မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေဟာ မိသားစုကို ဖြိုခွဲသူတွေလား၊ တည်ဆောက်ပေးသူတွေလား

ယေဟောဝါသက်သေတွေဟာ မိသားစုကို ဖြိုခွဲသူတွေလား၊ တည်ဆောက်ပေးသူတွေလား

 ယေဟောဝါသက်သေတွေဟာ ကိုယ်တိုင်နဲ့ တခြားသူတွေရဲ့ မိသားစုတွေကို တည်ဆောက်ပေးဖို့ ကြိုးစားကြတယ်။ ဘုရားသခင်ကို အိမ်ထောင်မင်္ဂလာရဲ့ အစပြုပေးရှင်အဖြစ် ရိုသေလေးစားကြတယ်။ (ကမ္ဘာဦး ၂:၂၁–၂၄။ ဧဖက် ၃:၁၄၊ ၁၅) ကျမ်းစာထဲမှာ ပါတဲ့ ဘုရားရဲ့ လမ်းညွှန်ချက်တွေက ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ အိမ်ထောင်သည်တွေကို မိသားစုနှောင်ကြိုး ခိုင်မြဲပြီး ပျော်ရွှင်သာယာအောင် ကူညီပေးပါတယ်။

ယေဟောဝါသက်သေတွေဟာ မိသားစုနှောင်ကြိုး ခိုင်မြဲအောင် ကူညီပေးပုံ

 ကျမ်းစာလမ်းညွှန်ချက်တွေက ခင်ပွန်းကောင်း၊ ဇနီးကောင်း၊ မိဘကောင်းတွေ ဖြစ်လာဖို့ထောက်ကူပေးတဲ့အတွက် အဲဒီလမ်းညွှန်ချက်တွေကို ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားလိုက်လျှောက်ကြတယ်။ (ပညာအလိမ္မာ ၃၁:၁၀–၃၁။ ဧဖက် ၅:၂၂–၆:၄။ ၁ တိမောသေ ၅:၈) ကျမ်းစာလမ်းညွှန်ချက်တွေကို ကျင့်သုံးမယ်ဆိုရင် အိမ်ထောင်ဖက်က သက်သေခံ မဟုတ်ရင်တောင် မိသားစုဘဝ သာယာချမ်းမြေ့နိုင်ပါတယ်။ (၁ ပေတရု ၃:၁၊ ၂) ယေဟောဝါသက်သေ မဟုတ်တဲ့ အိမ်ထောင်ဖက်တွေရဲ့ ပြောဆိုချက်တွေကို သုံးသပ်ကြည့်ပါ–

  •   “ကျွန်တော်တို့ရဲ့ အိမ်ထောင်သက် ၆ နှစ်အတွင်းမှာ ရန်ဖြစ်လိုက်၊ ဒေါသထွက်လိုက်နဲ့ပဲ အချိန်ကုန်သွားတယ်။ ကျွန်တော့်ဇနီး အီဗာတီ ယေဟောဝါသက်သေ ဖြစ်လာတဲ့အခါ ပိုချစ်တတ်လာတယ်၊ ပိုစိတ်ရှည်လာတယ်။ သူ့ပြောင်းလဲမှုကြောင့် ကျွန်တော်တို့အိမ်ထောင် သာယာစိုပြည်လာတယ်။”​—ဘရာဇီးနိုင်ငံက ကလော်ယာ။

  •   “ကျွန်မယောက်ျား ချန်စေး ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာရော ကျွန်မ ကန့်ကွက်တော့တာပဲ။ သူတို့က အိမ်ထောင်ပြိုကွဲအောင် လုပ်နေတယ်လို့ ထင်ခဲ့လို့ပါ။ တကယ်တော့ ကျမ်းစာက ကျွန်မတို့ရဲ့ အိမ်ထောင်ရေး နှောင်ကြိုး ခိုင်မြဲအောင် ထောက်ကူပေးတယ်ဆိုတာ အဲဒီအချိန်ကနေစပြီး သဘောပေါက်လာတယ်။”​—ဇမ်ဘီယာနိုင်ငံက အဂ္ဂနက်စ်။

 ကျမ်းစာလမ်းညွှန်ချက်တွေ ကျင့်သုံးခြင်းက အောက်ပါ ကဏ္ဍတွေကို ကိုင်တွယ်ဖို့ ထောက်ကူပေးတယ်ဆိုတာ လူတွေကို ပြောပြကြတယ်-

ဘာသာပြောင်းခြင်းက အိမ်ထောင်ရေး ပဋိပက္ခဖြစ်စေသလား

 တစ်ခါတစ်ရံ ပဋိပက္ခတွေ ဖြစ်တတ်ပါတယ်။ ဥပမာ၊ ၁၉၉၈ ခုနှစ်၊ ဆိုဖရက်ကုမ္ပဏီရဲ့ မှတ်တမ်းအရ အိမ်ထောင်စု ၂၀ မှာ ၁ အိမ်ထောင်ဟာ အိမ်ထောင်ဖက်တစ်ယောက် ယေဟောဝါသက်သေ ဖြစ်သွားလို့ အကြီးအကျယ် ပြဿနာတတ်ကြတယ်လို့ သိရတယ်။

 ကျမ်းစာသွန်သင်ချက်တွေကို လိုက်လျှောက်သူတွေဟာ တစ်ခါတလေ မိသားစုတွင်းမှာ ပဋိပက္ခတွေ ကြုံတွေ့ရမယ်လို့ ယေရှု ကြိုပြောတယ်။ (မဿဲ ၁၀:၃၂–၃၆) ရောမအင်ပါယာလက်ထက်မှာ “ခရစ်ယာန်ဘာသာဟာ မိသားစု ပြိုကွဲအောင် လုပ်နေတယ်လို့ စွပ်စွဲခဲ့ကြတယ်” a ဆိုပြီး သမိုင်းပညာရှင် ဝဲလ်ဒွတ်ရာန် ပြောခဲ့တယ်။ ဒီနေ့အချိန်မှာလည်း ယေဟောဝါသက်သေတချို့ အဲဒီလို စွပ်စွဲခံနေရတယ်။ အဲဒီလို စွပ်စွဲတဲ့အတွက် သက်သေခံတွေဟာ အိမ်ထောင်ဖြိုခွဲသူတွေလား။

လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး

 ယေဟောဝါသက်သေတွေ အိမ်ထောင် ဖြိုခွဲကြတယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် စီရင်ချက် ချတဲ့အခါ လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးက အခုလို ပြောတယ်– “သက်သေခံဖြစ်သွားတဲ့ မိသားစုဝင်တစ်ယောက်ရဲ့ ဘာသာရေး လွတ်လပ်ခွင့်၊ ခံယူချက်တွေကို” ကျန်မိသားစုဝင်တွေက “လက်ခံလေးစားမှု မရှိ” လို့ ပဋိပက္ခတွေ ဖြစ်ရတာပါ။ ပြီးတဲ့နောက် တရားရုံးက ဒီလို ထပ်ပြောတယ်– “ယေဟောဝါသက်သေ ဖြစ်သွားလို့ပဲ ဒီလိုပဋိပက္ခတွေ ဖြစ်ရတာ မဟုတ်ဘူး။ ဒါမျိုးက ဘာသာကွဲ အိမ်ထောင်တွေမှာလည်း ဖြစ်နေကျပဲ။” b ယေဟောဝါသက်သေတွေဟာ ဘာသာရေး ခွဲခြားဆက်ဆံမှုတွေ ကြုံတွေ့ရတဲ့အခါ “အဆိုးကို အဆိုးနဲ့ မတုံ့ပြန်ပါနဲ့။ . . . ဖြစ်နိုင်မယ်ဆိုရင် လူအားလုံးနဲ့ သင့်မြတ်အောင် အတတ်နိုင်ဆုံး ကြိုးစားပါ” ဆိုတဲ့ ကျမ်းစာလမ်းညွှန်ချက်ကို ကြိုးစားလိုက်နာကြတယ်။​—ရောမ ၁၂:၁၇၊ ၁၈

ဘာသာတူသူချင်းကိုပဲ လက်ထပ်ရမယ်လို့ ယေဟောဝါသက်သေတွေ ဘာကြောင့် ခံယူထားသလဲ

 “သခင့်နောက်လိုက်ဖြစ်သူနဲ့ပဲ ” လက်ထပ်ရမယ်ဆိုတဲ့ ကျမ်းစာလမ်းညွှန်ချက်ကို သက်သေခံတွေ လိုက်နာတဲ့အနေနဲ့ ဘာသာတူသူချင်းကိုပဲ လက်ထပ်ကြတယ်။ (၁ ကောရိန္သု ၇:၃၉) ဒီတောင်းဆိုချက်က ကျမ်းစာပြောဆိုရာနဲ့ ကိုက်ညီပြီး လက်တွေ့လည်း ကျတယ်။ ဥပမာ၊ ၂၀၁၀ ခုနှစ်ထုတ် (Journal of Marriage and Family) ဆောင်းပါးမှာ- “ဘာသာရေး ယုံကြည်ချက် တူတဲ့ ဇနီးမောင်နှံတွေဟာ ဘုရားတရားကိစ္စတွေကို အတူတူ လုပ်ဆောင်ပြီး ဘာသာရေး ခံယူချက်တွေကို ဝေမျှနိုင်တဲ့အတွက်” အိမ်ထောင်ရေး နှောင်ကြိုး ပိုခိုင်မြဲလာကြတယ်။ c

 ယေဟောဝါသက်သေတွေက မိမိတို့ရဲ့ အသင်းသားတွေကို သက်သေခံ မဟုတ်တဲ့ အိမ်ထောင်ဖက်နဲ့ ခွဲနေဖို့ အားမပေးကြဘူး။ ကျမ်းစာမှာ ဒီလိုပြောထားတယ်– “ညီအစ်ကိုတစ်ယောက်မှာ မယုံကြည်သူဇနီး ရှိတယ် ဆိုပါစို့။ သူ့ဇနီးက အတူပေါင်းသင်း နေထိုင်ချင်တယ်ဆိုရင် ဇနီးနဲ့ ခွဲမနေရဘူး။ ညီအစ်မတစ်ယောက်မှာလည်း မယုံကြည်သူ ခင်ပွန်း ရှိတယ် ဆိုပါစို့။ သူ့ခင်ပွန်းက အတူပေါင်းသင်း နေထိုင်ချင်တယ်ဆိုရင် ခင်ပွန်းနဲ့ ခွဲမနေရဘူး။” (၁ ကောရိန္သု ၇:၁၂၊ ၁၃) ယေဟောဝါသက်သေတွေဟာ ဒီကျမ်းစာလမ်းညွှန်ချက်ကို လိုက်နာကြတယ်။

a (Caesar and Christ) စာအုပ်၊ စာမျက်နှာ ၆၄၇ ကိုကြည့်ပါ။

b (Jehovah’s Witnesses of Moscow and Others v. Russia) တရားစီရင်ချက်အကြောင်း ဖော်ပြထားတဲ့ စာမျက်နှာ ၂၆–၂၇၊ စာပိုဒ် ၁၁၁ ကိုကြည့်ပါ။

c (the Journal of Marriage and Family) စာအုပ်၊ အတွဲ ၇၂၊ အမှတ်စဉ် ၄၊ စာမျက်နှာ ၉၆၃ ကို ကြည့်ပါ။