မာတိကာဆီ ကျော်သွား

ယေရှုရဲ့ ရုပ်အသွင်အပြင်က ဘယ်လိုမျိုးလဲ

ယေရှုရဲ့ ရုပ်အသွင်အပြင်က ဘယ်လိုမျိုးလဲ

သမ္မာကျမ်းစာ ဖြေဆိုရာ

 သမ္မာကျမ်းစာမှာ ယေရှုရဲ့ရုပ်သွင်ပြင်ကို ဖော်ပြမထားတဲ့အတွက် ဘယ်သူမှ အတိအကျ မသိပါဘူး။ ဒါက ယေရှုရဲ့ရုပ်သွင်ပြင်က အရေးမကြီးဘူးဆိုတာ သိစေတယ်။ ဒါပေမဲ့ ကျမ်းချက်တချို့ကို သုံးသပ်ပြီး ယေရှုရဲ့ရုပ်ရည်ကို ပုံဖော်နိုင်တယ်။

  •   ရုပ်ရည်- ယေရှုဟာ ဂျူးလူမျိုးဖြစ်တဲ့အတွက် အရှေ့အလယ်ပိုင်း ရုပ်ရည်မျိုး ရှိမှာသေချာတယ်။ (ဟေဗြဲ ၇:၁၄) သူဟာ တခြားသူတွေထက် တမူထူးတဲ့ပုံစံမျိုး ရှိပုံမရဘူး။ တစ်ခါကဆိုရင် ဘယ်သူမှ သတိမထားမိဘဲ ဂါလိလဲနယ်ကနေ ဂျေရုဆလင်မြို့အထိ ခရီးသွားခဲ့တယ်။ (ယောဟန် ၇:​၁၀၊ ၁၁) သူ့ရဲ့ တပည့်တွေနဲ့တောင် ရုပ်ရည်သိပ်ကွာခြားပုံ မရဘူး။ ဒါကြောင့်လည်း ယေရှုကိုဖမ်းနိုင်ဖို့ လက်နက်ကိုင်ထားတဲ့ လူအုပ်ကို ယုဒရှကာရုတ်က ခွဲခြားပြပေးခဲ့ရတယ်။​—မဿဲ ၂၆:​၄၇-၄၉

  •   ဆံပင်- ယေရှုဟာ ဆံပင်ရှည်ရှည်နဲ့ မဖြစ်နိုင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ‘ယောက်ျား ဆံပင်ရှည်ထားတာဟာ ရှက်စရာကောင်းတယ်၊ သဘာဝမဟုတ်ဘူး’ လို့ ကျမ်းစာမှာ ပြောထားလို့ပဲ။​—၁ ကောရိန္သု ၁၁:၁၄

  •   မုတ်ဆိတ်- ယေရှု မုတ်ဆိတ်ထားပါတယ်။ ဂျူးပညတ်တရားမှာ ‘မုတ်ဆိတ်မွေးကို မရိတ်နဲ့’ လို့ဆိုထားတယ်။ (ဝတ်ပြုရာ ၁၉:၂၇။ ဂလာတိ ၄:၄) ယေရှုခံရမယ့် ဒုက္ခတွေနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်ထဲမှာလည်း သူ့ရဲ့မုတ်ဆိတ်အကြောင်း ပါတယ်။​—ဟေရှာယ ၅၀:၆

  •   ကိုယ်ခန္ဓာ- ယေရှုဟာ ကြံ့ခိုင်သန်မာသူ ဖြစ်ကြောင်း ထင်ရှားတယ်။ သူ အမှုဆောင်ချိန်မှာ မိုင်အတော်များများ ခရီးသွားခဲ့တယ်။ (မဿဲ ၉:၃၅) ဂျူးတွေရဲ့ ဗိမာန်တော်ကို သန့်ရှင်းအောင် နှစ်ကြိမ် လုပ်ဆောင်ခဲ့တယ်။ ငွေလဲလှယ်သူတွေရဲ့ စားပွဲတွေကို မှောက်လှန်ပစ်တယ်။ တစ်ကြိမ်မှာ သိုး၊ နွားတိရစ္ဆာန်တွေကို နှင်တံနဲ့ မောင်းထုတ်ခဲ့တယ်။ (လုကာ ၁၉:​၄၅၊ ၄၆။ ယောဟန် ၂:​၁၄၊ ၁၅) “ခရစ်ဝင်ကျမ်းအားလုံးအရ (ယေရှုဟာ) ကြံ့ခိုင်သန်မာတဲ့ ကိုယ်ခန္ဓာပိုင်ဆိုင်သူဖြစ်တယ်ဆိုတာ ဖော်ပြတယ်” လို့ စွယ်စုံကျမ်းတစ်ခုက ဆိုတယ်။​—McClintock and Strong’s Cyclopedia အတွဲ ၄၊ စာမျက်နှာ ၈၈၄။

  •   မျက်နှာအသွင်အပြင်- ယေရှုဟာ နူးညံ့သိမ်မွေ့ပြီး သနားကြင်နာတတ်သူ ဖြစ်တဲ့အတွက် ဒီအရည်အသွေးတွေ သူ့မျက်နှာမှာထင်ဟပ်နေမှာ သေချာတယ်။ (မဿဲ ၁၁:​၂၈၊ ၂၉) လူတိုင်းက နှစ်သိမ့်မှုနဲ့ အကူအညီရဖို့ သူ့ဆီ သွားကြတယ်။ (လုကာ ၅:​၁၂၊ ၁၃။ ၇:​၃၇၊ ၃၈) ကလေးတွေတောင် သူ့အနားမှာ နေချင်ကြတယ်။​—မဿဲ ၁၉:​၁၃-၁၅။ မာကု ၉:​၃၅-၃၇

ယေရှုရဲ့ ရုပ်အသွင်အပြင်နဲ့ပတ်သက်တဲ့ ယူဆချက်အမှားများ

 အမှား- ယေရှုဟာ အာဖရိကနွယ်ဖွားဆိုပြီး တချို့က ပြောကြတယ်၊ ဘာကြောင့်လဲဆိုတော့ ဗျာဒိတ်ကျမ်းမှာ သူ့ရဲ့ဆံပင်ကို သိုးမွေး၊ သူ့ရဲ့ခြေထောက်ကို “ပြောင်လက်တောက်ပနေတဲ့ ကြေးနီ” နဲ့ နှိုင်းထားလို့ ဖြစ်တယ်။​—ဗျာဒိတ် ၁:​၁၄၊ ၁၅

 အမှန်- ဗျာဒိတ်ကျမ်းကို “အမှတ်သင်္ကေတတွေ” နဲ့ ပုံဖော်ထားတာဖြစ်တယ်။ (ဗျာဒိတ် ၁:၁) ယေရှုရဲ့ဆံပင်နဲ့ ခြေထောက်ကို ဖော်ပြထားပုံက ရှင်ပြန်ထမြောက်ပြီးနောက် သူ့မှာရှိတဲ့ အရည်အသွေးတွေကို ပုံဆောင်ဖော်ပြတာဖြစ်တယ်၊ မြေကြီးပေါ်မှာရှိတုန်းက သူ့ရဲ့ ရုပ်ရည်ကို ပြောနေတာမဟုတ်ဘူး။ ဗျာဒိတ် ၁:၁၄ မှာ ယေရှုရဲ့ “ဆံပင်က သိုးမွေးလို၊ နှင်းလို ဖြူဖွေးနေတယ်” လို့ပြောတာက စာသားအတိုင်း အဓိပ္ပာယ်ယူဖို့ မဟုတ်ဘူး။ အဖြူရောင်ဆံပင်က ယေရှုမှာ အသက်ကြီးသူရဲ့ ဉာဏ်ပညာရှိတယ်ဆိုတာ ခိုင်းနှိုင်းထားတာဖြစ်တယ်။​—ဗျာဒိတ် ၃:၁၄

 ယေရှုရဲ့ခြေထောက်က “မီးဖိုထဲက ပြောင်လက်တောက်ပနေတဲ့ ကြေးနီနဲ့ တူတယ်။” (ဗျာဒိတ် ၁:၁၅) သူ့ရဲ့မျက်နှာကလည်း “မွန်းတည့်နေလို တောက်ပနေတယ်” လို့ ပြောထားတယ်။ (ဗျာဒိတ် ၁:၁၆) ဒီမှာဖော်ပြထားတဲ့ အသားအရောင်မျိုး ဘယ်လူမျိုးမှာမှ မရှိပါဘူး။ ဒါက ရှင်ပြန်ထမြောက်ပြီးဖြစ်တဲ့ ယေရှုဟာ “မချဉ်းကပ်နိုင်တဲ့ အလင်းထဲမှာ စံမြန်းနေတယ်” ဆိုတာကို တင်စားဖော်ပြတာဖြစ်တယ်။​—၁ တိမောသေ ၆:၁၆

 အမှား- ယေရှုဟာ ပျော့ညံ့ပြီး အားနွဲ့သူဖြစ်တယ်။

 အမှန်- ယေရှုဟာ ယောက်ျားပီသတဲ့သူ ဖြစ်တယ်။ ဥပမာ၊ သူ့ကိုဖမ်းဖို့လာတဲ့ လက်နက်ကိုင်လူအုပ်ရှေ့မှာ သူ့ကိုယ်သူ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောခဲ့တယ်။ (ယောဟန် ၁၈:​၄-၈) နောက်ပြီး သူဟာ လက်သမားအလုပ် လုပ်ခဲ့တဲ့အတွက် ခွန်အားဗလရှိသူဖြစ်မှာ သေချာတယ်။​—မာကု ၆:၃

 ဒါဆိုရင် သူ့ရဲ့သစ်တိုင်ကို ထမ်းပေးဖို့ ဘာကြောင့် အကူအညီ လိုရတာလဲ။ နောက်ပြီး သူနဲ့အတူ သစ်တိုင်တင်ခံရသူတွေ မသေခင် ဘာကြောင့် အရင်သေရတာလဲ။ (လုကာ ၂၃:၂၆။ ယောဟန် ၁၉:​၃၁-၃၃) ယေရှုကို သစ်တိုင်မတင်ခင်ကတည်းက သူဟာ သိပ်အားနည်းနေပြီ။ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုခံနေရတဲ့အပြင် တစ်ညလုံးလည်း မအိပ်ရဘူး။ (လုကာ ၂၂:​၄၂-၄၄) အဲဒီညမှာ ဂျူးတွေရဲ့ နှိပ်စက်တာကို ခံရပြီး မနက်ပိုင်းမှာလည်း ရောမတွေရဲ့ နှိပ်စက်တာကို ခံခဲ့ရတယ်။ (မဿဲ ၂၆:​၆၇၊ ၆၈။ ယောဟန် ၁၉:​၁-၃) အဲဒါတွေကြောင့် သူမြန်မြန်သေဆုံးသွားတာ ဖြစ်နိုင်တယ်။

 အမှား- ယေရှုဟာ မှိုင်တွေပြီး အမြဲဝမ်းနည်းနေတဲ့သူပဲ။

 အမှန်- ယေရှုဟာ ကောင်းကင်ဖခင်ဖြစ်တဲ့ “ပျော်ရွှင်တဲ့ ဘုရားသခင်” ယေဟောဝါရဲ့ အရည်အသွေးကို အပြည့်အဝ တင်ပြသူ ဖြစ်တယ်။ (၁ တိမောသေ ၁:၁၁။ ယောဟန် ၁၄:၉) ပျော်ရွှင်မှုရနိုင်ပုံအကြောင်း တခြားသူတွေကိုတောင် သင်ပေးခဲ့တယ်။ (မဿဲ ၅:​၃-၉။ လုကာ ၁၁:၂၈) ဒီအချက်တွေအရ ယေရှုရဲ့ မျက်နှာဟာ ပျော်ရွှင်တဲ့ပုံ ဖြစ်နေမှာ သေချာတယ်။