မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ

အိုးမဲ့အိမ်မဲ့တွေနဲ့ နွမ်းပါးသူတွေအတွက် မျှော်လင့်ချက်

အိုးမဲ့အိမ်မဲ့တွေနဲ့ နွမ်းပါးသူတွေအတွက် မျှော်လင့်ချက်

ဂျိုးဟာ အမေရိကန်နိုင်ငံက စစ်မှုထမ်းဟောင်းတစ်ဦး ဖြစ်တယ်။ ကိုယ်တိုင်နဲ့ မိသားစုကြုံခဲ့ရတဲ့အဖြစ်ဆိုးတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တာ ၁၈ နှစ်လောက် ရှိပြီ။ တစ်နှစ်မှာတော့ ရပ်ကွက်စာကြည့်တိုက်မှာ စာသွားသွားဖတ်ရင်းနဲ့ စာကြည့်တိုက်မှူးနဲ့ စကားလက်ဆုံ ပြောဖြစ်ကြတယ်။ အဲဒါက သူ့ဘဝကို ပြောင်းလဲစေခဲ့တယ်။

အာဂျင်တီးနားက မာတင်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ ဘုရားသခင်နဲ့ဆိုင်တဲ့ အသိပညာမရှိဘူး။ ဘဝက သူ့အတွက်တော့ ဘာမှ အဓိပ္ပာယ်မရှိသလိုပဲ။ ဘဝရဲ့အဓိပ္ပာယ်ကို ရှာပုံတော်ဖွင့်ချင်လို့ အိမ်ကနေထွက်သွားပြီး နောက်ဆုံး ကမ်းခြေမှာပဲ သောင်တင်နေတော့တယ်။ သူရှာပုံတော်ဖွင့်နေတဲ့ ဘဝရဲ့အဓိပ္ပာယ်ကို မသိရဘဲ စိတ်ဓာတ်အကြီးအကျယ်ကျတာပဲ အဖတ်တင်တယ်။ “ဘုရားသခင်၊ ကိုယ်တော်သာ ရှိမယ်ဆိုရင် ကိုယ်တော့်ကို ရှာတွေ့နိုင်အောင် ကူညီပေးပါ” လို့ ငိုပြီး အသနားခံ ဆုတောင်းခဲ့တယ်။ ရလဒ်ကဘာလဲ။ ကြည့်ရအောင်။

လူတွေ အိုးမဲ့အိမ်မဲ့ဖြစ်ရတဲ့ အကြောင်းအရင်းအမျိုးမျိုး ရှိတယ်။ တချို့က ဂျိုးလိုပဲ ကိုယ်ပိုင်ပြဿနာတွေကြောင့်ဖြစ်သလို တချို့ကတော့ မာတင်လိုပဲ “သမားရိုးကျ” ဘဝပုံစံက အဓိပ္ပာယ်မရှိဘူးလို့မြင်ပြီး အိမ်က ထွက်လာခဲ့ကြတဲ့သူတွေ ဖြစ်တယ်။ တခြားသူတွေကျတော့ ဆင်းရဲနွမ်းပါးမှု၊ သဘာဝ ဘေးအန္တရာယ်၊ အိမ်တွင်းအကြမ်းဖက်မှု၊ မူးယစ်ဆေး ဒါမှမဟုတ် အရက် အလွန်အကျွံသောက်သုံးမှု၊ စိတ်ဝေဒနာ၊ အိမ်ဝယ်ဖို့မတတ်နိုင်တာ၊ အလုပ်လက်မဲ့ဖြစ်သွားတာစတဲ့ အကြောင်းအရင်းတွေကြောင့် ဖြစ်တယ်။

အရင်တုန်းကတော့ ဖွံ့ဖြိုးဆဲနိုင်ငံ၊ စစ်ဒဏ်ခံနေရတဲ့နိုင်ငံနဲ့ စီးပွားရေးကပ်ဆိုက်နေတဲ့ နိုင်ငံတွေလောက်မှာပဲ ဒီပြဿနာ ကြုံတွေ့ရတယ်လို့ ထင်မှတ်ခဲ့ပေမဲ့ အိုးမဲ့အိမ်မဲ့ပြဿနာက “ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတောင် ကြီးထွားလာနေတဲ့ အဓိက လူမှုပြဿနာဖြစ်တယ်” လို့ စိတ်ပညာ ပါမောက္ခ ပေါလ် တိုရို ပြောတယ်။ * ဝင်ငွေနည်းတဲ့မိသားစုတွေကို ကူညီပေးတဲ့ အစိုးရရဲ့ပေါ်လစီနဲ့ မညီမျှတဲ့ ဝင်ငွေကွာဟချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

လူများစွာက မနက်ဖြန်မှာ ဘာဖြစ်မလဲလို့ စိုးရိမ်ပူပန်ကြတယ်။ တချို့က စိုးရိမ်ပူပန်မှုတွေလျော့နည်းစေဖို့ ကျမ်းစာမှာပြောထားတဲ့ အနာဂတ်ကို လေ့လာသုံးသပ်ကြတယ်။ အဲဒီအကြောင်းကို ဒီဆောင်းပါးမှာ ဖော်ပြသွားမှာဖြစ်တယ်။ ဂျိုးနဲ့ မာတင်တို့ သိရှိလာခဲ့သလိုပဲ ကျွန်တော်တို့လည်း လက်ရှိ အသက်ရှင်နေရတဲ့အချိန်မှာ စီးပွားရေးအဆင်ပြေဖို့နဲ့ စိုးရိမ်ပူပန်မှုတွေ လျော့နည်းစေဖို့ ထောက်ကူပေးမယ့် လက်တွေ့ကျတဲ့ အကြံပြုချက်တွေကို ကျမ်းစာမှာ ဖော်ပြထားတယ်။

သမ္မာကျမ်းစာက သူ့ဘဝအသက်တာကို ပြောင်းလဲစေခဲ့

“ဂျိုးကို ကြည့်ရတာ ထက်မြက်တယ်၊ ရည်မွန်ပြီး နှိမ့်ချပုံရတယ်” လို့ ဂျိုးကို တွေ့တွေ့နေရတဲ့ စာကြည့်တိုက်မှာ အလုပ်လုပ်တဲ့ စင်ဒီက ပြောတယ်။ ယေဟောဝါသက်သေ တစ်ယောက်ဖြစ်တဲ့ စင်ဒီက ဂျိုးကို ကင်းမျှော်စင်နဲ့ နိုးလော့! မဂ္ဂဇင်းတွေ ပေးဖတ်လေ့ရှိတယ်။ ပြီးတော့ ခရစ်ယာန် ဝတ်ပြုစည်းဝေးပွဲတစ်ခုကို တက်ရောက်ဖို့လည်း ဂျိုးကို ဖိတ်ခေါ်ခဲ့တယ်။ အဲဒီမှာ ဂျိုးဟာ လေးစား၊ ကြင်နာစွာ ဆက်ဆံခံရလို့ ဝတ်ပြုစည်းဝေးပွဲတွေကို မှန်မှန် တက်ရောက်လာခဲ့တယ်။ အဲဒီအသင်းတော်မှာရှိတဲ့ အမျိုးသားတစ်ယောက်က ကျမ်းစာလေ့လာဖို့ ကမ်းလှမ်းတာကိုလည်း သူ လက်ခံခဲ့တယ်။

ဂျိုးဟာ ကျမ်းစာလေ့လာတာကနေ ကိုယ့်ကိုယ်ကိုယ် လေးစားမှုပြန်ရလာ

ဂျိုးဟာ သင်ယူလေ့လာတာတွေကနေ စိတ်သက်သာမှု ခံစားရတယ်။ ကျမ်းစာသွန်သင်ချက်တွေအရ သူ့ဘဝကို အကြီးအကျယ် ပြောင်းလဲရမှာ ဖြစ်ပေမဲ့လည်း အဲဒီသွန်သင်ချက်တွေအတိုင်း စတင်လုပ်ဆောင်ခဲ့တယ်။ ဥပမာ၊ အသက်ဟာ ဘုရားပေးတဲ့ လက်ဆောင်ဖြစ်တယ်၊ အသက်ကို တန်ဖိုးထားရမယ်၊ ဆေးလိပ်သောက်တာကျတော့ ကိုယ်ခန္ဓာကို ညစ်ညမ်းစေတယ်လို့ သူသိလာခဲ့တယ်။ (ဆာလံ ၃၆:၉) ဒါကြောင့် ၂ ကောရိန္သု ၇:၁ မှာပါတဲ့ “ကိုယ်စိတ်နှစ်ပါးကို ညစ်ညူးစေသောအရာရှိသမျှတို့နှင့် ကိုယ်ကိုကင်းစင်စေ” ပါ ဆိုတဲ့ လမ်းညွှန်ချက်အတိုင်း ဆေးလိပ်ဖြတ်လိုက်တယ်။ အဲဒါက သူ့ရဲ့ကျန်းမာရေးကို ကောင်းစေတဲ့အပြင် ငွေလည်း မကုန်တော့ဘူး။

ဂျိုးဟာ စားဝတ်နေရေးအတွက် ကိုယ်တတ်နိုင်သလောက် ရှာဖွေသင့်တယ်ဆိုတဲ့ ကျမ်းစာအကြံပြုချက်အတိုင်း လုပ်ချင်တဲ့အတွက် အလုပ်လိုက်ရှာတယ်။ * (၁ သက်သာလောနိတ် ၄:၁၁၊ ၁၂) ‘လူတစ်ယောက်အတွက် စားတာ၊ သောက်တာ၊ သူ့ရဲ့ပင်ပင်ပန်းပန်းလုပ်ဆောင်မှုကနေ ပျော်ရွှင်မှုခံစားတာထက်ပိုကောင်းတာ ဘာမှမရှိဘူး’ ဆိုပြီး ဒေသနာ ၂:၂၄ (ကဘ) မှာ ပြောထားတယ်။ ရိုးရိုးသားသား အလုပ်လုပ်တော့ ချီးမွမ်းခံရတယ်၊ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် လေးစားလာပြီး ပျော်ရွှင်လာသလို နွမ်းပါးတဲ့သူတွေကိုပါ ကူညီပေးနိုင်လာတယ်။—ဧဖက် ၄:၂၈

“အသင်းတော်ကလူတွေက ဂျိုးကို ဝမ်းမြောက်ဝမ်းသာ လက်ခံကြတယ်။” သူ့ရဲ့ အရိုးခံစိတ်သဘောကို တွေ့တာကြောင့် “တချို့က ဂျိုးနဲ့သင့်တော်တဲ့ နေစရာအိမ်နဲ့ တခြားလိုအပ်ရာတွေ ရနိုင်ဖို့ ကူညီပေးကြတယ်” လို့ စင်ဒီ ပြောပြတယ်။ ဂျိုးက ပြောင်းလဲတိုးတက်လာပြီး နောက်ပိုင်းမှာ ယေဟောဝါသက်သေ တစ်ယောက်အနေနဲ့ နှစ်ခြင်းခံခဲ့တယ်။ အခုဆိုရင် သူဟာ ကျမ်းစာပါ အကြံပြုချက်ကောင်းတွေကို သင်ယူကြဖို့ တခြားသူတွေကို ကိုယ်တွေ့အဖြစ်အပျက်ကနေ အားပေးနေပြီ။—သုတ္တံ ၃:၁၃၊ ၁၄

ဘဝရဲ့ ရည်ရွယ်ချက်ကို သူတွေ့ရှိခဲ့

မာတင်က အသက် ၂၀ လောက်ကနေ စပြီး ဘဝအဓိပ္ပာယ်ကို စတင်ရှာဖွေခဲ့တယ်။ “ဘာသာတရားမှာလည်းရှာတယ်၊ လူ့အတွေးအခေါ်ပညာကိုလည်း စူးစမ်းတယ်၊ မူးယစ်ဆေးလည်း သုံးခဲ့တယ်။ စိတ်ထဲက ဟာတာတာခံစားချက် ပြေလိုပြေငြားလုပ်ပေမဲ့ ဘာမှအရာမထင်ခဲ့ဘူး” ဆိုပြီး သူ ပြောခဲ့တယ်။ သူက အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားမှာ ခဏနေပြီး ဟာဝိုင်ယီကို ပြောင်းရွှေ့သွားတယ်။ “အစပိုင်းမှာတော့ ပရဒိသု ဥယျာဉ်ကို ရှာတွေ့ပြီလို့ ထင်ခဲ့တယ်။” ဒါပေမဲ့ လှပတဲ့ ရှုခင်းတွေက သူ့ရဲ့လစ်ဟာနေတဲ့ ခံစားချက်ကို မဖြည့်ဆည်းပေးနိုင်ခဲ့ဘူး။ “စိတ်ဓာတ်ကျလွန်းလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အထိတောင် ကြံစည်ခဲ့တယ်” ဆိုပြီး သူပြောပြတယ်။ အဲဒီအခြေအနေရောက်တဲ့အခါမှာ “ဘုရားသခင်၊ ကိုယ်တော်သာ ရှိမယ်ဆိုရင် ကိုယ်တော့်ကို ရှာတွေ့နိုင်အောင် ကူညီပေးပါ” လို့ ဘုရားသခင်ထံ အသည်းအသန် ငိုကြွေးပြီး ဆုတောင်းခဲ့တယ်။

အခုဆိုရင် မာတင်က ဘဝနဲ့ပတ်သက်ပြီး အကောင်းမြင်သဘောထားရှိလာ

ယေဟောဝါသက်သေတွေရဲ့ နိုင်ငံတော်ခန်းမ” ဆိုတဲ့ ဆိုင်းဘုတ်ကို အရင်က တွေ့ဖူးတာကို မာတင် သတိရသွားတယ်။ ဒါကြောင့် အဲဒီမှာ အစည်းအဝေး သွားတက်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ “ကျွန်တော်က ဆံပင်ရှည်ရှည်၊ မုတ်ဆိတ်မွေးရှည်ရှည်၊ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့အင်္ကျီနဲ့ ဝင်သွားတယ်။ ဒါပေမဲ့ သူတို့က လှိုက်လှဲနွေးထွေးစွာ ကျွန်တော့်ကို ကြိုဆိုကြတယ်” ဆိုပြီး ပြောပြတယ်။ မာတင်က ကျမ်းစာလေ့လာဖို့ ကမ်းလှမ်းချက်ကို လက်ခံခဲ့ပြီး သူ့ရဲ့ “အိမ်” ဖြစ်တဲ့ ပင်လယ်ကမ်းခြေကနေ မြို့ထဲကို လမ်းလျှောက်သွားပြီး မှန်မှန် ကျမ်းစာလေ့လာခဲ့တယ်။

နောက်ဆုံးတော့ မာတင်ဟာ သူ့ရဲ့ မေးခွန်းတွေအတွက် ကျေနပ်လောက်ဖွယ်အဖြေတွေကို သိလာတယ်။ အကျိုး ကျေးဇူးကတော့ အရင်လို စိတ်ဓာတ်မကျတော့ဘူး၊ ပြီးတော့ “ဘုရားသခင်ကို မှီခိုရန် လိုကြောင်း သိမှတ်သူတို့သည် ပျော်ရွှင်ကြ၏” ဆိုပြီး ယေရှုပြောခဲ့တဲ့အတိုင်းပဲ ရွှင်လန်းမှုကို ခံစားနေရပါတယ်။—မဿဲ ၅:၃

“လူတွေက ကျွန်တော်ပြောင်းလဲသွားတာကို ကြည့်ပြီး အံ့ဩနေကြတယ်”

အစပိုင်းမှာဖော်ပြခဲ့တဲ့ ဂျိုးလိုပဲ မာတင်လည်း ကျမ်းစာလမ်းညွှန်ချက်တွေကို လက်တွေ့ကျင့်သုံးလာတာနဲ့အမျှ ဘဝအပေါ်ထားတဲ့ ရှုမြင်ချက်အသစ်က သိသာထင်ရှားလာတယ်။ မာတင်က တစ်ကိုယ်ရေသန့်ရှင်းမှုကို ပိုဂရုစိုက်လာခဲ့ပြီး ယေဟောဝါသက်သေတွေရဲ့အကူအညီနဲ့ အလုပ်အကိုင်၊ နေစရာနေရာ ရှာတွေ့ခဲ့တယ်။ “အရင်ကတော့ အိုးမဲ့အိမ်မဲ့ လူတစ်ယောက် အဖြစ်ပဲ လူတွေက ကျွန်တော့်ကို သိထားကြတယ်၊ အခုတော့ ကျွန်တော် ပြောင်းလဲသွားတာကို ကြည့်ပြီး ဒေသခံတွေက အံ့ဩနေကြတယ်” ဆိုပြီး သူပြောတယ်။

နောက်တော့ မာတင်က အာဂျင်တီးနားကို ပြန်သွားခဲ့ပြီး အဲဒီမှာပဲ ယေဟောဝါသက်သေ တစ်ယောက်အဖြစ် နှစ်ခြင်းခံခဲ့တယ်။ အခုတော့ အမှန်တရား သိလိုသူတွေကို ဘဝရဲ့ အရေးပါတဲ့ မေးခွန်းတွေရဲ့အဖြေ ရှာတွေ့နိုင်အောင် ဝမ်းမြောက်ဝမ်းသာ ကူညီပေးနေတယ်။

အိုးမဲ့အိမ်မဲ့နဲ့ ဆင်းရဲနွမ်းပါးမှု မရှိတော့ချိန်ဝယ်

ရှေးအချိန်က၊ ဘုရားသခင်ကို ကိုးကွယ်ဝတ်ပြုသူ ယေရမိဟာ ဒုက္ခပင်လယ်ဝေနေတဲ့အချိန်မှာ အသက်ရှင်ခဲ့ရတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ရန်သူက သူနေထိုင်ရာမြို့ကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီး သူ့ရဲ့လူမျိုးအများစုကို သုံ့ပန်းတွေ၊ ကျွန်တွေအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်။ (မြည်တမ်းစကား ၁:၃) ယေရမိဟာ အသက်ဘေးကနေလွတ်မြောက်ခဲ့ပေမဲ့လည်း သူပိုင်ဆိုင်သမျှအရာအားလုံး ဆုံးရှုံးသွားခဲ့တယ်။ ဝမ်းနည်းပူဆွေးပြီး သူ ဒီလိုဆုတောင်းခဲ့တယ်– ‘ကျွန်တော်ဟာ ဒုက္ခရောက်ပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေတယ်ဆိုတာ သတိရလှည့်ပါ။’—မြည်တမ်းစကား ၃:၁၉ကဘ။

ဆင်းရဲဒုက္ခတွေကြုံရပေမဲ့လည်း ယေရမိက ဘဝကို လက်မြှောက်အရှုံးပေးလိုက်တာမျိုး မလုပ်ခဲ့ပါဘူး။ အကြောင်းကတော့ ယေဟောဝါက သူ့ကို စွန့်ပစ်မထားဘူးဆိုတာကို သိနေခဲ့လို့ဖြစ်တယ်။ (ယေရမိ ၁:၈) နောက်အကြောင်းရင်း ကတော့ နွမ်းပါးမှုနဲ့ ဆင်းရဲဒုက္ခတွေအားလုံး မကြာခင် ကွယ်ပျောက်သွားတော့မယ်၊ စစ်မှန်တဲ့ ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုက အဲဒီနေရာမှာ အစားထိုးတော့မယ်ဆိုတဲ့အကြောင်းတွေကို ပြောပြထားတဲ့ ကျမ်းချက်တွေကို သူကောင်းကောင်းလေ့လာ သိရှိထားတဲ့အတွက် ဖြစ်တယ်။—ဆာလံ ၃၇:၁၀၊ ၁၁

အဲဒီလိုအခြေအနေတွေဟာ လူတွေရဲ့ကြိုးစားအားထုတ်မှုကြောင့်မဟုတ်ဘဲ ဘုရားသခင့်နိုင်ငံတော်လို့ခေါ်တဲ့ ပြီးပြည့်စုံလင်တဲ့ အစိုးရအားဖြင့် ဖြစ်တည်လာမှာဖြစ်တယ်။ (ဒံယေလ ၇:၁၃၊ ၁၄) အဲဒီနိုင်ငံတော်ရဲ့ ဘုရင်ဟာ ယေရှုခရစ်ဖြစ်ပြီး လူသားအဖြစ် အသက်ရှင်ခဲ့စဉ်တုန်းက ဆင်းရဲနွမ်းပါးတဲ့သူတွေကို တကယ့်ကို ထောက်ထားစာနာပေးခဲ့သူ ဖြစ်တယ်။ (လုကာ ၇:၂၂; ၁၄:၁၃) သူ့ရဲ့အုပ်ချုပ်မှုအောက်မှာ ‘ဖြောင့်မတ်သူတွေ ကြီးပွားလိမ့်မယ်။ ငြိမ်သက်ခြင်း တိုးများလိမ့်မယ်။ မင်းကြီးက အော်ဟစ်အကူအညီတောင်းနေတဲ့ ဆင်းရဲသားတွေ၊ နိမ့်ကျသူတွေနဲ့ ကူကယ်ရာမဲ့သူတိုင်းကို ကယ်ဆယ်လိမ့်မယ်။ သူတို့ကို ဖိနှိပ်မှုနဲ့ အကြမ်းဖက်မှုတွေကနေ ကယ်ဆယ်လိမ့်မယ်။’ —ဆာလံ ၇၂:၇၊ ၁၂၊ ၁၄ကဘ။

“ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌နေကြလိမ့်မည်။”​—ဟေရှာယ ၆၅:၂၁

ယေရှုက ဘုရားသခင့်နိုင်ငံတော်အကြောင်းကို အဓိကထား သွန်သင်ပေးခဲ့တယ်။ (လုကာ ၄:၄၃) “အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ” ဆိုပြီး ဆုတောင်းကြဖို့ ယေရှု သင်ပေးခဲ့တယ်။ (မဿဲ ၆:၉၊ ၁၀) ဘုရားသခင့်နိုင်ငံတော်က ကမ္ဘာတစ်ခုလုံးကို အုပ်ချုပ်တဲ့အခါ မြေကြီးပေါ်မှာ အသက်ရှင်နေထိုင်ရတာ ဘယ်လို နေမလဲ။ ကျေနပ်ဖွယ်ကောင်းတဲ့ ကြိုတင်မြင်ကွင်းကို ကျမ်းစာမှာ ဖော်ပြထားတယ်။ ဥပမာ– ဘုရားသခင့်နိုင်ငံတော်ရဲ့ လက်အောက်ခံ တိုင်းသူပြည်သားတွေအကြောင်း ဒီလိုပြောတယ်–

  • “ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌နေကြလိမ့်မည်။ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။ သူတို့သည် အိမ်ကိုဆောက်၍ အခြားသောသူနေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူစားရမည်မဟုတ်။ . . . သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာသုံးဆောင်ရကြလိမ့်မည်။” ဟေရှာယ ၆၅:၂၁၊ ၂၂

  • “လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သောသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တစ်ယောက်မျှမရှိရ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နှုတ်တော်ထွက်အမိန့်တော်ရှိ၏။”မိက္ခာ ၄:၄

အဲဒီမျှော်လင့်ချက်က ဆင်းရဲမှုတွေကြုံနေရတဲ့အချိန်မှာ စိတ်ဓာတ်ခိုင်မာနေစေမှာဖြစ်တယ်။ ဒါ့အပြင် ဂျိုး၊ မာတင်နဲ့ တခြားသူမြောက်မြားစွာတို့ ရှာတွေ့ခဲ့သလိုပဲ ကျမ်းစာ လမ်းညွှန်ချက်တွေက အခုအချိန်မှာလည်း အဓိပ္ပာယ်ပြည့်ဝပြီး ကျေနပ်ဖွယ်ကောင်းတဲ့ အသက်တာနဲ့ နေထိုင်နိုင်အောင် ကူညီပေးနိုင်တယ်။ ဖန်ဆင်းရှင် ယေဟောဝါ ဘုရားသခင်က ဒီလို အာမခံထားတယ်– ‘ငါ့စကားကို နားထောင်သူကတော့ ဘေးကင်းလုံခြုံစွာ နေရလိမ့်မယ်။ ဘေးဆိုးကြုံရမှာကို မကြောက်ဘဲ အေးချမ်းစွာ နေရလိမ့်မယ်။’ (သုတ္တံ ၁:၃ကဘ) အဲဒီစကားတွေက သင့်အတွက်လည်း မှန်ကန်နိုင်ပါစေ။

^ အပိုဒ်၊ 6 အငြင်းပွားမှု၊ အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် လူသန်းပေါင်းများစွာက ကိုယ့်ရဲ့နေအိမ်တွေကနေထွက်ပြေးပြီး နိုင်ငံတွင်းနဲ့ နိုင်ငံပြင်ပမှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ သွားနေထိုင်ကြရတယ်။

^ အပိုဒ်၊ 11 တချို့လူတွေက အလုပ်လုပ်လိုပေမဲ့လည်း ကိုယ်အင်္ဂါချို့တဲ့မှု၊ ကျန်းမာရေးပြဿနာ ဒါမှမဟုတ် အသက်ကြီးလို့ အလုပ်မလုပ်နိုင်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တမင်တကာ “အလုပ်မလုပ်လို” တဲ့သူတွေကတော့ ဘုရားသခင်ရဲ့ နှစ်သက်လက်ခံမှုကို ရမှာမဟုတ်ဘူး။—၂ သက်သာလောနိတ် ၃:၁၀