မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုတွေအတွက်အကူအညီ | အိမ်ထောင်ရေး

အိမ်ထောင်ဖက်ကို စိတ်ပျက်မိသောအခါ

အိမ်ထောင်ဖက်ကို စိတ်ပျက်မိသောအခါ

အခက်အခဲ

လက်မထပ်ခင်တုန်းကတော့ သင်နဲ့ သင့် အိမ်ထောင်ဖက်ဟာ နေနဲ့လ၊ ရွှေနဲ့မြလို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် အမှားတွေကို သည်းမခံနိုင်လာတဲ့အခါ အိမ်ထောင်ရေးကို ထိခိုက်လာပြီး အိမ်ထဲမှာ ထောင်ကျနေတယ်လို့ ခံစားလာရတယ်။

သင်တို့ရဲ့ အိမ်ထောင်ရေးကို အဆင်ပြေအောင် လုပ်နိုင်ပါတယ်။ အဲဒါကိုမသုံးသပ်ခင် စိတ်ပျက်စေတဲ့ အကြောင်းရင်းတွေကို အရင်ဆုံး သုံးသပ်ကြည့်ရအောင်။

ဘာကြောင့်ဖြစ်ရတာလဲ

လက်တွေ့ဘဝ။ အလုပ်၊ ကလေးတွေကို ပြုစုပျိုးထောင်ခြင်း၊ ယောက္ခမတွေကို စောင့်ရှောက်ရခြင်း စတာတွေက အိမ်ထောင်ပျော်ရွှင်မှုကို တဖြည်းဖြည်း ထိခိုက်လာနိုင်ပါတယ်။ အဲဒါတွေအပြင် ငွေကြေးအခက်အခဲ၊ မိသားစုဝင်တစ်ယောက်ယောက် နာတာရှည် နာမကျန်းဖြစ်လာတာ စတဲ့ မျှော်လင့်မထားတဲ့ အရာတွေကြောင့်လည်း အိမ်ထောင်ကို ထိခိုက်လာနိုင်ပါတယ်။

သဘောထားမတိုက်ဆိုင်မှုတွေ များလာခြင်း။ သမီးရည်းစားဘဝမှာတော့ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ကွဲပြားချက်တွေကို အပေါ်ယံပဲ ရှုမြင်ခဲ့ကြတယ်။ လက်ထပ်ပြီးနောက်မှာတော့ ပြောဆိုဆက်သွယ်ရေး၊ ငွေကြေးသုံးစွဲမှုနဲ့ ပြဿနာ ဖြေရှင်းပုံ စတာတွေမှာ မတူညီတာကို တွေ့လာတယ်။ အရင်က စိတ်အနှောင့်အယှက်လေးပဲဖြစ်တဲ့အရာဟာ အခုတော့ လုံးဝသည်းမခံနိုင်တဲ့အရာ ဖြစ်လာ နိုင်တယ်။

တစ်ယောက်ရဲ့ခံစားချက်ကို တစ်ယောက်က အလေးမထားတော့ခြင်း။ ကြင်နာမှုမရှိတဲ့ အပြောအဆို၊ လုပ်ရပ်တွေ၊ မဖြေရှင်းဘဲထားတဲ့ ပြဿနာတွေက ခံစားချက်ကိုဖော်ပြဖို့ ခက်ခဲသွားစေပြီး အချင်းချင်း အနေဝေးသွားစေပါတယ်။ ပိုဆိုးတာက တခြားသူတစ်ယောက်ယောက်အပေါ် သံယောဇဉ်တွယ်မိတာမျိုးတောင် ဖြစ်လာနိုင်တယ်။

လက်တွေ့ကျကျ မမျှော်လင့်ခဲ့ခြင်း။ တချို့သူတွေဟာ အကောင်းဆုံးလူကို တွေ့ပြီလို့ ယူဆပြီး အိမ်ထောင်ပြုကြတယ်။ ဘာမှထည့်မတွက်ဘဲ အချင်းချင်းချစ်ရင်ပြီးတာပဲဆိုပြီး အိမ်ထောင်ပြုမယ်ဆိုရင် ပြဿနာတွေ ကြုံလာနိုင်ပါတယ်။ ပြဿနာပေါ်လာတဲ့အခါ ကိုယ်ရွေးချယ်ထားတဲ့ “အကောင်းဆုံးအိမ်ထောင်ဖက်” ကို စိတ်ပျက်သွားပြီး ငါ့တော့ အရွေးမှားသွားပြီလို့ ခံစားရစေပါတယ်။

လုပ်ဆောင်နိုင်ရာ

ကိုယ့်အိမ်ထောင်ဖက်ရဲ့ ကောင်းကွက်တွေကို အာရုံစိုက်ပါ။ သင့်အိမ်ထောင်ဖက်မှာရှိတဲ့ အရည်အသွေးကောင်း သုံးခုကို ချရေးကြည့်ပါ။ ကိုယ်နဲ့မကွာသိမ်းထားနိုင်တဲ့ မင်္ဂလာဆောင်ဓာတ်ပုံ နောက်ကျောမှာဖြစ်ဖြစ်၊ ဖုန်းထဲမှာဖြစ်ဖြစ် ရေးနိုင်ပါတယ်။ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ခဲ့ရတဲ့ အဲဒီအကြောင်းရင်းတွေကို မကြာခဏ ပြန်တွေးတောပါ။ ကောင်းကွက်ကို အာရုံစိုက်ခြင်းက အိမ်ထောင်မှာ ငြိမ်သက်မှုတိုးပွားစေပြီး အားနည်းချက်တွေကို သည်းခံနိုင်မှာ ဖြစ်တယ်။—ကျမ်းစာအကြံပေးချက်– ရောမ ၁၄:၁၉

အတူတူရှိနေဖို့ အချိန်ပေးပါ။ အိမ်ထောင်မပြုခင်တုန်းက နှစ်ယောက်အတူတူ တွေ့ဆုံဖို့ အချိန်ပေးခဲ့ကြမှာ သေချာတယ်။ ချိန်းတွေ့ဖို့အတွက် အချိန်ပေးခဲ့ကြတယ်။ အခု အိမ်ထောင်သည်ဘဝမှာကော အလားတူ မလုပ်ဆောင်နိုင်ဘူးလား။ ချိန်းတွေ့ ခဲ့ကြတုန်းက ပုံစံလိုမျိုး တစ်နေရာရာမှာ နှစ်ယောက်အတူတူရှိနေနိုင်ဖို့ တစ်ခါတလေ စီစဉ်နိုင်မလား။ အဲဒီလို လုပ်ဆောင်ခြင်းက တစ်ယောက်နဲ့တစ်ယောက် ပိုပိုပြီးရင်းနှီးလာမယ်။ မမျှော်လင့်ထားတဲ့ ဘဝပြဿနာတွေကို မောင်တစ်ထမ်းမယ်တစ်ရွက် အတူတူရင်ဆိုင်ဖြေရှင်းနိုင်မှာ ဖြစ်တယ်။—ကျမ်းစာအကြံပေးချက်– သုတ္တံ ၅:၁၈

ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောပါ။ အိမ်ထောင်ဖက်ရဲ့စကား ဒါမှမဟုတ် လုပ်ရပ်ကြောင့် ထိခိုက်နာကျင်ရတဲ့အခါ နားလည်ခွင့်လွှတ်ပေးနိုင်မလား။ အဲဒီလိုမလုပ်နိုင်ဘူးဆိုရင် ဒီအတိုင်း ရေငုံနှုတ်ပိတ် မနေပါနဲ့။ အိမ်ထောင်ဖက်နဲ့ အဲဒီအကြောင်းကို စိတ်အေးအေးထားပြီး ပြောပါ၊ ဖြစ်နိုင်ရင် အချိန်မဆွဲဘဲ အဲဒီနေ့အတွင်းမှာပဲပြောပါ။—ကျမ်းစာအကြံပေးချက်– ဧဖက် ၄:၂၆

ကိုယ့်ခံစားချက်နဲ့ ကိုယ့်အိမ်ထောင်ဖက်ရဲ့သဘောထား ကွဲပြားရတဲ့အကြောင်းကို ပိုင်းခြားသိမြင်ပါ။ ကိုယ့်အိမ်ထောင်ဖက်ကို တမင်တကာ ထိခိုက်နာကျင်အောင်တော့ ဘယ်သူမှ လုပ်ချင်မှာမဟုတ်ပါဘူး။ တစ်ခုခုလုပ်မိလိုက်လို့ ကိုယ့်အိမ်ထောင်ဖက် ထိခိုက်နာကျင်ခံစားသွားတယ်ဆိုရင် တောင်းပန်လိုက်ပါ။ မရည်ရွယ်ဘဲ အချင်းချင်းရဲ့ခံစားချက်ကို ထိခိုက်နာကျင်စေတာမျိုးမဖြစ်အောင် ရှောင်နိုင်တဲ့အချက်တွေကို အတူတကွဆွေးနွေးပါ။ “အချင်းချင်း ကြင်နာမှုပြ၍ သနားစာနာကြလော့။ . . . အချင်းချင်း အကြွင်းမဲ့ခွင့်လွှတ်ကြလော့” ဆိုတဲ့ သမ္မာကျမ်းစာအကြံပေးချက်ကို လိုက်နာဖို့ကြိုးစားပါ။—ဧဖက် ၄:၃၂

အိမ်ထောင်ဖက်ရဲ့စကား ဒါမှမဟုတ် လုပ်ရပ်ကြောင့် ထိခိုက်နာကျင်ရတဲ့အခါ နားလည်ခွင့်လွှတ်ပေးနိုင်မလား

လက်တွေ့ကျကျ မျှော်လင့်ပါ။ သမ္မာကျမ်းစာက အိမ်ထောင်ပြုသူတွေဟာ “ကာယဆင်းရဲဒုက္ခ” ကို တွေ့ကြုံရမယ်လို့ ပြောထားပါတယ်။ (၁ ကောရိန္သု ၇:၂၈) ဆင်းရဲဒုက္ခတွေ ကြုံလာပြီဆိုရင် ငါအိမ်ထောင်ဖက်ရွေးတာ မှားသွားပြီလို့ အလျင်စလို ကောက်ချက်မချလိုက်ပါနဲ့။ အဲဒီအစား ကိုယ့်အိမ်ထောင်ဖက်နဲ့အတူ ပြဿနာတွေကို အေးအတူ၊ ပူအမျှ ဖြေရှင်းပြီး “အချင်းချင်း ဆက်၍သည်းခံလျက် အကြွင်းမဲ့ခွင့်လွှတ်ကြလော့” ဆိုတဲ့ ကျမ်းစာလမ်းညွှန်ချက်ကို လိုက်လျှောက်ပါ။—ကောလောသဲ ၃:၁၃