မာတိကာဆီ ကျော်သွား

ကမ္ဘာမြေ ဖျက်ဆီးခံရမလား

ကမ္ဘာမြေ ဖျက်ဆီးခံရမလား

ကျမ်းစာအဖြေ

 မခံရပါဘူး။ ကမ္ဘာဂြိုဟ်ဟာ ဘယ်တော့မှ မီးလောင်ပျက်စီးသွားမှာ မဟုတ်သလို အသစ်အစားထိုးမှာလည်း မဟုတ်ဘူး။ ကမ္ဘာမြေ အစဉ်အမြဲ တည်ရှိဖို့ ဘုရား ဖန်ဆင်းထားတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။

  •   “ဖြောင့်မတ်သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး ထာဝစဉ် နေထိုင်ရလိမ့်မယ်။”—ဆာလံ ၃၇:၂၉

  •   “ကမ္ဘာမြေကို အုတ်မြစ်တွေပေါ် တည်ဆောက်တယ်။ သူ့နေရာကနေ ဘယ်တော့မှ ရွှေ့လို့ရမှာ မဟုတ်ဘူး။”—ဆာလံ ၁၀၄:၅

  •   “ကမ္ဘာမြေကတော့ ထာဝစဉ် တည်တယ်။”—ဒေသနာ ၁:၄

  •   “ယေဟောဝါဟာ ... ကမ္ဘာမြေကို ပုံသွင်းတဲ့အရှင်၊ ကမ္ဘာမြေကို အခိုင်အမာတည်တဲ့အရှင်ပဲ။ ကမ္ဘာမြေကို အကြောင်းမဲ့ ဖန်ဆင်းတာ မဟုတ်ဘဲ သတ္တဝါတွေ နေထိုင်ဖို့ ဖန်ဆင်းခဲ့တဲ့အရှင်ပဲ။”—ဟေရှာယ ၄၅:၁၈

လူတွေကြောင့် ကမ္ဘာမြေ ပျက်စီးသွားမလား

 လေထု၊ ရေထု ညစ်ညမ်းမှု၊ စစ်မှု ဒါမှမဟုတ် တခြားအကြောင်းရင်းတွေကြောင့် ကမ္ဘာမြေ လုံးဝ ပျက်စီးသွားအောင် ဘုရား ခွင့်ပြုမှာ မဟုတ်ဘူး။ ဘုရားသခင်က “ကမ္ဘာမြေကို ဖျက်ဆီးတဲ့သူတွေကို ဖျက်ဆီး” မယ်။ (ဗျာဒိတ် ၁၁:၁၈) ဘယ်လိုနည်းနဲ့လဲ။

 ကမ္ဘာမြေကို ကာကွယ်မပေးနိုင်တဲ့ လူ့အစိုးရတွေနေရာမှာ အရာအားလုံးကို လုပ်ဆောင်နိုင်တဲ့ ကောင်းကင်နိုင်ငံတော်နဲ့ ဘုရား အစားထိုးပါလိမ့်မယ်။ (ဒံယေလ ၂:၄၄။ မဿဲ ၆:၉၊ ၁၀) ကောင်းကင်နိုင်ငံတော်ကို ဘုရားသားတော် ယေရှုခရစ်က အုပ်ချုပ်မယ်။ (ဟေရှာယ ၉:၆၊ ၇) ယေရှု ကမ္ဘာပေါ်မှာ ရှိတုန်းက သဘာဝစွမ်းအားတွေကို ထိန်းချုပ်နိုင်ကြောင်း ပြခဲ့တယ်။ (မာကု ၄:၃၅-၄၁) ဘုရားနိုင်ငံတော်ဘုရင်အနေနဲ့ ယေရှုဟာ ကမ္ဘာမြေနဲ့ သဘာဝစွမ်းအားတွေကို အပြည့်အဝ ထိန်းချုပ်ပါလိမ့်မယ်။ ကမ္ဘာ့အခြေအနေတွေကို ကမ္ဘာဦးအစက တည်ရှိခဲ့တဲ့၊ သာယာလှပတဲ့ ဧဒင်ဥယျာဉ်လိုမျိုး ပြန်ဖြစ်အောင် အသစ်ပြုပြင်ပါလိမ့်မယ်။—မဿဲ ၁၉:၂၈။ လုကာ ၂၃:၄၃

ကမ္ဘာမြေ မီးလောင်ပျက်စီးသွားမယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ် မဟုတ်လား

 မဟုတ်ပါဘူး။ ၂ ပေတရု ၃:၇ မှာပါတဲ့ “အခုတည်ရှိနေတဲ့ ကောင်းကင်နဲ့ မြေကြီးကလည်း ... မီးနဲ့ ဖျက်ဆီးဖို့ သတ်မှတ်ခံထားရပြီး” ဆိုတဲ့ စကားကို နားလည်မှု လွဲနိုင်တယ်။ အဓိပ္ပာယ်ကို သဘောပေါက်စေဖို့ အရေးကြီးတဲ့ အချက်နှစ်ချက်ကို သုံးသပ်ကြည့်ပါ။

  1.  ၁။ ကျမ်းစာမှာ “ကောင်းကင်၊” “မြေကြီး၊” “မီး” ဆိုတဲ့ စကားလုံးတွေကို တခြားအဓိပ္ပာယ်နဲ့လည်း သုံးတယ်။ ဥပမာ၊ ကမ္ဘာဦး ၁၁:၁ မှာ ‘ကမ္ဘာပေါ်မှာရှိတဲ့လူတွေဟာ [မူရင်း၊ “မြေကြီးတစ်ခုလုံး”] ဘာသာစကား တစ်မျိုးတည်း ပြောကြတယ်’ လို့ ဖော်ပြထားတယ်။ ဒီမှာ ‘မြေကြီး’ ဆိုတာ လူသားတွေကို ရည်ညွှန်းတယ်။

  2.  ၂။ ၂ ပေတရု ၃:၇ ရဲ့ ရှေ့နောက် စကားတွေက ကောင်းကင်၊ မြေကြီး၊ မီးတို့ရဲ့ အဓိပ္ပာယ်ကို ဖော်ပြတယ်။ အခန်းငယ် ၅ နဲ့ ၆ မှာ နောဧခေတ် ရေလွှမ်းမိုးဘေးအကြောင်း ဖော်ပြထားတယ်။ အဲဒီတုန်းက ကမ္ဘာကို ရေလွှမ်းမိုးဘေးနဲ့ ဖျက်ဆီးခဲ့ပေမဲ့ ကမ္ဘာမြေ ပျောက်ကွယ်မသွားခဲ့ဘူး။ ဒါပေမဲ့ အကြမ်းဖက်တဲ့လူ့အဖွဲ့အစည်း၊ ဒါမှမဟုတ် “မြေကြီး” ကိုတော့ ဖျက်ဆီးခဲ့တယ်။ (ကမ္ဘာဦး ၆:၁၁ယုဒသန်ကျမ်း) မြေကြီးလူ့အဖွဲ့အစည်းအပေါ်အုပ်ချုပ်နေတဲ့ လူ့အစိုးရ “ကောင်းကင်” ကိုလည်း ဖျက်ဆီးခဲ့တယ်။ လူဆိုးတွေသာ ပျက်စီးသွားတယ်၊ ကမ္ဘာမြေကတော့ မပျက်စီးခဲ့ဘူး။ ရေလွှမ်းမိုးပြီး ကမ္ဘာကို ဖျက်ဆီးခြင်းဘေးကနေ နောဧနဲ့ မိသားစု အသက်ရှင် လွတ်မြောက်ပြီး မြေကြီးပေါ်မှာ ဆက်နေထိုင်ခဲ့ကြတယ်။—ကမ္ဘာဦး ၈:၁၅-၁၈

 ဖျက်ဆီးတဲ့အခါ အသုံးပြုခဲ့တဲ့ ရေလိုပဲ ၂ ပေတရု ၃:၇ မှာ ဖော်ပြထားတဲ့ “မီး” က ကမ္ဘာမြေကို မဟုတ်ဘဲ ဆိုးသွမ်းတဲ့လူ့လောကကို ဖျက်ဆီးမယ်။ “ဖြောင့်မတ်ခြင်း တည်တံ့မယ့် ကောင်းကင်သစ်နဲ့ မြေကြီးသစ်” ဖြစ်လာမယ်လို့ ဘုရား ကတိပြုထားတယ်။ (၂ ပေတရု ၃:၁၃) “မြေကြီးသစ်” ခေါ် လူ့ဘောင်သစ်ကို “ကောင်းကင်သစ်” ခေါ် ဘုရားနိုင်ငံတော် အစိုးရသစ်က အုပ်ချုပ်ပါလိမ့်မယ်။ ဘုရားနိုင်ငံတော် အုပ်ချုပ်မှုအောက်မှာ ကမ္ဘာမြေဟာ ငြိမ်သက်အေးချမ်းတဲ့ ပရဒိသု ဖြစ်လာပါလိမ့်မယ်။—ဗျာဒိတ် ၂၁:၁-၄