မာတိကာဆီ ကျော်သွား

မိဘတွေအနေနဲ့ သားသမီးတွေကို လိင်အကြောင်း ဘယ်လိုသင်ပေးနိုင်သလဲ

မိဘတွေအနေနဲ့ သားသမီးတွေကို လိင်အကြောင်း ဘယ်လိုသင်ပေးနိုင်သလဲ

သမ္မာကျမ်းစာဖြေဆိုရာ

 ကလေးတွေကို လိင်အကြောင်းပြောပြဖို့ ဘယ်သူ့မှာ တာဝန်ရှိသလဲ။ သမ္မာကျမ်းစာအရ မိဘတွေမှာ တာဝန်ရှိပါတယ်။ ဒီတာဝန်ကို လုပ်ဆောင်နိုင်ဖို့ အောက်ပါအကြံပြုချက်တွေက မိဘများစွာကို အထောက်အကူပြုခဲ့ပါတယ်-

  •   ပွင့်ပွင့်လင်းလင်း ပြောပြပါ။ ကျမ်းစာမှာ လိင်အကြောင်းနဲ့ မျိုးပွားအင်္ဂါတွေအကြောင်း ပွင့်ပွင့်လင်းလင်း ဖော်ပြထားပြီး ဒီကိစ္စတွေအကြောင်း “ကလေး” တွေကိုသင်ပေးဖို့ ရှေးအစ္စရေးလူမျိုးတွေကို ဘုရားသခင် တာဝန်ပေးခဲ့တယ်။ (တရားဟောရာ ၃၁:၁၂ခမ; ဝတ်ပြုရာ ၁၅:၂၊ ၁၆–၁၉) လိင် ဒါမှမဟုတ် မျိုးပွားအင်္ဂါတွေကို ရှက်စရာအဖြစ် ဖော်ပြတဲ့စကားလုံးတွေကိုမသုံးဘဲ သိက္ခာရှိတဲ့၊ သင့်တော်တဲ့စကားလုံးတွေကို သုံးပြီး ကလေးတွေကို သင်ပေးနိုင်ပါတယ်။

  •   တဖြည်းဖြည်းချင်း သင်ပေးပါ။ သင့်ကလေး အရွယ်ရောက်လာတဲ့အခါမှ လိင်အကြောင်း တစ်ခါတည်းနဲ့ အများကြီး ပြောလိုက်မယ့်အစား ကလေး နားလည်နိုင်တဲ့အပေါ်မူတည်ပြီး တဖြည်းဖြည်းချင်း သင်ပေးပါ။—၁ ကောရိန္သု ၁၃:၁၁

  •   ကိုယ်ကျင့်တရားစံနှုန်းတွေအကြောင်း သင်ပေးပါ။ ကျောင်းတွေမှာ လိင်အကြောင်း ပညာပေးတာတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ မိဘတွေအနေနဲ့ ကလေးတွေကို လိင်အကြောင်း ရှင်းပြရုံသာမက လိင်ကိစ္စနဲ့ပတ်သက်ပြီး မှန်ကန်တဲ့ သဘောထားတွေနဲ့ အပြုအမူတွေကိုပါ သင်ပေးဖို့ ကျမ်းစာမှာ အားပေးထားတယ်။—သုတ္တံ ၅:၁–၂၃

  •   ကလေးတွေပြောတာ နားထောင်ပေးပါ။ သင့်ကလေးက လိင်အကြောင်း မေးလာတဲ့အခါ လွန်လွန်ကဲကဲ မတုံ့ပြန်ပါနဲ့၊ ကလေးကို အမြင်မစောင်းပါနဲ့။ အဲဒီအစား နားထောင်ခြင်းမှာ လျင်မြန်ပြီး စကားပြောခြင်းမှာ နှေးပါဆိုတဲ့ ကျမ်းစာအကြံပြုချက်ကို လိုက်နာပါ။—ယာကုပ် ၁:၁၉

မတော်မတရား ပြုလိုသူတွေကနေ သင့်ကလေးကို ကာကွယ်နိုင်ပုံ

လိင်ဆိုင်ရာ အမြတ်ထုတ်လိုသူနဲ့တွေ့တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ဖို့ သင့်သားသမီးတွေကို သင်ပေးပါ

  •   လေ့လာထားပါ။ လိင်ဆိုင်ရာ အမြတ်ထုတ်လိုသူတစ်ယောက် ဘယ်လိုပြုမူပြောဆိုတတ်သလဲဆိုတာ သိအောင်လုပ်ပါ။—သုတ္တံ ၁၈:၁၅လူငယ်များအမေး—တာသွားသည့်အဖြေ အတွဲ ၁၊ အခန်း ၃၂ ကို ကြည့်ပါ။

  •   ကလေးနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုရှိပါ။ ယုံကြည်စိတ်ချလို့ ရမရ မသိနိုင်တဲ့ လူတစ်ယောက်လက်ထဲ ကလေးကို မထည့်ပါနဲ့။ ကလေးကို မဆုံးမပဲ လွှတ်ထားတာမျိုးလည်း မလုပ်ပါနဲ့။—သုတ္တံ ၂၉:၁၅

  •   နာခံမှု မပြသင့်တဲ့အချိန်ကို ကလေးနားလည်အောင် သင်ပေးပါ။ ကလေးတွေက မိဘတွေကို နာခံဖို့လိုတယ်။ (ကောလောသဲ ၃:၂၀) ဒါပေမဲ့ ဘယ်လူကြီးကိုမဆို အမြဲတမ်းနာခံရမယ်လို့ သင်ပေးထားမယ်ဆိုရင်တော့ သင့်ကလေးဟာ လိင်မုဆိုးတွေရဲ့သားကောင် ဖြစ်သွားနိုင်တယ်။ မိဘတွေအနေနဲ့ သားသမီးတွေကို ဒီလို သင်ပေးထားနိုင်တယ်- “ဘုရားမကြိုက်တဲ့အရာကိုလုပ်ဖို့ တစ်ယောက်ယောက်က ပြောလာရင် သူပြောတဲ့အတိုင်း မလုပ်နဲ့။”—တမန်တော် ၅:၂၉

  •   သူတို့ကိုယ်သူတို့ ကာကွယ်တတ်ဖို့ လေ့ကျင့်ပေးပါ။ သင်မရှိတဲ့အချိန် တစ်ယောက်ယောက်က လိင်ဆိုင်ရာ အမြတ်ထုတ်ဖို့ ကြိုးစားလာရင် ဘယ်လိုလုပ်ရမလဲဆိုတာ ကလေးကို သင်ပေးပါ။ တကယ်ကြုံလာတဲ့အခါ “အဲဒီလိုမလုပ်နဲ့၊ တိုင်ပြောလိုက်မယ်” လို့ သတ္တိရှိရှိပြောပြီး မြန်မြန်ဆန်ဆန်ထွက်ပြေးဖို့ ကလေးကို လက်တွေ့လေ့ကျင့်ပေးထားပါ။ ကလေးတွေဆိုတာ လွယ်လွယ်ကူကူ မေ့ပျောက်တတ်တဲ့အတွက် ထပ်ခါထပ်ခါ လေ့ကျင့်ပေးဖို့ လိုပါလိမ့်မယ်။—တရားဟောရာ ၆:၇