မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တွေ့ဆုံမေးမြန်းခန်း | ဂီယာမို ပေရက်ဇ်

အတိုင်ပင်ခံခွဲစိတ်ဆရာဝန်တစ်ဦး ဘုရားသခင်ကို ဘာကြောင့် ယုံကြည်လာ

အတိုင်ပင်ခံခွဲစိတ်ဆရာဝန်တစ်ဦး ဘုရားသခင်ကို ဘာကြောင့် ယုံကြည်လာ

ဒေါက်တာ ဂီယာမို ပေရက်ဇ်ဟာ တောင်အာဖရိကနိုင်ငံ ခုတင် ၇၀၀ ဆေးရုံက ခွဲစိတ် ဆရာဝန်ကြီးအဖြစ်ကနေ မကြာသေးခင်ကမှ အငြိမ်းစားယူခဲ့သူဖြစ်ပါတယ်။ သူဟာ ဆင့်ကဲ အယူကို နှစ်အတော်ကြာ ယုံကြည်ခဲ့သူဖြစ်တယ်။ နောက်ပိုင်းမှာတော့ လူ့ခန္ဓာကိုယ်ကို ဘုရားသခင် ပုံစံပြုလုပ်ထားတယ်ဆိုတာကို ယုံကြည်လက်ခံလာတယ်။ နိုးလော့! က ဘုရားသခင်ကို သူ ဘာကြောင့်ယုံကြည်လာသလဲဆိုတာကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

အရင်က ဆင့်ကဲအယူကို ဘာကြောင့် ယုံကြည်ခဲ့သလဲဆိုတာ ကျေးဇူးပြုပြီး ရှင်းပြပါ။

ကက်သလစ်တစ်ယောက်အနေနဲ့ ကျွန်တော် ကြီးပြင်းလာပေမဲ့ ဘုရားသခင်နဲ့ပတ်သက်ပြီး သံသယဝင်ခဲ့တယ်။ ဥပမာ၊ ဘုရားသခင်ဟာ လူတွေကို ငရဲမှာ မီးနဲ့ညှဉ်းဆဲတယ်ဆိုတာကို လက်မခံနိုင်ခဲ့ဘူး။ ဒါကြောင့် တက္ကသိုလ် ဆရာတွေက သက်ရှိတွေဟာ ဘုရားဖန်ဆင်းလို့မဟုတ်ဘဲ ဆင့်ကဲဖြစ်စဉ်ကြောင့် ဖြစ်လာတယ်လို့ သင်ပေးတဲ့အခါ အထောက်အထားခိုင်လုံတယ်လို့ထင်ပြီး အဲဒါကို လက်ခံခဲ့တယ်။ ကျွန်တော့်ချာ့ခ်ျကလည်း ဆင့်ကဲအယူကို မငြင်းဘူး၊ ဘုရားသခင်က ဆင့်ကဲနည်းကိုသုံးပြီး ဖန်ဆင်းတယ်လို့ သွန်သင်တယ်။

သမ္မာကျမ်းစာကို ဘာကြောင့် စိတ်ဝင်စားလာသလဲ။

ကျွန်တော့်ဇနီး ဆူစန်နားက ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာတယ်။ ဘုရားသခင်ဟာ လူတွေကို မီးငရဲမှာ မညှဉ်းဆဲဘူးဆိုတာကို သမ္မာကျမ်းစာကနေ သူတို့ပြပေးခဲ့ကြတယ်။ *ဒီကမ္ဘာဂြိုဟ်ကို ပျော်ရွှင်သာယာတဲ့ ဥယျာဉ်ဖြစ်အောင် ပြန်ပြုပြင်မယ်ဆိုတဲ့ ဘုရားသခင့်ကတိတော်ကိုလည်း ပြတယ်။ *နောက်ဆုံးတော့ အဓိပ္ပာယ်ရှိတဲ့ သွန်သင်ချက်တွေကို သိလာတော့တယ်။ ၁၉၈၉ ခုနှစ်မှာ နစ်ခ်ဆိုတဲ့ သက်သေခံနဲ့ ကျွန်တော် ကျမ်းစာစလေ့လာတယ်။ လူ့ခန္ဓာကိုယ် စတင်ဖြစ်ပေါ်လာပုံအကြောင်း ဆွေးနွေးရင်း ဟေဗြဲ ၃:၄ ကိုဖတ်လိုက်တော့ ကျွန်တော် အရမ်းသဘောကျသွားတယ်။ အဲဒီမှာ “အိမ်မည်သည်ကား တစ်စုံတစ်ဦး တည်ဆောက်သောကြောင့် ဖြစ်၏။ အရာခပ်သိမ်းကို တည်ဆောက်သောသူမူကား ဘုရားသခင်ဖြစ်တော်မူ၏” လို့ ရိုးရိုးလေး ဖော်ပြထားတယ်။

လူ့ခန္ဓာကိုယ်ကို လေ့လာတဲ့အခါ ဖန်ဆင်းခြင်းကို လက်ခံဖို့ အထောက်အကူပြုခဲ့သလား။

ပြုတာပေါ့။ ဥပမာပြရရင် လူ့ခန္ဓာကိုယ်ရဲ့ မိမိဘာသာ အသစ်ပြုပြင်တဲ့နည်းဟာ အသေအချာ ပုံစံပြုထားတယ်ဆိုတာ တွေ့ရတယ်။ ဥပမာ၊ တစ်ခုနဲ့တစ်ခုဆက်စပ်နေတဲ့ အဆင့်လေးဆင့်နဲ့ ထိခိုက်ဒဏ်ရာတွေ ပျောက်ကင်းသွားအောင် ခန္ဓာကိုယ်က လုပ်ဆောင်ပေးတယ်။ ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ကျွန်တော်က ခန္ဓာကိုယ်မှာရှိပြီးသား အလိုအလျောက် ပြုပြင်ပေးတဲ့စနစ်ကို မှီပြီး ကုပေးလိုက်ရုံပဲ။

ထိခိုက်ဒဏ်ရာရရင် ခန္ဓာကိုယ်က ဘယ်လိုလုပ်ဆောင်သလဲဆိုတာ ပြောပြပေးပါ။

ပထမအဆင့်က သွေးထွက်တာရပ်သွားစေတယ်၊ စက္ကန့်ပိုင်းအတွင်းမှာ အဲဒီလိုဖြစ်လာတယ်။ အဲဒီဖြစ်စဉ်ဟာ အရမ်းကိုရှုပ်ထွေး ပေမဲ့ စည်းစနစ်ကျတယ်။ ခန္ဓာကိုယ်ထဲမှာ သွေးကြောအားလုံးပေါင်းရဲ့အရှည်က မိုင် ၆၀,၀၀၀ လောက်ရှိတယ်။ ကျွန်တော်တို့ရဲ့ သွေးလှည့်ပတ်မှုစနစ်ကို ပိုက်ဆက်အင်ဂျင်နီယာတွေ လိုက်တုလို့မမီနိုင်ဘူးလို့ ပြောပြချင်တယ်။ ဘာကြောင့်လဲဆိုတော့ သွေးကြောပေါက်သွားရင်လည်း သူ့ဘာသာသူ ပြုပြင်နိုင်စွမ်းရှိလို့ပါ။

သူ့ဘာသာသူပြုပြင်နိုင်တဲ့ ဒုတိယအဆင့်ကရော ဘယ်လိုမျိုးလဲ။

နာရီပိုင်းအတွင်း သွေးထွက်တာရပ်သွားပြီး ဒဏ်ရာ စတင်ရောင်လာတယ်။ ဒဏ်ရာ ရောင်ရမ်းလာတာဟာလည်း အံ့ဩစရာပဲ။ အရင်ဆုံး၊ သွေးထွက်နည်းအောင် ကျုံ့သွားတဲ့သွေးကြောတွေဟာ အခုဆိုရင် ဆန့်ကျင်ဘက် ဖြစ်သွားတယ်။ ထိခိုက်ဒဏ်ရာ တစ်ဝိုက်မှာ သွေးတွေစီးဝင်စေပြီး အနာကို ဖူးရောင်လာစေတယ်။ ပြီးတဲ့နောက် ပရိုတင်း ဓာတ်အများကြီးပါတဲ့ သားငန်ရည်တွေထွက်လာပြီး ထိခိုက်ဒဏ်ရာတစ်ဝိုက်ဟာ ဖောင်းကားနေပါတော့တယ်။ အဲဒီသားငန်ရည်ဟာ ရောဂါပိုးမွှားတွေကို တိုက်ထုတ်တယ်၊ အဆိပ်အတောက်တွေကို ဓာတ်ပြယ်စေတယ်၊ ပျက်စီးသွားတဲ့အသားစတွေကို ဖယ်ထုတ်ပေးတယ်။ ဖြစ်စဉ်တစ်လျှောက်လုံးမှာပါတဲ့ လုပ်ဆောင်မှုတစ်ခုစီဟာ သန်းနဲ့ချီတဲ့ အထူးမော်လီကျူးတွေ၊ ဆဲလ်တွေ ထုတ်လုပ်ပေးတယ်။ အဲဒီဖြစ်စဉ်တချို့ဟာ တတိယအဆင့် စတင်နိုင်ဖို့ အထောက်အကူဖြစ်စေတယ်။ တတိယအဆင့်စတာနဲ့ အရင်ဖြစ်စဉ်တွေ ရပ်သွားတယ်။

ဆက်ပြီး ဘယ်လိုလုပ်ဆောင်သလဲ။

ရက်ပိုင်းအနည်းငယ်အတွင်းမှာပဲ ခန္ဓာကိုယ် ဟာ အသစ်ပြုပြင်ပေးတဲ့ပစ္စည်းတွေ စထုတ်လုပ်ပေးတယ်။ ဒီလုပ်ဆောင်မှုဟာ တတိယအဆင့်ရဲ့ အစဖြစ်တယ်။ နှစ်ပတ်လောက်အကြာမှာ အသားမျှင်ပုံစံရှိတဲ့ ဆဲလ်တွေ ဒဏ်ရာဆီရောက်သွားပြီး အဲဒီဆဲလ်တွေ ပွားများလာပါတယ်။ ဒဏ်ရာရတဲ့နေရာမှာ သွေးကြောမျှင်လေးတွေ အသစ်ပွားလာပြီး ဒဏ်ရာမှာရှိနေတဲ့ အပျက်အစီးတွေကို ဖယ်ထုတ်ပေးတယ်၊ အာဟာရဖြည့်ပေးတယ်။ ဒီဖြစ်စဉ်မှာ ရှုပ်ထွေးသိမ်မွေ့လှတဲ့ နောက်လုပ်ဆောင်မှုတစ်ခုက ဒဏ်ရာအနာပေါက် ကျဉ်းသွားတာဖြစ်ပါတယ်။

လုပ်ဆောင်ချက်တွေ တော်တော်များတာပဲ။ အသစ်ပြန်ပြုပြင်တဲ့ အဆင့်ပြီးဖို့ အချိန်ဘယ်လောက်ကြာပါသလဲ။

အသစ်ပြန်ပြုပြင်တဲ့ နောက်ဆုံးအဆင့်က လနဲ့ချီကြာနိုင်ပါတယ်။ ကျိုးသွားတဲ့အရိုးတွေဟာ မူလသန်မာတဲ့အနေအထားကို ပြန်ရောက်ရှိလာတယ်၊ အစပိုင်းမှာ အနာပေါ်တက်လာတဲ့ အသားနုလေးတွေဟာ အသားမာတွေဖြစ်လာတယ်။ ထိခိုက်ဒဏ်ရာကို အသစ်ပြန်ပြုပြင်တဲ့ အဆင့်အားလုံးဟာ အဆင့်မြင့်မြင့်၊ အချိတ်အဆက်မိမိ အစီအစဉ်တကျလုပ်ဆောင်မှုတွေထဲက အံ့ဩစရာကောင်းတဲ့ နမူနာတစ်ခုပဲ ရှိပါသေးတယ်။

အထူးစိတ်စွဲမှတ်စရာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုလောက် ပြောပြနိုင် မလား။

ခန္ဓာကိုယ်ရဲ့ သူ့ဘာသာသူပြုပြင်နိုင်စွမ်းကို တွေ့လိုက်ရတော့ ကျွန်တော် အရမ်းအံ့သြသွားတယ်

ဟုတ်ကဲ့။ တော်တော်လေးပြင်းထန်တဲ့ ကားတိုက်မှုကြောင့် ဆေးရုံရောက်လာတဲ့ ၁၆ နှစ်အရွယ်မိန်းကလေးတစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။ သရက်ရွက်ပေါက်သွားပြီး ကိုယ်တွင်းသွေးယိုစိမ့်မှုဖြစ်နေတဲ့အတွက် အခြေအနေကတော့ စိုးရိမ်စရာပဲ။ လွန်ခဲ့တဲ့နှစ်တွေတုန်းကတော့ ခွဲစိတ်ပြီး သရက်ရွက်ကို ပြန်ပြုပြင်တာတို့၊ ဖယ်ထုတ်လိုက်တာတို့ လုပ်ခဲ့ကြတယ်။ ဒီနေ့အချိန်မှာတော့ ဆရာဝန်တွေဟာ ခန္ဓာကိုယ်ရဲ့ သူ့ဘာသာသူ ပြန်လည်ပြုပြင်နိုင်စွမ်းကိုမှီပြီး ကုသပေးနေကြပြီ။ ကျွန်တော်က သူ့ကို ပိုးသတ်ဆေးပေးတယ်၊ ဆုံးၡုံးသွားတဲ့အရည်ဓာတ်နဲ့ သွေးအားနည်းသွားတာကို ပြန်ဖြည့်ပေးတယ်၊ အနာသက်သာအောင် လုပ်ပေးတယ်။ နှစ်ပတ်သုံးပတ်လောက်ကြာတော့ ကွန်ပျူတာဓာတ်မှန်ရိုက်ကြည့်တဲ့အခါ သူ့ရဲ့သရက်ရွက် ပြန်ကောင်းနေပါပြီ။ ခန္ဓာကိုယ်ရဲ့ သူ့ဘာသာသူ ပြုပြင်နိုင်စွမ်းကို တွေ့လိုက်ရတာ ကျွန်တော် အရမ်းအံ့သြတယ်။ ဒါကြောင့် လူ့ခန္ဓာကိုယ်ကို ဘုရားသခင် ပုံစံပြုဖန်တီးထားတယ်ဆိုတာ ပိုယုံကြည်လာတယ်။

ယေဟောဝါသက်သေတွေနဲ့ ဘာကြောင့်ပေါင်းဖြစ်သွားတာလဲ။

သူတို့တွေက ဖော်ရွေကြတယ်၊ ကျွန်တော်မေးသမျှကို သမ္မာကျမ်းစာကနေပဲ အဖြေပေးတယ်။ သူတို့ရဲ့ ယုံကြည်ချက်ကို တခြားသူတွေကို လိုက်ပြောပြနေတာ၊ ဘုရားအကြောင်း လူတွေသိလာအောင် ကူညီပေးနေတဲ့ သူတို့ရဲ့သတ္တိကိုလည်း လေးစားတယ်။

ယေဟောဝါသက်သေတစ်ယောက်ဖြစ်လာတာက အလုပ်မှာရော အကူအညီ ဖြစ်သလား။

ဖြစ်တယ်။ တစ်ခုပြောရရင်၊ ဆရာဝန်တွေနဲ့ သူနာပြုတွေဟာ လူမမာတွေ၊ ရောဂါသည်တွေနဲ့ပဲ တစ်ချိန်လုံးထိတွေ့နေရတဲ့အတွက် သနားစာနာစိတ် ခေါင်းပါးသွားတတ်တယ်။ ကျွန်တော်ကျတော့ အဲဒီစိတ်ကို ပြန်ပြုပြင်နိုင်ခဲ့တယ်။ လူနာတွေက စကားပြောချင်လာတဲ့အခါ ဖျားနာမှုနဲ့ ဆင်းရဲဒုက္ခတွေ အဆုံးတိုင်တော့မယ်၊ * ‘ငါဖျားနေတယ်’ လို့ပြောမယ့်သူ မရှိတော့တဲ့ကမ္ဘာ ဖြစ်လာချိန်နီးပြီ *ဆိုတဲ့ ဘုရားသခင့်ကတိတော်အကြောင်းကိုလည်း ပြောပြခွင့်ရတယ်။