မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၇

ကလေးကို လေ့ကျင့်သင်ကြားပေးနိုင်ပုံ

ကလေးကို လေ့ကျင့်သင်ကြားပေးနိုင်ပုံ

“အခု ကျွန်တော်​မှာကြား​နေတဲ့ ဒီစကားတွေကို နှလုံးသွင်း​ရမယ်။ ပြီးတော့ သားသမီးတွေကို စိတ်စွဲမှတ်​သွား​အောင် သွန်သင်ပေး​ရမယ်။” —တရားဟောရာ ၆:၆၊ ၇

မိသားစု​အစီအစဉ်ကို အစပြု​ပေးခဲ့တဲ့ ယေဟော​ဝါ​ဘုရားက သားသမီးတွေကို အုပ်ထိန်း​ဖို့ မိဘတွေကို တာဝန်ပေး​ထားပါတယ်။ (ကောလောသဲ ၃:၂၀) ကိုယ့်ရဲ့​ကလေး ယေဟော​ဝါ​ဘုရားကို ချစ်တတ်​လာ​အောင်၊ တာဝန်ယူ​တတ်တဲ့ လူကြီး​ဖြစ်လာ​အောင် မိဘတွေ​ဖြစ်တဲ့ သင်တို့​က လေ့ကျင့်ပေး​ရမယ်။ (၂ တိမောသေ ၁:၅။ ၃:၁၅) ဒါ့အပြင် သားသမီး​တွေ​ရဲ့ စိတ်နှလုံးထဲမှာ ဘာတွေ​ရှိတယ်​ဆိုတာလည်း သိမြင်​အောင်​လုပ်ရမယ်။ သင်တို့​ရဲ့​အပြော​နဲ့ လုပ်ရပ်တွေ​က ကလေး​အတွက် အရေးကြီးတယ်။ ယေဟော​ဝါ​ဘုရားရဲ့​စကားတော်ကို အရင်ဆုံး သင်တို့​စိတ်နှလုံးထဲမှာ ထည့်သွင်း​ထားမှ ကလေးတွေကို အကောင်းဆုံး သင်ပေး​နိုင်မယ်။—ဆာလံ ၄၀:၈

၁ ကလေးတွေ သင်နဲ့​စကားပြော​ချင်​လာ​အောင် လုပ်ဆောင်ပါ

ကျမ်းစာပြောဆိုရာ–“နားထောင်ဖို့ အမြဲ အသင့်​ဖြစ်နေ​ရမယ်။ စကား​ပြောတဲ့အခါ မစဉ်းစား မဆင်ခြင်ဘဲ မပြော​ရ​ဘူး။” (ယာကုပ် ၁:၁၉) ကလေးတွေ​အနေနဲ့ မိဘဖြစ်တဲ့​သင့်ကို လွတ်​လွတ်လပ်​လ​ပ် ရင်ဖွင့်​ပြောဆို​နိုင်တယ်ဆိုတာ သူတို့​လေး​တွေ​ကို သင် သိစေချင်​မှာ​ပဲ။ ကလေးတွေ ရင်ဖွင့်​ပြောဆို​ချင်တဲ့​အချိန်မှာ သင့်​ဘက်က နားထောင်ပေး​ဖို့ အသင့်​ရှိတယ်ဆိုတာ သူတို့ သိဖို့​လိုတယ်။ ကလေးတွေ စကားပြော​လာ​စေမယ့် အခြေအနေ​မျိုး သင်​ဖန်တီး​ထားမှ​သာ သူတို့​ဘက်က ပွင့်ပွင့်လင်းလင်း ပြောဆို​လာ​မှာ​ဖြစ်တယ်။ (ယာကုပ် ၃:၁၈) သင်ဟာ ကြမ်းကြမ်းတမ်းတမ်း ပြောဆို​တတ်တယ်၊ အပြစ်ရှာ​တတ်တယ်​ဆိုရင် ကလေးတွေ​က သင့်ကို ပွင့်ပွင့်လင်းလင်း ပြောရဲ​တော့​မှာ မဟုတ်ဘူး။ ဒါကြောင့် ကလေးတွေ​အပေါ်မှာ စိတ်ရှည်​ပါ။ သူတို့ကို သင်​ဘယ်လောက် ချစ်တယ်​ဆိုတာ မကြာခဏ ပြောပြပါ။—မဿဲ ၃:၁၇။ ၁ ကောရိန္သု ၈:၁

သင်​လုပ်ဆောင်​နိုင်ရာ

  • ကလေးတွေ စကားပြော​ချင်တဲ့​အခါ နားထောင်​ပေး​ဖို့ အသင့်​ရှိပါ

  • ပြဿနာ​ဖြစ်လာ​မှ ကလေးတွေနဲ့ စကား​ပြောတာ​မဟုတ်ဘဲ ပုံမှန်​စကားပြော​ပေးပါ

၂ ကလေးတွေ​ပြော​ချင်တဲ့ အဓိပ္ပာယ်​ကို သိအောင်​ကြိုးစားပါ

ကျမ်းစာပြောဆိုရာ– “ကိစ္စ​တစ်ခုကို ထိုးထွင်း​သိမြင်​တဲ့​သူဟာ အောင်မြင်မှု ရလိမ့်မယ်။” (ပညာအလိမ္မာ ၁၆:၂၀) တစ်ခါတလေ ကလေးတွေရဲ့ ခံစားချက်​အမှန်​ကို သိနိုင်ဖို့ သူတို့​ပြော​ချင်တဲ့ အဓိပ္ပာယ်​ကို နားလည်အောင် ကြိုးစား​ရမယ်။ အကြောင်းကတော့ လူငယ်တွေဟာ ချဲ့ကား​ပြောဆို​တတ်တယ်။ မစဉ်းစားမဆင်ခြင်ဘဲ ပြောဆို​တတ်ကြတယ်။ “အကြောင်းစုံကို နားမထောင်သေးဘဲနဲ့ ပြန်ပြော​တဲ့​သူဟာ မိုက်မဲရုံမက အရှက်ခွဲခြင်းကိုပါ ခံရ​တတ်တယ်။” (ပညာအလိမ္မာ ၁၈:၁၃) ဒါကြောင့် ကလေးတွေကို ထစ်​ခ​နဲ​ဆို စိတ်မဆိုး​ပါ​နဲ့။—ပညာအလိမ္မာ ၁၉:၁၁

သင်​လုပ်ဆောင်​နိုင်ရာ

  • ကလေး​ဘာပြောပြော စိတ်ဆိုး​ပြီး ချက်ချင်း​တုံ့ပြန်တာ၊ ကြားဖြတ်​ပြောတာ​မျိုး မ​လုပ်ဖို့ စိတ်ပိုင်းဖြတ်​ထားပါ

  • ကိုယ်လည်း သူတို့​အရွယ်မှာ ဘယ်လို ခံစားချက်​ရှိခဲ့​သလဲ၊ ဘယ်ဟာ​တွေ​က ကိုယ့်အတွက် အရေးကြီး​ခဲ့​ပုံ​ရသလဲ​ဆိုတာ သတိရပါ

၃ ကလေးတွေ​ရှေ့မှာ စည်းလုံး​ပါ

ကျမ်းစာပြောဆိုရာ–“ငါ့​သား၊ ဖခင်ရဲ့ ဆုံးမ​စကားကို နားထောင်ပါ။ မိခင်ရဲ့ သွန်သင်ချက်ကို မပစ်ပယ်ပါနဲ့။” (ပညာအလိမ္မာ ၁:၈) ကလေးတွေကို အုပ်ထိန်း​ဖို့ အဖေနဲ့​အမေကို ယေဟော​ဝါ​ဘုရား တာဝန်​ပေးထားတယ်။ ဒါကြောင့် မိဘဖြစ်တဲ့ သင်တို့ကို ကလေးတွေ လေးစား​ပြီး နာခံမှု​ရှိဖို့ သင်ပေး​ရမယ်။ (ဧဖက် ၆:၁-၃) မိဘတွေက “တစ်စိတ် တစ်သဘောတည်း” မရှိဘူး၊ “စည်းလုံး” မှုမရှိ​ဘူးဆိုရင် ကလေးတွေ ရိပ်မိ​သွားနိုင်တယ်။ (၁ ကောရိန္သု ၁:၁၀) ဒါကြောင့် သင်တို့​နှစ်ယောက် သဘောထား​ကွဲလွဲ​နေရင်​တောင် ကလေးတွေ မသိ​ပါ​စေ​နဲ့။ ဒါမှ ကလေးတွေ​က သင်တို့ကို ဆက်ပြီး​လေးစား​နိုင်မှာ။

သင်​လုပ်ဆောင်​နိုင်ရာ

  • ကလေးတွေကို ဘယ်လို​ဆုံးမ​သွန်သင်​မလဲ​ဆိုတာ သင်တို့​နှစ်ယောက် ဆွေးနွေး​ပြီး သဘောတူ​ထားပါ

  • ကလေးတွေကို ဆုံးမ​တာ​​နဲ့ပတ်သက်ပြီး သင်တို့​နှစ်ယောက် အမြင်ချင်း မတူဘူး​ဆိုရင် အိမ်ထောင်ဖက်​ရဲ့ အမြင်​ကို နားလည်အောင်​ကြိုးစားပါ

၄ အစီအစဉ်​ဆွဲပါ

ကျမ်းစာပြောဆိုရာ–“ကလေးကို သူ​သွား​သင့်တဲ့​လမ်းအတိုင်း လေ့ကျင့်​ပေးပါ။” (ပညာအလိမ္မာ ၂၂:၆) သင့်​ကလေးတွေဟာ အလိုလို လိမ္မာ​ရေး​ခြား​ရှိလာမှာ မဟုတ်ပါဘူး။ အစီအစဉ်​ရေးဆွဲ​ပြီး လေ့ကျင့်​သင်ကြား​ပေးဖို့ လို​ပါတယ်။ အဲဒီ​ထဲမှာ ဆုံးမ​တာ​​လ​ည်း​ပါတယ်။ (ဆာလံ ၁၂၇:၄။ ပညာအလိမ္မာ ၂၉:၁၇) ဆုံးမ​တယ်​ဆိုတာ အပြစ်​ပေးတာ​လောက်​ပဲ မဟုတ်ပါဘူး။ သူတို့အတွက် စည်းကမ်းတွေ​ထုတ်ရ​တဲ့ အကြောင်းရင်း​တွေ​ကို နားလည်အောင် ပြောပြ​ပေးတာလည်း ပါတယ်။ (ပညာအလိမ္မာ ၂၈:၇) ဒါ့အပြင် ယေဟော​ဝါ​ဘုရားရဲ့ တရား​စကားတော်ကို မြတ်နိုး​လာ​အောင်၊ ကျမ်းစာ​လမ်းညွှန်ချက်တွေကို နားလည်​လာ​အောင် သင်ပေးပါ။ (ဆာလံ ၁:၂) ဒါမှသာ ကလေးတွေရဲ့ အမှားအမှန် ခွဲခြားနိုင်စွမ်း​က တိုးတက်လာ​မှာ​ဖြစ်တယ်။—ဟီဘရူး ၅:၁၄

သင်​လုပ်ဆောင်​နိုင်ရာ

  • ဘုရားသခင်​ဟာ ယုံကြည်​ကိုးစား​နိုင်တဲ့ ပုဂ္ဂိုလ်​ဖြစ်တယ်ဆိုတာ ကလေးတွေ သိမြင်​လာ​အောင် သင်ပေးပါ

  • အင်တာနက်၊ လူမှုဆက်သွယ်ရေး​ကွန်ရက်​က​နေ မိတ်ဖွဲ့​တာ​​လို​မျိုး အကျင့်ပျက်​စေတဲ့ အန္တရာယ်တွေ​ကို သိမြင်​ပြီး ရှောင်ရှား​တတ်အောင် ကလေးတွေကို သင်ပေးပါ။ လိင်ဆိုင်ရာ အမြတ်​ထုတ်​တတ်​သူတွေရဲ့ ရန်​က​နေ ဘယ်လိုရှောင်​ရမလဲ ဆိုတာ​ကိုလည်း နားလည်အောင် ပြောပြပါ

“ကလေးကို သူ​သွား​သင့်တဲ့​လမ်းအတိုင်း လေ့ကျင့်​ပေးပါ။”