မာတိကာဆီ ကျော်သွား

ခွင့်လွှတ်တယ်ဆိုတာ ဘာကိုပြောတာလဲ

ခွင့်လွှတ်တယ်ဆိုတာ ဘာကိုပြောတာလဲ

ကျမ်းစာအဖြေ

 ခွင့်လွှတ်မှုဆိုတာ ပြစ်မှားသူကို ဗွေမယူဘဲ ခွင့်လွှတ်လိုက်တာဖြစ်တယ်။ ကျမ်းစာမှာ “ခွင့်လွှတ်မှု” လို့ပြန်ဆိုတဲ့ ဂရိစကားလုံးရဲ့ စာသားအတိုင်းအဓိပ္ပာယ်က အကြွေးပြန်မတောင်းဘဲ “လျှော်ပေးလိုက်တာ” ဖြစ်တယ်။ ယေရှုက တပည့်တွေကို ဆုတောင်းနည်းသင်ပေးတဲ့အခါ အဲဒီနှိုင်းယှဉ်ချက်ကို အသုံးပြုခဲ့တယ်– “အပြစ်ကြွေးတင်သူရှိသမျှကို ကျွန်ုပ်တို့ ဖြေလွှတ်သောကြောင့် ကျွန်ုပ်တို့၏အပြစ်များကိုလည်း ဖြေလွှတ်တော်မူပါ။” (လုကာ ၁၁:၄) မေတ္တာမဲ့တဲ့ ကျွန်ပုံဥပမာမှာလည်း အကြွေးကိုလျှော်ပစ်လိုက်တာဟာ ခွင့်လွှတ်ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့တယ်။​—မဿဲ ၁၈:၂၃–၃၅

 တခြားသူကို ခွင့်လွှတ်လိုက်တဲ့အခါ ထိခိုက်နစ်နာဆုံးရှုံးမှုအတွက် ပြန်ပေးဆပ်ခိုင်းတာ၊ အငြိုးအတေးထားတာမျိုးမလုပ်ဘဲ ကျေအေးလိုက်တာဖြစ်တယ်။ ခွင့်လွှတ်မှုအစစ်အမှန်ဆိုတာ မေတ္တာစစ်၊ မေတ္တာမှန်ကနေ ပေါက်ဖွားလာတာဆိုပြီး ကျမ်းစာမှာ သွန်သင်တယ်။ ဘာကြောင့်လဲဆိုတော့ မေတ္တာက “ထိခိုက်နစ်နာမှုကို မှတ်၍မထားတတ်” လို့ပါပဲ။​—၁ ကောရိန္သု ၁၃:၄၊ ၅

ခွင့်လွှတ်မှုဆိုတာ ဘာကို မဆိုလို

  •   ပြစ်မှားမှုကို သည်းခံခွင့်ပြုခြင်း။ မကောင်းကို အကောင်း၊ မကောင်းတာကို လက်သင့်ခံနိုင်တယ်လို့ ပြောသူတွေကို ကျမ်းစာမှာ ပြစ်တင်ရှုတ်ချထားတယ်။​—ဟေရှာယ ၅:၂၀

  •   တစ်ဖက်သားက ဘာမှမလုပ်ခဲ့သလိုမျိုး မသိချင်ဟန်ဆောင်ခြင်း။ ဘုရားသခင်က ဘုရင်ဒါဝိဒ်ရဲ့ ကြီးလေးတဲ့အပြစ်တွေကို ခွင့်လွှတ်ခဲ့ပေမဲ့ သူ့လုပ်ရပ်မှားကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေမခံရအောင်တော့ မကာကွယ်ပေးဘူး။ ဒါဝိဒ်ရဲ့အပြစ်တွေကို ဘုရားသခင်က ကျမ်းစာမှာမှတ်တမ်းတင်ထားလို့ ဒီနေ့အထိ သိရှိနိုင်တာဖြစ်တယ်။​—၂ ဓမ္မရာဇဝင် ၁၂:၉–၁၃

  •   တခြားသူအမြတ်ထုတ်တာကို ခေါင်းငုံ့ခံခြင်း။ ဥပမာ– သင်က တစ်ယောက်ယောက်ကို ပိုက်ဆံချေးလိုက်တယ် ဆိုပါစို့။ အကြွေးယူသူက သင့်ပိုက်ဆံကို သုံးဖြုန်းပစ်လိုက်ပြီး ကတိအတိုင်း ပြန်မဆပ်ဘူး။ သူက အရမ်းစိတ်မကောင်းဖြစ်ပြီး ကိုယ့်ကို လာတောင်းပန်တယ်။ အငြိုးအတေးမထားဖို့၊ သူ့အကြောင်းပြန်ပြောပြီး အနာဟောင်းကို ဆွသလိုမျိုးမလုပ်ဖို့၊ အကြွေးကို လုံးလုံးလျှော်ပစ်လိုက်ပြီး သူ့ကိုခွင့်လွှတ်ဖို့ သင်ဆုံးဖြတ်နိုင်တယ်။ ဒါပေမဲ့ အဲဒီသူကို နောက်နောင် ဘယ်တော့မှ ပိုက်ဆံမချေးတော့ဘူးလို့လည်း သင် ဆုံးဖြတ်နိုင်တယ်။​—ဆာလံ ၃၇:၂၁; သုတ္တံ ၁၄:၁၅; ၂၂:၃; ဂလာတိ ၆:၇

  •   အကြောင်းမဲ့ ခွင့်လွှတ်လိုက်ခြင်း။ တမင်တကာကြံစည် အပြစ်ကျူးလွန်ပြီး အမှားကိုလည်း မဝန်ခံ၊ လမ်းစဉ်ကိုလည်း မပြောင်းလဲ၊ ထိခိုက်နစ်နာသွားသူကိုလည်း မတောင်းပန်ချင်တဲ့သူတွေကို ဘုရားသခင် ခွင့်မလွှတ်ဘူး။ (သုတ္တံ ၂၈:၁၃; တမန်တော် ၂၆:၂၀; ဟေဗြဲ ၁၀:၂၆) နောင်တမရသူတွေဟာ ဘုရားသခင့်ရန်သူဖြစ်တာကြောင့် ကိုယ်တော်ခွင့်မလွှတ်တဲ့ အဲဒီလိုလူတွေကို ခွင့်လွှတ်ရမယ်လို့ ကျွန်ုပ်တို့ကို မတောင်းဆိုထားပါဘူး။​—ဆာလံ ၁၃၉:၂၁၊ ၂၂

     တောင်းပန်လိုစိတ်မရှိသူ ဒါမှမဟုတ် အမှားဝန်မခံချင်သူတစ်ဦးဦး ကိုယ်ထိလက်ရောက်နှိပ်စက်တာကို သင် ခံစားခဲ့ရတယ်ဆိုရင်ကော။ “အမျက်မထွက်စေနှင့်။ ဒေါသစိတ်ကိုစွန့်ပယ်လော့” ဆိုပြီး ကျမ်းစာမှာ တိုက်တွန်းထားတယ်။ (ဆာလံ ၃၇:၈) အမှားကို ခွင့်လွှတ်လိုက်မှာမဟုတ်ပေမဲ့ စိတ်ထဲမှာ တနုံ့နုံ့ဒေါသထွက်နေတာမျိုး မလုပ်သင့်ပါဘူး။ သူ့လုပ်ရပ်အတွက် အဲဒီလူကို ဘုရားသခင် စာရင်းရှင်းမယ်ဆိုတာ ယုံကြည်စိတ်ချပါ။ (ဟေဗြဲ ၁၀:၃၀၊ ၃၁) အခု၊ ကျွန်ုပ်တို့ ခံစားနေရတဲ့ စိတ်ဒဏ်ရာဒဏ်ချက်တွေ၊ နာကျင်မှုတွေ အားလုံးပျောက်သွားအောင် ဘုရားသခင်ပြုလုပ်ပေးမယ်ဆိုတာ သိထားတဲ့အတွက် နှစ်သိမ့်မှုရနိုင်ပါတယ်။​—ဟေရှာယ ၆၅:၁၇; ဗျာဒိတ် ၂၁:၄

  •   ကြံဖန်အပြစ်ရှာပြီး “ခွင့်လွှတ်ပါတယ်” လို့ပြောခြင်း။ တစ်ခါတလေ တခြားသူကို ကြံဖန်အပြစ်ရှာပြီး ခွင့်လွှတ်တယ်လို့ပြောမယ့်အစား ကိုယ့်ဘက်က ထစ်ခနဲရှိစိတ်ဆိုးရလောက်အောင် မယ်မယ်ရရ ဘာအကြောင်းပြချက်မှ မရှိဘူးဆိုတာကို သိထားဖို့လိုပါတယ်။ “အမျက်သည် မိုက်သောသူတို့၏ရင်ခွင်၌တည်သည်ဖြစ်၍ အမျက်ထွက်ရန် စိတ်မမြန်စေနှင့်” လို့ ကျမ်းစာမှာ ဆိုထားတယ်။​—ဒေသနာ ၇:၉သမ။

ခွင့်လွှတ်နိုင်ပုံ

  1.  ၁။ ခွင့်လွှတ်တယ်ဆိုတာ ဘာကိုဆိုလိုမှန်း အမှတ်ရပါ။ အမှားကို သည်းခံခွင့်ပြုတာ၊ အမှားမလုပ်ခဲ့သလိုမျိုး မသိချင်ဟန်ဆောင်တာမဟုတ်ဘဲ အမှားကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်လိုက်တာဖြစ်တယ်။

  2.  ၂။ ခွင့်လွှတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိမြင်ပါ။ ဒေါသမထွက်တာ၊ အငြိုးအတေးမထားတာက သင့်ကို စိတ်အေးချမ်းစေသလို ကျန်းမာရေးလည်း ကောင်းစေတယ်၊ ပိုပြီးတော့လည်း ပျော်စေတယ်။ (သုတ္တံ ၁၄:၃၀; မဿဲ ၅:၉) ပိုအရေးကြီးတာက တခြားသူကိုခွင့်လွှတ်ရင် သင်ကိုယ်တိုင်ရဲ့အပြစ်တွေကိုလည်း ဘုရားသခင် ခွင့်လွှတ်ပေးမှာ ဖြစ်တယ်။​—မဿဲ ၆:၁၄၊ ၁၅

  3.  ၃။ ကိုယ်ချင်းစာပါ။ ကျွန်ုပ်တို့အားလုံး အမှားမကင်းကြပါဘူး။ (ယာကုပ် ၃:၂) ခွင့်လွှတ်ခံရတာကို ကျွန်ုပ်တို့ကြိုက်သလိုပဲ တခြားသူတွေရဲ့အမှားတွေကိုလည်း ခွင့်လွှတ်ပေးသင့်တယ်။​—မဿဲ ၇:၁၂

  4.  ၄။ အကျိုးသင့်အကြောင်းသင့်ရှိပါ။ အသေးအဖွဲကိစ္စတစ်ခုကို အပြစ်ပြောချင်တဲ့အခါ “အချင်းချင်းဆက်၍ သည်းခံ” ပါဆိုတဲ့ ကျမ်းစာလမ်းညွှန်ချက်ကို ကျင့်သုံးနိုင်ပါတယ်။​—ကောလောသဲ ၃:၁၃

  5.  ၅။ မြန်မြန် ခွင့်လွှတ်ပါ။ တနုံ့နုံ့စဉ်းစားပြီး ဒေါသထွက်နေမယ့်အစား အတတ်နိုင်ဆုံး၊ အမြန်ဆုံးခွင့်လွှတ်ပါ။​—ဧဖက် ၄:၂၆၊ ၂၇