မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝင်ငွေနည်းနည်းနဲ့ ဆက်ရပ်တည်နိုင်ပုံ

ဝင်ငွေနည်းနည်းနဲ့ ဆက်ရပ်တည်နိုင်ပုံ

 စီးပွားရေး အကျပ်အတည်းကြောင့် ဝင်ငွေ နည်းနည်းလေးကို အလျဉ်မီအောင် သုံးနေရပါသလား။ ကပ်ရောဂါဘေး၊ သဘာဝဘေး၊ စစ်ဘေး၊ နိုင်ငံရေး မတည်ငြိမ်မှု ဂယက်တို့ကြောင့် စီးပွားရေး ထိခိုက်သွားနိုင်တယ်။ ရုတ်တရက် ဝင်ငွေ လျော့သွားတာက စိတ်ဖိစီးမှု ဖြစ်စေနိုင်တာမှန်ပေမဲ့ ကျမ်းစာမှာပါတဲ့ ပညာရှိစကားတွေနဲ့အညီ လက်တွေ့ကျကျ လုပ်ဆောင်မယ်ဆိုရင် ဝင်ငွေနည်းနည်းနဲ့ ဆက်ရပ်တည်နိုင်မှာပါ။

၁။ အခြေအနေသစ်ကို လက်ခံပါ။

 ကျမ်းစာအခြေခံမူ။ “ကြွယ်ဝတာဖြစ်စေ၊ ချို့တဲ့တာဖြစ်စေ အရာရာတိုင်း၊ အခြေအနေတိုင်းမှာ ... သင်ယူထားပြီ။”—ဖိလိပ္ပိ ၄:၁၂

 အရင်လောက် ဝင်ငွေ မရှိတော့ရင်တောင် အခြေအနေသစ်ကို လက်ခံတတ်အောင် သင်ယူနိုင်ပါတယ်။ ကိုယ့်အခြေအနေကို လက်ခံနိုင်ပြီဆိုရင် ကိုယ်တိုင်ရော မိသားစုပါ ဝင်ငွေအလိုက် ပြုပြင်ပြောင်းလဲ နေထိုင်တတ်လာပါလိမ့်မယ်။

 အစိုးရ ဒါမှမဟုတ် လူမှုရေး အဖွဲ့အစည်းတွေဆီက ကူညီထောက်ပံ့ငွေ ရနိုင်မလားဆိုတာ စုံစမ်းကြည့်ပါ။ ဒီလိုအစီအစဉ်တွေက အချိန်အကန့်အသတ်နဲ့ ဖြစ်လို့ သိသိချင်း လျှောက်လွှာတင်ပါ။

၂။ မိသားစုလိုက် ပူးပေါင်းလုပ်ဆောင်ပါ။

 ကျမ်းစာအခြေခံမူ။ “တိုင်ပင်ဆွေးနွေးတာ မရှိရင် အစီအစဉ်တွေ ပျက်တတ်တယ်။အကြံပေးသူ များရင်တော့ အောင်မြင်တတ်တယ်။”—ပညာအလိမ္မာ ၁၅:၂၂

 ကိုယ့်အိမ်ထောင်ဖက်၊ သားသမီးတွေနဲ့အတူ အခြေအနေကို ဆွေးနွေးပါ။ အခြေအနေကို အိမ်သားအားလုံး နားလည်ဖို့၊ လိုအပ်သလို ပြုပြင်ပြောင်းလဲတတ်စေဖို့ ကောင်းကောင်းမွန်မွန် ပြောဆိုဆက်သွယ်ပါ။ အိမ်သားအားလုံး ခြိုးခြံချွေတာကြမယ်ဆိုရင် ဝင်ငွေနည်းနည်းနဲ့ ဆက်ရပ်တည်နိုင်ပါလိမ့်မယ်။

၃။ ရသုံးငွေစာရင်း ရေးဆွဲပါ။

 ကျမ်းစာအခြေခံမူ။ ‘ကုန်ကျစရိတ်ကို တွက်ချက်ပါ။’—လုကာ ၁၄:၂၈

 ဝင်ငွေနည်းနည်းနဲ့ နေထိုင်စားသောက်ချိန်မှာ ဘာအတွက် ငွေတွေ သုံးနေရသလဲဆိုတာ သိထားဖို့ အရေးကြီးတယ်။ ရသုံးငွေစာရင်းတစ်ခု ထားပါ။ လောလောဆယ် တစ်လဝင်ငွေ ဘယ်လောက်ရှိသလဲ ချရေးပါ။ အရင်လို သုံးလို့ မဖြစ်တော့မှန်း သိရင်တောင် လစဉ် အသုံးစရိတ်၊ ကုန်ကျစရိတ်တွေကို ချရေးပါ။ အရေးပေါ် သုံးဖို့ လစဉ် သပ်သပ်ဖယ်ထားချင်တဲ့ ငွေပမာဏကိုလည်း သတ်မှတ်ထားပါ။

 အကြံပြုချက်။ အသုံးစရိတ် ရေးမှတ်တဲ့အခါ တိုလီမိုလီဝယ်လို့ ကုန်သွားတာတွေကိုလည်း ထည့်ရေးဖို့ မမေ့ပါနဲ့။ ဒီအတွက် ငွေတွေ ဘယ်လောက် သုံးခဲ့တယ်ဆိုတာ သိလိုက်ရရင် အံ့ဩသွားနိုင်တယ်။ လူတစ်ယောက် ကိုယ့်အသုံးစရိတ်ကို ပြန်တွက်ကြည့်တဲ့အခါ နှစ်တိုင်းလိုလို ပီကေဖိုးချည်းပဲ ဒေါ်လာရာနဲ့ချီ ကုန်ကျနေမှန်း သိခဲ့ရတယ်။

၄။ မဖြစ်မနေ သုံးရမယ့် စရိတ်တွေကို ဦးစားပေး သတ်မှတ်ပါ၊ ပြုပြင်ပြောင်းလဲပါ။

 ကျမ်းစာအခြေခံမူ။ ‘ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိကြပါ။’—ဖိလိပ္ပိ ၁:၁၀

 ဝင်ငွေနဲ့ ထွက်ငွေကို ချိန်ညှိပါ။ ဝင်ငွေနည်းနည်းလေးနဲ့ ဆက်ရပ်တည်နိုင်ဖို့ ဘယ်နေရာမှာ အသုံးစရိတ် လျှော့ချနိုင်သလဲ၊ ဘယ်အသုံးစရိတ်တွေကို ဖြတ်ပစ်သင့်သလဲဆိုတာ စဉ်းစားပါ။ အောက်ပါအချက်တွေကို ထည့်စဉ်းစားပါ-

  •   ယာဉ်။ ကိုယ့်မှာ ကားတစ်စီးမက ရှိနေရင် တစ်စီးလောက် ရောင်းလိုက်နိုင်မလား။ ဇိမ်ခံကားဆိုရင် သာမန်ကားနဲ့ လဲလိုက်နိုင်မလား။ အများသုံးယာဉ် ဒါမှမဟုတ် စက်ဘီး အသုံးပြုနိုင်မလား။

  •   ဖျော်ဖြေရေး။ နှစ်ချုပ်နဲ့ဝယ်ရ၊ လစဉ်ကြေး ပေးရတဲ့ ဂြိုဟ်တု ရုပ်သံလိုင်းတွေကို ခဏလောက် ရပ်နားလိုက်ရင်ကော။ စရိတ်သက်သာတဲ့ အမျိုးအစားတွေ ရနိုင်မလား။

  •   ဝန်ဆောင်လုပ်ငန်းတွေ။ ရေဖိုး၊ မီးဖိုး၊ မီတာခ ကုန်ကျစရိတ်တွေ လျှော့ချနိုင်ပုံကို မိသားစုလိုက် ဆွေးနွေးပါ။ အသုံးမလိုတဲ့ မီးကို ပိတ်ထားတာ၊ ရေအမြန်ချိုးတာတွေက အသေးအဖွဲလို့ ထင်ရပေမဲ့ အိမ်စရိတ် ချွေတာရာရောက်တယ်။

  •   အစားအစာ။ စားသောက်ဆိုင်တွေမှာ ဝယ်စားမဲ့အစား ကိုယ့်အိမ်မှာ ချက်စားပါ။ ဘာချက်စားမယ်ဆိုတာ ကြိုစီစဉ်ပါ၊ ဖြစ်နိုင်ရင် ပိုပိုလျှံလျှံ ချက်ထားပြီး ကျန်တာတွေကို ပြန်နွေးစားပါ။ ဝယ်မယ့်ပစ္စည်းတွေကို စာရင်းရေးပြီးမှ စျေးသွားပါ။ မလိုအပ်တာ မဝယ်ပါနဲ့။ လတ်ဆတ်တဲ့ အသီးအရွက်တွေ ဝယ်ပါ။ ကျန်းမာရေးနဲ့ မညီတာတွေ မဝယ်ပါနဲ့။ ခြံထဲမှာ ဟင်းသီးဟင်းရွက်တွေ စိုက်ပါ။

  •   အဝတ်အစား။ ဖက်ရှင်ကျတဲ့ ခေတ်ပေါ် အဝတ်အစားတွေ ဝယ်မဲ့အစား ဟောင်းနွမ်းသွားမှ ဝယ်ပါ။ ရာသီအလိုက် စျေးချ ရောင်းတဲ့အချိန် ဒါမှမဟုတ် တစ်ပတ်ရစ်ပစ္စည်း၊ ဘေထုပ်အရောင်းဆိုင်တွေမှာ ရှာဝယ်ပါ။ အဝတ်တွေ လျှော်ပြီးရင် နေပူထဲ လှန်းပါ၊ အဝတ်အခြောက်ခံစက် မသုံးတဲ့အတွက် မီတာခ သက်သာပါလိမ့်မယ်။

  •   ဝယ်စရာများ။ ပစ္စည်းတစ်ခု မဝယ်ခင်မှာ ‘ငါ တတ်နိုင်ရဲ့လား။ တကယ် လိုတာလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။ အိမ်သုံးပစ္စည်း၊ အီလက်ထရောနစ်ပစ္စည်း၊ ယာဉ်တွေ ဝယ်ဖို့၊ အဆင့်မြှင့်ဖို့ ရှိနေရင် ဆိုင်းထားနိုင်မလား။ အသုံးမလိုတော့တဲ့ပစ္စည်းတွေကို ရောင်းလိုက်ရင်ကော။ ဒီလို ငွေယိုပေါက်တွေ ပိတ်သွားရင် ရိုးစင်းတဲ့ဘဝနဲ့ နေထိုင်နိုင်ပါလိမ့်မယ်။

 အကြံပြုချက်။ ဝင်ငွေ ရုတ်တရက် လျော့နည်းသွားတဲ့အခါ ဆေးလိပ်သောက်တာ၊ လောင်းကစားတာ၊ အရက်စွဲတာ စတဲ့ ငွေဖြုန်းတီးတဲ့ အကျင့်ဆိုးတွေကို အဆက်ဖြတ်ချင်စိတ် ပေါ်လာနိုင်တယ်။ ဒီပြောင်းလဲမှုတွေက ငွေအကုန်အကျ သက်သာစေရုံမက လူနေမှုဘဝကို တိုးတက်စေနိုင်တယ်။

၅။ ဘုရားသခင်အကြောင်း လေ့လာပါ။

 ကျမ်းစာအခြေခံမူ။ “ဘုရားသခင်ကို မှီခိုဖို့ လိုအပ်မှန်း သိမြင်သူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။”—မဿဲ ၅:၃

 ကျမ်းစာက ဒီလို အကြံပြုထားတယ်- “ငွေက ကာကွယ်ပေးသလို ဉာဏ်ပညာကလည်း ကာကွယ်ပေးတယ်။ ဒါပေမဲ့ အသိပညာနဲ့ ဉာဏ်ပညာရဲ့ အားသာချက်ကတော့ ပိုင်ဆိုင်တဲ့သူကို အသက်ဆက်ရှင်စေတယ်။” (ဒေသနာ ၇:၁၂) အဲဒီဉာဏ်ပညာကို ကျမ်းစာမှာ တွေ့ရတယ်။ ဒီပညာရှိစကားတွေကို လိုက်နာသူတွေဟာ ငွေကြေးအတွက် အစိုးရိမ်လွန်တဲ့အဖြစ်မျိုး မရောက်ကြဘူး။—မဿဲ ၆:၃၁၊ ၃၂