မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုတွေအတွက်အကူအညီ | အိမ်ထောင်ရေး

ဘယ်လို ခွင့်လွှတ်ရမလဲ

ဘယ်လို ခွင့်လွှတ်ရမလဲ

ပြဿနာ

သင်နဲ့သင့်အိမ်ထောင်ဖက် စကားများ ကြတဲ့အခါ ဟိုးအရင်ကတည်းက ဖြေရှင်းခဲ့သင့်တဲ့ မကျေနပ်ချက် တသီတတန်းကြီးကို ပြန်အစဖော်တတ်ကြတယ်။ ပြဿနာကဘာလဲ။ သင်တို့ထဲကတစ်ယောက် ဒါမှမဟုတ် နှစ်ယောက်စလုံးက ဘယ်လိုခွင့်လွှတ်ရမလဲဆိုတာ မသိတာဖြစ်နိုင်တယ်။

သင် သင်ယူနိုင်ပါတယ်။ အရင်ဆုံး လင်ယောက်ျားနဲ့ ဇနီးသည်ဟာ ဘာကြောင့် တစ်ယောက်နဲ့ တစ်ယောက်ခွင့်လွှတ်ဖို့ အရမ်းခက်ခဲရသလဲဆိုတာ သုံးသပ်ကြည့်ရအောင်။

အကြောင်းရင်း

ဩဇာလွှမ်းမိုးလိုခြင်း။ တချို့ခင်ပွန်းသည်တွေနဲ့ ဇနီးသည်တွေဟာ သူတို့ရဲ့ အိမ်ထောင်မှာ ဩဇာလွှမ်းမိုးချင်လို့ ခွင့်မလွှတ်ဘဲနေကြတယ်။ ပြဿနာဖြစ်လာတဲ့အခါ သူတို့ရဲ့အိမ်ထောင်ဖက်ကို အနိုင်ယူချင်လို့၊ ဩဇာလွှမ်းမိုးချင်လို့ အတိတ်ကအဖြစ်အပျက်တွေကို ပြန်အစဖော်လေ့ရှိတယ်။

မကျေနပ်မှု။ အတိတ်ကဒဏ်ချက်တွေ ပပျောက်ဖို့ အချိန်အတော်အတန်ကြာ လိုအပ်နိုင်ပါတယ်။ အိမ်ထောင်ဖက်တစ်ဦးက ‘ငါမင်းကိုခွင့်လွှတ်ပါတယ်’ လို့ပြောပေမဲ့ ဖြစ်ပျက်ခဲ့ရာတွေအတွက် စိတ်ထဲမှာမကျေနပ်ချက် ဆက်ရှိနေနိုင်တယ်။ ကလဲ့စားချေလိုစိတ်တောင် ရှိနေနိုင်တယ်။

စိတ်ပျက်မှု။ တချို့သူတွေက အိမ်ထောင်သည်ဘဝဟာ ပန်းခင်းလမ်းလေးလိုပဲ ဖြစ်လိမ့်မယ်လိုထင်ပြီး အိမ်ထောင်ပြုကြတယ်။ နောက်ပိုင်း သဘောထားကွဲလွဲမှုတွေ ကြုံလာရတဲ့အခါ ကိုယ့်အတွက် “အကောင်းဆုံးအဖော်မွန်” လို့ ထင်ထားတဲ့သူက ကိုယ်နဲ့မတူညီတဲ့အမြင်မျိုးရှိလာတဲ့အခါ အလျှော့မပေးတတ်ကြဘူး။ လက်တွေ့ကျကျ မမျှော်လင့်ထားဘူးဆိုရင် အမှားတွေကို ပိုတွေ့နိုင်ပြီး ခွင့်လွှတ်ဖို့ ခက်ခဲနိုင်ပါတယ်။

နားလည်မှုလွဲခြင်း။ အိမ်ထောင်သည်များစွာက ခွင့်လွှတ်ခြင်းရဲ့ အကျိုးဆက်နဲ့ပတ်သက်ပြီး နားလည်မှုလွဲတဲ့အတွက်ကြောင့် ခွင့်မလွှတ်ဘဲနေကြတယ်။ ဥပမာ-

ငါခွင့်လွှတ်လိုက်ရင် သူ့အမှားကို အသေးအဖွဲလို့ ယူမှတ်သွားလိမ့်မယ်။

ငါခွင့်လွှတ်လိုက်ရင် ဖြစ်ပျက်ခဲ့တာတွေကို ငါမေ့ပစ်ရမယ်။

ငါခွင့်လွှတ်လိုက်ရင် နောက်ထပ်မတရားဆက်ဆံမှုတွေ ခံရနိုင်တယ်။

အမှန်တကယ်တော့ ခွင့်လွှတ်ခြင်းက အထက်မှာဖော်ပြခဲ့တာတွေနဲ့ မသက်ဆိုင်ပါဘူး။ ဒါပေမဲ့ ခွင့်လွှတ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး၊ အထူးသဖြင့် လင်ယောက်ျားနဲ့ ဇနီးသည်လို ရင်းနှီးတဲ့ဆက်ဆံရေးရှိသူတွေမှာဖြစ်တယ်။

သင်လုပ်ဆောင်နိုင်ရာ

ခွင့်လွှတ်ခြင်းမှာ ဘာပါသလဲဆိုတာ နားလည်သဘောပေါက်ပါ။ သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ “ခွင့်လွှတ်” ဆိုတဲ့စကားလုံးက “လွှတ်လိုက်တယ်” ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတာဖြစ်ပြီး အာရုံမစိုက်တော့ဘူး ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်။ ဒါကြောင့် ခွင့်လွှတ်ခြင်းက ဖြစ်ပျက်ခဲ့ရာတွေကို မေ့ပျောက်သွားတာ၊ အမှားကို အသေးအဖွဲလို့ယူမှတ်တာမျိုး မဟုတ်ပါဘူး။ သင် ကိုယ်တိုင်ပျော်ရွှင်ဖို့၊ သင့်အိမ်ထောင်သာယာဖို့ ပြဿနာကို အာရုံမစိုက်တော့တာဖြစ်တယ်။

ခွင့်မလွှတ်ခြင်းရဲ့အကျိုးဆက်ကို သဘောပေါက်ပါ။ ခွင့်မလွှတ်ဘဲ စိတ်နာကြည်းနေမယ်ဆိုရင် သင့်ရဲ့အိမ်ထောင်ကို ထိခိုက်နိုင်တဲ့အပြင် စိတ်ကျဝေဒနာ၊ သွေးတိုးစတဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေ ရနိုင်တယ်လို့ အိမ်ထောင်ရေးပညာရှင်တချို့က ဆိုပါတယ်။ ဒီလိုအကြောင်းရင်းတွေကြောင့် သမ္မာကျမ်းစာမှာ “အချင်းချင်း ကြင်နာမှုပြ၍ သနားစာနာကြလော့။ . . . အချင်းချင်း အကြွင်းမဲ့ခွင့်လွှတ်ကြလော့” လို့ဆိုထားခြင်းဖြစ်တယ်။—ဧဖက် ၄:၃၂

ခွင့်လွှတ်ခြင်းရဲ့ အကျိုးကျေးဇူးကို သဘောပေါက်ပါ။ ခွင့်လွှတ်တတ်တဲ့စိတ်ရှိခြင်းက ကိုယ့်အိမ်ထောင်ဖက်ရဲ့အမှားတွေကို လိုက်ပြီးအာရုံစိုက်မယ့်အစား သူ့မှာ မကောင်းတဲ့စိတ်ထား မရှိဘူးဆိုတာ ယုံကြည်စိတ်ချစေပါတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် စိတ်ဆိုးတာမျိုးမရှိဘဲ အေးချမ်းတဲ့ရိပ်မြုံလေးတစ်ခုကို သင်ဖန်တီးနိုင်ပြီး ချစ်ခြင်းမေတ္တာတွေကို တိုးပွားစေပါလိမ့်မယ်။—ကျမ်းစာမူ– ကောလောသဲ ၃:၁၃

လက်တွေ့ကျပါ။ သင့်အိမ်ထောင်ဖက်ရဲ့ အားနည်းချက်၊ ချွတ်ယွင်းချက်လေးတွေကို အရှိကိုအရှိအတိုင်းလက်ခံတာက ခွင့်လွှတ်ဖို့ ပိုလွယ်ကူစေပါတယ်။ “သင်မရတဲ့ဟာကိုပဲ အာရုံစိုက်နေမယ်ဆိုရင် သင်ရရှိထားတဲ့အရာအားလုံးကို မေ့သွားနိုင်ပါတယ်။ ဘယ်အရာကို သင်အာရုံစိုက်လိုပါသလဲ” လို့ စာအုပ်တစ်အုပ် (Fighting for Your Marriage) မှာဖော်ပြထားတယ်။ သင်အပါအဝင် ဘယ်သူမှ ပြီးပြည့်စုံတဲ့သူမရှိဘူးဆိုတာ သတိရပါ။—ကျမ်းစာမူ– ယာကုပ် ၃:၂

မျှမျှတတစဉ်းစားပါ။ နောက်တစ်ခါ သင့်အိမ်ထောင်ဖက်ရဲ့ လုပ်ရပ် ဒါမှမဟုတ် အပြောကြောင့် သင်စိတ်ထိခိုက်တယ်ဆိုရင် သင့်ကိုယ်သင် ဒီလိုမေးပါ– ‘ဒီကိစ္စက တကယ်ပဲ အဲဒီလောက် အရေးကြီးသလား။ သူ့ရဲ့တောင်းပန်မှုကို ငါတောင်းဆိုဖို့ လိုအပ်သလား ဒါမှမဟုတ် ဖြစ်ပျက်ခဲ့တာတွေကို လျစ်လျူရှုပြီး ဒီအတိုင်းပဲ ထားလိုက်လို့ရမလား။’—ကျမ်းစာမူ– ၁ ပေတရု ၄:၈

လိုအပ်မယ်ဆိုရင် ပြဿနာကို ဆွေးနွေးပါ။ ဘာက သင့်ကိုစိတ်ထိခိုက်စေတယ်ဆိုတာနဲ့ ဘာကြောင့် သင်အဲဒီလို ခံစားရတယ်ဆိုတာကို အေးအေးဆေးဆေးရှင်းပြပါ။ စွပ်စွဲပြီးမပြောပါနဲ့၊ တစ်ယူသန်မပြောပါနဲ့။ ဘာကြောင့်လဲဆိုတော့ အဲဒါက သင့်အိမ်ထောင်ဖက်နဲ့ အငြင်းပွားဖွယ်အခြေအနေ ဖြစ်လာနိုင်ပါတယ်။ အဲဒီအစား သင့်အိမ်ထောင်ဖက်ရဲ့ လုပ်ရပ်က သင့်ကိုဘယ်လိုထိခိုက်တယ်ဆိုတာကို ရိုးရိုးလေးပြောပြပါ။