မာတိကာဆီ ကျော်သွား

ကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေး

“လမ်းပေါ်နေဘဝ ရောက်ခဲ့ရ”

“လမ်းပေါ်နေဘဝ ရောက်ခဲ့ရ”
  • မွေးဖွားတဲ့နှစ်။ ၁၉၅၅

  • နေရင်းနိုင်ငံ။ စပိန်

  • ဘဝနောက်ခံ။ မူးယစ်ဆေးနဲ့ အရက် သုံးစွဲသူ၊ ကြမ်းတမ်းသူ

အတိတ်။

 လူတချို့ဟာ ကိုယ့်ရဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေကနေ သင်ယူဖို့ အချိန်ယူကြရတယ်။ ကျွန်တော်လည်း အဲဒီလူစားမျိုး။ စပိန်နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ ဘာစီလိုနာမှာ ကျွန်တော် မွေးဖွားကြီးပြင်းလာတယ်။ ကျွန်တော့်မိသားစုဟာ ကမ်းခြေရှေ့နေရာ ဆိုမိုရို့စထရိုလို့ခေါ်တဲ့နေရာမှာ နေကြတယ်။ ဆိုမိုရို့စထရိုဆိုတာ ရာဇဝတ်မှုနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှုအတွက် နာမည်ကြီးတဲ့နေရာပါ။

 ကျွန်တော့်မိဘတွေမှာ သားသမီးကိုးယောက် ထွန်းကားပြီး ကျွန်တော်က အကြီးဆုံးပေါ့။ အရမ်းဆင်းရဲကြတော့ အဖေက ကျွန်တော့်ကို တင်းနစ်ကွင်းမှာ ဘောလုံးကောက်ပေးတဲ့အလုပ် လုပ်ခိုင်းတယ်။ ဆယ်နှစ်အရွယ်မှာ တစ်နေ့ကို ဆယ်နာရီ အလုပ်လုပ်ရတယ်။ အဲဒီတော့ ကျွန်တော့်အရွယ် ကလေးအများစုလို ကျောင်းမတက်နိုင်ဘူး။ အသက် ၁၄ နှစ်မှာ သတ္တုဆိုင်မှာ စက်မောင်းအဖြစ် အလုပ်စလုပ်ခဲ့တယ်။

၁၉၇၅ မှာ မြောက်အာဖရိက စပိန်ကြေးစားနိုင်ငံခြားသားတပ်ဖွဲ့ထဲ ဝင်ပြီး ထူးခြားတဲ့ တူညီဝတ်စုံ ဝတ်ဆင်ခဲ့

 စပိန်နိုင်ငံရဲ့ ဥပေဒေပြဋ္ဌာန်းချက်အရ စစ်မှုထမ်းဖို့ ၁၉၇၅ ခုနှစ်မှာ ဖိတ်ခေါ်ခံရတယ်။ စွန့်စားတဲ့အလုပ်တစ်ခုခုကို လုပ်ချင်တော့ မြောက်အာဖရိက စပိန်နယ်မြေ၊ မယ်လီလာက စပိန်ကြေးစားနိုင်ငံခြားသားတပ်ဖွဲ့မှာ စေတနာ့ဝန်ထမ်းဖို့ ဝင်လိုက်တယ်။ အဲဒီကာလမှာ မူးယစ်ဆေးဝါးနဲ့ အရက်လောကထဲ ရောက်သွားတော့တယ်။

 အဲဒီတပ်ဖွဲ့ကနေ ထွက်တော့ ဘာစီလိုနာကို ပြန်လာပြီး ဂိုဏ်းတစ်ခု ဖွဲ့လိုက်တယ်။ ခိုးလို့ရတာမှန်သမျှ လိုက်ခိုးကြတယ်။ ခိုးထားတဲ့ပစ္စည်းတွေကို ရောင်းပြီး မူးယစ်ဆေး ဝယ်ကြတယ်။ LSD နဲ့ အမ်ဖီတမင်းတို့ သုံးစွဲလာတယ်။ လိင်အပျော်အပါး၊ အရက်၊ လောင်းကစားသမားဘဝ လုံးလုံး ရောက်သွားတယ်။ ဒီမကောင်းတဲ့ဘဝပုံစံကြောင့် ကျွန်တော် ပိုကြမ်းတမ်းခက်ထန်လာတယ်။ ဓား၊ ပုဆိန် အမြဲဆောင်တယ်။ လိုအပ်မယ်ဆိုရင် ဓားပုဆိန် ထုတ်သုံးဖို့ လုံးဝ ဝန်မလေးဘူး။

 တစ်နေ့ ကျွန်တော့်ဂိုဏ်းနဲ့အတူ ကားခိုးတော့ ရဲက လိုက်ဖမ်းတယ်။ ရုပ်ရှင်ပြကွက်လိုပါပဲ။ ရဲတွေ စပစ်တဲ့အချိန်အထိ ကီလိုမီတာ ၃၀ (မိုင် ၂၀) လောက် ခိုးထားတဲ့ကားကို မောင်းပြေးကြတယ်။ နောက်ဆုံး ယာဉ်မောင်းက ကားတိုက်လိုက်တော့ အားလုံး ထွက်ပြေးကြတယ်။ အဖေ သိသွားတော့ အိမ်ကနေ မောင်းထုတ်တော့တယ်။

 နောက်ငါးနှစ်အတွင်း လမ်းပေါ်မှာပဲ နေခဲ့တယ်။ တံခါးဝတွေ၊ ကုန်တင်ကားတွေ၊ ပန်းခြံခုံတန်းရှည်တွေ၊ သင်္ချိုင်းတွေမှာ အိပ်ခဲ့ရတယ်။ ဂူထဲမှာတောင် တစ်ခဏ နေလိုက်ရသေးတယ်။ ကျွန်တော့်ဘဝက ရည်ရွယ်ချက် မရှိဘူး။ သေမထူး၊ နေမထူးတဲ့ဘဝလို့ ယူဆခဲ့တယ်။ ဆေးကြောင်ပြီး လက်ကောက်ဝတ်တွေ၊ လက်တွေ လှီးခဲ့တာလည်း မှတ်မိသေးတယ်။ ဒီနေ့အထိ အမာရွတ်တွေ ရှိနေတုန်းပဲ။

သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးပုံ

 ကျွန်တော့်အသက် ၂၈ မှာ အမေက ကျွန်တော့်ကို ရှာပြီး အိမ်ပြန်လာဖို့ ပြောတယ်။ ပြန်လာပြီး ကိုယ့်ဘဝကို ပြုပြင်ပြောင်းလဲပါမယ်လို့ ကတိပေးခဲ့တယ်။ ဒါပေမဲ့ ကတိတည်ဖို့ အချိန်ယူရတယ်။

 တစ်နေ့ ယေဟောဝါသက်သေနှစ်ယောက် အိမ်တံခါး လာခေါက်တယ်။ ကျွန်တော် နားထောင်နေတုန်း အိမ်ထဲကနေ အဖေက တံခါးပိတ်လိုက်ဖို့ လှမ်းအော်တယ်။ အမိန့်ပေးတာကို မကြိုက်တတ်တော့ လျစ်လျူရှုလိုက်တယ်။ စာအုပ်ငယ် သုံးအုပ် ပေးကြတော့ ဝမ်းသာအားရ လက်ခံလိုက်တယ်။ ဝတ်ပြုစည်းဝေးတဲ့နေရာကို မေးထားလိုက်တယ်။ ရက်အနည်းငယ် ကြာတော့ နိုင်ငံတော်ခန်းမအပြင်ဘက်ကို ရောက်သွားတယ်။

 ပထမဆုံး သတိထားမိတာတစ်ခုကတော့ လူတိုင်း သပ်သပ်ရပ်ရပ် ဝတ်စားထားကြတာကိုပေါ့။ ကျွန်တော်ကျတော့ ဆံရှည်၊ မသေမသပ် ပါးသိုင်းမွေး၊ စုတ်ပြတ်နေတဲ့ အဝတ်အစားနဲ့ပေါ့။ မသင့်တော်တာမို့ ခန်းမအပြင်ဘက်မှာပဲ ဆက်နေလိုက်တယ်။ ဒါပေမဲ့ တစ်ချိန်က အပေါင်းအသင်း၊ ဂိုဏ်းဝင် ယွန်ကို ဝတ်စုံအပြည့်နဲ့ တွေ့လိုက်တယ်။ လွန်ခဲ့တဲ့တစ်နှစ်ကပဲ ယေဟောဝါသက်သေ ဖြစ်လာမှန်း နောက်ပိုင်းမှ သိရတယ်။ သူရှိနေတော့ အထဲ ဝင်ပြီး အစည်းအဝေး တက်ရဲတော့တယ်။ အဲဒီမှာပဲ ကျွန်တော့်ဘဝ စတင်ပြောင်းလဲတော့တယ်။

 ကျမ်းစာ လေ့လာဖို့ ကမ်းလှမ်းတာကို လက်ခံလိုက်တယ်။ ဘုရားသခင့်မျက်နှာသာ ရချင်ရင်တော့ ကျွန်တော့်ရဲ့ ရန်လိုတဲ့သဘာဝ၊ အကျင့်ပျက်တဲ့ဘဝပုံစံကို ပြောင်းလဲဖို့ လိုမှန်း ချက်ချင်း သဘောပေါက်လိုက်တယ်။ အဲဒီအပြောင်းအလဲတွေ လုပ်ဖို့က မလွယ်ဘူး။ ယေဟောဝါဘုရားကို စိတ်ကျေနပ်စေဖို့ “[ကျွန်တော့်] စိတ်သဘောကို ပြုပြင်ပြောင်းလဲ” ဖို့ လိုမှန်း သိလာတယ်။ (ရောမ ၁၂:၂) ဘုရားသခင့်ကရုဏာတော်ကို နက်နက်ရှိုင်းရှိုင်း ခံစားမိတယ်။ ကိုယ့်အပြစ်အမှားတွေကြားမှာ ဘဝပုံစံ ပြောင်းလဲဖို့ အခွင့်အရေးပေးနေတယ်မှန်း သိလာတယ်။ ယေဟောဝါဘုရားအကြောင်း သိလာတာတွေက ကျွန်တော့်နှလုံးသားထဲအထိ ရောက်တယ်။ ကျွန်တော့်ကို ဂရုစိုက်တဲ့ ဖန်ဆင်းရှင် ရှိပါလားဆိုတာ ရှင်းရှင်းလင်းလင်း သိလားတယ်။​—၁ ပေတရု ၅:၆၊ ၇

 ဒါက အပြောင်းအလဲတွေ လုပ်ဖို့ လှုံ့ဆော်ပေးတယ်။ ဥပမာ၊ ကျမ်းစာလေ့လာနေတုန်း ဆေးရွက်ကြီးအကြောင်း ရောက်လာတော့ ‘ယေဟောဝါဘုရားက ငါ့ကို သန့်ရှင်းနေစေချင်တယ်၊ အဘက်ဘက်မှာ သန့်ရှင်းနေစေချင်တယ်ဆိုရင် စီးကရက်တွေကို စွန့်လိုက်ရုံပေါ့’ လို့ စဉ်းစားမိတယ်။ (၂ ကောရိန္သု ၇:၁) ဒီလိုနဲ့ စီးကရက်တွေ အမှိုက်ပုံးထဲ ရောက်ကုန်တာပေါ့။

 မူးယစ်ဆေးဝါး သုံးစွဲတာ၊ ရောင်းတာကို ရပ်ဖို့လည်း လိုနေတယ်။ အချိန်နဲ့ အားထုတ်မှု ထပ်လိုတာပေါ့။ အဲဒီပန်းတိုင်ကို ရောက်ဖို့ အပေါင်းအသင်းဟောင်းတွေကို အဆက်ဖြတ်ရမယ်မှန်း သိတယ်။ သူတို့ရဲ့ဩဇာက ကျွန်တော့်ကို ဘုရားရေးရာပိုင်းမှာ တိုးတက်ဖို့ အထောက်အကူ မပြုဘူး။ ဒါပေမဲ့ အသင်းတော်က မိတ်ဆွေသစ်တွေရဲ့ အကူအညီနဲ့ ဘုရားသခင်အပေါ် ပိုအားထားတတ်လာတယ်။ သူတို့ရဲ့ မေတ္တာ၊ ပုဂ္ဂိုလ်ရေး စိတ်ဝင်စားမှုမျိုးကို အရင်တုန်းက မခံစားခဲ့ဖူးဘူး။ လတွေ ကုန်လွန်သွားတော့ မူးယစ်ဆေးကို ဖြတ်လိုက်နိုင်တယ်။ ဘုရားသခင့်မျက်နှာသာ ရရှိစေမယ့် “စရိုက်သစ်ကိုလည်း ဝတ်ဆင်” လာနိုင်တယ်။ (ဧဖက် ၄:၂၄) ၁၉၈၅၊ ဩဂုတ်လမှာ ယေဟောဝါသက်သေတစ်ယောက်အဖြစ် ကျွန်တော် နှစ်ခြင်းခံလိုက်တယ်။

အကျိုးကျေးဇူး ရရှိခဲ့ပုံ

 ကျမ်းစာက ကျွန်တော့်ဘဝကို တိုးတက်စေခဲ့တယ်။ ကျွန်တော့် ခန္ဓာကိုယ်နဲ့ နာမည်ကို ဖျက်ဆီးနေတဲ့ ဘဝပုံစံကနေ လွတ်မြောက်စေတယ်။ AIDS ဒါမှမဟုတ် မူးယစ်ဆေးဝါးနဲ့ဆက်နွှယ်တဲ့ရောဂါတွေကြောင့် ကျွန်တော့်အပေါင်းအသင်းဟောင်း ၃၀ ကျော်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားကြတယ်။ ကျမ်းစာအခြေခံမူတွေကို ကျင့်သုံးတဲ့အတွက် အလားတူ ဝမ်းနည်းစရာဆိုးကျိုးတွေကို ရှောင်နိုင်ခဲ့တာ တကယ်ကျေးဇူးတင်စရာပါပဲ။

 ကြမ်းတမ်းတဲ့လူငယ်တစ်ယောက်အနေနဲ့ အမြဲ ကိုင်ဆောင်ခဲ့တဲ့ ဓားတွေ၊ ပုဆိန်တွေဟာ အခုတော့ အတိတ်မှာ ကျန်ခဲ့ပါပြီ။ တစ်နေ့ ကျမ်းစာကို အစားထိုး ကိုင်ဆောင်ရင်း လူတွေကို ကူညီပေးရမယ်လို့ တစ်ခါမှ မစဉ်းစားဖူးဘူး။ အခု ကျွန်တော့်ဇနီးရော၊ ကျွန်တော်ရော ယေဟောဝါသက်သေတွေရဲ့ အချိန်ပြည့်အမှုဆောင် ဖြစ်နေကြပြီ။

 ကျွန်တော့်မိဘတွေဟာ ယေဟောဝါသက်သေတွေတော့ ဖြစ်မလာကြဘူး။ ဒါပေမဲ့ ကျမ်းစာ လေ့လာလို့ ရရှိတဲ့အကျိုးကျေးဇူးတွေကိုတော့ ကျေးဇူးတင်ကြပါတယ်။ အဖေဆိုရင် အလုပ်ဖော်အားလုံးရှေ့မှာတောင် သက်သေခံတွေကို ကာကွယ်ပြောဆိုခဲ့တယ်။ ကျွန်တော် တွေ့ရှိထားတဲ့ ယုံကြည်ချက်အသစ်က ပိုကောင်းမွန်တဲ့ အပြောင်းအလဲကြီးတွေ ဖြစ်စေမှန်း အဖေ ရှင်းရှင်းလင်းလင်း သိထားတယ်။ အမေဆိုရင် ကျမ်းစာကို စောစောစီးစီး လေ့လာရမှာလို့ ပြောလေ့ရှိတယ်။ ကျွန်တော့်အနေနဲ့ သဘောမတူနိုင်စရာ မရှိပါဘူး။

 မူးယစ်ဆေးဝါးနဲ့ တခြားအကျင့်ဆိုးတွေမှာ ကျေနပ်မှု ရှာဖွေတာ ဘယ်လောက် မိုက်မဲမှန်း ကျွန်တော့်ဘဝအတွေ့အကြုံတွေက သင်ပေးတယ်။ အခုတော့ ကျွန်တော့်ဘဝကို အမှန်တကယ် ကယ်တင်ပေးခဲ့တဲ့ ကျမ်းစာသွန်သင်ချက်တွေကို တခြားသူတွေကို ပြောပြနေတာမို့ ကျေနပ်မှုအစစ်အမှန်ကို ခံစားနေရပြီ။