မာတိကာဆီ ကျော်သွား

ကျွန်တော့်ကို ဘုရားသခင် ခွင့်လွှတ်ပါ့မလား

ကျွန်တော့်ကို ဘုရားသခင် ခွင့်လွှတ်ပါ့မလား

ကျမ်းစာ အဖြေ

 လုပ်သင့်လုပ်ထိုက်ရာကို လုပ်ဆောင်မယ်ဆိုရင် သင့်ကို ဘုရားသခင် ခွင့်လွှတ်ပါလိမ့်မယ်။ ဘုရားသခင်ဟာ “ခွင့်လွှတ်ဖို့ အသင့်ရှိတယ်၊” “အကြွင်းမဲ့ ခွင့်လွှတ်” တတ်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (နေဟမိ ၉:၁၇; ဆာလံ ၈၆:၅; ဟေရှာယ ၅၅:၇) အကြွင်းမဲ့ ခွင့်လွှတ်တဲ့အပြင် ကျွန်တော်တို့ရဲ့ အပြစ်တွေကို “ပယ်ဖျက်” ပေးတယ်။ (တမန်တော် ၃:၁၉) “သူတို့အပြစ်ကို သတိရမှာ မဟုတ်ဘူး” လို့ ပြောတာကိုကြည့်ရင် ဘုရားသခင်ဟာ အပြစ်တွေကို အပြီးအပိုင် ခွင့်လွှတ်တယ်။ (ယေရမိ ၃၁:၃၄) ခွင့်လွှတ်ပြီးရင်လည်း အဲဒီအပြစ်အတွက် နောက်မှ ပြစ်ဒဏ်ပေးတာမျိုး၊ ပြန်အစဖော်တာမျိုး ဘယ်တော့မှ မလုပ်ဘူး။

 ဒါပေမဲ့ ဘုရားသခင်က စိတ်ပျော့လို့ ဒါမှမဟုတ် သနားကရုဏာသက်လွန်းလို့ ခွင့်လွှတ်တာမျိုးတော့ မဟုတ်ဘူး။ မိမိရဲ့ ဖြောင့်မတ်တဲ့စံနှုန်းတွေကို ဘယ်တော့မှ မပြောင်းလဲဘူး။ ဒါကြောင့် တချို့သောအပြစ်တွေကိုတော့ ဘုရား ခွင့်မလွှတ်ဘူး။​—ယောရှု ၂၄:၁၉၊ ၂၀

ဘုရားသခင်ရဲ့ ခွင့်လွှတ်မှုရဖို့ လုပ်ဆောင်ရမယ့်အချက်များ

  1.  ဘုရားသခင့်စံနှုန်းတွေကို ချိုးဖောက်မိကြောင်း ကိုယ့်အပြစ်ကို ဝန်ခံပါ။ သင့်လုပ်ရပ်ကြောင့် ထိခိုက်နစ်နာသူတွေ ရှိတာမှန်ပေမဲ့ ဘုရားသခင်ကို ပြစ်မှားမိပြီဆိုတာ ဦးဆုံး အသိအမှတ်ပြုရမယ်။​—ဆာလံ ၅၁:​၁၊ ၄; တမန်တော် ၂၄:၁၆

  2.  အပြစ်အတွက် ဘုရားသခင်ဆီ ဆုတောင်းပြီး ဝန်ချတောင်းပန်ပါ။​—ဆာလံ ၃၂:​၅; ၁ ယောဟန် ၁:၉

  3.  လုပ်မိတဲ့အပြစ်အတွက် စိတ်ရင်းမှန်နဲ့ ဝမ်းနည်းရမယ်။ “ဘုရားသခင့် အလိုတော်နဲ့ညီတဲ့ ဝမ်းနည်းမှုက” နောင်တရစေပြီး စိတ်နှလုံးကို ပြုပြင်ပြောင်းလဲစေတယ်။ (၂ ကောရိန္သု ၇:၁၀) အပြစ်ကျူးလွန်မိစေတဲ့ လုပ်ရပ်မှားတွေအတွက် နောင်တရခြင်း ပါဝင်တယ်။​—မဿဲ ၅:၂၇၊ ၂၈

  4.  လမ်းစဉ်ကို ပြောင်းလဲပါ၊ တစ်နည်းအားဖြင့် “ပြန်လှည့်လာ” ရမယ်။ (တမန်တော် ၃:၁၉) အပြစ်တစ်ခုကို ထပ်တလဲလဲ မကျူးလွန်မိအောင် ရှောင်တာ ဒါမှမဟုတ် စဉ်းစားတွေးတောပုံ၊ ပြုမူပုံအားလုံးကို ပြောင်းလဲပစ်တာကို ဆိုလိုတယ်။​—ဧဖက် ၄:​၂၃၊ ၂၄

  5.  အမှားကို ပြင်ပါ၊ အမှားအတွက် ပြုပြင်နိုင်တာမှန်သမျှကို လုပ်ဆောင်ပါ။ (မဿဲ ၅:၂၃၊ ၂၄; ၂ ကောရိန္သု ၇:၁၁) ကိုယ့်လုပ်ရပ်၊ ကိုယ့်အမှားကြောင့် ထိခိုက်နစ်နာသွားသူတွေကို တောင်းပန်ပါ၊ အတတ်နိုင်ဆုံး ပြန်ပေးဆပ်ပါ။​—လုကာ ၁၉:၇–၁၀

  6.  ယေရှုရဲ့ရွေးဖိုးကို အခြေခံပြီး ခွင့်လွှတ်ပေးဖို့ ဘုရားသခင်ဆီ ဆုတောင်းပါ။ (ဧဖက် ၁:၇) ကိုယ့်ဆုတောင်းချက်ကို နားထောင်စေချင်တယ်ဆိုရင် သူတစ်ပါးရဲ့အပြစ်ကို ခွင့်လွှတ်ရမှာ ဖြစ်တယ်။​—မဿဲ ၆:၁၄၊ ၁၅

  7.  ကြီးလေးတဲ့အပြစ် ကျူးလွန်မိခဲ့ရင် ဘုရားသခင်နဲ့ဆက်ဆံရေး ပြန်ကောင်းအောင် ကူညီပေးနိုင်သူ၊ သင့်အတွက် ဆုတောင်းပေးနိုင်တဲ့ အရည်အချင်းရှိသူတစ်ဦးကို ဖွင့်ပြောပြပါ။​—ယာကုပ် ၅:၁၄–၁၆

ဘုရားရဲ့ ခွင့်လွှတ်မှု ရရှိခြင်းနဲ့ပတ်သက်တဲ့ ယူဆချက်အမှားများ

 “အပြစ်တွေများလွန်းလို့ ခွင့်မလွှတ်နိုင်လောက်ဘူး”

အိမ်ထောင်ရေးဖောက်ပြန်မှု၊ လူသတ်မှု ကျူးလွန်ခဲ့တဲ့ ဒါဝိဒ်ကို ဘုရားသခင် ခွင့်လွှတ်ခဲ့

 ကျွန်တော်တို့ အပြစ်တွေထက် ဘုရားရဲ့ ခွင့်လွှတ်နိုင်စွမ်းက ပိုကြီးမားတယ်။ ဒါကြောင့် ကျမ်းစာမှာပါတဲ့အတိုင်း ဘုရားသခင် တောင်းဆိုထားတာတွေကို လိုက်နာမယ်ဆိုရင် ခွင့်လွှတ်ခံရမှာပါ။ ကြီးလေးတဲ့အပြစ်တွေကိုသာမက ထပ်ခါတလဲ အပြစ်ပြုမိတဲ့သူတွေကိုတောင် ဘုရား ခွင့်လွှတ်ပေးနိုင်ပါတယ်။​—ဟေရှာယ ၁:၁၈

 ဥပမာ၊ အိမ်ထောင်ရေးဖောက်ပြန်မှု၊ လူသတ်မှု ကျူးလွန်ခဲ့တဲ့ အစ္စရေးဘုရင် ဒါဝိဒ် ခွင့်လွှတ်ခံခဲ့ရတယ်။ (၂ ရှမွေလ ၁၂:၇-၁၃) ကမ္ဘာပေါ်မှာ အပြစ်အများဆုံးလို့ ခံစားခဲ့ရသူ တမန်တော်ပေါလုလည်း ခွင့်လွှတ်ခံခဲ့ရတယ်။ (၁ တိမောသေ ၁:၁၅၊ ၁၆) မေရှိယ ယေရှုကိုသတ်တဲ့အပြစ် ကျူးလွန်ခဲ့တဲ့ ပထမရာစု ဂျူးတွေတောင်မှ ပြုပြင်ပြောင်းလဲမယ်ဆိုရင် ခွင့်လွှတ်ခံခဲ့ရတယ်။​—တမန်တော် ၃:၁၅၊ ၁၉

 “ဘုန်းတော်ကြီးဆီမှာဖြစ်ဖြစ်၊ ဓမ္မဆရာဆီမှာဖြစ်ဖြစ် အာပတ်ဖြေလိုက်ရင် ရပါတယ်”

 ဘုရားကို ပြစ်မှားတဲ့အပြစ်တွေအတွက် ဘယ်လူသားမှာမှ အပြစ်လွှတ်ပေးနိုင်စွမ်း မရှိဘူး။ တစ်ဦးတစ်ယောက်ဆီ ဝန်ချတောင်းပန်တာက အပြစ်ပြုမိသူကို စိတ်သက်သာရာ ရစေနိုင်ပေမဲ့ ဘုရားသခင်တစ်ပါးတည်းကသာ အပြစ်ကို ခွင့်လွှတ်ပေးနိုင်တယ်။​—ဧဖက် ၄:၃၂; ၁ ယောဟန် ၁:၇၊

 ဒါဆိုရင် “အပြစ်ကျူးလွန်သူ တစ်ယောက်ကို ခင်ဗျားတို့ ခွင့်လွှတ်မယ်ဆိုရင် ဘုရားသခင်လည်း ခွင့်လွှတ်လိမ့်မယ်။ ခင်ဗျားတို့ ခွင့်မလွှတ်ဘူးဆိုရင်တော့ ဘုရားသခင်လည်း ခွင့်လွှတ်မှာ မဟုတ်ဘူး” ဆိုပြီး တမန်တော်တွေကို ယေရှုပြောခဲ့တာ ဘာကိုဆိုလိုသလဲ။ (ယောဟန် ၂၀:၂၃) တမန်တော်တွေ သန့်ရှင်းသောစွမ်းအားတော်ရရှိတဲ့အခါ မိမိပေးမယ့် ထူးခြားတဲ့အခွင့်အာဏာအကြောင်း ယေရှုပြောနေခြင်း ဖြစ်တယ်။​—ယောဟန် ၂၀:၂၂

 အေဒီ ၃၃ မှာ သန့်ရှင်းသောစွမ်းအားတော် သွန်းလောင်းခံရချိန်မှာ ကတိအတိုင်း အဲဒီဆုကျေးဇူးကို တမန်တော်တွေ ရခဲ့ကြတယ်။ (တမန်တော် ၂:၁–၄) အာနနိနဲ့ ရှဖိရေကို တမန်တော်ပေတရု တရားစီရင်ချိန်မှာ အဲဒီအခွင့်အာဏာကို သုံးခဲ့တယ်။ သူတို့ရဲ့ ကလိမ်ဉာဏ်ကို အံ့ဖွယ်နည်းနဲ့ သိမြင်ခဲ့ပြီး သူတို့ ခွင့်လွှတ်ခံရမှာ မဟုတ်မှန်း စီရင်ချက်ချပုံက ဖော်ပြတယ်။​—တမန်တော် ၅:၁–၁၁

 ရောဂါပျောက်ကင်းစေနိုင်စွမ်း၊ ဘာသာစကားအမျိုးမျိုး ပြောနိုင်စွမ်း စတဲ့ တခြားဆုကျေးဇူးတွေလိုပဲ သန့်ရှင်းသောစွမ်းအားတော်ရဲ့ အံ့ဖွယ်ဆုကျေးဇူးတွေဟာ တမန်တော်တွေ သေဆုံးပြီးနောက် အဆုံးတိုင်သွားတယ်။ (၁ ကောရိန္သု ၁၃:၈–၁၀) ဒါကြောင့် ခုချိန်မှာ ဘယ်လူသားကမှ လူတစ်ယောက်ရဲ့အပြစ်ကို ခွင့်လွှတ်ပေးနိုင်စွမ်း မရှိပါဘူး။