မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုအတွက် အကူအညီ | သားသမီးတွေကို ပြုစုပျိုးထောင်ခြင်း

​စကားနားထောင်လာအောင် ကလေးတွေကို သင်ပေးခြင်း

​စကားနားထောင်လာအောင် ကလေးတွေကို သင်ပေးခြင်း

အခက်အခဲ

ကိုယ်နဲ့ ကိုယ့်ရဲ့လေးနှစ်အရွယ်သားလေးက တစ်ချိန်လုံး ထိပ်တိုက်တွေ့နေပြီး ကိုယ့်ကလေးကပဲ အမြဲအနိုင်ရနေပုံရတယ်။

  • သူ့ကို တစ်ခုခုလုပ်ခိုင်းတဲ့အခါ သူမလုပ်ချင်ဘူးဆိုရင် မသိချင်ယောင်ဆောင်နေတတ်တယ်။ *

  • သူလုပ်ချင်တာတစ်ခုခုကို မလုပ်ဖို့ပြောရင် သူက ဝုန်းဒိုင်းကြဲပြတယ်။

‘ဒါက ကလေးသဘာဝများလား။ ကြီးလာရင်တော့ လိမ္မာသွားမှာလားမသိဘူး’ လို့ကိုယ့်ဘာသာကိုယ် တွေးတယ်။

စကားနားထောင်လာအောင် ကလေးကို သင်ပေးနိုင်ပါတယ်။ ဘယ်လို သင်ပေးနိုင်သလဲဆိုတဲ့အကြောင်း မဆွေးနွေးခင် ကလေး အဲဒီလိုပြုမူရတဲ့ ဖြစ်နိုင်ခြေအကြောင်းအရင်းကို သုံးသပ်ကြည့်ရအောင်။

ဖြစ်ရတဲ့အကြောင်းအရင်း

ကလေး မွေးကင်းစအရွယ်မှာဆိုရင် ကလေးကို ပြုစုစောင့်ရှောက်ရတာက မိဘတွေရဲ့ အဓိက တာဝန်ဖြစ်တယ်။ ကလေးလိုအပ်တာတွေလုပ်ပေးဖို့ မိဘက အမြဲအသင့်ရှိနေတယ်။ ကလေး တအင့်အင့် ညည်းတာနဲ့ ဘာများလိုအပ်သလဲ ဆိုပြီး စိုးရိမ်စိတ်နဲ့ အပြေးရောက်လာတယ်။ အဲဒီလို လုပ်ပေးတာက သဘာဝဖြစ်ပြီး လိုလည်းလိုအပ်ပါတယ်။ မွေးကင်းစကလေး ဒါမှမဟုတ် နို့စို့အရွယ်ကလေးက မိဘရဲ့ အချိန်ပြည့်ဂရုစိုက်ပြုစုမှုကို လိုအပ်ပါတယ်။

အဲဒီလိုလပေါင်းများစွာ ဂရုစိုက်ပြုစုခဲ့ပြီးနောက်မှာတော့ ကလေးက သူဟာ အိမ်ရဲ့အရှင်သခင်ဖြစ်ပြီး မိဘတွေက သူအမိန့်ပေးတဲ့အတိုင်း လိုက်လုပ်ရတဲ့သူတွေလို့ ယူမှတ်လာကြတာက သဘာဝပါပဲ။ ဒါပေမဲ့ များသောအားဖြင့် အသက်နှစ်နှစ်အရွယ် ရောက်လာတဲ့အခါမှာတော့ လက်သင့်မခံနိုင်တဲ့ အဖြစ်မှန်တစ်ခုကို ကလေးက သိလာရပါတယ်၊ အဲဒါကတော့ သူ့ရဲ့ “အာဏာ” ကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီဆိုတာပါပဲ။ မိဘတွေက ကလေး ခိုင်းတဲ့အတိုင်း လိုက်မလုပ်တော့ဘူး၊ အဲဒီအစား မိဘ ခိုင်းတာတွေကို ကလေးလိုက်လုပ်ရမယ်လို့ တောင်းဆိုလာတယ်။ အဲဒါက သူတို့ကို ထိတ်လန့်သွားစေတယ်။ တချို့က ဝုန်းဒိုင်းကြဲပြီး တုံ့ပြန်တတ်ကြသလို တချို့က စကားနားမထောင်ခြင်းအားဖြင့် မိဘရဲ့အခွင့်အာဏာကို သွေးတိုးစမ်းကြတယ်။

အဲဒီလိုအခြေအနေမျိုးမှာ မိဘတွေက နည်းစနစ်အသစ်ကို စတင်ကျင့်သုံးရတော့မှာဖြစ်တယ်၊ အဲဒါကတော့ ကလေးကို ရှင်းလင်းတဲ့ညွှန်ကြားချက်ပေးပြီး ပြောတာကို နားထောင်ရမယ်လို့ အသိပေးခြင်းဖြစ်တယ်။ ဒါပေမဲ့ အစပိုင်းမှာ ဖော်ပြခဲ့သလိုပဲ ကလေးက ခိုင်းတဲ့အတိုင်းမလုပ်ဘဲ မသိချင်ယောင်ဆောင်မယ်၊ ပေကတ်ကတ် လုပ်မယ်ဆိုရင်ကော ဘယ်လို လုပ်မလဲ။

လုပ်ဆောင်နိုင်ရာ

ဦးဆောင်ပါ။ မိဘက ဦးမဆောင်သရွေ့ ကလေးက မိဘကို ဦးဆောင်သူအဖြစ် အသိအမှတ်ပြုမှာမဟုတ်ဘူး။ ဒါကြောင့် သင့်တင့်မျှတတဲ့နည်းနဲ့ ကိုယ့်ရဲ့အခွင့် အာဏာကို ကျင့်သုံးပြဖို့လိုတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာတုန်းက ပညာရှင်လို့ခေါ်ဆိုသူတချို့ဟာ “အခွင့်အာဏာ” ဆိုတဲ့ စကားလုံးက အရမ်း ပြင်းထန်လွန်းသယောင် ထင်မှတ်စေခဲ့ကြတယ်။ တစ်ယောက်ကဆိုရင် မိဘအခွင့်အာဏာသုံးပြီး အုပ်ထိန်းတာကို “လူ့ကျင့်ဝတ်နဲ့မညီဘူး” လို့တောင် သတ်မှတ်တယ်။ ဒါပေမဲ့ အလိုလိုက်လွန်းပြန်တော့လည်း ကလေးတွေက စိတ်ရှုပ်ထွေးကုန်မှာဖြစ်ပြီး ဆိုးလာနိုင်တယ်၊ အာဏာပြလာနိုင်တယ်။ အဲဒါက တာဝန်သိတတ်တဲ့ လူကြီးတွေဖြစ်လာဖို့ ကြိုတင်ပြင်ဆင်ပေးရာမရောက်ဘူး။—ကျမ်းစာအကြံပြုချက်– သုတ္တံ ၂၉:၁၅

ဆုံးမသွန်သင်ပေးပါ။ မြန်မာအဘိဓာန်မှာဆိုရင် ဆုံးမ၊ သွန်သင် ဆိုတဲ့စကားလုံးကို ‘လိမ္မာယဉ်ကျေးအောင်သွန်သင်သည်။ ပြစ်ဒဏ်ပေးသည်။ လိမ္မာယဉ်ကျေးအောင် ဆုံးမသည်’ ဆိုပြီး အဓိပ္ပာယ်ဖွင့်ထားတယ်။ ဆုံးမသွန်သင်တဲ့အခါ သင့်တင့်မျှတမှုမရှိတာ၊ ရုန့်ရင်းကြမ်းတမ်းတာမျိုးတော့ မဖြစ်သင့်တာမှန်ပါတယ်။ တစ်ချိန်တည်းမှာပဲ သတ်သတ်မှတ်မှတ် စည်းကမ်းချက်မရှိတာ၊ ထိုက်သင့်သလောက်အပြစ်မပေးတာမျိုး မဖြစ်သင့်ဘူး၊ ကလေးဘက်က ဘာပြုပြင်ပြောင်းလဲရမလဲဆိုတာကိုလည်း ပြောပြပေးသင့်တယ်။—ကျမ်းစာအကြံပြုချက်–သုတ္တံ ၂၃:၁၃

ရှင်းလင်းပြတ်သားပါ။ တချို့မိဘတွေဟာ ကလေးဆီက နာခံမှုကို တောင်းဆို ရုံလောက်သာ လုပ်ကြတယ်။ (“အခန်းရှင်းရမယ်နော်၊ ရတယ်မဟုတ်လား”) အဲဒီလိုပြောတာက ယဉ်ကျေးအောင်သင်ပေးနေတယ်လို့ မိဘတွေ ထင်ကောင်းထင်နိုင်တယ်။ ဒါပေမဲ့ အဲဒီလိုတောင်းဆိုပုံကြောင့် မိဘတွေက လက်အောက်ခံရမလို ဖြစ်သွားပြီး ကလေးကို စိတ်ကြိုက်လုပ်ဖို့ ရွေးချယ်ခိုင်းသလို ဖြစ်နေတယ်။ ဒါကြောင့် ကိုယ့်ရဲ့အခွင့်အာဏာကို မသုံးဘဲ တောင်းဆိုရုံလောက်ပဲလုပ်မယ့်အစား ဘာလုပ်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောလိုက်ပါ။—ကျမ်းစာအကြံပြုချက်– ၁ ကောရိန္သု ၁၄:၉

ဆုံးဖြတ်ချက်ခိုင်မာပါ။ မလုပ်ရဘူးလို့ပြောထားရင် ပြောတဲ့အတိုင်းပဲ နေပါ၊ ပြီးတော့ မိဘနှစ်ပါးစလုံးက တစ်စိတ်တစ်သဘောတည်း ဖြစ်ကြောင်းပြပါ။ မနာခံရင် အပြစ်ပေးမယ်လို့ သတ်မှတ်ထားပြီးပြီဆိုရင် သတ်မှတ်ထားတဲ့အတိုင်း လုပ်ဆောင်ပါ။ စေ့စပ်ညှိနှိုင်းတာ ဒါမှမဟုတ် ဘာကြောင့် အဲဒီလိုလုပ်ရသလဲ ဆိုတာကို အကြိမ်ကြိမ် ရှင်းပြနေတာမျိုးတွေ မလုပ်ပါနဲ့။ အဲဒီလို ကိုယ့်ရဲ့စကားကို “အဟုတ်ကို အဟုတ်၊ မဟုတ်ကို မဟုတ်” ဖြစ်စေမယ်ဆိုရင် ကိုယ်တိုင်နဲ့ ကလေးဟာ စိတ်ရှုပ်ထွေးတော့မှာ မဟုတ်ဘူး။—ယာကုပ် ၅:၁၂

မေတ္တာပြပါ။ မိသားစုအတွင်းမှာ အာဏာပြလွန်းတာလည်း မဖြစ်သင့်သလို အလိုလိုက်လွန်းတာလည်း မဖြစ်သင့်ဘူး။ အဲဒီအစား သားသမီးတွေ တာဝန်သိတတ်တဲ့သူတွေအဖြစ် ကြီးပြင်းလာဖို့ မိဘတွေက မေတ္တာနဲ့လမ်းညွှန်ပြသပေးဖို့ ဘုရားသခင်အလိုရှိတယ်။ ဆုံးမသွန်သင်ခြင်းက သင့်ရဲ့ကလေးကို စကားနားထောင်တတ်လာစေတယ်၊ မိဘရဲ့မေတ္တာရိပ်မှာ ငြိမ်းချမ်းလုံခြုံနေစေဖို့ ကူညီပေးမှာဖြစ်တယ်။

^ အပိုဒ်၊ 5 ဒီဆောင်းပါးမှာပါတဲ့ အကြံပြုချက်တွေက သားအတွက်ရော သမီးအတွက်ပါ သက်ဆိုင်ပါတယ်။