မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၄

ငွေကြေးစီမံခန့်ခွဲနည်း

ငွေကြေးစီမံခန့်ခွဲနည်း

“တိုင်ပင်​ဆွေးနွေးရင် အစီအစဉ်​တွေ အောင်မြင်​လိမ့်မယ်။”​ —ပညာ​အလိမ္မာ ၂၀:၁၈

ငွေ​ရှိမယ်ဆိုရင် မိသားစု​လိုအပ်ရာတွေကို ထောက်ပံ့​ပေး​နိုင်မှာ​ဖြစ်တယ်။ (ပညာအလိမ္မာ ၃၀:၈) တကယ်တော့ “ငွေ​က ကာကွယ်ပေး” တယ်။ (ဒေသနာ ၇:၁၂) ဇနီးမောင်နှံ​တွေဟာ ငွေကြေး​ကိစ္စ ပြောဆို​ဆွေးနွေး​ဖို့ ခက်​နိုင်တယ်။ ဒါပေမဲ့ အိမ်ထောင်​မှာ ငွေကြေး​ကြောင့် ပြဿနာ​အဖြစ်​မခံ​ပါ​နဲ့။ (ဧဖက် ၄:၃၂) ငွေကို ဘယ်လို​သုံး​မလဲ​ဆိုတာ ဆုံးဖြတ်ချက်​ချတဲ့အခါ တစ်ယောက်ကို​တစ်ယောက် ယုံကြည်​စိတ်ချ​ပြီး ပူးပေါင်းလုပ်ဆောင်​သင့်တယ်။

၁ အသေအချာ စီစဉ်​ပါ

ကျမ်းစာပြောဆိုရာ– “ခင်ဗျားတို့​ထဲ​က တစ်ယောက်​ဟာ မျှော်စင်​ဆောက်မယ်​ဆိုရင် ပြီး​အောင်​ဆောက်​ဖို့ ငွေလောက်၊ မလောက် အရင်ဆုံး​ထိုင်ပြီး ကုန်ကျစရိတ်​ကို တွက်ချက်မယ်​မဟုတ်လား။” (လုကာ ၁၄:၂၈) ငွေကို ဘယ်လို​သုံး​မလဲ​ဆိုတာ အတူ​ဆွေးနွေး​တိုင်ပင်​ဖို့ အရေးကြီးတယ်။ (အာမုတ် ၃:၃) ဘာတွေ​ဝယ်​ဖို့ လိုတယ်၊ အဲဒီ​အတွက် ငွေ​ဘယ်လောက်​သုံး​မလဲ​ဆိုတာ ဆုံးဖြတ်​ပါ။ (ပညာအလိမ္မာ ၃၁:၁၆) တစ်ခုခု​ဝယ်​ဖို့ သင့်​မှာ ပိုက်ဆံ​ရှိ​တိုင်း ဝယ်​ဖို့​မလိုပါဘူး။ အကြွေး​မတင်ပါ​စေ​နဲ့။ ကိုယ့်မှာ​ရှိတဲ့​ငွေကို​ပဲ သုံးပါ။—ပညာအလိမ္မာ ၂၁:၅။ ၂၂:၇

သင်​လုပ်ဆောင်​နိုင်ရာ

  • လ​ကုန်​တဲ့အခါ ငွေပို​နေ​သေးတယ်​ဆိုရင် အဲဒီ​ငွေနဲ့ ဘာလုပ်မလဲ​ဆိုတာ နှစ်ယောက်​အတူ ဆုံးဖြတ်​ပါ

  • ဝင်ငွေ​ထက် ထွက်​ငွေ​က ပိုများ​နေတယ်​ဆိုရင် အသုံးစရိတ်​ကို ဘယ်လို​လျှော့ချ​ရမလဲ​ဆိုတာ သေချာ​စီစဉ်​ပါ။ ဥပမာ၊ အပြင်မှာ​ဝယ်​စား​မယ့်​အစား အိမ်မှာ ချက်​စား​ပါ

၂ ရိုးသား​ပါ၊ အရှိအတိုင်း​နေပါ

ကျမ်းစာပြောဆိုရာ– “ယေဟော​ဝါ​ဘုရားရဲ့ ရှေ့မှာရော လူတွေ​ရှေ့​မှာပါ အရာရာကို ရိုးရိုးသားသား လုပ်ဆောင်ကြ” ပါ။ (၂ ကောရိန္သု ၈:၂၁) ငွေ ဘယ်လောက်​ရတယ်၊ ဘယ်လောက်​သုံး​တယ်​ဆိုတာ သင့်​အိမ်ထောင်ဖက်​ကို ရိုးရိုးသားသား ပြောပြပါ။

ငွေကြေး​နဲ့ပတ်သက်ပြီး အရေးကြီး ဆုံးဖြတ်ချက်​တွေ မချခင် သင့်​အိမ်ထောင်ဖက်​နဲ့ အမြဲ​တိုင်ပင်​ပါ။ (ပညာအလိမ္မာ ၁၃:၁၀) ငွေကြေး​ကိစ္စ ပြောဆို​တိုင်ပင်​မယ်​ဆိုရင် သင်တို့​နှစ်ယောက် ပြဿနာ​တက်​တော့​မှာ မဟုတ်ဘူး။ သင့်ရဲ့ ဝင်ငွေ​ကို ကိုယ်ပိုင်​တဲ့​ငွေ​လို့ သဘော​မထား​ဘဲ မိသားစု​ပိုင်​တဲ့​ငွေ​လို့ ရှုမြင်​ပါ။—၁ တိမောသေ ၅:၈

သင်​လုပ်ဆောင်​နိုင်ရာ

  • တိုင်ပင်​စ​ရာ​မလို​ဘဲ သုံး​နိုင်မယ့် ငွေပမာဏ​ကို နှစ်ဦး​သဘောတူ သတ်မှတ်​ထားပါ

  • ပြဿနာ​မဖြစ်ခင်​က​တည်း​က ငွေကြေး​ကိစ္စ​ကို ဆွေးနွေး​ထားပါ