေနဲ့ ပေါင်းသင်းနေထိုင်ခဲ့ကြတယ်။ အဲဒီအတွက် နက်ဖလင်လို့ခေါ်တဲ့ တကယ့်ကို ခွန်အားကြီးတဲ့သူတွေ မွေးဖွားလာတယ်။ (ယုဒ ၆; ကမ္ဘာဦး ၆:၄) ဒီပုန်ကန်မှုက ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းလက်ရာမွန်ဖြစ်တဲ့ လူသားတွေကို အသရေပျက်စေတဲ့အတွက် ဒါကိုကြည့်ပြီး စာတန် သိပ်ပျော်နေမှာ သေချာတယ်။

ဒါပေမဲ့ ရေလွှမ်းမိုးဘေးစတင်တဲ့အခါ ပုန်ကန်တဲ့ကောင်းကင်တမန်တွေဟာ သူတို့ရဲ့ လူ့ခန္ဓာကိုယ်ကိုစွန့်ပြီး ကောင်းကင်ကို ပြန်သွားကြတယ်။ သူတို့ နောက်တစ်ခေါက် လူ့ခန္ဓာကိုယ်ကို ယူဆောင်လို့မရတော့ဘူး။ သူတို့ရဲ့ မိန်းမတွေနဲ့ သားမြေးတွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ တခြားသူတွေနဲ့အတူ ရေလွှမ်းမိုးဘေးမှာ ဖျက်ဆီးခံရတယ်။

ဆိုးညစ်တဲ့သူ၊ ဘုရားတရားမဲ့တဲ့သူတွေကို ဖျက်ဆီးမယ်ဆိုတဲ့အကြောင်း လွန်ခဲ့တဲ့နှစ်ပေါင်း ခုနှစ်ရာလောက်ဖြစ်တဲ့ ဧနောက်အချိန်ကတည်းက ဘုရားသခင် သတိပေးခဲ့ပါတယ်။ (ကမ္ဘာဦး ၅:၂၄; ယုဒ ၁၄၊ ၁၅) ဒါပေမဲ့ လူတွေဟာ ပိုပြီးဆိုးလာကြ၊ အကြမ်းဖက်လာကြတဲ့အပြင် ကမ္ဘာကြီးကိုလည်း ဖျက်ဆီးလာကြတယ်။ အခုတော့ သူတို့ ဖျက်ဆီးခံနေရပြီ။ အဲဒီအတွက် နောဧနဲ့ သူ့မိသားစု ဝမ်းသာခဲ့ပါသလား။

ဝမ်းမသာပါဘူး။ သူတို့ရဲ့ ကရုဏာကြွယ်ဝတဲ့ ဘုရားသခင်လည်း ဝမ်းမသာပါဘူး။ (ယေဇကျေလ ၃၃:၁၁) ယေဟောဝါဘုရားသခင်ဟာ လူများနိုင်သမျှများများကို ကယ်တင်ဖို့ လုပ်စရာရှိတာအားလုံး လုပ်ခဲ့ပါတယ်။ လူတွေကို သတိပေးဖို့ ဧနောက်ကို စေလွှတ်ခဲ့တယ်။ သင်္ဘောဆောက်ဖို့ နောဧကို ညွှန်ကြားခဲ့တယ်။ နောဧနဲ့ သူ့မိသားစုဟာ တကယ့်ကိုကြီးမားတဲ့ သင်္ဘောကို လူရှေ့သူရှေ့မှာ ဆယ်စုနှစ်နဲ့ချီ တည်ဆောက်ခဲ့တယ်။ ဒါ့အပြင် ဘုရားသခင်က နောဧကို “ဖြောင့်မတ်ခြင်းတရား ဟောပြော” ဖို့လည်း ညွှန်ကြားခဲ့တယ်။ (၂ ပေတရု ၂:၅) နောဧဟာ သူ့မတိုင်ခင်က အသက်ရှင်ခဲ့တဲ့ ဧနောက်လုပ်ခဲ့သလိုပါပဲ၊ ရောက်လာတော့မယ့်တရားစီရင်မှုအကြောင်း လူတွေကို သတိပေးခဲ့တယ်။ လူတွေ ဘယ်လိုတုံ့ပြန်ကြသလဲ။ အဖြစ်အပျက်တွေကို ကောင်းကင်ကနေ မြင်တွေ့နေရတဲ့ ယေရှုက နောဧခေတ်ကလူတွေအကြောင်း ခုလိုပြောတယ်– ‘ရေလွှမ်းမိုးဘေးရောက်၍ လူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းသည်တိုင်အောင် သတိမဲ့နေကြသည်။’—မဿဲ ၂၄:၃၉

သင်္ဘောတံခါးကို ဘုရားသခင် ပိတ်လိုက်ပြီးတဲ့နောက် ပထမရက်ပေါင်း ၄၀ မှာ နောဧနဲ့ သူ့မိသားစု ဘယ်လိုများနေမလဲဆိုတာ စဉ်းစားကြည့်ပါ။ နေ့နေ့ညည သဲသဲမဲမဲမိုးရွာနေချိန်မှာ သူတို့ဟာ တစ်ဦးကိုတစ်ဦး ကူညီလုပ်ကိုင်ပေးတာ၊ သူတို့နေတဲ့နေရာကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ထိန်းသိမ်းတာ၊ သူတို့ကြည့်ရှုမှုအောက်မှာရှိတဲ့ တိရစ္ဆာန်တွေကို လိုအပ်သလို ဂရုစိုက်ပေးတာစတဲ့ နေ့စဉ်လုပ်ဆောင်စရာတွေနဲ့ တဖြည်းဖြည်းအသားကျလာမှာဖြစ်တယ်။ အဲဒီလိုနေရင်း တစ်ချိန်မှာတော့ သင်္ဘောတစ်ခုလုံး လှုပ်ခတ်သွားတယ်။ ဟုတ်ပါတယ်၊ သင်္ဘောကြီး လှုပ်ရှားလာပါပြီ။ မြင့်တက်လာတဲ့ရေဟာ သင်္ဘောကို ရှေ့နောက်ဘယ်ညာယိမ်းထိုးစေရင်း “မြေမှခွာလျက်ဆောင်ယူ” ပါတော့တယ်။ (ကမ္ဘာဦး ၇:၁၇) ယေဟောဝါဘုရားသခင်ရဲ့ တန်ခိုးကြီးမားမှုကို ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါတယ်။

နောဧဟာ ကိုယ်တိုင်နဲ့ သူ့မိသားစု ကယ်တင်ခံရလို့သာမက သင်္ဘောအပြင်ဘက်က ဖျက်ဆီးခံရတဲ့သူတွေကို သတိပေးဖို့ ဘုရားသခင် သူတို့ကို ကရုဏာပါစွာ အသုံးပြုခဲ့တဲ့အတွက် အရမ်းကိုကျေးဇူးတင်မှာပဲ။ လွန်ခဲ့တဲ့နှစ်တွေတုန်းကတော့ သူတို့ရဲ့ ကြိုးစားအားထုတ်မှုဟာ သဲထဲရေသွန်သလို ဘာမှအရာမထင်ဘူးလို့ ခံစားခဲ့ရပါလိမ့်မယ်။ လူတွေက တုံ့ပြန်မှုမှမရှိတာ။ စဉ်းစားကြည့်ပါ၊ နောဧမှာ ညီကိုမောင်နှမတွေ၊ တူ၊ တူမတွေ ရှိမှာပဲ။ ဒါပေမဲ့ သူပြောတာကို သူ့မိသားစုကလွဲလို့ ဘယ်သူမှ နားမထောင်ကြဘူး။ (ကမ္ဘာဦး ၅:၃၀) အခုတော့၊ သူတို့ရှစ်ယောက်ပဲ သင်္ဘောထဲမှာ ရှိနေကြတယ်။ ဒါပေမဲ့ တခြားသူတွေလည်း ကယ်တင်ခံရအောင် လိုက်သတိပေးခဲ့တဲ့အချိန်တွေကို ပြန်စဉ်းစားကြည့်တဲ့အခါ သူတို့ စိတ်သက်သာရာရခဲ့မှာ သေချာပါတယ်။

ဒီနေ့အချိန်အထိ ယေဟောဝါဘုရားသခင်ဟာ မပြောင်းလဲပါဘူး။ (မာလခိ ၃:၆) ကျွန်ုပ်တို့ခေတ်ဟာ “နောဧလက်ထက်” နဲ့ တော်တော့်ကိုတူတယ်လို့ ယေရှုခရစ် ရှင်းပြခဲ့တယ်။ (မဿဲ ၂၄:၃၇) ဒုက္ခမြားမြောင်လှတဲ့ခေတ်မှာ ကျွန်ုပ်တို့ အသက်ရှင်နေရတယ်။ ယိုယွင်းဖောက်ပြန်နေတဲ့ ဒီအစီအစဉ်စနစ်ဟာ မကြာခင် ဖျက်ဆီးခံရပါတော့မယ်။ ဒီနေ့အချိန်မှာ ဘုရားသခင်ကို ကိုးကွယ်တဲ့သူတွေဟာ လူတိုင်းကို သတိပေးသတင်းစကား ပြောကြားနေပါတယ်။ ဒီသတင်းစကားကို သင် လက်ခံမလား။ သင်ဟာ အသက်ကယ်သတင်းတရားဖြစ်တဲ့ အမှန်တရားကို လက်ခံထားသူဖြစ်တယ်ဆိုရင် တခြားသူတွေကိုရော လိုက်သတိပေးမလား။ နောဧနဲ့ သူ့မိသားစုဟာ ကျွန်ုပ်တို့အားလုံးအတွက် နမူနာကောင်းပါပဲ။

“ရေထဲမှ ကယ်တင်”

လှိုင်းလေထန်နေတဲ့ရေပြင်ကြီးပေါ်မှာ မျောလွင့်နေတဲ့သင်္ဘောထဲက နောဧတို့မိသားစုဟာ သင်္ဘောကိုယ်ထည်ရဲ့ တကျွိကျွိ ပွတ်တိုက်သံတွေကို ကြားနေရမှာပဲ။ လှိုင်းလုံးတွေ ဘယ်လောက်များကြီးလာမလဲ၊ သင်္ဘောကရော လှိုင်းဒဏ်ကို ခံနိုင်ပါ့မလားဆိုပြီး နောဧ စိတ်ပူခဲ့ပါသလား။ မပူပါဘူး။ အရာရာကို မယုံသင်္ကာဖြစ်တတ်တဲ့ ဒီနေ့ခေတ်ကလူတွေနဲ့ မတူတာက နောဧမှာ မယုံကြည်တဲ့စိတ် မရှိပါဘူး။ သမ္မာကျမ်းစာက ဒီလိုဆိုတယ်– “နောဧသည် ယုံကြည်ခြင်းအားဖြင့် . . . သင်္ဘောဆောက်လေ၏။” (ဟေဗြဲ ၁၁:၇) ဘာကို ယုံကြည်တာလဲ။ နောဧနဲ့ သူ့မိသားစုကို ရေလွှမ်းမိုးဘေးကနေ ကယ်တင်မယ်ဆိုတဲ့ ယေဟောဝါဘုရားရဲ့ ကတိကိုဖြစ်တယ်။ (ကမ္ဘာဦး ၆:၁၈၊ ၁၉) စကြဝဠာကို ဖန်ဆင်းခဲ့တဲ့၊ ကမ္ဘာကြီးနဲ့တကွ ကမ္ဘာပေါ်က သက်ရှိအားလုံးကို ဖန်ဆင်းခဲ့တဲ့ဘုရားသခင်ဟာ ဒီသင်္ဘောကို မပျက်စီးအောင် မကာကွယ်ပေးနိုင်ဘူးလား။ သိပ်ကို ကာကွယ်ပေးနိုင်တာပေါ့။ ဒါကြောင့်လည်း ဘုရားသခင်ရဲ့ကတိကို နောဧ ယုံကြည်စိတ်ချခဲ့တယ်။ အမှန်တကယ်လည်း သူနဲ့သူ့မိသားစုဟာ “ရေထဲမှကယ်တင်” ခံခဲ့ရတယ်။—၁ ပေတရု ၃:၂၀

နေ့ပေါင်း ၄၀၊ ညပေါင်း ၄၀ မိုးရွာပြီးနောက် ဒီနေ့ခေတ်ပြက္ခဒိန်အရ ခရစ်နှစ်မတိုင်ခင် ၂၃၇၀ ခုနှစ် ဒီဇင်ဘာလလောက်မှာ မိုးစဲသွားတယ်။ ဒါပေမဲ့ သင်္ဘောထဲက နောဧတို့မိသားစုရဲ့ စိတ်လှုပ်ရှားဖွယ် အချိန်ဟာ မပြီးသေးပါဘူး။ ကမ္ဘာတစ်ခုလုံးကိုလွှမ်းမိုးထားပြီး တောင်ထိပ်တွေထက်မြင့်နေတဲ့ ရေပြင်ပေါ်မှာ သက်ရှိတွေအပြည့်ရှိတဲ့သင်္ဘော မျောပါနေတယ်။ (ကမ္ဘာဦး ၇:၁၉၊ ၂၀) သင်္ဘောထဲမှာရှိနေတဲ့ တိရစ္ဆာန်တွေကို အစာကျွေးဖို့၊ သန့်ရှင်းရေးလုပ်ပေးဖို့၊ ကျန်းမာအောင်ထားဖို့စတဲ့ အလုပ်တွေကို ရှေမ၊ ဟာမ၊ ယာဖက်တို့နဲ့အတူ နောဧလုပ်ဆောင်နေတာကို ကျွန်ုပ်တို့ မြင်ယောင်ကြည့်နိုင်ပါတယ်။ အမှန်ပါပဲ၊ တိရစ္ဆာန်တွေကို ယဉ်ပါးစေပြီး သင်္ဘောထဲပို့ဆောင်ပေးခဲ့တဲ့ ဘုရားသခင်ဟာ ရေလွှမ်းမိုးတဲ့အချိန်တစ်လျှောက်လည်း တိရစ္ဆာန်တွေ အဲဒီအခြေအနေအတိုင်းရှိနေအောင် ထားပေးခဲ့ပါတယ်။ a

နောဧဟာ အဖြစ်အပျက်တွေအကြောင်း သေသေချာချာ မှတ်တမ်းတင်ခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။ အဲဒီမှတ်တမ်းက ဘယ်အချိန်မှာ မိုးစရွာတယ်၊ ဘယ်အချိန်မှာ မိုးစဲသွားတယ်ဆိုတာ ဖော်ပြတယ်။ ရေဟာ ရက်ပေါင်း ၁၅၀ လုံးလုံး မြေကြီးကို လွှမ်းမိုးနေတယ်ဆိုတဲ့အကြောင်းကိုလည်း ဖော်ပြတယ်။ နောက်ဆုံးမှာ ရေတဖြည်းဖြည်းလျော့ကျလာတယ်။ သင်္ဘောဟာ ဒီနေ့ခေတ် တူရကီနိုင်ငံမှာရှိတဲ့ “အာရရတ်အမည်ရှိသော တောင်ပေါ်မှာ” ညင်ညင်သာသာ တင်သွားတဲ့နေ့ကတော့ သူတို့အတွက် အမှတ်ရစရာနေ့တစ်နေ့ ဖြစ်နေပါလိမ့်မယ်။ အဲဒီအချိန်ဟာ ခရစ်နှစ်မတိုင်မီ ၂၃၆၉၊ ဧပြီလလောက် ဖြစ်နိုင်ဖွယ်ရှိတယ်။ နောက် ၇၃ ရက်အကြာ ဇွန်လလောက်မှာ ထောင်ထိပ်တွေကို မြင်နေရပြီ။ နောက်သုံးလအကြာ စက်တင်ဘာလမှာ နောဧဟာ သင်္ဘောရဲ့ အမိုးတချို့ကို ဖွင့်လိုက်တယ်။ ခက်ခက်ခဲခဲနဲ့ ကြိုးစားဖွင့်လိုက်ပြီးတဲ့နောက် နေအလင်းရောင်ကို မြင်လိုက်ရပြီး သန့်ရှင်းလတ်ဆတ်တဲ့လေကို ရှူရှိုက်လိုက်ရတဲ့အတွက် သူ ဘယ်လောက် အမောပြေသွားလိုက်မလဲ။ ဒီမတိုင်ခင်က နောဧဟာ ကျီးနက်ကြီးကို လွှတ်ပြီး ပတ်ဝန်းကျင်အခြေအနေကို လေ့လာခဲ့တယ်။ အဲဒီအခါ ကျီးနက်ကြီးဟာ ခေါက်တုံ့ခေါက်ပြန် ပျံသန်းနေတယ်။ နောက်ပိုင်း ချိုးငှက်ကိုလွှတ်လိုက်တဲ့အခါ ချိုးငှက်လေးက အပြင်မှာ နားစရာနေရာမတွေ့မချင်း နောဧဆီ ပြန်လာခဲ့တယ်။—ကမ္ဘာဦး ၇:၂၄-၈:၁၃

အခက်ခဲဆုံးအချိန်မှာတောင် မိသားစုဝတ်ပြုရေးကို နောဧ ဦးဆောင်ခဲ့မှာသေချာ

နောဧဟာ တခြားအလုပ်တွေထက် ဝတ်ပြုရေးကို ဆက်ဦးစားပေးခဲ့မှာ သေချာပါတယ်။ မိသားစုလိုက် အတူတူ ဆုတောင်းနေကြတာ၊ ကာကွယ်ပေးတတ်တဲ့ ကောင်းကင်ဖခင်အကြောင်း ပြောဆိုနေကြတာတွေကို ကျွန်ုပ်တို့ မြင်ယောင်နိုင်တယ်။ အရေးကြီးတဲ့ဆုံးဖြတ်ချက်တိုင်းအတွက် နောဧဟာ ယေဟောဝါဘုရားသခင်ကို အားကိုးခဲ့တယ်။ သင်္ဘောထဲမှာ တစ်နှစ်ကျော်ကြာခဲ့ပြီး နောက်ဆုံး မြေကြီးခြောက်သွေ့သွားတဲ့အချိန်မှာတောင် သင်္ဘောတံခါးကို နောဧ မဖွင့်သေးဘူး။ သင်္ဘောပေါ်ကနေ ဦးဆောင်ပြီး ထွက်မလာသေးဘူး။ (ကမ္ဘာဦး ၈:၁၄) ဘုရားသခင် ဘာပြောမလဲဆိုတာကို သူ စောင့်နေခဲ့တယ်။

ဒီနေ့ခေတ် အိမ်ထောင်ဦးစီးတွေလည်း သစ္စာရှိပုဂ္ဂိုလ် နောဧဆီကနေ များစွာ သင်ယူနိုင်ပါတယ်။ နောဧဟာ စည်းစနစ်ရှိသူ၊ အလုပ်ကြိုးစားသူ၊ စိတ်ရှည်သူ၊ မိသားစုကို ကာကွယ်ပေးတတ်သူ ဖြစ်တယ်။ အရေးကြီးဆုံးအချက်ကတော့ သူဟာ ယေဟောဝါဘုရားသခင်ရဲ့ အလိုတော်ကို အရာအားလုံးထက် ဦးစားပေးခဲ့တယ်။ ဒီကဏ္ဍတွေမှာ နောဧကို ကျွန်ုပ်တို့ တုပမယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူအားလုံး ဘုရားသခင့်ကောင်းချီးတွေကို ခံစားရပါလိမ့်မယ်။

“သင်္ဘောထဲမှ ထွက်ကြလော့”

နောက်ဆုံးတော့၊ “သင်သည် သင်၏မယား၊ သားများ၊ ချွေးမများနှင့်တကွ သင်္ဘောထဲမှ ထွက်ကြလော့” ဆိုတဲ့ ဘုရားသခင်ရဲ့အမိန့် ရောက်လာပါတယ်။ နောဧမိသားစုဟာ နာခံမှုရှိရှိထွက်လာပြီး တိရစ္ဆာန်တွေလည်း နောက်ကနေ လိုက်ထွက်လာကြတယ်။ ဘယ်လိုထွက်လာကြသလဲ။ ဗြောက်သောက်ထွက်လာကြသလား။ မဟုတ်ပါဘူး။ “အမျိုးအလိုက် သင်္ဘောထဲမှ ထွက်လာကြ” တယ်လို့ မှတ်တမ်းကဆိုတယ်။ (ကမ္ဘာဦး ၈:၁၅-၁၉ခမ) အပြင်ရောက်တော့ နောဧတို့မိသားစုဟာ သန့်ရှင်းလတ်ဆတ်တဲ့လေကိုရှူပြီး အာရရတ်တောင်ပေါ်ကနေ ကြည့်လိုက်တဲ့အခါ သန့်စင်ထားပြီဖြစ်တဲ့ ကမ္ဘာကို တွေ့မြင်ခဲ့ရတယ်။ နက်ဖလင်တွေ၊ အကြမ်းဖက်မှုတွေ၊ ပုန်ကန်တဲ့ ကောင်းကင်တမန်တွေနဲ့အတူ ဆိုးညစ်တဲ့ လောကကြီး မရှိတော့ပါလား။ b ဒါနဲ့ နောဧမိသားစုဟာ ဘဝကို အစကနေ ပြန်စခွင့် ရရှိခဲ့ကြတယ်။

ဘာဆက်လုပ်ရမလဲဆိုတာ နောဧ သိပါတယ်။ သူဟာ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းနဲ့ အစပြုခဲ့တယ်။ ယဇ်ပလ္လင်တည်ဆောက်ပြီး သန့်ရှင်းတယ်လို့ ဘုရားသခင်ယူမှတ်တဲ့ တိရစ္ဆာန်တချို့ကို ယဇ်ပူဇော်ခဲ့တယ်။ အဲဒီတိရစ္ဆာန်တွေကတော့ သင်္ဘောထဲကို အထီးအမခုနှစ်ကောင်စီ ထည့်သွင်းခဲ့တဲ့ တိရစ္ဆာန်တွေ ဖြစ်တယ်။ (ကမ္ဘာဦး ၇:၂; ၈:၂၀) သူတို့ရဲ့ဝတ်ပြုမှုကို ဘုရားသခင် နှစ်သက်ပါသလား။

“ထာဝရဘုရားသည်လည်း မွှေးကြိုင်သောအနံ့ကိုခံယူ” တယ်ဆိုပြီး သမ္မာကျမ်းစာထဲမှာ ဖော်ပြထားပါတယ်။ လူတွေကြောင့် ကမ္ဘာပေါ် အကြမ်းဖက်မှုတွေနဲ့ ပြည့်နှက်နေတဲ့အခါ ယေဟောဝါဘုရားသခင် စိတ်နာကျင်ခဲ့ရပေမဲ့ မိမိကို သစ္စာရှိရှိဝတ်ပြုတဲ့၊ မိမိအလိုတော်ကို လုပ်ဆောင်မယ်လို့ ဆုံးဖြတ်ထားတဲ့ မိသားစုကို တွေ့မြင်ရတဲ့အတွက် ကိုယ်တော် စိတ်သက်သာရာရမှာ၊ စိတ်ကျေနပ်နေမှာ အမှန်ပါပဲ။ ဒါပေမဲ့ သူတို့ စုံလင်ရမယ်လို့ ကိုယ်တော် မမျှော်လင့်ထားပါဘူး။ ကျမ်းချက်က ခုလိုဆက်ပြောတယ်– “လူတို့သည် ငယ်သောအရွယ်မှစ၍ စိတ်နှလုံးအကြံအစည်ဆိုးကြ၏။” (ကမ္ဘာဦး ၈:၂၁) ဘုရားသခင်က လူသားတွေအပေါ် စိတ်ရှည်ပြီး သနားကြင်နာကြောင်း ဘယ်လိုထပ်ဖော်ပြခဲ့သလဲဆိုတာ ဆက်သုံးသပ်ကြည့်ပါ။

ဘုရားသခင်ဟာ မြေကြီးကို ကျိန်ထားတာကို ဖယ်ရှားပေးခဲ့တယ်။ အာဒံနဲ့ဧဝ ပုန်ကန်တဲ့အချိန်တုန်းက မြေကြီးပေါ်မှာ ပင်ပင်ပန်းပန်း ထွန်ယက်စိုက်ပျိုးရမယ်လို့ ဘုရားသခင် ကျိန်ခဲ့တယ်။ နောဧရဲ့အဖေ လာမက်က သူ့ရဲ့သားကို “သက်သာစေခြင်း ဒါမှမဟုတ် နှစ်သိမ့်ခြင်း” လို့အဓိပ္ပာယ်ရှိနိုင်တဲ့ နောဧလို့ နာမည်မှည့်ခေါ်ခဲ့ပြီး လူသားတွေကို အဲဒီကျိန်ခြင်းကနေ သက်သာစေမယ်လို့ ကြိုပြောခဲ့တယ်။ အဲဒီကြိုဟောချက် ပြည့်စုံလာပြီး ကမ္ဘာမြေကြီးဟာ အသီးအနှံတွေ သီးပွင့်ဖြစ်ထွန်းဖို့ အဆင်သင့်ဖြစ်နေတယ်ဆိုတာ သိရတဲ့အတွက် နောဧ ပီတိဖြစ်မှာ သေချာပါတယ်။ ဒါကြောင့်လည်း နောဧဟာ သိပ်မကြာခင် ထွန်ယက်စိုက်ပျိုးပါတော့တယ်။—ကမ္ဘာဦး ၃:၁၇၊ ၁၈; ၅:၂၈၊ ၂၉; ၉:၂၀

နောဧနဲ့ သူ့မိသားစုဟာ သင်္ဘောထဲကနေ သန့်စင်ထားပြီဖြစ်တဲ့ ကမ္ဘာပေါ် ထွက်လာခဲ့

အဲဒီအချိန်မှာပဲ ယေဟောဝါဘုရားသခင်ဟာ နောဧရဲ့ သားမြေးအားလုံး လိုက်နာရမယ့် ရိုးရှင်းတဲ့ပညတ်တချို့ ပေးခဲ့ပါတယ်။ အဲဒီပညတ်ထဲမှာ လူ့အသက်မသတ်ဖို့နဲ့ သွေးကို အလွဲသုံးစားမလုပ်ဖို့ ပညတ်တွေလည်းပါတယ်။ ဘုရားသခင်က နောက်တစ်ခါ ရေလွှမ်းမိုးဘေးနဲ့ မဖျက်ဆီးတော့ဘူးလို့ လူတွေကို ကတိပေးခဲ့ပြီး အဲဒီကတိကို ပြည့်စုံစေမယ်ဆိုတဲ့ အမှတ်အသားအနေနဲ့ သက်တံဖြစ်ပေါ်စေခဲ့တယ်။ ကျွန်ုပ်တို့လည်း သက်တံကိုမြင်တဲ့အခါ ဘုရားသခင်ရဲ့ မေတ္တာပြည့်ဝတဲ့ကတိတော်ကို ပြန်အမှတ်ရနိုင်ပါတယ်။—ကမ္ဘာဦး ၉:၁-၁၇

နောဧဇာတ်လမ်းဟာ စိတ်ကူးယဉ်ပုံပြင်ဖြစ်မယ်ဆိုရင် သက်တံအကြောင်းမှာ နိဂုံးချုပ်သွားပါလိမ့်မယ်။ ဒါပေမဲ့ နောဧဟာ တကယ်ရှိခဲ့တဲ့ လူသားတစ်ယောက်ပါ။ သူ့ဇာတ်လမ်းက ဒီမှာတင် ပြီးဆုံးသွားတာမဟုတ်ပါဘူး။ အဲဒီခေတ်ကလူတွေဟာ အသက်ရှည်ကြတယ်။ နောဧလည်း နှစ်ပေါင်း ၃၅၀ အထိ အသက်ရှင်ခဲ့ပြီး အဲဒီရာစုနှစ်တွေတစ်လျှောက်မှာ ဝမ်းနည်းကြေကွဲစရာတွေကို သူ ကြုံတွေ့ခဲ့ရတယ်။ တစ်ခါမှာ၊ သူဟာ ကိုယ့်ကိုယ်ကိုမထိန်းနိုင်တဲ့အထိ မူးယစ်သွားတယ်။ နောဧ အဲဒီအမှား ကျူးလွန်မိချိန်မှာ မြေးဖြစ်သူ ခါနာန်က နောဧအပေါ် ဒီထက်ကြီးလေးတဲ့အမှားလုပ်ပြီး ခါနာန်မိသားစုအပေါ် ဆိုးဝါးတဲ့အကျိုးဆက် ကျရောက်စေခဲ့တယ်။ နိမ်ရောဒခေတ်မှာ သားစဉ်မြေးဆက်တွေ ရုပ်တုကိုးကွယ်၊ အကြမ်းဖက်စတဲ့ အပြစ်တွေကျူးလွန်ကြတာကိုလည်း နောဧတွေ့မြင်ခဲ့တယ်။ ဒါပေမဲ့ အကောင်းဘက်က ပြန်ကြည့်မယ်ဆိုရင် ရှေမဟာ မိသားစုအတွက် ယုံကြည်ခြင်းပုံသက်သေကောင်းပြခဲ့တာကို နောဧ တွေ့မြင်ခဲ့ရတယ်။—ကမ္ဘာဦး ၉:၂၁-၂၈; ၁၀:၈-၁၁; ၁၁:၁-၁၁

နောဧလိုပဲ ကျွန်ုပ်တို့လည်း အခက်အခဲတွေကြား ယုံကြည်ခြင်း ဆက်ရှိနေဖို့ လိုအပ်တယ်။ ကျွန်ုပ်တို့ဝန်းကျင်ကလူတွေ စစ်မှန်တဲ့ဘုရားသခင်ကို လျစ်လျူရှုတဲ့အခါ ဒါမှမဟုတ် ကိုယ်တော့်ကို ဆက်ဝတ်မပြုတော့တဲ့အခါမှာ နောဧရဲ့လမ်းစဉ်ကို ကျွန်ုပ်တို့ ဆက်လိုက်ဖို့ လိုအပ်တယ်။ အဲဒီလို သစ္စာရှိရှိ ခံနိုင်ရည် တင်ပြသွားတဲ့သူတွေကို ဘုရားသခင် အလွန်တန်ဖိုးထားပါတယ်။ ယေရှုခရစ် ခုလို ဆိုခဲ့တယ်– “အကြင်သူသည် အဆုံးတိုင်အောင်တည်ကြည်၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။”—မဿဲ ၂၄:၁၃

a တချို့တိရစ္ဆာန်တွေ ဆောင်းခိုတဲ့အခါ အချိန်အတော်ကြာ အစာလုံး၀မစား မလှုပ်မယှက် မှိန်းနေတတ်တယ်။ သင်္ဘောထဲက တိရစ္ဆာန်တွေအတွက် အစာသိပ်မကုန်အောင် သူတို့ကို မှိန်းနေတဲ့အခြေအနေမျိုး ဘုရားသခင် ပြုလုပ်ထားတာဖြစ်ရမယ်လို့ ဆိုကြသူတွေလည်းရှိတယ်။ ကိုယ်တော် အဲဒီလိုလုပ်ခဲ့တာပဲဖြစ်ဖြစ်၊ မလုပ်ခဲ့တာပဲဖြစ်ဖြစ် သင်္ဘောထဲက သက်ရှိအားလုံးကို အသက်ရှင်လွတ်မြောက်စေမယ်ဆိုတဲ့ ကတိအတိုင်း လုပ်ပေးခဲ့တယ်။

b ရေလွှမ်းမိုးဘေးကြောင့် ကမ္ဘာမြေပေါ်ကနေ ပျောက်ကွယ်သွားတဲ့အရာတွေထဲမှာ ဘုရားသခင်ပြုလုပ်ခဲ့တဲ့ ဧဒင်ဥယျာဉ်လည်း ပါနိုင်ဖွယ်ရှိတယ်။ အဲဒီလိုသာဆိုရင် ဥယျာဉ်အဝင်ဝကို နှစ်ပေါင်း ၁,၆၀၀ စောင့်ကြပ်ခဲ့ရတဲ့ ခေရုဗိမ်တွေလည်း တာဝန်ပြီးဆုံးသွားပြီဖြစ်လို့ ကောင်းကင်ကို ပြန်သွားနိုင်ကြပြီ။—ကမ္ဘာဦး ၃:၂၂-၂၄