မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တွေ့ဆုံ​မေးမြန်းခန်း | ဖန်း​ယူ

ဆော့ဖ်ဝဲဒီဇိုင်နာတစ်ဦး သူ့ယုံကြည်ချက်ကို ရှင်းပြ

ဆော့ဖ်ဝဲဒီဇိုင်နာတစ်ဦး သူ့ယုံကြည်ချက်ကို ရှင်းပြ

ဒေါက်တာ​ဖန်း​ယူ​ဟာ ပေကျင်း​မြို့အနီး တရုတ်​အနုမြူ​စွမ်းအင်​ဌာန​မှာ သင်္ချာ​ပညာရှင်​တစ်ဦးဖြစ်တယ်။ အရင်တုန်းက သူဟာ ဘုရားမဲ့ဝါဒီ​ဖြစ်ပြီး ဆင့်ကဲ​သီအိုရီ​ကို ယုံ​တယ်။ အခုတော့ အသက်​ကို ဘုရားသခင် ပုံစံပြု၊ ဖန်ဆင်း​တယ်လို့ ဒေါက်တာ​ယူ ယုံကြည်​တယ်။ နိုးလော့! မဂ္ဂဇင်း​ရေးသူ​တစ်ဦး​က သူ့ရဲ့​ယုံကြည်ချက်​ကို မေးခဲ့တယ်။

ကျေးဇူးပြုပြီး ခင်ဗျား​ရဲ့​နောက်ခံ​ကို ပြောပြပါ။

၁၉​၅၉ တုန်းက တရုတ်နိုင်ငံ၊ ဂျီယန်ရှီ​ခရိုင်၊ ဖူဂျိုး​မြို့မှာ ကျွန်တော်​မွေး​လာတယ်။ ကျွန်တော့်​အသက်​ရှစ်နှစ်​မှာ ယဉ်ကျေးမှု ခေတ်ပြောင်း တော်လှန်ရေး​ရဲ့ အကျိုးဆက်​ကို နိုင်ငံတစ်ဝန်း ခံစားနေရ​တယ်။ အဖေ​ဟာ မြို့​ပြ​အင်ဂျင်နီယာ​ဖြစ်ပြီး ဝေးလံတဲ့ ကန္တာရ​တစ်လျှောက် ရထားလမ်း​ဖောက်​ဖို့ တာဝန် ရ​တယ်။ တစ်နှစ်​တစ်ခေါက်​ပဲ ကျွန်တော် တို့​ဆီ ပြန်လာ​လည်​နိုင်တယ်။ အဲဒီအချိန်​မှာ မူလ​တန်း​ကျောင်းဆရာမ​ဖြစ်တဲ့ အမေနဲ့​အတူ ကျွန်တော်​နေတယ်။ အမေ စာသင်​တဲ့​ကျောင်းမှာ​ပဲ ကျွန်တော်တို့ နေထိုင်ခဲ့ရတယ်။ ၁၉​၇၀ မှာ လင်ချွမ်​ခရိုင်​က ယူ​ဖန်း​ရွာ​လေး​ကို ပြောင်းရွှေ့​ခဲ့ရတယ်။ အဲဒီ​ရွာ​ဟာ ဆင်းရဲ​ပြီး အစားအစာ​ရှားပါး​တယ်။

ခင်ဗျား​ရဲ့​မိသားစု ဘာကို ယုံကြည်​သလဲ။

ကျွန်တော့်​အဖေ​ဟာ ဘာသာရေး​နဲ့ နိုင်ငံရေး​ကို စိတ်မဝင်စား​ဘူး။ အမေက​တော့ ဗုဒ္ဓဘာသာ​ဝင်​ပါ။ အသက်​ဟာ သဘာဝ​အလျောက် အဆင့်ဆင့်​ဖြစ်လာတယ်​လို့ ကျောင်းမှာ သင်ပေးတယ်။ ဆရာ​တွေ သင်ပေး​တဲ့အတိုင်း ကျွန်တော် ယုံ​တယ်။

သင်္ချာ​ပညာ​ကို ဘာကြောင့် စိတ်ဝင်စား​တာလဲ။

သင်္ချာ​ပညာရပ်​မှာ ယုတ္တိ​ရှိရှိ ကျိုးကြောင်း​ဆင်ခြင်​ပြီး အမှန်တရားကို ရှာရတဲ့​အတွက် ကျွန်တော် စိတ်ဝင်စား​တယ်။ တော်လှန်ရေး​ခေါင်းဆောင် မော်စီတုန်း သေ​တဲ့​နှစ် ၁၉၇၆​ မှာ ကျွန်တော် တက္ကသိုလ်​တက်​ခဲ့တယ်။ သင်္ချာ​ဘာသာရပ်​ကို အထူးပြု​သင်ယူပြီး မဟာ​ဘွဲ့​ရခဲ့တယ်။ ကျွန်တော့်ရဲ့ ဦးဆုံး​အလုပ်​က​တော့ နျူကလီးယား​စွမ်းအင် ထုတ်လုပ်​နိုင်​ဖို့​အတွက် သုတေသနပြု​ရတဲ့​အလုပ်​ပဲ။

ကျမ်းစာကို ဘာကြောင့် စိတ်ဝင်စား​တာလဲ။

၁၉​၈၇ မှာ ပါရဂူဘွဲ့​ရဖို့ အမေရိကန်​ပြည်ထောင်စု၊ တက္ကဆက် (A&M) တက္ကသိုလ်​မှာ ပညာ​သင်ယူ​ခဲ့တယ်။ အမေရိကန်​နိုင်ငံမှာ လူအတော်များများ​ဟာ ဘုရားကို ယုံကြည်ပြီး ကျမ်းစာဖတ်​ကြ​မှန်း သတိပြုမိတယ်။ ကျမ်းစာမှာ လက်တွေ့ကျ​တဲ့ ပညာရှိစကားတွေ အများကြီး​ပါတယ်​လို့ ကြားဖူး​တဲ့အတွက် ဖတ်​ကြည့်ရ​မယ်လို့ စဉ်းစား​ခဲ့တယ်။

ကျမ်းစာ​သွန်သင်ချက်​တွေဟာ လက်တွေ့ကျ​ပုံ​ရတယ်။ ဒါပေမဲ့ နားမလည်​တာ​တွေလည်း ရှိ​တော့ ဆက်​မဖတ်​တော့ဘူး။

ကျမ်းစာကို ဘာကြောင့် ပြန်​စိတ်ဝင်စား​လာ​တာလဲ။

ဖန်ဆင်းရှင်​ရှိတယ်ဆိုတဲ့ အယူအဆ​ဟာ ကျွန်တော့်​အတွက် အသစ်အဆန်းပဲ။ ဒါကြောင့် ကိုယ်တိုင်​လေ့လာ​ကြည့်ဖို့ ဆုံးဖြတ်​လိုက်တယ်

၁၉​၉၀ မှာ ယေဟောဝါသက်သေ​တစ်ယောက် အိမ်​ကို ရောက်လာပြီး လူသားတွေ​အတွက် ပိုကောင်းတဲ့​အနာဂတ်​ရှိကြောင်း ကျမ်းစာထဲက​နေ ပြောပြတယ်။ ကျမ်းစာသင်ပေး​ဖို့ မောင်နှံတစ်စုံ​ကို စီစဉ်​ပေးတယ်။ နောက်တော့ ဘုရားမဲ့ဝါဒီ​တစ်ဦး​ဖြစ်တဲ့ ကျွန်တော့်​ဇနီး လီပင်း​လည်း ကျမ်းစာ စလေ့လာ​တယ်။ သူဟာ တရုတ်နိုင်ငံ အထက်တန်းကျောင်း​မှာ ရူပဗေဒ​ဆရာမ​ပေါ့။ အသက်​ရဲ့ မူလအစ​နဲ့ပတ်သက်တဲ့ ကျမ်းစာ​အဆို​ကို ကျွန်တော် သိလာ​တယ်။ ဖန်ဆင်းရှင်​ရှိတယ်ဆိုတဲ့ အယူအဆ​ဟာ ကျွန်တော့်​အတွက် အသစ်အဆန်းပဲ။ ဒါကြောင့် ကိုယ်တိုင်​လေ့လာ​ကြည့်ဖို့ ဆုံးဖြတ်​လိုက်တယ်။

အဖြစ်အပျက်​ကို ဆက်ပြော​ပြပါ​ဦး။

သင်္ချာ​ပညာရှင်​ဖြစ်တဲ့ ကျွန်တော်ဟာ ဖြစ်ရပ်​တွေရဲ့ ဖြစ်နိုင်ခြေ​ကို တွက်ချက်​ဖို့ သင်ယူ​ခဲ့ရတယ်။ အသက် အလိုအလျောက် ဖြစ်လာ​ဖို့ဆိုရင် ပရိုတင်း​တွေ ရှိ​နှင့်​ပြီးသား​ဖြစ်​ရမယ်လို့ သိထား​တယ်။ ဒါကြောင့် အစီအစဉ်​တ​ကျ​မဟုတ်ဘဲ ပရိုတင်း​တစ်ခု အလိုအလျောက်​ဖြစ်ပေါ်​လာနိုင်​ခြေ ဘယ်လောက်​ရှိ​သလဲ​ဆိုတာ တွက်ချက်​ကြည့်​တယ်။ ပရိုတင်း​တွေဟာ အ​ရှုပ်ထွေး​ဆုံး မော်လီကျူး​တွေ​ဖြစ်တယ်လို့ သိထား​ကြ​တယ်။ သက်ရှိ​ဆဲလ်​တွေမှာ တိကျ​တဲ့​နည်းနဲ့ အပြန်အလှန်​အကျိုးပြု​နေတဲ့ ပရိုတင်း​အမျိုးအစား ထောင်နဲ့​ချီ ရှိ​နိုင်တယ်။ ပရိုတင်း​တွေ အလိုအလျောက် လုံးဝ​မဖြစ်​လာနိုင်​မှန်း တခြားသူတွေ​လိုပဲ ကျွန်တော်လည်း သိတယ်။ ဆင့်ကဲ​သီအိုရီ​ဟာ မော်လီကျူး​တွေ ပါဝင်​ဖွဲ့စည်းထားတဲ့ သက်ရှိ​စနစ်​အကြောင်း ရှင်းပြ​နိုင်​ဖို့​နေ​နေ​သာသာ ရှုပ်ထွေး​လွန်း​တဲ့ မော်လီကျူး​တွေ သူ့အလိုလို ဖြစ်လာ​နိုင်​ပုံကို​တောင် ကောင်းကောင်း​မရှင်းပြ​နိုင်​ဘူး။ ကျွန်တော့်​အတွက်တော့ ဒီ​အချက်​တွေ​က ဖန်ဆင်းရှင်​ရှိတယ်​ဆိုတာ ညွှန်ပြ​နေတယ်။

ကျမ်းစာ​ဟာ ဘုရားသခင်​ဆီက လာတယ်​ဆိုတာ ဘာကြောင့် ယုံကြည်​သလဲ။

ယေဟောဝါသက်သေ​တွေနဲ့ ဆက်လေ့လာ​တဲ့အခါ ကျမ်းစာ​ထဲမှာ အသေးစိတ်​ကျတဲ့ ပြည့်စုံ​ပြီးသား ကြိုဟောချက် အများကြီး​ရှိမှန်း သိလာ​တယ်။ ကျမ်းစာ​လမ်းညွှန်ချက်တွေ ကျင့်သုံးခြင်း​ရဲ့ အကျိုးကျေးဇူး​တွေကိုလည်း ခံစားရ​တယ်။ ‘လွန်ခဲ့တဲ့ နှစ်ပေါင်း​ထောင်ချီ​က အသက်ရှင်​ခဲ့တဲ့ ကျမ်းရေးသူ​တွေဟာ ဒီနေ့​အထိ လက်တွေ့ကျ​နေတဲ့ ဉာဏ်​ပညာရှိစကားတွေ ဘယ်လို​လုပ်ပြီး ရေးနိုင်​တာလဲ’ ဆိုတာ သိချင်​တယ်။ ကျမ်းစာ​ဟာ ဘုရားရဲ့ နှုတ်ထွက်စကား​ဖြစ်မှန်း တဖြည်းဖြည်း သဘောပေါက်လာတယ်။

ဖန်ဆင်းရှင်​ရှိမှန်း ဘာကြောင့် အခုထိ ယုံကြည်​နေတာ​လဲ။

သဘာဝတရား​မှာရှိတဲ့ အရာများ​စွာ​အကြောင်း တွေးကြည့်​တဲ့အခါ ဖန်ဆင်းရှင်​ရှိမှန်း မယုံ​လို့​ကို မရဘူး။ အခု ကျွန်တော် ကွန်​ပျု​တာ​ဆော့ဖ်ဝဲ ဒီဇိုင်းဆွဲ​နေတယ်။ ဦးနှောက်​ဟာ ကွန်ပျူတာ​ပရိုဂရမ်​တွေ​ထက် သာ​တယ်ဆိုတာ တွေ့ရ​လို့ အံ့သြမိ​တယ်။ ဥပမာ၊ စကားသံ​တွေကို မှတ်မိ​နိုင်တဲ့ ဦးနှောက်​ရဲ့ စွမ်းရည်​ဟာ အံ့သြစရာ​ပဲ။ ကျွန်တော်တို့​အများစုဟာ စကားသံ​တွေကို အလွယ်တကူ နားလည်​နိုင်တယ်။ ဝါကျ​တစ်​ဝက်​တစ်ပျက် ဖြစ်နေ​ရင်တောင်၊ စကားထစ်​တာ၊ တယ်လီဖုန်း​သံ မ​ရှင်း​တာ၊ လေယူလေသိမ်း၊ ရယ်​သံ၊ ချောင်းဟန့်​သံ၊ ပဲ့တင်သံ၊ နောက်ခံ​ဆူညံသံ ဖြစ်နေ​ရင်တောင် အလွယ်တကူ နားလည်​နိုင်တယ်။ ဒါဟာ ဘာမှ မထူးဆန်း​ပါဘူး​လို့ သင် ထင်​နိုင်တယ်။ ဆော့ဖ်ဝဲ ဒီဇိုင်နာ​တွေအတွက်​တော့ သိပ်​ထူးဆန်း​တယ်။ အသံ​တွေကို မှတ်မိ​နိုင်တဲ့ အကောင်းဆုံး ဆော့ဖ်ဝဲ​တောင်မှ လူ့​ဦးနှောက်​နဲ့ ယှဉ်​လို့​မရဘူး။

အ​ရှုပ်ထွေး​ဆုံး ကွန်ပျူတာ​တွေနဲ့​မတူဘဲ လူ့​ဦးနှောက်​ဟာ စိတ်ခံစားချက်​တွေကို သိမြင်​နိုင်တယ်။ လေယူလေသိမ်း​ကို မှတ်မိ​နိုင်တယ်။ အသံနေအသံထား​ကို နားထောင်​ရုံ​နဲ့ ပြောတဲ့​သူ​ကို ခွဲခြားသိနိုင်​တယ်။ စကားသံ​တွေကို မှတ်မိ​နိုင်တဲ့ လူ့​ဦးနှောက်​ရဲ့ စွမ်းရည်​ကို ကွန်ပျူတာ​တွေ ဘယ်လို​တုပ​နိုင်မလဲ​ဆိုတာ ဆော့ဖ်ဝဲ​ဒီဇိုင်နာ​တွေ သုတေသန​လုပ်​နေကြတယ်။ တကယ်တော့ သူတို့ဟာ ဘုရားရဲ့ ဖန်ဆင်းခြင်း​လက်ရာကို လေ့လာ​နေကြ​တာ​လို့ ကျွန်တော် ယူဆတယ်။