မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုပျော်ရွှင်မှုအတွက် သော့ချက်များ

ယုံကြည်စိတ်ချမှုပြန်ရအောင် ကြိုးစားပါ

ယုံကြည်စိတ်ချမှုပြန်ရအောင် ကြိုးစားပါ

စတိဗ် *“ဂျိုဒီ ကျွန်တော့်အပေါ် သစ္စာဖောက်လိမ့်မယ်လို့ လုံးဝမထင်ထားဘူး။ သူ့အပေါ်ထားတဲ့ ကျွန်တော့်ရဲ့ ယုံကြည်စိတ်ချမှု အားလုံးပျောက်ကွယ်သွားပြီ။ သူ့ကို ခွင့်လွှတ်ဖို့ ကျွန်တော့်အတွက် ဘယ်လောက်ခက်သလဲဆိုတာ စကားလုံးနဲ့တောင် မဖော်ပြနိုင်တော့ပါဘူး။”

ဂျိုဒီ– “ကျွန်မကို စတိဗ် မယုံကြည်တော့တာကို နားလည်နိုင်ပါတယ်။ ကျွန်မ တကယ်နောင်တရတယ်ဆိုတာကို သက်သေထူနိုင်ဖို့ အချိန်တော်တော် ပေးရဦးမယ်။”

သစ္စာဖောက်ခံရတဲ့ အိမ်ထောင်ဖက်အနေနဲ့ ကွာရှင်းမလား၊ မကွာရှင်းဘူးလားဆိုတာ ကိုယ်ပိုင်ရွေးချယ်နိုင်တယ်ဆိုပြီး ကျမ်းစာက ပြောပါတယ်။ * (မဿဲ ၁၉:၉) အထက်မှာ ကိုးကားခဲ့တဲ့ စတိဗ်က မကွာရှင်းဘဲ ဆက်ပေါင်းဖို့ ဆုံးဖြတ်ခဲ့တယ်။ စတိဗ်ရော ဂျိုဒီပါ သူတို့ရဲ့အိမ်ထောင်ရေးကို ပြန်အဖတ်ဆယ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ သူတို့သိပ်မကြာခင် သိလိုက်ရတာက အခုကိစ္စဟာ သူတို့နှစ်ယောက် ဆက်ပေါင်းသွားရုံလောက်ပဲ မဟုတ်ဘူးဆိုတာကိုပါ။ ဘာဖြစ်လို့လဲ။ အကြောင်းကတော့ အထက်မှာဖော်ပြခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့စကားတွေအရ ဂျိုဒီရဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုက သူတို့နှစ်ယောက်ကြားမှာ ရှိနှင့်ပြီးသား ယုံကြည်စိတ်ချမှုကို ချေမွဖျက်ဆီးပစ်လိုက်လို့ပါပဲ။ အပြန်အလှန် ယုံကြည်စိတ်ချမှုဆိုတာ မိသားစုပျော်ရွှင်မှုရဲ့ အသက်သွေးကြောဖြစ်လို့ အဲဒါကိုပြန်ရဖို့ သူတို့ ရေကုန်ရေခန်း ကြိုးစားရပါတော့မယ်။

သင်နဲ့ သင့်အိမ်ထောင်ဖက်တို့ဟာ အိမ်ထောင်ရေးဖောက်ပြန်မှုလိုမျိုး ပြဿနာကြီးတစ်ခုကြောင့် အိမ်ထောင်ကို ပြန်အဖတ်ဆယ်ဖို့ ကြိုးစားနေသူတွေဖြစ်တယ်ဆိုရင် ကိုင်တွယ်ရခက်တဲ့ စိန်ခေါ်ချက်တွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ သေချာပါတယ်။ ဖောက်ပြန်တဲ့သတင်း ကြားပြီး ဦးဆုံးလတွေမှာ အရမ်းခံရခက်နိုင်တယ်။ ဒါပေမဲ့ သင် အောင်မြင်ကျော်လွှားနိုင်ပါတယ်။ ယုံကြည်စိတ်ချမှုရအောင် ဘယ်လို ပြန်တည်ဆောက်မလဲ။ ကျမ်းစာမှာပါတဲ့ အကြံပြုချက်တွေက အကူအညီ ပေးနိုင်ပါတယ်။ အောက်ပါ အကြံပြုချက်လေးခုကို သုံးသပ်ကြည့်ပါ။

၁ ရိုးသားပွင့်လင်းပါ။

တမန်တော်ပေါလုက “ထို့ကြောင့် မုသားပြောခြင်းကို ဖယ်ရှား၍ သင်တို့အသီးသီးသည် လူသားချင်းအား မှန်သောစကားကိုသာ ပြောဆိုကြလော့” ဆိုပြီး ရေးသားခဲ့ပါတယ်။ (ဧဖက် ၄:၂၅) လိမ်ညာတာ၊ မှန်တစ်ဝက် မမှန်တစ်ဝက်ပြောတာ၊ စကားမပြောဘဲ နှုတ်ဆိတ်နေတာတောင် ယုံကြည်စိတ်ချမှုကို ပျက်စီးစေပါတယ်။ ဒါကြောင့် တစ်ဦးကိုတစ်ဦး ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသား စကားပြောဆိုဖို့ လိုပါတယ်။

ပထမတော့၊ သင်နဲ့ သင့်အိမ်ထောင်ဖက်ဟာ ဖြစ်သွားခဲ့တဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှုအကြောင်း ဆွေးနွေးဖို့ အတော်ခက်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်၊ နောက်ဆုံးမှာတော့ ဖြစ်ပျက်ခဲ့ရာတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ လိုအပ်မှာပါပဲ။ ဖြစ်ပျက်ခဲ့တာတွေကို အသေးစိတ် ပြန်ဆွေးနွေးစရာမလိုဘူးလို့ သင်ယူဆနိုင်တယ်။ ဒါပေမဲ့ အဲဒီကိစ္စကို လုံးဝ မဆွေးနွေးဘဲနေတာကလည်း ပညာရှိရာမကျပြန်ဘူး။ ဂျိုဒီက ဒီလိုပြောပြတယ်– “ပထမတော့၊ အဲဒီကိစ္စကို ပြောဆိုဆွေးနွေးဖို့ ကျွန်မအတွက် တော်တော်ကြီး ခက်တယ်၊ ပြောလည်းမပြောချင်ဘူး။ ကျွန်မ အရမ်းဝမ်းနည်းပြီး အဲဒီကိစ္စကြီးကို မေ့ပစ်လိုက်ချင်တယ်။” ဒါပေမဲ့ လင်မယားကြား ပြောဆိုဆက်ဆံမှု ကင်းမဲ့ခြင်းက ပြဿနာတွေ ဖြစ်ပေါ်စေပါတယ်။ ဘာဖြစ်လို့လဲ။ စတိဗ်က ဒီလိုဆိုပါတယ်– “ဂျိုဒီက ဖောက်ပြန်တဲ့ကိစ္စအကြောင်း မပြောချင်ဘူးဆိုတော့ ကျွန်တော် သူ့ကို သံသယရှိနေတာပေါ့။” ဂျိုဒီက နောက်ကြောင်းပြန်တွေးပြီး ဒီလိုဝန်ခံတယ်– “ကျွန်မအမျိုးသားနဲ့ အဲဒီကိစ္စကို မဆွေးနွေးတာက ကျွန်မတို့ရဲ့အခြေအနေ တိုးတက်အောင်လုပ်ဖို့ နှောင့်နှေးသွားစေတယ်။”

သစ္စာဖောက်ခဲ့တဲ့အကြောင်း ပြန်ပြောဆိုဆွေးနွေးရတာက ဘယ်အချိန်မှာမဆို နာကျင်ခံစားစေမှာ မလွဲဧကန်ပါ။ ခင်ပွန်းဖြစ်သူ ကိုအောင်ကျော်ဟာ သူ့အတွင်းရေးမှူးနဲ့ ဖောက်ပြန်နေတာကို မရူပါ သိသွားပြီးတဲ့နောက် ဒီလိုပြန်ပြောပြတယ်– “ကျွန်မစိတ်ထဲ မေးခွန်းပေါင်းများစွာ ပေါ်လာတယ်။ ဘယ်လိုဖြစ်သွားတာလဲ။ ဘာကြောင့်လဲ။ သူတို့ ဘာအကြောင်းတွေ ပြောကြသလဲ။ အဲဒီအကြောင်းတွေ ဆက်တိုက်တွေး၊ တစ်ပတ်ပြီးတစ်ပတ် ကုန်သွားတိုင်း မေးခွန်းတွေကလည်း ထပ်ပြီးပေါ်လာတဲ့အခါ ကျွန်မ နှလုံးကြေမွမတက် ဖြစ်ခဲ့ရတယ်။” ကိုအောင်ကျော်က ဒီလိုပြောပြတယ်– “ရူပါနဲ့ ကျွန်တော် အငြင်းပွား၊ ရန်ဖြစ်ရတဲ့ အချိန်တွေ ရှိခဲ့ပါတယ်၊ ဒါကလည်း ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ ဖြစ်ပြီးတဲ့နောက် အမြဲပြန်တောင်းပန်ကြတယ်။ အဲဒီလို ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံတာက ကျွန်တော်တို့နှစ်ယောက်ကို ပိုပြီးရင်းနှီးသွားစေတယ်။”

ပြောဆိုဆွေးနွေးတဲ့အခါ တင်းမာစေနိုင်တဲ့ အခြေအနေတချို့ကို သင်တို့ ဘယ်လို ဖယ်ရှားနိုင်ပါသလဲ။ သင်တို့ရဲ့ အဓိကရည်ရွယ်ချက်က အပြစ်ပေးဖို့မဟုတ်ဘဲ အဖြစ်ဆိုးကနေ သင်ခန်းစာယူပြီး အိမ်ထောင်ရေး ပြန်အဆင်ပြေအောင် လုပ်ဖို့ဖြစ်တယ်ဆိုတာ သတိရပါ။ ဥပမာ၊ စိုးမိုးနဲ့ သူ့ဇနီး ကြည်ပြာတို့ဟာ စိုးမိုး ဖောက်ပြန်ခဲ့ပြီးတဲ့နောက် သူတို့ရဲ့ဆက်ဆံရေးကို ပြန်သုံးသပ်ခဲ့ကြတယ်။ စိုးမိုးက ဒီလိုပြောပြတယ်– “ကျွန်တော် ကိုယ့်ကိစ္စနဲ့ပဲ အလုပ်များနေတယ်ဆိုတာ သတိထားမိတယ်။ တခြားသူတွေရဲ့စိတ်နဲ့တွေ့ဖို့၊ သူတို့အလိုကျ လုပ်ဆောင်ပေးဖို့ကိုပဲ အာရုံစိုက်ခဲ့တယ်။ သူတို့ကို အချိန်အများကြီး ပေးခဲ့တယ်၊ ပိုပြီးတော့လည်း ဂရုစိုက်ခဲ့တယ်။ အဲဒီလိုလုပ်ခဲ့တဲ့အတွက် ကျွန်တော့်ဇနီးနဲ့ အတူနေတဲ့အချိန်က မရှိသလောက် ဖြစ်သွားတယ်။” စိုးမိုးနဲ့ ကြည်ပြာတို့ နှစ်ယောက်စလုံး ပြုပြင်ပြောင်းလဲဖို့လိုပြီဆိုတာ သိမြင်လာကြပြီး နောက်ပိုင်းမှာ သူတို့ရဲ့အိမ်ထောင်ရေး ပြန်အဆင်ပြေလာပါတယ်။

ဒီနည်းကို စမ်းကြည့်ပါ– သင်က သစ္စာဖောက်သူဖြစ်မယ်ဆိုရင် ဆင်ခြေဆင်လက် မပေးပါနဲ့၊ အပြစ်ဖို့တာမျိုးလည်း မလုပ်ပါနဲ့။ သင့်လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ထိခိုက်ရမှုတွေအတွက် တာဝန်ယူပါ။ သင်ဟာ သစ္စာဖောက်ခံရသူဖြစ်မယ်ဆိုရင် ဖောက်ပြန်တဲ့ အိမ်ထောင်ဖက်ကို အော်ငေါက်တာမျိုး မလုပ်ပါနဲ့၊ ဒါ့အပြင် စကားကို ရိုင်းရိုင်းစိုင်းစိုင်း မပြောပါနဲ့။ အဲဒီလိုလုပ်မယ်ဆိုရင် သင့်အိမ်ထောင်ဖက်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ အားပေးရာရောက်ပါလိမ့်မယ်။—ဧဖက် ၄:၃၂

၂ အဖွဲ့တစ်ဖွဲ့လို အတူလုပ်ဆောင်ပါ။

“လူသည် တစ်ယောက်တည်းထက် နှစ်ယောက်သာ၍ကောင်း၏” လို့ကျမ်းစာက ပြောပါတယ်။ ဘာဖြစ်လို့ အဲဒီလိုပြောတာလဲ။ “ကြိုးစားအားထုတ်လျှင် ကောင်းသောအကျိုးကို ရတတ်၏။ တစ်ယောက်လဲလျှင် တစ်ယောက် ထူ” မှာဖြစ်လို့ပါပဲ။ (ဒေ. ၄:၉၊ ၁၀) ယုံကြည်စိတ်ချမှုရအောင် ပြန်လည်တည်ဆောက်နေတဲ့အချိန်မှာ အဲဒီမူက အထူးသဖြင့် မှန်ကန်ပါတယ်။

သင်တို့ အတူတကွ ကြိုးစားလုပ်ဆောင်မယ်ဆိုရင် သင်တို့ရဲ့ဆက်ဆံရေးမှာ ယုံကြည်စိတ်ချမှုကို အောင်မြင်စွာ ပြန်လည်တည်ဆောက်နိုင်မှာပါ။ ဒါပေမဲ့ သင်တို့နှစ်ယောက်စလုံးဟာ အိမ်ထောင်ကို ပြန်အဖတ်ဆယ်မယ်လို့ စိတ်ပိုင်းဖြတ်ထားရပါမယ်။ တစ်ယောက်တည်း ဒိုင်ခံဖြေရှင်းဖို့ ကြိုးစားမယ်ဆိုရင်တော့ ပြဿနာပိုတက်အောင် ဖန်တီးသလို ဖြစ်သွားနိုင်တယ်။ တစ်ယောက်ကိုတစ်ယောက် လုပ်ဖော်ဆောင်ဖက်တွေအဖြစ် ယူမှတ်ဖို့လိုတယ်။

အဲဒီအချက်မှန်တယ်ဆိုတာ စတိဗ်နဲ့ဂျိုဒီတို့ တွေ့ရှိခဲ့ကြတယ်။ ဂျိုဒီက ဒီလိုပြောပြပါတယ်– “အချိန်တော့ ယူရတယ်။ ဒါပေမဲ့ စတိဗ်နဲ့ ကျွန်မတို့က ခိုင်မြဲတဲ့အိမ်ထောင်တစ်ခုဖြစ်ဖို့ အဖွဲ့တစ်ဖွဲ့လို အတူတူ လုပ်ဆောင်ခဲ့ကြတယ်။ စတိဗ်ကို နောက်တစ်ကြိမ် ထပ်ခံစားရအောင် မလုပ်တော့ဘူးလို့ ကျွန်မ သန္နိဋ္ဌာန်ချလိုက်တယ်။ စတိဗ် စိတ်ထိခိုက်ခဲ့ပေမဲ့ ကျွန်မတို့ရဲ့အိမ်ထောင်ရေးကို ခွာပြဲမခံခဲ့ပါဘူး။ ကျွန်မ စတိဗ်အပေါ် သစ္စာရှိတယ်ဆိုတာ သူယုံကြည်လာအောင် နည်းလမ်းတွေ နေ့တိုင်း ရှာကြံတယ်။ စတိဗ်ကလည်း ကျွန်မကိုချစ်နေဆဲဆိုတာ နေ့တိုင်းလိုလို ဖော်ပြတယ်။ ဒီအတွက် စတိဗ်ကို ကျွန်မ အမြဲ ကျေးဇူးတင်နေမှာပါ။”

ဒီနည်းကို စမ်းကြည့်ပါ– သင့်အိမ်ထောင်ရေးမှာ ယုံကြည်စိတ်ချမှု ပြန်ရနိုင်အောင် အဖွဲ့တစ်ဖွဲ့လို နှစ်ယောက်အတူတူ လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ပါ။

၃ အကျင့်ဟောင်းတွေကို အသစ်တွေနဲ့ အစားထိုးလိုက်ပါ။

နားထောင်နေသူတွေကို အိမ်ထောင်ရေး မဖောက်ပြန်ဖို့ ယေရှု သတိပေးပြီးတဲ့နောက် ဒီလိုလည်း ဆုံးမခဲ့တယ်– “ညာဘက်မျက်စိသည် သင့်ကိုတိုက်မိ၍လဲစေလျှင် ထုတ်ပစ်လိုက်လော့။” (မဿဲ ၅:၂၇-၂၉) သင်ဟာ အိမ်ထောင်ရေးဖောက်ပြန်တဲ့သူ ဖြစ်မယ်ဆိုရင် အိမ်ထောင်အကျိုးကို ရှေးရှုပြီး ထုတ်ပစ်ဖယ်ရှားသင့်တဲ့ လုပ်ရပ်တွေ၊ သဘောထားတွေက ဘာတွေလဲဆိုတာ စဉ်းစားကြည့်နိုင်မလား။

သင်နဲ့ဖောက်ပြန်ခဲ့တဲ့သူကို လုံးဝ အဆက်အသွယ်မလုပ်ဖို့တော့ လိုပါလိမ့်မယ်။ * (ပညာအလိမ္မာ ၆:၃၂။ ၁ ကောရိန္သု ၁၅:၃၃) အထက်မှာကိုးကားခဲ့တဲ့ ကိုအောင်ကျော်ဟာ သူ့အလုပ်ချိန်ကို ပြောင်းပစ်လိုက်သလို သူ့ဖုန်းနံပါတ်ကိုလည်း ပြောင်းလိုက်ပါတယ်။ အဲဒီလိုနဲ့ သူနဲ့ဖောက်ပြန်တဲ့ အမျိုးသမီးကို အဆက်အသွယ် ဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီလိုကြိုးစားတဲ့ကြားက ပြန်ဆက်သွယ်မိတဲ့အခါတွေ ရှိနေတယ်။ ကိုအောင်ကျော်ဟာ ဇနီးရဲ့ ယုံကြည်စိတ်ချမှုပြန်ရအောင် အခိုင်အမာ စိတ်ပိုင်းဖြတ်ထားတဲ့အတွက် သူ့အလုပ်ကနေ ထွက်လိုက်ပါတယ်။ သူသုံးနေတဲ့ဖုန်းကိုလည်း လွှင့်ပစ်လိုက်ပြီး သူ့ဇနီးရဲ့ဖုန်းကိုပဲ သုံးတော့တယ်။ အဲဒီလိုလုပ်ရတာ အဆင်မပြေမှုတွေရှိပေမဲ့ သူကြိုးစားရကျိုး နပ်ခဲ့ပါသလား။ သူ့ဇနီး ရူပါက ဒီလိုပြောပြတယ်– “ဒီအဖြစ်အပျက်က ခြောက်နှစ်လောက်တော့ ရှိသွားပါပြီ။ တစ်ခါတလေမှာ ကိုအောင်ကျော်ကို ဟိုအမျိုးသမီးများ ပြန်ဆက်သွယ်လေမလားဆိုပြီး စိုးရိမ်မိတယ်။ ဒါပေမဲ့ ကိုအောင်ကျော်က သွေးဆောင်မှုတွေကို အလျှော့ပေးလိုက်လျောမှာ မဟုတ်ဘူးဆိုတာ အခု ယုံကြည်စိတ်ချသွားပါပြီ။”

သင်ဟာ မှားယွင်းခဲ့တဲ့ အိမ်ထောင်ဖက် ဖြစ်မယ်ဆိုရင် သင့်စရိုက်ကိုလည်း ပြုပြင်ပြောင်းလဲဖို့ လိုပါလိမ့်မယ်။ ဥပမာ၊ သင်ဟာ အိုင်တွေ့တိုင်း ခြေဆေးတတ်တဲ့ အကျင့်ရှိနိုင်တယ် ဒါမှမဟုတ် တခြားတစ်ယောက်နဲ့ ချစ်စခန်းဖွင့်နေတာကို စိတ်ကူးယဉ်တတ်တဲ့အကျင့် ရှိနေပါလိမ့်မယ်။ အဲဒီလိုဖြစ်နေတယ်ဆိုရင် “ပင်ကိုစရိုက်ဟောင်းနှင့်တကွ ယင်း၏ အကျင့်အကြံများကို ချွတ်ပယ်” လိုက်ပါ။ အကျင့်ဟောင်းနေရာမှာ သင့်အပေါ်ထားရှိတဲ့ သင့်အိမ်ထောင်ဖက်ရဲ့ ယုံကြည်စိတ်ချမှုကို ခိုင်ခံ့စေမယ့် အကျင့်သစ်တွေနဲ့ အစားထိုးလိုက်ပါ။ (ကောလောသဲ ၃:၉၊ ၁၀) သင့်ရဲ့ ကြီးပြင်းလာပုံကြောင့် ချစ်ခင်ကြင်နာမှုပြဖို့ အခက်တွေ့နေပါသလား။ ဦးဆုံးအကြိမ်မှာ ကြောင်တောင်တောင် ဖြစ်နေရင်တောင် သင့်ရဲ့မေတ္တာကို ရက်ရက်ရောရော တင်ပြပါ၊ သူ့ကိုချစ်နေဆဲပဲဆိုတာ ယုံကြည်စိတ်ချစေပါ။ စတိဗ်က ဒီလိုပြန်ပြောပြပါတယ်– “ဂျိုဒီက ကျွန်တော့်ကို ချစ်တယ်ဆိုတာကို သူ့ရဲ့အထိအတွေ့လေးတွေနဲ့ ဖော်ပြတတ်တယ်။ ပြီးတော့ ‘ကျွန်မ ရှင့်ကို ချစ်တယ်’ ဆိုတဲ့ စကားလေးကိုလည်း အမြဲလိုလို ပြောတယ်။”

အချိန်အတိုင်းအတာတစ်ခုအထိ သင့်အိမ်ထောင်ဖက်ကို သင့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေ တစ်ခုမကျန် ပြောပြသင့်ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ ကြည်ပြာက ဒီလိုပြောပြတယ်– “ကိုစိုးမိုးက သူဖုံးကွယ်ထားတဲ့အရာ ဘာမှမရှိဘူးဆိုတာ ဖော်ပြချင်လို့ သူ့ရဲ့တစ်နေ့တာအကြောင်း တစ်ခုမကျန် ကျွန်မကို ပြန်ပြောပြတယ်။ ဘာမှအရေးမပါတဲ့ ကိစ္စလေးကအစ ပြန်ပြောပြတယ်။”

ဒီနည်းကို စမ်းကြည့်ပါ– ယုံကြည်စိတ်ချမှုကို ပြန်ရယူဖို့ တည်ဆောက်ရာမှာ ဘယ်လိုအပြုအမူမျိုးက ထောက်ကူပေးနိုင်သလဲဆိုတာ တစ်ဦးကိုတစ်ဦး မေးပါ။ စာရင်းလုပ်ပြီးတဲ့နောက် လက်တွေ့လုပ်ကြည့်ပါ။ ဒါ့အပြင် နှစ်ယောက်အတူတူ လုပ်နိုင်တဲ့ အလုပ်တချို့ကို သင်တို့ရဲ့ နေ့စဉ်လုပ်ရမယ့် ဇယားထဲမှာ ထည့်လိုက်ပါ။

၄ လုပ်ဆောင်သင့်တဲ့ အချိန်ကို သိမြင်ပါ။

အခြေအနေတွေက ပုံမှန်ပြန်ဖြစ်သွားပြီအထင်နဲ့ အခုအချိန်က အတူတူပြန်နေရမယ့်အချိန် ရောက်ပြီဆိုပြီး အဆောတလျင် ကောက်ချက်မချလိုက်ပါနဲ့။ ကျမ်းစာမှာ ဒီလိုသတိပေးထားပါတယ်– “အလျင်စလို ပြုလုပ်တတ်သူမူကား အစဉ်ချို့တဲ့၍ နေလိမ့်မည်။” (ပညာအလိမ္မာ ၂၁:၅ခမ) ယုံကြည်စိတ်ချမှု ပြန်ရအောင် လုပ်ဖို့ဆိုရင် အချိန်ယူရတယ်၊ နှစ်နဲ့ချီပြီးတော့တောင် ကြာနိုင်ပါတယ်။

သင်ဟာ သစ္စာဖောက်ခံရတဲ့ အိမ်ထောင်ဖက်ဖြစ်တယ်ဆိုရင် အကြွင်းမဲ့ ခွင့်လွှတ်နိုင်ဖို့အတွက် အချိန်ပေးပါ။ ကြည်ပြာက ဒီလိုပြန်ပြောပြပါတယ်– “သစ္စာဖောက်သွားတဲ့ ခင်ပွန်းကို ဇနီးတစ်ယောက်က ဘာဖြစ်လို့ ခွင့်မလွှတ်နိုင်ရတာလဲဆိုပြီး ကျွန်မ စဉ်းစားဖူးတယ်။ ဘာဖြစ်လို့ အကြာကြီး ဒေါသထွက်နေရတာလဲ ဆိုတာကို နားမလည်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်မခင်ပွန်း ကျွန်မအပေါ် သစ္စာဖောက်သွားတဲ့အခါကျမှ ခွင့်လွှတ်ဖို့ ဘာဖြစ်လို့ ခက်ခဲရသလဲဆိုတာ နားလည်သွားတော့တယ်။” ခွင့်လွှတ်မှုနဲ့ ယုံကြည်စိတ်ချမှုက တဖြည်းဖြည်းချင်း ပြန်ရနိုင်တဲ့အရာ ဖြစ်ဖွယ်ရှိပါတယ်။

ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “အနာပျောက်စေရသောအချိန်လည်း ရှိ၏။” (ဒေသနာ ၃:၁-၃) ပထမတော့၊ သင့်အိမ်ထောင်ဖက်ကို သင့်ခံစားချက်တွေ မပြောပြတာက စိတ်အချရဆုံးဖြစ်တယ်လို့ ယူမှတ်မိနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်နေမယ်ဆိုရင် သင့်အိမ်ထောင်ဖက်ကို ယုံကြည်စိတ်ချဖို့ဆိုတာ ဘယ်လိုမှဖြစ်လာနိုင်တော့မှာ မဟုတ်ပါဘူး။ ပြတ်တောက်သွားတဲ့ဆက်ဆံရေး ပြန်ကောင်းလာဖို့၊ သင့်အိမ်ထောင်ဖက်ကို ခွင့်လွှတ်ဖို့နဲ့ ခွင့်လွှတ်တယ်ဆိုတာကို ဖော်ပြဖို့က သင့်အိမ်ထောင်ဖက်ကို သင့်ရဲ့သဘောထားတွေနဲ့ ခံစားချက်တွေ ပြောပြမှသာ ဖြစ်လာမှာပါ။ မှားယွင်းခဲ့တဲ့ သင့်အိမ်ထောင်ဖက်ကိုလည်း သူ့ရဲ့ ပျော်စရာတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို ဝေမျှဖို့ အားပေးပါ။

သင့်ကို ပိုဒေါသထွက်လာစေတဲ့ အကြောင်းတွေကို တနုံ့နုံ့ တွေးမနေပါနဲ့။ ခါးသီးနာကြည်းတဲ့စိတ်ကို ချိုးနှိမ်ဖို့ ကြိုးစားပါ။ (ဧဖက် ၄:၃၂) ဘုရားသခင့်ပုံသက်သေကို တွေးတောဆင်ခြင်တာက သင့်အတွက် အကူအညီ ဖြစ်စေနိုင်ပါတယ်။ ဘုရားသခင်ဟာ သူ့ကိုကိုးကွယ်တဲ့ ရှေးခေတ်အစ္စရေးလူတွေ လမ်းလွဲသွားတဲ့အခါ အရမ်းစိတ်ထိခိုက်ခဲ့တယ်။ သစ္စာဖောက်ခံရတဲ့ အိမ်ထောင်ဖက်တစ်ဦးနဲ့တောင် သူ့ကိုယ်သူ ခိုင်းနှိုင်းဖော်ပြခဲ့တယ်။ (ယေရမိ ၃:၈၊ ၉။ ၉:၂) ဒါပေမဲ့ ဘုရားသခင်က “အစဉ်အမျက်ထွက်” နေတာမျိုး မရှိခဲ့ပါဘူး။ (ယေရမိ ၃:၁၂) အစ္စရေးလူတွေ စစ်မှန်တဲ့နောင်တနဲ့ ပြန်လှည့်လာတဲ့အခါ သူတို့ကို ဘုရားသခင် ခွင့်လွှတ်ခဲ့ပါတယ်။

နောက်ဆုံး သင်တို့နှစ်ယောက်စလုံး ပြုပြင်ပြောင်းလဲသင့်တာ ပြောင်းလဲပြီးပြီလို့ ယူမှတ်ပြီဆိုရင် လုံခြုံမှုရှိတယ်ဆိုတဲ့ ခံစားချက် ပြန်ရလာပါလိမ့်မယ်။ အဲဒီနောက်၊ သင်တို့ရဲ့အိမ်ထောင်ရေးကို ပြန်အဖတ်ဆယ်ရမယ်ဆိုပြီး တစ်ချိန်လုံး အာရုံစိုက်မနေဘဲ တခြားပန်းတိုင်တွေထားနိုင်တယ်၊ အဲဒီပန်းတိုင်တွေကို အတူတကွလုပ်ဆောင်ဖို့ အာရုံစိုက်နိုင်တယ်။ သင်တို့ရဲ့အခြေအနေ တိုးတက်မှု ရှိမရှိ သိနိုင်အောင် ပုံမှန်ဇယားဆွဲပြီး ပြန်သုံးသပ်နိုင်တယ်။ ဘာမှတိုးတက်စရာ မလိုတော့ဘူး၊ ဒီလောက်ဆို ရပြီဆိုပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရ မနေပါနဲ့။ တိုးတက်မှုကို ဟန့်တားတဲ့ အသေးအဖွဲကိစ္စတွေကို ဖြေရှင်းလိုက်ပါ။ တစ်ဦးကိုတစ်ဦး ပေးထားတဲ့ ကတိသစ္စာကို ခိုင်မြဲစေပါ။—ဂလာတိ ၆:၉

ဒီနည်းကို စမ်းကြည့်ပါ– သင့်အိမ်ထောင်ကို နဂိုပုံစံပြန်ဖြစ်အောင် ကြိုးစားမယ့်အစား ပိုခိုင်မြဲတဲ့ ဆက်ဆံရေးအသစ်ကို တည်ဆောက်နေတယ်လို့ ယူမှတ်ပြီး ကြိုးစားလုပ်ဆောင်ပါ။

သင် အောင်မြင်နိုင်

တစ်ခါတလေ အောင်မြင်ပါ့မလားဆိုပြီး သင် စိုးရိမ်နေတယ်ဆိုရင် ဒီအချက်ကို သတိရပါ– အိမ်ထောင်မင်္ဂလာ အစီအစဉ်ကို အစပြုသူက ဘုရားသခင် ဖြစ်ပါတယ်။ (မဿဲ ၁၉:၄-၆) ဒါကြောင့် ဘုရားသခင့်အကူအညီနဲ့ သင့်အိမ်ထောင် သာယာအောင် လုပ်ဆောင်နိုင်ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ မောင်နှံအားလုံးက ကျမ်းစာမှာပါတဲ့ ပညာရှိအကြံပေးချက်တွေကို လက်တွေ့လိုက်နာခဲ့တဲ့အတွက် သူတို့ရဲ့အိမ်ထောင်ရေးကို ပြန်အဖတ်ဆယ်နိုင်ခဲ့ကြပါတယ်။

စတိဗ်နဲ့ ဂျိုဒီတို့ရဲ့အိမ်ထောင်ရေး ပဋိပက္ခဖြစ်ခဲ့တဲ့အချိန်က အခုဆိုရင် အနှစ် ၂၀ ကျော်သွားပါပြီ။ စတိဗ်က သူတို့ရဲ့အိမ်ထောင်ရေး ပြန်အခြေခိုင်လာအောင် လုပ်ဆောင်တဲ့နည်းကို အခုလိုပြောပြတယ်– “ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ စလေ့လာပြီးတဲ့နောက် ကျွန်တော်တို့ရဲ့ အခြေအနေက သိသိသာသာ တိုးတက်လာတယ်။ ကျွန်တော်တို့ ရရှိတဲ့အကူအညီတွေက တန်ဖိုးမဖြတ်နိုင်အောင်ပါပဲ။ ရလဒ်အနေနဲ့ အရမ်းခက်ခဲတဲ့အချိန်တွေကို ကျွန်တော်တို့ အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ကြတယ်။” ဂျိုဒီကလည်း ဒီလိုပြောပြတယ်– “အရမ်းဆိုးရွားတဲ့ အချိန်တစ်လျှောက်လုံးမှာ ကျွန်မတို့ ခံနိုင်ရည်ရှိခဲ့တာက ဘုရားသခင်ဆီက အကူအညီ အများကြီး ရရှိထားလို့ပါ။ ကျမ်းစာအတူတူ လေ့လာပြီး အိမ်ထောင်ရေး ပြန်အဆင်ပြေအောင် အင်တိုက်အားတိုက် ကြိုးစားလုပ်ဆောင်တယ်။ အခုဆိုရင် ကျွန်မတို့ရဲ့အိမ်ထောင်က သာယာနေပါပြီ။”

^ အပိုဒ်၊ 3 နာမည်တွေကို ပြောင်းထားပါတယ်။

^ အပိုဒ်၊ 5 အဲဒီလိုကိစ္စမျိုးမှာ ဆုံးဖြတ်ချက်ကောင်းချနိုင်ဖို့ အထောက်အကူအနေနဲ့ ၂၀၀၁၊ ဩဂုတ် ၈ နိုးလော့! စာမျက်နှာ ၆ နဲ့ ၁၉၉၅၊ ဩဂုတ် ၈၊ နိုးလော့! [အင်္ဂလိပ်] စာမျက်နှာ ၁၀နဲ့ ၁၁ ကိုကြည့်ပါ။

^ အပိုဒ်၊ 17 အချိန်အတိုင်းအတာတစ်ခုအထိတော့ (ဥပမာ အလုပ်ခွင်လိုနေရာမျိုးမှာ) ပြောဆိုဆက်ဆံရတဲ့အခါတွေ ရှိမှာဖြစ်ပါတယ်။ ဒါပေမဲ့ မဖြစ်မနေ ပြောဖို့လိုအပ်မှသာ ပြောဆိုဖို့ ဖြစ်ပါတယ်။ တခြားသူတွေ ရှိနေမှသာ၊ သင့်အိမ်ထောင်ဖက် သိမှသာ သူနဲ့ပြောဆိုသင့်ပါတယ်။

သင့်ကိုယ်သင် မေးကြည့်ပါ

  • ငါ အိမ်ထောင်ရေးဖောက်ပြန်ခဲ့ပေမဲ့ အခု ငါ့အိမ်ထောင်ကို ပြန်အဖတ်ဆယ်ဖို့ ဘာဖြစ်လို့ ဆုံးဖြတ်ခဲ့တာလဲ။

  • အခုလောလောဆယ် ငါ့ အိမ်ထောင်ဖက်ဆီမှာ ဘာအရည်အသွေးကောင်းတွေကို တွေ့နေရသလဲ။

  • ငါ့ရဲ့အိမ်ထောင်ဖက်ကို ပိုးပန်းခဲ့တုန်းက ချစ်တယ်ဆိုတာကို ဘယ်လိုနည်းတွေနဲ့ ဖော်ပြခဲ့သလဲ။ အခု အဲဒီနည်းတွေကို ငါ ဘယ်လိုပြန်ဖော်ပြနိုင်မလဲ။