မာတိကာဆီ ကျော်သွား

ကျမ်းပိုဒ် ရှင်းပြချက်များ

တမန်တော် ၁:၈—‘သင်တို့သည် တန်ခိုးကို ခံရမည်’

တမန်တော် ၁:၈—‘သင်တို့သည် တန်ခိုးကို ခံရမည်’

 “ခင်ဗျားတို့ သန့်ရှင်းသော စွမ်းအားတော် ရတဲ့အခါ တန်ခိုးရပြီး ဂျေရုဆလင်မြို့၊ ယုဒပြည်တစ်ဝန်းလုံး၊ ရှမာရိပြည်၊ ကမ္ဘာမြေ အစွန်အဖျားအထိ ကျွန်တော့်အကြောင်း သက်သေခံကြလိမ့်မယ်။”—တမန်တော် ၁:၈ကမ္ဘာသစ်ဘာသာပြန်ကျမ်း။

 “သင်တို့အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်သောအခါ၊ သင်တို့သည် တန်ခိုးကို ခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏ သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။”—တမန်တော် ၁:၈၊ ယုဒသန်ကျမ်း။

တမန်တော် ၁:၈ ရဲ့ အဓိပ္ပာယ်

 ကမ္ဘာမြေ အစွန်အဖျားအထိ အမှုဆောင်နိုင်ဖို့ သန့်ရှင်းသော စွမ်းအားတော် ရကြမယ်လို့ နောက်လိုက်တွေကို ယေရှု ကတိပေးနေတာ ဖြစ်တယ်။

 ‘ခင်ဗျားတို့ သန့်ရှင်းသော စွမ်းအားတော် ရတဲ့အခါ တန်ခိုး ရလိမ့်မယ်။’ ယေရှု ကောင်းကင်ကို ပြန်တက်သွားပြီးနောက် တပည့်တွေ စွမ်းအားတော် a အကူအညီ ရကြမယ်လို့ အရင်က ကတိပေးထားတာကို ယေရှု ပြန်ပြောနေတာ။ (ယောဟန် ၁၄:၁၆၊ ၂၆) ကတိပေးထားတဲ့အတိုင်း အေဒီ ၃၃၊ ယေရှု ကောင်းကင် ပြန်တက်သွားပြီးလို့ ဆယ်ရက်အကြာမှာ နောက်လိုက်တွေ သန့်ရှင်းသော စွမ်းအားတော် ရကြတယ်။ (တမန်တော် ၂:၁-၄) သန့်ရှင်းသော စွမ်းအားတော်ကြောင့် ဘာသာစကား အမျိုးမျိုး ပြောနိုင်ကြတယ်။ အံ့ဖွယ်အမှုတွေ လုပ်နိုင်ကြတယ်။ ယေရှုအကြောင်း ရဲရဲရင့်ရင့် ဟောပြောနိုင်ကြတယ်။—တမန်တော် ၃:၁-၈။ ၄:၃၃။ ၆:၈-၁၀။ ၁၄:၃၊ ၈-၁၀

 “ကျွန်တော့်အကြောင်း သက်သေခံကြလိမ့်မယ်။” “သက်သေခံတယ်” ဆိုတဲ့ စကားလုံးဟာ ကိုယ်တိုင် မြင်ထား၊ ကြုံထားတာကို အခြေခံပြီး “သက်သေထွက်ဆိုတယ်၊” “မှန်ကန်ကြောင်း ထောက်ခံတယ်” ဆိုတဲ့ အဓိပ္ပာယ် ရှိတယ်။ ယေရှု အမှုဆောင်ချိန်ကာလအတွင်း ဖြစ်ခဲ့တာတွေ၊ ယေရှုရဲ့ သေခြင်း၊ ရှင်ပြန်ထမြောက်ခြင်း စတာတွေနဲ့ပတ်သက်လာရင် တမန်တော်တွေဟာ မျက်မြင်သက်သေ ဖြစ်လို့ မှန်ကန်ကြောင်း ထောက်ခံနိုင်ကြတယ်။ (တမန်တော် ၂:၃၂။ ၃:၁၅။ ၅:၃၂။ ၁၀:၃၉) ငြင်းမရအောင် ခိုင်လုံတဲ့ တမန်တော်တွေရဲ့ သက်သေထွက်ဆိုချက်ကြောင့် ယေရှုဟာ ခရစ်တော်၊ ကတိထားရာ မေရှိယ ဖြစ်ကြောင်း လူများစွာ ယုံကြည်လာကြတယ်။ (တမန်တော် ၂:၃၂-၃၆၊ ၄၁) တမန်တော်တွေကို ယုံတဲ့သူတွေဟာ ယေရှုရဲ့ သက်သေ ဖြစ်လာကြတယ်။ ယေရှုရဲ့ ဘဝ၊ သေခြင်း၊ ရှင်ပြန်ထမြောက်ခြင်းရဲ့ အရေးပါမှုအကြောင်း တခြားသူတွေကို ပြန်ဟောကြတယ်။—တမန်တော် ၁၇:၂၊ ၃။ ၁၈:၅

 “ကမ္ဘာမြေ အစွန်အဖျားအထိ။” ဒီစကားလုံးကို “အဝေးဆုံး နေရာတွေအထိ၊” “တခြားနိုင်ငံတွေအထိ” လို့လည်း ပြန်ဆိုနိုင်တယ်။ သက်သေခံဖို့ နောက်လိုက်တွေ ဘယ်လောက်ဝေးဝေးအထိ သွားကြမယ်ဆိုတာ ဒီစကားလုံးက ဖော်ပြတယ်။ ကိုယ့်ယုံကြည်ချက်အကြောင်း သက်သေခံဖို့ ယုဒပြည်၊ ရှမာရိပြည်ထက်မက သွားကြမှာ။ ယေရှု ဟောတုန်းကထက် ပိုကျယ်တဲ့ နယ်မြေ၊ ပိုများတဲ့ လူတွေဆီ သွားကြမှာ။ (မဿဲ ၂၈:၁၉။ ယောဟန် ၁၄:၁၂) ယေရှု ဒီလို ပြောပြီးလို့ အနှစ် ၃၀ မပြည့်သေးခင်မှာပဲ “ကမ္ဘာမြေအရပ်ရပ်မှာ ရှိတဲ့ လူတိုင်းကို သတင်းကောင်း ဟောပြောခဲ့ပြီ” ဆိုပြီး တမန်တော် ပေါလု ပြောတယ်။ ရောမပြည်၊ ပါသိပြည် (ကက်စပီယန်ပင်လယ် အရှေ့တောင်ပိုင်း)၊ မြောက်အာဖရိကလို ဝေးလံတဲ့ နေရာတွေအထိတောင် ယေရှုအကြောင်း သတင်းကောင်း ပျံ့နှံ့သွားတာ။—ကောလောသဲ ၁:၂၃။ တမန်တော် ၂:၅၊ ၉-၁၁

တမန်တော် ၁:၈ ရဲ့ အထက်အောက်စကား

 တမန်တော်ကျမ်းဟာ လုကာ ခရစ်ဝင်ကျမ်းရဲ့ အဆက် ဖြစ်တယ်။ (လုကာ ၂၄:၄၄-၄၉။ တမန်တော် ၁:၄၊ ၅) ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် နောက်လိုက်တွေရှေ့ ကိုယ်ထင်ပြတဲ့အကြောင်းကနေ ကျမ်းရေးသူ လုကာ စရေးထားတယ်။ (တမန်တော် ၁:၁-၃) အဲဒီနောက် ခရစ်ယာန် အသင်းတော် ဘယ်လို စတည်ထောင်တယ်၊ အေဒီ ၃၃ ကနေ အေဒီ ၆၁ လောက်ကာလအတွင်း ဘယ်လောက် တိုးတက်လာတယ်ဆိုတာ ဆက်ရေးတယ်။—တမန်တော် ၁၁:၂၆

 မိမိတို့ အသက်ရှင်နေစဉ် ခေတ်ကာလမှာ ဘုရားနိုင်ငံတော် ဘုရင်အဖြစ် ယေရှု အုပ်ချုပ်မလားဆိုတာကို နောက်လိုက်တွေ သိချင်နေကြကြောင်း တမန်တော် ၁:၈ အထက်အောက်စကားတွေက ဖော်ပြတယ်။ (တမန်တော် ၁:၆) နိုင်ငံတော် တည်ထောင်မယ့် အချိန်နဲ့ပတ်သက်ပြီး အစိုးရိမ်မလွန်ကြဖို့ ယေရှု ပြောတယ်။ (တမန်တော် ၁:၇) နောက်လိုက်တွေအနေနဲ့ ယေရှုအကြောင်း “ကမ္ဘာမြေ အစွန်အဖျားအထိ” သက်သေခံဖို့ပဲ အာရုံစိုက်နေသင့်တယ်။ (တမန်တော် ၁:၈) ပထမရာစု နောက်လိုက်တွေကို အတုယူပြီး ဒီနေ့ခေတ် ခရစ်ယာန်တွေလည်း ဘုရားသခင့်နိုင်ငံတော်အကြောင်း သတင်းကောင်းကို ထက်ထက်သန်သန် ဟောပြောနေကြတယ်။—မဿဲ ၂၄:၁၄

 တမန်တော်ကျမ်း ခြုံငုံသုံးသပ်ချက်ကို သိနိုင်ဖို့ ဒီဗီဒီယိုကို ကြည့်ပါ။

a သန့်ရှင်းသော စွမ်းအားတော်ဆိုတာ ဘုရား အသုံးပြုတဲ့ တန်ခိုး၊ စွမ်းအား ဖြစ်တယ်။ (ကမ္ဘာဦး ၁:၂) ထပ်သိချင်ရင် “သန့်ရှင်းသောဝိညာဉ်တော်ဆိုတာ ဘာလဲ” ဆောင်းပါးကို ကြည့်ပါ။