မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၈

အဖြစ်​ဆိုးတွေ ကြုံလာရတဲ့အခါ​

အဖြစ်​ဆိုးတွေ ကြုံလာရတဲ့အခါ​

“ခင်ဗျားတို့ဟာ စမ်းသပ်မှု​အမျိုးမျိုး ကြုံရလို့ ခဏတာ ဝမ်းနည်း​ရတာ​မှန်ပေမဲ့ သိပ်​ဝမ်းမြောက်​နေကြတယ်။” —၁ ပေတရု ၁:၆

ပျော်ရွှင်တဲ့​အိမ်ထောင်၊ ပျော်ရွှင်တဲ့​မိသားစု​ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစား​တဲ့​ကြား​က မမျှော်လင့်​ထားတဲ့ ဖြစ်ရပ်​တွေ ကြုံ​လာ​ရင် သင်တို့​ရဲ့ ပျော်ရွှင်မှု ပျောက်ဆုံး​သွား​နိုင်ပါတယ်။ (ဒေသနာ ၉:၁၁) အခက်အခဲ​တွေ​ ကြုံလာ​တဲ့အခါ ဖြေရှင်း​နိုင်ဖို့ လိုအပ်တဲ့​အကူအညီ​တွေ​ကို ဘုရားသခင် ပြင်ဆင်​ပေးထား​ပါတယ်။ ဖော်ပြထားတဲ့​ ကျမ်းစာ​ အကြံပြုချက်တွေကို ကျင့်သုံး​မယ်​ဆိုရင် သင်နဲ့ သင့်​မိသားစု​ဟာ အဆိုး​ဝါး​ဆုံး အခြေအနေတွေကို​တောင် ရင်ဆိုင်​​ဖြေရှင်း​နိုင်​ပါလိမ့်မယ်။

၁ ယေဟော​ဝါ​ဘုရားကို ယုံကြည်​ကိုးစား​ပါ

ကျမ်းစာပြောဆိုရာ– “စိုးရိမ်​ပူပန်စရာ ရှိသမျှကို ဘုရားသခင်​ဆီ ပုံအပ်ထား​လိုက်ပါ။” (၁ ပေတရု ၅:၇) သင်တို့​ကြုံတွေ့ရ​တဲ့ ဆင်းရဲဒုက္ခ​တွေဟာ ဘုရား​ကြောင့်​မဟုတ်ဘူးဆိုတာ အမြဲ​သတိရပါ။ (ယာကုပ် ၁:၁၃) ဘုရားသခင်နဲ့ ရင်းနှီးတဲ့​ဆက်ဆံရေး ရှိမယ်ဆိုရင် သင့်ကို အကောင်းဆုံးနည်း​နဲ့ ကိုယ်တော် ကူညီ​ပေးပါလိမ့်မယ်။ (ဟေရှာယ ၄၁:၁၀) ဒါကြောင့် “ဘုရားကို ရင်ဖွင့်​ကြပါ။”—ဆာလံ ၆၂:၈

ကျမ်းစာကို နေ့တိုင်း​ဖတ်ပြီး လေ့လာမယ်​ဆိုရင်​လ​ည်း နှစ်သိမ့်မှု ရပါလိမ့်မယ်။ အဲဒီအခါ ယေဟော​ဝါ​ဘုရားက “ဆင်းရဲဒုက္ခ​အမျိုးမျိုး ခံရသူတွေကို” ဘယ်လို​နှစ်သိမ့်​ပေး​သလဲ​ဆိုတာ သင် သိလာ​ပါလိမ့်မယ်။ (၂ ကောရိန္သု ၁:၃၊ ၄။ ရောမ ၁၅:၄) “လူ့ဉာဏ်​နဲ့ မမီနိုင်တဲ့ ဘုရားသခင့်​ငြိမ်သက်ခြင်း” ပေးမယ်လို့​လ​ည်း ဘုရား ကတိပေး​ထားပါတယ်။—ဖိလိပ္ပိ ၄:၆၊ ၇၊ ၁၃

သင်​လုပ်ဆောင်​နိုင်ရာ

  • စိတ်တည်ငြိမ်​ဖို့၊ ကောင်းကောင်း စဉ်းစားဆင်ခြင် နိုင်​ဖို့ ယေဟော​ဝါ​ဘုရားဆီ ဆုတောင်း​ပါ

  • ကိုယ့်​ရှုမြင်ချက်​အားလုံးကို ပြန်​ဆန်းစစ်​ပြီး​ ကိုယ်လုပ်ဆောင်​နိုင်မယ့် အကောင်းဆုံး​နည်းလမ်း​ကို ရွေးပါ

၂ ကိုယ့်ကိုယ်ကိုယ်​ရော၊ မိသားစုကို​ပါ ဂရုစိုက်​ပါ

ကျမ်းစာပြောဆိုရာ– “သိနားလည်နိုင်စွမ်း​ရှိသူဟာ အသိပညာကို ဆည်းပူး​ချင်စိတ်​ရှိတယ်။ ဉာဏ်ပညာ​ရှိသူကလည်း အသိပညာ​ရဖို့ နားစွင့်​ထား​တတ်တယ်။” (ပညာအလိမ္မာ ၁၈:၁၅) အချက်အလက်​အားလုံးကို စု​ဆောင်းပါ။ မိသားစုဝင်​တိုင်း​ရဲ့ လိုအပ်ရာကို သိအောင်​လုပ်ပါ။ သူတို့နဲ့​စကား​ပြောပါ။ သူတို့​ပြောတာကိုလည်း​ နားထောင်​ပေးပါ။—ပညာအလိမ္မာ ၂၀:၅

ချစ်မြတ်နိုး​ရတဲ့​သူ ဆုံးပါး​သွား​ခဲ့ရင်​ကော။ ကိုယ့်​ခံစားချက်တွေကို ထုတ်ဖော်​ပြဖို့ မရှက်​ပါ​နဲ့။ ယေရှု​တောင် “မျက်ရည်ကျ” ခဲ့​တယ်​ဆိုတာ သတိရပါ။ (ယောဟန် ၁၁:၃၅။ ဒေသနာ ၃:၄) ကောင်းကောင်း အိပ်စက်အနားယူ​ဖို့​လ​ည်း အရေးကြီးပါတယ်။ (ဒေသနာ ၄:၆) အိပ်စက်အနားယူ​လိုက်မယ်​ဆိုရင် ၀မ်း​နည်း​ကြေကွဲမှု​ကို ခံရပ်နိုင်​ဖို့ လွယ်ကူ​သွား​မှာ​ဖြစ်တယ်။

သင်​လုပ်ဆောင်​နိုင်ရာ

  • အဖြစ်ဆိုးတွေ မ​ကြုံရ​ခင်​က​တည်း​က မိသားစုနဲ့ အမြဲ​ပြောဆို​ဆက်သွယ်​နေပါ။ ဒါမှသာ ပြဿနာတွေ ကြုံ​လာ​ရတဲ့အခါ သူတို့က သင်နဲ့ ပွင့်ပွင့်လင်းလင်း ပြောရဲဆိုရဲ ရှိလာမှာ​ဖြစ်တယ်

  • ကိုယ့်​လို အခြေအနေ​မျိုး ကြုံတွေ့​နေရတဲ့​သူတွေနဲ့ ပြောဆို​ဆက်သွယ်​ပါ

၃ အကူအညီကို လက်ခံ​ပါ

ကျမ်းစာပြောဆိုရာ– “မိတ်ဆွေစစ်​ဆိုတာ အချိန်​အခါ​မရွေး မေတ္တာပြ​တတ်တယ်။ သူဟာ ဒုက္ခရောက်​ချိန်မှာ အားကိုး​ရတဲ့ ညီအစ်ကို​ပဲ။” (ပညာအလိမ္မာ ၁၇:၁၇) မိတ်ဆွေတွေ​က သင့်ကို ကူညီပေးချင်​ပေ​မဲ့ ဘာလုပ်​ပေး​ရ​မှန်း မသိတာ​လ​ည်း ဖြစ်နိုင်တယ်။ ဒါကြောင့် သင် တကယ်​လိုအပ်​နေတဲ့​အရာကို သူတို့ကို ပြောပြဖို့ မတွန့်ဆုတ်ပါနဲ့။ (ပညာအလိမ္မာ ၁၂:၂၅) ကျမ်းစာကို ကောင်းကောင်း နားလည်​ထား​သူတွေဆီ​က​နေလည်း အကူအညီ​ရ​ယူပါ။ သူတို့​ပေး​လာတဲ့ အကူအညီ​က​နေ သင် အကျိုး​ရရှိ​ပါလိမ့်မယ်။—ယာကုပ် ၅:၁၄

ဘုရားကို အားကိုး​ပြီး ကိုယ်တော့်​ကတိတွေ​ကို ယုံကြည်တဲ့​သူတွေနဲ့ မှန်မှန်​ပေါင်းသင်း​တဲ့အခါ သင် လိုအပ်တဲ့ အကူအညီ​တွေ​ကို ရရှိ​ပါလိမ့်မယ်။ အားပေးမှု လိုအပ်​နေ​သူတွေကို ကူညီပေး​ရင် ကိုယ်လည်း နှစ်သိမ့်မှု ရရှိ​ပါလိမ့်မယ်။ ယေဟော​ဝါ​ဘုရားနဲ့ ကိုယ်တော့်​ကတိတွေ​အပေါ် သင် ဘာကြောင့် ယုံကြည်​ကိုးစား​ရသလဲ​ဆိုတာ သူတို့ကို ပြောပြပါ။ အကူအညီ​လိုအပ်​နေ​သူတွေကို ကူညီ​ပေးတဲ့​နေရာမှာ အလုပ်များ​နေပါ။ တစ်ယောက်တည်း သီးသန့်​မနေ​ဘဲ သင့်ကို​ချစ်​ပြီး ဂရုစိုက်​တဲ့​သူတွေနဲ့ ပေါင်းသင်း​ပါ။—ပညာအလိမ္မာ ၁၈:၁။ ၁ ကောရိန္သု ၁၅:၅၈

သင်​လုပ်ဆောင်​နိုင်ရာ

  • အရင်းနှီးဆုံး​မိတ်ဆွေ​နဲ့ စကား​ပြောပြီး သူ့​ဆီက အကူအညီကို လက်ခံ​ပါ

  • သင်လို​အပ်​နေတဲ့ အကူအညီ​တွေ​ကို ရိုးရိုးသားသား​နဲ့ တိတိကျကျ​ပြောပြပါ