မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေက လင်မယားကွာရှင်းတာကို ဘယ်လို သဘောထားသလဲ

ယေဟောဝါသက်သေတွေက လင်မယားကွာရှင်းတာကို ဘယ်လို သဘောထားသလဲ

 ယေဟောဝါသက်သေတွေဟာ အိမ်ထောင်ပြုတာ၊ ကွာရှင်းတာနဲ့ပတ်သက်ပြီး ကျမ်းစာအတိုင်း လိုက်နာကြပါတယ်။ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် အိမ်ထောင်ပြုတဲ့အခါ တစ်သက်လုံးပေါင်းဖို့ ဘုရားသခင် စီစဉ်ခဲ့တာ။ ကျမ်းစာက အိမ်ထောင်ရေးဖောက်ပြန်မှပဲ အိမ်ထောင်ကွာရှင်းခွင့် ပြုတယ်။​—မဿဲ ၁၉:​၅၊ ၆၊ ၉

အိမ်ထောင်ရေး အဆင်မပြေတဲ့ စုံတွဲတွေကို သက်သေခံတွေ ကူညီပေးသလား

 နည်းလမ်းအမျိုးမျိုးနဲ့ ကူညီပေးပါတယ်။

  •   စာပေတွေအားဖြင့်။ စာပေတွေမှာ အိမ်ထောင်ရေးကို ခိုင်မြဲစေတဲ့ ဆောင်းပါးတွေ ပုံမှန် ဖော်ပြပေးတဲ့အတွက် အဖတ်ဆယ်လို့ မရတော့ဘူးလို့ ထင်ရတဲ့ အိမ်ထောင်တွေပါ ပြန်ခိုင်မြဲလာတယ်။ ဥပမာ၊ “သင့်အိမ်ထောင်ရေး ကတိသစ္စာကို စောင့်ထိန်းခြင်း၊” “ဘယ်လို ခွင့်လွှတ်ရမလဲ၊” “ယုံကြည်စိတ်ချမှုပြန်ရအောင် ကြိုးစားပါ” ဆောင်းပါးတွေကို ကြည့်ပါ။

  •   အစည်းအဝေးတွေအားဖြင့်။ ယေဟောဝါသက်သေတွေရဲ့ အသင်းတော်အစည်းအဝေးတွေ၊ တိုက်နယ်အစည်းအဝေးတွေနဲ့ ခရိုင်အစည်းအဝေးတွေမှာ အိမ်ထောင်အတွက် လက်တွေ့ကျတဲ့ ကျမ်းစာအကြံပြုချက်တွေကို ဆွေးနွေးပါတယ်။

  •   အကြီးအကဲတွေအားဖြင့်။ အသင်းတော် အကြီးအကဲတွေဟာ ဧဖက် ၅:​၂၂-၂၅ လိုမျိုး ကျမ်းချက်တွေသုံးပြီး အိမ်ထောင်သည်တွေကို ကူညီပေးပါတယ်။

အသင်းတော် အကြီးအကဲတွေဟာ သက်သေခံတစ်ယောက် ကွာရှင်းဖို့ ထောက်ခံတာမျိုး လုပ်ပါသလား

 မလုပ်ပါဘူး။ အိမ်ထောင်သည်မောင်နှံက ပြဿနာတွေကို ဖြေရှင်းပေးဖို့ အကြီးအကဲတွေကို အကူအညီတောင်းတယ်ဆိုရင်တောင် ဘာလုပ်ပါ၊ ဘာမလုပ်နဲ့ ဆိုပြီး ပြောပိုင်ခွင့် သူတို့မှာ မရှိပါဘူး။ (ဂလာတိ ၆:၅) ကျမ်းစာနဲ့မညီဘဲ အိမ်ထောင်ကွာရှင်းသူဟာ ကျမ်းစာအရ နောက်အိမ်ထောင်ပြုခွင့် မရှိဘူး။​—၁ တိမောသေ ၃:​၁၊ ၅၊ ၁၂

ခွဲနေတာကို သက်သေခံတွေ ဘယ်လို သဘောထားသလဲ

 အိမ်ထောင်မှာ အဆင်မပြေရင်တောင် အတူနေဖို့ ကျမ်းစာက အားပေးတယ်။ (၁ ကောရိန္သု ၇:​၁၀-၁၆) ထက်ထက်သန်သန် ဆုတောင်းတာ၊ ကျမ်းစာ အကြံပြုချက်တွေကို လိုက်နာတာ၊ မေတ္တာပြတာတွေက ပြဿနာ အတော်များများကို ပြေလည်သွားစေတယ်။​—၁ ကောရိန္သု ၁၃:​၄-၈။ ဂလာတိ ၅:၂၂

 ဒါပေမဲ့၊ အောက်ဖော်ပြပါ ဆိုးဝါးတဲ့ အခြေအနေမျိုးဆိုရင်တော့ တချို့ခရစ်ယာန်တွေဟာ အိမ်ထောင်ဖက်နဲ့ ခွဲနေဖို့ ဆုံးဖြတ်ကြတယ်-

  •   တမင်တကာ မထောက်ပံ့ဘဲနေခြင်း။​—၁ တိမောသေ ၅:၈

  •   ကာယရေးအရ အကြမ်းဖက်ခြင်း။​—ဆာလံ ၁၁:၅

  •   ဝတ်ပြုရေးကို အပြင်းအထန် ဆန့်ကျင်ခြင်း။ ဥပမာ၊ ဘုရားပညတ်ချိုးဖောက်ဖို့ အိမ်ထောင်ဖက်က အတင်းအကျပ် လုပ်တာဖြစ်နိုင်တယ်၊ ခြိမ်းခြောက်ခံရတဲ့ အိမ်ထောင်ဖက်က “လူ၏စကားထက် ဘုရားသခင်၏စကားကို နားထောင်” နိုင်အောင် ခွဲနေဖို့ဆုံးဖြတ်တာ ဖြစ်နိုင်တယ်။​—တမန်တော် ၅:၂၉